News

POST TYPE

FEATURE

သွေးစွန်းသောကျောက်စိမ်းခရီး
19-May-2018


ရန်ကုန်မြို့တော် ပြည်သူ့ရင်ပြင်အတွင်းရှိ ရန်ကုန်ဂလာရီတွင် သွေးစွန်းသော ကျောက်စိမ်းခရီး Journey of the Blood Jade ဓာတ်ပုံပြပွဲ ကျင်းပလျက်ရှိသည်။ 

မေလ ၁၆ ရက်မှ ၁၈ ရက်အထိပြသမည့် အဆိုပါ ဓာတ်ပုံပြပွဲသည် ယခင်ကျင်းပသော ဓာတ်ပုံပြပွဲများကဲ့သို့ မြန်မာနိုင်ငံ၏ အလှအပများကိုပြသည့် ဓာတ်ပုံပြပွဲမဟုတ်။

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့်ပြပွဲဖြစ်သလို ပထမဆုံးအကြိမ် ကျင်းပသည့်ပြပွဲလည်း ဖြစ်သည်။ ပြပွဲ၏အမည်က Journey of the Blood Jade သွေးစွန်းသော ကျောက်စိမ်းခရီး။ 

ကမ္ဘာပေါ်တွင် တန်ဖိုးထား အမြတ်တနိုးဝတ် ဆင်ကြသည့် ကျောက်စိမ်းထွက်ရှိရာ မြန်မာနိုင်ငံ၏ ရတနာနယ်မြေဟု တင်စားသော ကချင်ပြည်နယ်အကြောင်း အဓိကပြသသည့်ပွဲ။ 

မြန်မာ့ကျောက်စိမ်းသည် ကမ္ဘာ့အကောင်းဆုံးဟု သတ်မှတ်ခြင်းခံရသလို မြန်မာနိုင်ငံ၏ အမျိုးသား ရတနာတစ်ခုလည်းဖြစ်သည်။ 

အဆိုပါရတနာကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေသည့် အခြေအနေကို တစ်ကမ္ဘာလုံးကသိကြသလို မြန်မာပြည်သူများလည်း သိကြသည်။ သို့သော် ဘယ်လောက် အလွန်အကျွံဖြစ်နေပြီလဲ။ ဘယ်လောက် ကြောက်စရာကောင်းသည့် အခြေအနေကို ရောက်နေပါပြီလဲဆိုသည်ကို ဖွင့်ပြလိုက်ခြင်းပင်။ 

သွေးစွန်းသော ကျောက်စိမ်းခရီး အမည်ရှိ ဓာတ်ပုံပြပွဲဖြင့် အဆိုပါ အခြေအနေများကို တရားဝင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန် သတင်းစာ ပညာသင်တန်းကျောင်းမှ ဒါရိုက်တာ ဦးရဲနိုင်မိုးက မှတ်ချက်ပြုသည်။

ပြည်တွင်းဓာတ်ပုံဆရာများဖြစ်သည့် ဆရာဦးစိုးဝင်းငြိမ်း၊ ကိုဇော် (ဖားကန့်)၊ ကိုဇော်မိုးထက်နှင့် ကိုဉာဏ်လှိုင်လင်းတို့က ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရာနေရာများ၌ ၁၉၉၄ ခုနှစ်မှသည် ၂၀၁၈ ခုနှစ်အတွင်း တူးဖော်မှု အခြေအနေ၊ ပြောင်းလဲလာသည့် သဘာဝ ပတ်ဝန်းကျင် အခြေအနေ၊ လူမှုဘဝဆိုင်ရာ အခြေအနေများကို ရိုက်ကူးထားသည့် ဓာတ်ပုံ ၇၀ ခန့်ကို ပြသထားသည့်အပြင် ဗီဒီယိုမှတ်တမ်းများကိုလည်း ပရော့ဂျက်တာဖြင့် ပြသထားသည်။

“ဆုံးရှုံးနေတဲ့တိုင်းပြည်ရဲ့ ရတနာ။ သူ့ကို ထိုက်တန်တဲ့တန်ဖိုးနဲ့ မဆက်ဆံတဲ့ အနေအထား ဒါတွေ ကိုပြချင်တာ”ဟု ဓာတ်ပုံဆရာ ကိုဉာဏ်လှိုင်လင်းက ပြောဆိုသည်။

နိုင်ငံ့ရတနာဖြစ်သော ကျောက်စိမ်းမြေသို့ မရောက်ဖူးသူများ၊ တူးဖော်မှု အခြေအနေကို မသိရှိသူများ၊ ရတနာနယ်မြေတွင်လုပ်ကိုင်ကြသည့်ဒေသခံနှင့် နိုင်ငံသားများ၏ ဖြစ်ပျက်နေသည့် ဖြစ်ရပ်များကို မသိသူများအနေနှင့် အဆိုပါ ဓာတ်ပုံများကို ကြည့်ရှုခြင်းအားဖြင့် အခြေအနေမှန်ကို သိရှိရမည်ဖြစ်ပြီး နိုင်ငံအတွက် အရေးပေါ် လုပ်ဆောင်ရန် လိုအပ်နေသည်များကို သိရှိနိုင်စေမည်ရန် ပြပွဲစီစဉ်သူများက ရည်မှန်းထားသည်။

“ဒီလိုပြလိုက်ခြင်းအားဖြင့် တာဝန်ရှိသူတွေ လုပ်ရမယ့်အလုပ်တွေ၊ နိုင်ငံသားတစ်ဦးချင်းစီမှာလည်း တာဝန်ကိုယ်စီ ရှိနေကြပြီဆိုတဲ့ Message ဝင်သွားရင် ပြရကျိုးနပ်ပါတယ်”ဟု ဓာတ်ပုံပေါင်း ၅၀ ခန့် ပါဝင်ပြသသူ ကိုဇော်မိုးထက်က ပြပွဲရည်ရွယ်ချက်ကို ရှင်းပြသည်။

လက်ရှိအချိန်တွင် ရတနာနယ်မြေ၏ ပတ်ဝန်းကျင် ရေမြေတောတောင် အနေအထားသည် တစ်နှစ်ချင်းစီ၏ ပြောင်းလဲလာမှုကို မဆိုထားနှင့် တစ်ပတ်ချင်းစီ၏ အခြေအနေပင်လျှင် မှန်းဆ၍ မရနိုင်အောင် ပြောင်းလဲနေသည်။

“နောက်နောင် ဒါတွေမရှိခဲ့ရင် ကျောက်စိမ်းတူးတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိစေချင်လို့ မြေကြီးကို မှတ်တမ်းတင်တာပါ”ဟု ဓာတ်ပုံဆရာ တစ်ဦးဖြစ်သူ ကိုဇော် (ဖားကန့်) က ပြောဆိုသည်။

မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံဆရာများအနေ နှင့် အလွယ်တကူလုပ်ဆောင်နိုင်ခဲ့သည်တော့ မဟုတ်ပေ။ အခက်အခဲမျိုးစုံကို ကျော်လွှားပြီး ကြိုးစား ရိုက်ကူးထားခြင်းဖြစ်သည်။ 

ဖားကန့်ဒေသသည် အညိုရောင် နယ်မြေဖြစ်သည့် အားလျော်စွာ ခွင့်မတောင်းဘဲရိုက်ပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရပြီး အစဖျောက်ခံရနိုင်သည့် အနေအထား။ ဓာတ်ပုံဆရာ တစ်ဦးဆိုလျှင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ချိန်ရွယ်ခံခဲ့ရသည်ဟု ရင်ဖွင့်သည်။

ဓာတ်ပုံရိုက်ကူးနိုင်ရန် သက်ဆိုင်ရာ ပိုင်ရှင်များကို ခွင့်တောင်းရသလို မူးယစ်ဆေး သုံးစွဲသူများကို ရိုက်ကူးနိုင်ရန် ငွေကြေးရင်းနှီးခဲ့ရသည့် အခြေအနေ။ 

“ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေကို မြင်ရတဲ့အခါ သူတို့တာဝန် ကျေတယ်လို့ခံစားရတယ်။ ဒီနိုင်ငံသူ၊ နိုင်ငံသား ဖြစ်တဲ့အတွက် ကျရာနေရာမှာ တာဝန်ကျေဖို့လိုတယ်။ လက်နက်ကိုင်မှ နိုင်ငံကိုကာကွယ်တာ မဟုတ်ပါဘူး။ ကင်မရာသမားတွေလည်း သူ့တာဝန်နဲ့သူရှိတယ်”ဟု ဓာတ်ပုံပြပွဲကျင်းပနိုင်ရန် ကူညီပေးသည့် သဘာဝ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ (NRGI National Resource Governance Institute) မှ ဦးမော်ထွန်းအောင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှုနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီး ပြုပြင်ပြောင်းလဲရန်လည်း တွန်းအားပေးရန်လိုကြောင်း၊ တွန်းအားပေးခြင်း နည်းလမ်းများအနက် တစ်ခုအနေနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းရေးသားနည်းသင်တန်း၊ ကျောက်စိမ်းနှင့်ပတ်သက်သည့် သင်တန်းများကို ရန်ကုန်သတင်းစာပညာ သင်တန်းကျောင်းက သင်ကြားပေးနေသလို ကျောက်စိမ်းဆိုင်ရာ ဓာတ်ပုံပြပွဲဖြစ်မြောက်အောင် ကူညီပေးခဲ့သည်။

အဖိုးတန်ရတနာ ကျောက်စိမ်းကို နိုင်ငံသူ၊ နိုင်ငံသားများ ခံစားခွင့် ရရှိစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝ ပတ်ဝန်းကျင် ပြန်လည် ကောင်းမွန်လာစေရန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် စီမံခန့်ခွဲတတ်စေရန်၊ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဟု သွေးစွန်းသော ကျောက်စိမ်းခရီး Journey of the Blood Jade ဓာတ်ပုံပြပွဲက သက်သေတစ်ခုပင်။

သွေးစွန်းသောကျောက်စိမ်းခရီး ဓာတ်ပုံပြပွဲသည် လာရောက်ကြည့်ရှုသူတို့၏ နှလုံးသားကို ပြောင်းလဲစေမည်၊ ပြပွဲမှရလာသောအသိဖြင့် ပြုပြင်ပြောင်းလဲရန်လိုနေသော မူဝါဒများကို တောင်းဆိုလာနိုင်မည်ဟု ပြပွဲကျင်းပသူများက ရည်မှန်းထားသည်။

အေးစုမွန်