News

POST TYPE

FEATURE

သတင်းသမားတွေ ကပ်သင့်နေသည့်နိုင်ငံ
17-May-2018


အိန္ဒိယနိုင်ငံတွင် သတင်းသမား သုံးဦးသည် ၂၄ နာရီအတွင်း လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သုံးယောက်စလုံးကို ကားဖြင့်တိုက်ပြီး အသတ်ခံရခြင်းဖြစ်ကာ လူ့အခွင့်အရေးအဖွဲ့နှင့် မိသားစုများက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ 

မာဒယာပရာဒက်ရှ်ပြည်နယ်မှ သတင်းထောက် ဆန်ဒစ်ရှာမာနှင့် ဘီဟာပြည်နယ်မှ နာဗင်နစ်ရှဲနှင့် ဗီဂျေဆင်းတို့သည် အိန္ဒိယနိုင်ငံ၏ အန္တရာယ်အရှိဆုံးဟု သတ်မှတ်ထားသည့်ဒေသများတွင် သတင်းသမားများအဖြစ် လုပ်ဆောင်နေကြသူများ ဖြစ်သည်။ ရှာမာက အသက် ၃၆ နှစ်ရှိပြီဖြစ်သည်။ သူက မာဒယာပရာဒက်ရှ်ပြည်နယ်အတွင်းရှိ ရဲအရာရှိကြီးတစ်ဦးက လစဉ် ရူပီး ၂၅၀၀၀ ကို လာဘ်ငွေအဖြစ် ယူဆောင်နေခြင်းကို ဖော်ထုတ်ထားသူ ဖြစ်သည်။ ထိုရဲအရာရှိကြီးသည် မိကျောင်းများကို ဘေးမဲ့ပေးထားသည့်ဒေသအတွင်း သဲများ တူးဖော်ခွင့် ပေးထားသည့်အတွက် ထိုလာဘ်ငွေများကို လစဉ် ရယူနေခြင်းဖြစ်ကြောင်း သတင်းဖော်ထုတ်ထားသူဖြစ်သည်။

သူသည် ထိုသတင်းကို ဖော်ထုတ်ပြီးနောက် အကြိမ်ပေါင်း များစွာ ခြိမ်းခြောက်ခြင်းခံခဲ့ရကြောင်း News World သတင်းဌာနမှ အယ်ဒီတာချုပ် ရစ်ဇ်ဝမ် အာမက်က ပြောကြားသည်။ ရှာမာသည် ထိုသတင်းဌာနအတွက် အလုပ်လုပ်ပေးနေသူလည်း ဖြစ်သည်။ 

CCTV မှတ်တမ်းတစ်ခုတွင် ရှာမာက မော်တော်ဆိုင်ကယ် စီးလာသည်။ ဘီဟင်းရပ်ကွက်အတွင်း သူကဆိုင်ကယ်စီးလာစဉ် အပြင်းမောင်းနှင်လာသည့် ကားကြီးတစ်စီးက သူ့ကို ဖြတ်တိုက်လိုက်သည်များ မြင်ကြရသည်။ ထို CCTV မှတ်တမ်းကို ရဲတွေက နောက်ပိုင်း လာသိမ်းသွားသည်။ 

ရဲတွေက ထိုကားကြီးကို မောင်းနှင်သူ ရန်ဘာယာဒက်ကို ဖမ်းဆီးလိုက်သည်။ ပြည်သူတို့ အော်ဟစ်ဆူညံသံများကြောင့် ထိုအမှုကို အဖွဲ့ဖွဲ့ပြီး စစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုထောက်လှမ်းရေးအဖွဲ့ (CBI) ကိုပါ သဲတူးဖော်နေမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် တာဝန်ပေးသည်။ 

News World သတင်းဌာနက ရှာမာ သေဆုံးမှုနှင့်ပတ်သက်ပြီး သေဆုံးသည့် နံနက်ကတည်းက CCTV မှတ်တမ်းများကို ထုတ်လွှင့်ကာ အဘယ်ကြောင့် အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း အထောက်အထားများနှင့် သတင်းများ ဖော်ပြခဲ့သည်။ ထိုထုတ်လွှင့်ချက်များတွင် သဲတူးဖော်ရေးလုပ်ငန်းများလည်း ပါသွားသဖြင့် ပြည်နယ်အတွင်း ဂယက်ကပိုကြီးသွားသည်။ CBI အထိပါလာပြီး ဆင်းစစ်ကြသည်အထိ အမှုက ကြီးသွားသည်။

အိန္ဒိယနိုင်ငံတွင် မြို့ပြတည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သဲများကို အလွန်အမင်း လိုအပ်နေသည်။ ၂၀၀၀ ပြည့်နှစ်ခန့်ကတည်းက မြို့ပြ တည်ဆောက်ရေး လုပ်ငန်းများကို အဆက်မပြတ် လုပ်လာကြပြီး မြို့ပြ ဆောက်လုပ်ရေးဆိုက်များကို တောနယ်များက သဲများ၊ မြေများဖြင့် ထောက်ပံ့နေကြရသည်။ လိုအပ်သော သဲများကို ရရှိရန်အတွက် နယ်များအထိ ဆင်းပြီး တရားမဝင်နည်းဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးကာ သဲတူးနေကြသည်မှာ ကြာပြီ။ ထိုနောက်ဆက်တွဲ သတင်းများကို ရှာမာက ဖော်ထုတ်နေခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးနေသလို ဖြစ်သွားခဲ့ရသည်။ 

ဆောက်လုပ်ရေးအတွက် လိုအပ်သည့်သဲများကို မာဖီးယားလို လူဆိုးဂိုဏ်းတွေက ချုပ်ကိုင်ထားပြီး အာဏာပိုင်တွေနှင့်ပေါင်းကာ တူးဖော်နေခြင်းဖြစ်ကြောင်း RWB/RSF (Reporters Without Borders)အဖွဲ့ကလည်း မှတ်ချက်ပြုထားသည်။ 

“အိန္ဒိယ သဲလုပ်ငန်းကို အကြောင်းပြပြီး စိုးမိုးထားတဲ့ မာဖီးယားဂိုဏ်းတွေက အကြမ်းဖက် လက်တုံ့ပြန်မှုတွေကို လုပ်နေတာပါ”ဟု ဆိုထားသည်။

“ရှာမာကို သတ်လိုက်တာဟာ သတင်းသမားတွေကို သတိပေးလိုက်တာပါပဲ။ သဲမာဖီးယားတွေက ငါတို့ကို လာထိလို့ကတော့ ရှာမာလိုဖြစ်သွားမယ်ဆိုပြီး သတိပေးသလိုပါပဲ”ဟု RWB အဖွဲ့က ပြောကြားသည်။

ရှာမာ အသတ်မခံရမီ တစ်ရက်က နစ်ရှဲလ်နှင့် ဆင်းတို့ကလည်း ကားတိုက်ခံရပြီး သေဆုံးခဲ့သည်။ သူတို့နှစ်ဦးကို ကားဖြင့်တိုက်ခဲ့သူမှာ ယခင်ရွာလူကြီးဟောင်း မိုဟာမက် ဟာဆူဖြစ်သည်။ သူသည် တရားမဝင် မှတ်ပုံမတင်ထားသောကားကို မောင်းလာပြီး တိုက်သတ်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က ဟာဆူကိုဖမ်းဆီးပြီး စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားသည်။ သတင်းသမား သုံးယောက် ကားဖြင့်အတိုက်ခံရပြီး သေဆုံးမှုမှာ ၂၄ နာရီအတွင်း ဖြစ်နေသည်။ သူတို့နှစ်ဦးက ဟိန္ဒူပွဲတော်တစ်ခုအတွက် သတင်းလာယူပြီးနောက် သတင်းလွှင့်ပြီး အပြန်၌ ကားဖြင့် တိုက်သတ်ခံလိုက်ရခြင်းဖြစ်သည်။ သူတို့ သတင်းတင်ဆက်ပြီး မထွက်ခွာမီ ဟာဆူနှင့် စကားများခဲ့သေးကြောင်း နစ်ရှဲလ် အလုပ်လုပ်နေသည့် သတင်းဌာနမှ ရာကက်ကူးမားဆင်းက ပြောကြားသည်။

“သူတို့စကားများပြီး ထွက်အလာမှာ အဲဒီရွာလူကြီးဟောင်းကားက နောက်ကနေ လိုက်တိုက်တာ။ ဟာဆူက ပြည်တွင်းသတင်းစာတွေကို သူ့အကြောင်း ရေးပေးဖို့ လိုက်ပြောနေတာ။ ကျွန်တော့် သတင်းသမားနှစ်ယောက်က သူ့ကိုလက်မခံဘူးလေ”ဟု ရာကက်ကဆိုသည်။ 

အိန္ဒိယနိုင်ငံ မြို့လေးများနှင့် ကျေးလက်များရှိ သတင်းသမားများသည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများကို မကြာခဏခံကြရသည်။ သူတို့ဒေသများတွင် အာဏာပိုင်တို့ထက် ကြောက်စရာကောင်းသည့် လူဆိုးဂိုဏ်းခေါင်းဆောင်တွေကလည်း ရှိနေသည်။ ထိုသူတို့ကို အဆင်ပြေအောင် မပေါင်းနိုင်လျှင် အနိမ့်ဆုံး ပါးရိုက်ခံရတတ်သည်။ ထိုဂိုဏ်းခေါင်းဆောင်တွေက သူတို့ကို ကြောက်ရွံ့နေရကြောင်း ထုတ်ပြမှ သဘောကျသည်။ သူတို့က သတင်းသမားတွေကိုလည်း သူတို့လက်ခုပ်ထဲက ကြွက်လေးတွေ လိုထားချင်ကြသည်။

CPJ (The Committee to Protect Journalists) ၏ထုတ်ပြန်ချက်တွင် ယမန်နှစ်အထိ သတင်းသမားပေါင်း ၂၇ ဦးသည် အသတ်ခံခဲ့ရကြောင်း သိရသည်။ ၁၉၉၂ ခုနှစ်ကစတင်ပြီး သတင်းသမားများကို သတ်သောကြောင့် အရေးယူ အပြစ်ပေးခံရသူ မရှိသေးဟုလည်းဆိုသည်။ သတင်းကိစ္စနှင့်ပတ်သက်ပြီး သတင်းသမား မဟုတ်ဘဲ သတင်းပေးသူဟုဆိုကာ အသတ်ခံရသူပေါင်းကလည်း ၂၅ ဦးလောက်ရှိသည်။ CPJ ၏ အဆင့်သတ်မှတ်ချက်တွင် သတင်းသမားများကို သတ်သောကြောင့် အရေးယူခြင်းခံရသည့် နိုင်ငံများထဲတွင် အိန္ဒိယက အဆင့် ၁၃ လိုက်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက သတင်းသမားတွေကို သတ်သူများအား ယနေ့တိုင် မဖော်ထုတ်နိုင်သေးသောကြောင့် လတ်တလော သတင်းသမားသုံးဦး ၂၄ နာရီအတွင်း ကားတိုက်ခံရပြီး သေဆုံးမှုကလည်း ထိုနည်းဖြင့် ပျောက်သွားစရာရှိနိုင်ကြောင်း ပြည်သူတွေက စိုးရိမ်နေကြသည်။ 

သတင်းသမားသုံးဦး၏ သေဆုံးမှုကြောင့် ကျန်ရှိသည့် သတင်းသမားတွေအဖို့ စဉ်းစားစရာတွေ ဖြစ်လာသည်။ သူတို့အားလုံး အိန္ဒိယကျေးလက်များကို မဆင်းရဲ။ ဂိုဏ်းဖွဲ့စိုးမိုးနေသူများက အချိန်မရွေး အသက်အန္တရာယ် ရှာနိုင်သောကြောင့် သတင်းရယူမှုအပိုင်းတွင် ကျေးလက်များ၌ အလွန် အားနည်းလှသည်။ မတရားမှုများ ရှိနေသော်လည်း ဖော်ထုတ်ခွင့် မရှိခြင်းကြောင့် မတရားမှုများကို မြို့ကြီးများနှင့် ဝေးကွာသောဒေသများရှိ ပြည်သူတို့ လှိမ့်ခံနေကြရသည့် သဘောလည်းရှိနေသည်။

၂၀၁၅ ခုနှစ်ကတည်းက သတင်းသမားများကို အိန္ဒိယကျေးလက်များ၌ တိုက်ခိုက်ခြင်း ခံရမှုပေါင်း ၁၄၂ မှုရှိကြောင်း အမျိုးသား ရာဇဝတ်မှု မှတ်တမ်းဌာနက သတင်းထုတ်ပြန်ထားသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ အသတ်ခံရသော သတင်းသမားပေါင်း ၇၀ ရှိသည်။ အများစုမှာ လွတ်လပ်သော ပုဂ္ဂလိက သတင်းဌာနများအတွက် လုပ်ကိုင်ပေးနေသူများ ဖြစ်သည်။ ထိုသူများသည် သူတို့အိမ်တွင်လည်းကောင်း လုပ်ငန်းခွင်များအတွင်း၌လည်းကောင်း အသတ်ခံနေရခြင်းဖြစ်သောကြောင့် သတင်းသမားများအတွက် လုံခြုံရေးမှာ အိန္ဒိယ နိုင်ငံတွင် ဆိတ်သုဉ်းနေသလို ဖြစ်နေသည်။

သတင်းသမားများ တိုက်ခိုက်သတ်ဖြတ်ခံရခြင်းများကို ကြည့်လျှင် ဒေသခံနိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် ရွာခံလူမိုက်ခေါင်းဆောင်များနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေသည်ကို တွေ့ကြရသည်။ ယမန်နှစ် စက်တင်ဘာလက ဘန်ဂါလိုမှ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းထုတ်ပြန်ခွင့်များအတွက် လှုပ်ရှားနေသည့် အမျိုးသမီးကြီး တစ်ဦးဖြစ်သူ ဂေါရီလန်ကက်ရှ်သည် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။ သူမသည် ကားထဲမှထွက်လာပြီး အိမ်ထဲအဝင် ဆိုင်ကယ်စီးလာသည့် လူသုံးယောက်က သေနတ်ဖြင့် ပစ်ပြေးသွားသည်။ ဝမ်းဗိုက်တွင် ကျည်နှစ်ချက်နှင့် နဖူးတွင်တစ်ချက်မှန်ပြီး သေဆုံးသွားခဲ့ရသည်။ အသက် ၅၅ နှစ်အရွယ် ဂေါရီသည် သတင်းစာတစ်စောင်ကို ထုတ်ဝေနေသူ တစ်ဦးဖြစ်ပြီး ဟိန္ဒူအစွန်းရောက်များကို ပက်ပက်စက်စက် ဝေဖန်တတ်သူတစ်ဦးဖြစ်သည်။ 

ဂေါရီအသတ်ခံရပြီး မကြာမီ သတင်းသမားတစ်ဦးဖြစ်သူ ဆာဂျစ်ဂိုပလန်ကို သူ၏ဇနီးနှင့် သမီးရှေ့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက အကြမ်းဖက် ရိုက်နှက်ခြင်းကို ပြုလုပ်ခဲ့ပြန်သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူနတွင်လည်း Syandan Partrika သတင်းစာတိုက်မှ ဆူဒစ်ဒတ္တဆိုသူ သတင်းထောက်သည် သေနတ်ဖြင့်ပစ်သတ်ခြင်း ခံလိုက်ရပြန်သည်။ တီဗီသတင်း ထောက် ဆန်တာနူးဆိုသူကိုလည်း ပါတီတစ်ခုမှ ကေဒါ များက ဝိုင်းပြီး ရိုက်နှက်သတ်ခဲ့မှုများ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေခဲ့သည်။ 

“အဲဒီ အသတ်ခံရမှု အားလုံးရဲ့နောက်မှာ တကယ့် အကောင်ကြီးတွေ ရှိနေတယ်။ အမှန်တရားကို ဖော်ထုတ်နေသူတွေအတွက် နှုတ်ပိတ်ဖို့ သူတို့ငွေတွေ ထုတ်သုံးနေကြတယ်။ သတင်းမီဒီယာလောကအတွက် လွတ်လပ်စွာ ပြောဆိုခွင့် ဖော်ထုတ်ခွင့်တွေ ဆိတ်သုဉ်းလာပြီ ဆိုတာကိုပြနေတာပဲ”ဟု ဘရင်ဒါ ကာရက်က ဆိုသည်။ 

အိန္ဒိယနိုင်ငံအလယ်ပိုင်း ချဟတ်တီဂါတွင် မော်ဝါဒီ သောင်းကျန်းသူများ ရှိနေဆဲဖြစ်သည်။ ကက်ရှမီးယား အရေးနှင့်ပတ်သက်ပြီး ပဋိပက္ခ အဖြစ်ဆုံးဒေသ ဖြစ်သလို အလွန် သတိထားနေရသော ဒေသလည်း ဖြစ်သည်။ ယမန်နှစ်က သတင်းသမား နှစ်ဦးဖြစ်သည့် ဆိုမာရူနက်နှင့် ဆန်တော့ရှ် ယာဒက်တို့အား ရဲတပ်ဖွဲ့က နိုင်ငံတော်အား အကြည်အညိုပျက်အောင် လုပ်သည်ဆိုပြီး ဖမ်းဆီးခဲ့သည်။ သူတို့သည် မော်ဝါဒီများကို အသားပေးသည့် ဆောင်းပါးများရေးသည်ဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်ကာ နိုင်ငံတော်ပုဒ်မဖြင့် ခေါင်းစဉ်တပ်သည်။ ယာဒက်သည် ထောင်ထဲတွင် ၁၈ လ နေလိုက်ရပြီးမှ ပြန်လွတ်သည်။ ထို့ပြင် ကမ်ရမ် ယူဆွတ်ဆိုသူ သတင်းသမားကလည်း အိန္ဒိယကိုတိုက်ခိုက်ရန် လှုံ့ဆော်စာရေးသည်ဆိုပြီး ၆ လ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည်။ 

နိုင်ငံတကာ သတင်းအဖွဲ့ကလည်း ကက်ရှ်မီးယားဒေသသည် သတင်းသမားများအတွက် ဓားသွားပေါ် လမ်းလျှောက်နေရသလို ဒေသဟု ဝေဖန်ခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များရော၊ သူပုန်တို့ကိုပါ အမျိုးမျိုး ကြောက်လန့်နေရသည့် သတင်းလွတ်လပ်ခွင့် အနည်းဆုံးဒေသများအဖြစ် သတ်မှတ်ထားကြသည်။ 

သတင်းသမားများသာမဟုတ် ပြည်သူတွေကလည်း မိမိတို့ဒေသများအတွင်း အကျင့်ပျက် ခြစားနေမှုများကို သိသော်လည်း မပြောရဲလောက်အောင် ဖိနှိပ်ထားမှုများနှင့် ရင်ဆိုင်နေရသည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း အာချောင်မိသောကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၁၅ ဦးခန့်ရှိပြီး မရေတွက်နိုင်လောက်အောင် အရိုက်အနှက် ခံရမှုများ ရှိခဲ့သည်။ 

“အစိုးရကိုယ်တိုင်က ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြေဆိုဖို့ ဥပဒေတွေနဲ့ အကာအကွယ် မပေးထားဘူး။ ပြည်သူတွေတောင် မပြောနိုင်တာ ပါလီမန်မှာ ဘယ်သူက ပြောနိုင်တော့မှာလဲ”ဟု ဓနသဟာယ လူ့အခွင့်အရေးအဖွဲ့မှ ဗန်ကာတက်ရှ် နာရက်ကပြော ကြားသည်။

အိန္ဒိယနိုင်ငံတွင် အာဏာပိုင်များသည် မေးခွန်းထုတ်ခြင်း ခံနေရသည်။ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့ လုံခြုံရေးသည် ဆိတ်သုဉ်းနေပြီလားဖြစ်သည်။ အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း ဖော်ထုတ်နေသည့် သတင်းသမားတွေ၊ စာရေးဆရာတွေနှင့် ဖော်ကောင်တွေ အသတ်ခံနေရမှုကို ဤအတိုင်း ကြည့်နေလျှင် အိန္ဒိယ ဒီမိုကရေစီသည် ပြက်ရယ်ပြုစရာ ဖြစ်လာပေတော့မည်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်သည် ဒီမိုကရေစီနည်းဖြစ်သည်။ သို့သော် အစိုးရက ငါနှင့်မတူ ငါ့ရန်သူအဖြစ် သဘောထားကာ ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများကို ခွင့်ပြုထားသရွေ့ သတင်းလောက လွတ်လပ်ပြီလားဟု မေးခွန်းထုတ်နေကြမည်သာဖြစ်သည်။
ကျော်ဗလ
(Ref: The Independent, The Guardian, First Post)