News

POST TYPE

FEATURE

အိမ်တွင်း ငရဲ
23-Sep-2016


အိမ်ဟုဆိုလိုက်လျင် လုံခြုံနွေးထွေးရာ နားခိုစရာဟု မှတ်ယူကြသည်။ သို့သော် မမေသူဟန်အပါအ၀င် မိန်းကလေးအချို့အတွက်တော့ ရာနှုန်းပြည့်မမှန်။

ချစ်သောသူနှင့် ဖူးစာဆုံခဲ့ရသော်လည်း မမေသူဟန် (အမည်လွှဲ) ၏ အိမ်ထောင်ရေးက ပန်းခင်းလမ်းတော့ မဟုတ်ခဲ့။
"ချစ်လို့တောင် ခိုးပြေးခဲ့ကြတာလေ။  ခုလို ရိုက်မယ်၊ တွေ့ရာပစ္စည်းနဲ့ ပေါက်လိမ့်မယ်လို့ မထင်ထားဘူး" ဟု မမေသူဟန်က နင့်နင့်သီးသီး ရင်ဖွင့်လာသည်။ 

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်လျက်ရှိသည့် မမေသူဟန်မှာ ၁၈ နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူမ အလုပ်ထွက်လုပ်ခြင်းကို စိတ်မချဟု ခင်ပွန်းဖြစ်သူက အကြောင်းပြချက် ပေးတတ်သော်လည်း ခင်ပွန်းကိုယ်တိုင်က အလုပ်လက်မဲ့။

ဒါတင် မကသေး။ မပြေလည်တိုင်း ခင်ပွန်းဖြစ်သူ၏ စိတ်လိုလက်ရ ရိုက်နှက်မှု ဒဏ်ကိုလည်း အလူးအလဲခံခဲ့ရသည်မှာ ငရဲခန်းသဖွယ်။
နီးရာ ပစ္စည်းများဖြင့် ပေါက်သည်။  ခင်ပွန်း ပစ်လွှတ်ခဲ့သည့် ဖန်ခွက်ကြောင့် ပြတ်ရှခဲ့သည့် ခြေဖမိုးက ဒဏ်ရာတို့က သေရာပါပင်ဖြစ်သည်။ ဖူးယောင် ဒဏ်ရာများကတော့ စာမဖွဲ့နိုင်။ ချစ်လွန်း၍ ခိုးရာ လိုက်ပြေးခဲ့သော်လည်း သူမ၏ အိမ်တွင်း အခြေအနေများက ချစ်သူဘ၀နှင့် ဘယ်လိုမှ ဆက်စပ်၍ မရနိုင်ခဲ့။

သုခဘုံဟု မှတ်ယူခဲ့သမျှ သဲရေကျ ဖြစ်ရပြီ။ သုခဘုံသည် တစ်မဟုတ်ချည်း အိမ်တွင်း ငရဲအသွင်။
"အမေလာရင် ကိုယ့်မှာကလည်း  ဒဏ်ရာတွေနဲ့ဆိုတော့ သိမှာစိုးလို့ နေမကောင်းဘူးလို့ ပြောပြီး အတွေ့မခံဘဲ ပြန်ခိုင်းရတာ" ဟု သူမက ပါးပြင်ပေါ်က မျက်ရည်စ တို့ကို ခပ်ကြမ်းကြမ်း ပွတ်လျက် ဆိုသည်။

ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ဝေဖန်မှုများကို ရင်မဆိုင်ရဲသူ သူမအတွက်တော့ ဒုက္ခဆင်းရဲကို ကျိတ်မှိတ်ခံရုံသာ။ ပြန်လည် ခုခံလိုသော်လည်း အားချင်းကမမျှ။

"မြန်မာ မိန်းကလေးဆိုတော့ အိမ်ထောင်ကွဲ မဖြစ်ချင်ဘူး" ဟု မမေသူဟန်က ၀မ်းနည်းဆို့နစ်စွာ ဆိုလာသည်။
သည်းခံနိုင်မှု၏ အဆုံးသတ်တွင် သူမအတွက် ကွာရှင်းခြင်းက စောင့်ကြိုနေသည်။ ဤသည်ကပင် အခွင့်အရေး တစ်ရပ်နှယ်။ အလွယ်တကူတော့မရ။ ကွာရှင်းခွင့်အတွက် ခင်ပွန်းဖြစ်သူကို ငွေဆယ်သိန်း ပေးလိုက်မှပင် အိမ်တွင်းငရဲက လွတ်မြောက်ခွင့် ရခဲ့သည်။
ပတ်ဝန်းကျင် ပြစ်တင်ဝေဖန်မှုများကို ကြောက်ရွံကြ၍ ကြိတ်မှတ်သည်းခံပြီး ပေါင်းသင်းနေသည့် မမေသူဟန်ကဲ့သို့  အိမ်ထောင်ရှင် သို့မဟုတ် အိမ်တွင်း ငရဲသားတို့က ဟိုမှသည်မှ အလွယ်ပင် အတွေ့ရများလာပြီ။ 

ရိုက်နှက်မှုများကို ပြုလုပ်သူများမှာ  မူးယစ်ဆေး၊ အရက်တို့ သောက်သုံးရာမှ မြစ်ဖျားခံလာပြီး စိတ်အလိုမကျမှုများ၊ စိတ်ဖိစီးမှုများအတွက် ထွက်ပေါက်အသွင် ရိုက်နှက်နေခြင်းဖြစ်နေကြောင်း အမျိုးသမီးရေး လှုပ်ရှားသူများက ဆိုသည်။ 

"မမူးရင် အကောင်း၊ မူးလာရင် ထိုးတော့တာပဲ"ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ မဆုလဲ့ (အမည်လွှဲ) က ဆိုသည်။
အသက် ၃၀ အရွယ် မဆုလဲ့မှာ အိမ်ထောင်သက်တမ်း ဆယ်စုနှစ် နီးပါးရှိနေသူ ဖြစ်သည်။ သ၀န်တိုလွန်းသည့် သူမ၏ ခင်ပွန်းကြောင့် အမြဲတစေ တကျက်ကျက်နှင့် စကားများ ရန်ဖြစ်နေရသူလည်း ဖြစ်သည်။ 

"အခြားလူတွေနဲ့ ပေးစားတယ်၊ စွပ်စွဲတယ်။ ကလေးရှိတော့လည်း ဘာမှမပြောဘဲ သည်းခံရတာများတယ်" ဟု သူမက ခပ်တိုးတိုး ရင်ဖွင့်သည်။

Action Aid  မြန်မာ၏ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ သုံးသပ်ချက်တွင် ပတ်ဝန်းကျင်က သတ်မှတ်ထားသည့် မိသားစု၏ သိက္ခာမှာ အမျိုးသမီး တစ်ဦး၏ အပြုအမှု၊ အနေအထိုင်ပေါ်တွင် မူတည်နေသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
ယင်းကြောင့်ပင် အမျိုးသမီးများက အိမ်တွင်း အကြမ်းဖက်ခံရသည့် အခြေအနေကို လူမှုဝန်းကျင်ကို ဖွင့်ဟ ထုတ်ဖော်ရန် ရှက်ရွံကြသည်။ လူမှုစံနှုန်းများက ကန့်သတ် ထိန်းချုပ်ခံထားရသည်။ ရဲတပ်ဖွဲ့သို့ တိုင်ကြားရန် ငြင်းဆန်ကြသည့် အဓိကအချက်ဟု ဆိုရမည်ပင်။

"၂၀ ရာခိုင်နှုန်းလောက်ပဲ ရဲစခန်းကို လာကြတာ။ လာတဲ့လူတွေကလည်း ကွာချင်လို့ထက် ယောက်ျားကို ခြောက်တဲ့အနေနဲ့ လာတိုင်ကြတာ။ ဆေးစာအရ သာမန် နာကျင်စေမှုဆိုရင်တော့ ရဲအရေးက မပိုင်ဘူး။ တရားရုံးကို ဦးတိုက်လျှောက်ကြတယ်။  နောက်နေ့ တရား ရင်မဆိုင်ချင်တော့ဘူး ဆိုတဲ့လူတွေလည်း ကြုံဖူးတယ်" ဟု ပြည်မြို့   မြို့မရဲစခန်း၏ ဒုစခန်းမှူး ဇင်မင်းဦးက ဆိုသည်။
'ကြားသုံးကြား မ၀င်ရ' ဆိုသည့်  မြန်မာ စကားပုံတို့သည်လည်း အိမ်တွင်း  ငရဲခန်းအချို့ကို အားပေး ထောက်ပံ့နေသည့်အသွင်။ 
'အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်သည်' ဆိုသည့် စကားလုံးတို့ကလည်း အနိုင့်အထက် ပြုလိုသူ အမျိုးသားအချို့ကို အရှိန်တင်၍ ပေးထားပြန်သည်။

"သဘာဝပေါ့။ မိန်းမတွေက ယောက်ျားတွေကို ကြောက်ရမယ်ဆိုတဲ့ ခံယူထား တယ်။ ဥပမာ - အမေ့ကို အဖေက နှင်ချထားတယ်။ အမေကို ပြန်လာရင် ရိုက်မယ်ပေါ့။  ဒါမျိုးကို သာမန်လို့ ထင်နေတာ။ ဒါက Violence (အကြမ်းဖက်မှု)ပဲ" ဟု လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်သန်းနွဲ့က ခပ်ကြမ်းကြမ်း ဝေဖန် ပြစ်တင်လိုက်သည်။

သို့သော် အသက် ၂၅ နှစ်အရွယ် မထက်မြက်သူကတော့ နေ့စဉ် အကြမ်းဖက်ခဲ့သည့် ခင်ပွန်းဖြစ်သူကို ခြောက်နှစ်အကြာတွင်မှ စွန့်လွှတ်နိုင်ခဲ့သည်၊ တရားရုံးတွင် တရားဝင် ကွာရှင်းခွင့် တောင်းယူနိုင်ခဲ့သည်။

ခင်ပွန်းဖြစ်သူ စိတ်အလိုမကျတိုင်း လျှပ်စစ်ကျင်စက်ဖြင့် ခြိမ်းခြောက်၍ နှိပ်စက်ခဲ့သည်မှာ နေ့စဉ်ရက်ဆက်။ သူမ၏ သည်းခံနိုင်မှုမှာ သူမ၏ သားငယ်မျက်နှာ တစ်ခုတည်းကြောင့်သာလျှင်။

"ကလေးပေါ့လေ၊ ကလေးကြောင့် မကွဲနိုင်ဘူးဖြစ်နေတာ။ ခုတော့ အေးဆေးပဲ" ဟု သူမက လွတ်လပ်ပေါ့ပါးစွာ ရယ်သံစွက်လျက် ဆိုလာသည်။
ထိုးကြိတ်၊ ရိုက်နှက်မှုများကြောင့် သူမသည် ဆေးရုံသို့ပင် ရောက်ခဲ့သေးသည်။  နှစ်ကြိမ်တိုင် အိမ်ပေါ်က ဆင်းသွားသော်လည်း သူမ လုပ်ရပ်တို့က အရာမထင်ခဲ့။ 

ပိုနေမြဲ ကျားနေမြဲ ဆိုသလို သူမ ယောက်ျားသည်လည်း နှိပ်စက်မြဲပင်။ စိတ်တူ ကိုယ်တူ ကြည်ဖြူမှု မရှိပါဘဲ ခင်ပွန်းဖြစ်သူ၏ အတင်း ဖိအားပေး၍ အတူ နေခိုင်းစေမှုများကလည်း သူမအတွက် စိတ်ဒဏ်ရာပင်။

အိမ်တွင်း အကြမ်းဖက်မှုတွင် စီးပွားရေး၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာအဖြစ် ခွဲခြားနိုင်ပြီး ကျူးလွန်းခံရသူများမှာ အကြောင်းအရာ တစ်ခုတည်းဖြင့် အကြမ်းဖက်ခံရမှု နည်းပါးကြောင်း Gender Equality Network က Communication Coordinator မအေး သဒ္ဒါလှက ဆိုသည်။

ဇနီး၏ ဆန္ဒမပါဘဲ အဓမ္မလိင်ဆက်ဆံခြင်း၊ ဆဲဆိုခြင်း၊ သ၀န်တိုခြင်း၊ ချုပ်ခြယ် ကန့်သတ်ခြင်းများကိုလည်း အကြမ်းဖက်မှုများဟု သတ်မှတ်နိုင်သေးသည်။

"ရန်ဖြစ်တာတွေကြောင့် စိတ်ကုန်နေပြီ။ အတင်း အတူနေခိုင်းတာတွေက အမြဲတမ်းပဲ။ ဒီကိစ္စကြောင့်လည်း ရန်ဖြစ်ရတယ်။ သူဘယ်လောက် ကိုယ့်အပေါ် ကောင်းကောင်း စိတ်ကုန်နေပြီ" ဟု မထက်မြက်သူက ရင်ဖွင့်သည်။

အမျိုးသမီးများ အကြမ်းဖက် ခံရမှုများကို ဥပဒေကြောင်းအရ လိုက်ပါ ကူညီပေးနေသည့် Legal Clinic Myanmar  ၏ တာဝန်ရှိသူတစ်ဦး ပြောဆိုချက်အရ ခင်ပွန်းဖြစ်သူမှာ စီးပွားမရှာဘဲ အရက်သောက်၊ ဆဲဆို၊ ရိုက်နှက်မှုများကြောင့် အမျိုးသမီးများမှာ ကွာရှင်းခွင့် တောင်းနိုင်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍မရပါက တရားရုံးကို ဦးတိုက်၍ ကွာရှင်းခွင့် တောင်းနိုင်ကြောင်း ဆိုသည်။

"အများစုက လှိုင်သာယာ၊ သာကေတ၊ ရွှေပြည်သာလိုမျိုးက ဖြစ်တယ်။ ဥပဒေ အသိပညာမရှိဘူး။ ပညာရေး မရှိဘူး။ အရက်သောက်တဲ့ ယောက်ျား၊ ရိုက်နှက်တဲ့ ယောက်ျားကို မယူဖို့ မစဉ်းစားနိုင်ကြဘူး" ဟု ယင်းအဖွဲ့အစည်း၏ ရှေ့နေ အမျိုးသမီးတစ်ဦးက မှတ်ချက်ပေးသည်။
အိမ်တွင်း ငရဲခန်းများက အသွင်အမျိုးမျိုးနှင့်ပင်။ ဇနီးနှင့် ခင်ပွန်းကြား၊ ခဲအို နှင့် ခယ်မကြား၊ မိဘနှင့် သားသမီးကြား၊ အလုပ်ရှင်နှင့် အလုပ်သမားကြား စသည်ဖြင့် ပုံသဏ္ဍာန်မျိုးစုံဖြင့် တည်ရှိနေကြသည်။ 

နေအိမ်တွင်း အကြမ်းဖက်မှုဟု ဆိုလိုက်လျှင် ရိုက်နှက်မှုများ သာမက မုဒိမ်းမှုများသည်လည်း အကြုံးဝင်လျက်ရှိသည်ဟု Legal Clinic Myanmar  က သတ်မှတ် သည်။

ဤသို့ဆိုလျင် အိမ်တွင်း အကြမ်းဖက်မှု သို့မဟုတ် အိမ်တွင်း ငရဲခံရသူများတွင် မကြာသေးမီက ပေါ်ပေါက်ခဲ့သည့် အင်းဝ  အပ်ချုပ်ဆိုင် အမှုသည်လည်း ထိပ်ဆုံးက ပါဝင်နေမည်က အမှန်။

ဆယ်ကျော်သက်အရွယ် မိန်းမငယ် နှစ်ဦးသည်က အင်းဝ အပ်ချုပ်ဆိုင် အိမ်ကြီးရှင်၏ အလိုကျ ယိုးမယ်ဖွဲ့ နှိပ်စက်မှုတို့က ခန္ဓာကိုယ်ထက်က ဒဏ်ရာတို့က သက်သေ။  မိသားစု စားဝတ်နေရေးက အိမ်တွင်း ငရဲခန်းဆီသို့ သူတို့နှစ်ဦးကို ငါးနှစ်တာ တွန်းပို့ခဲ့သည်။ 

လက်ဆယ်ချောင်းလုံး ကျိုးနေသည့် ဒဏ်ရာ။ ခန္ဓာကိုယ်အနှံ့က ကတ်ကြေးရာတို့က သူတို့အတွက် တစ်သက်တာ လုပ်အားခနှယ်။ ဖျောက်ဖျက်မရ။ မေ့ပျောက် မပစ်နိုင်မည်က အသေချာ။ 

ရန်ကုန်မြို့လယ်က  အိမ်တွင်းငရဲခန်း ငိုရှိုက်သံတို့ကို ငါးနှစ်ကြာမှ သိခွင့်ရခြင်းက အဘယ့်ကြောင့်နည်း။ 
နှစ်သိမ့်သူ မရှိ။ ကယ်မသူ မရှိ။  စောင့်ရှောက်သူ မရှိ။ ထိုငိုရှိုက်သံတို့ကို တရားစောင့်နတ် အဘယ်ကြောင့် မကြားနိုင်သနည်း။ 
အလုပ်ရှင် ၊ အလုပ်သမားကြားက  အိမ်တွင်းငရဲခန်းက ယခုမှ တစ်ခေတ် ဆန်းလာသည်မဟုတ်။ မြန်မာလူထုနှင့်  အစိမ်းသက်သက်မဟုတ်။ ရင်းနှီးစပြုနေသည့် အမှုအခင်းတစ်ခု။

ပြီးခဲ့သည့်နှစ် ဆောင်းဦးရာသီ နိုဝင်ဘာလတွင် ရန်ကုန်မြို့ လူကုံထံရပ်ကွက် ရွှေတောင်ကြားတွင် ကလေးငယ်တစ်ဦးကို အကျီချွတ် ကြိုးတုတ်၍ ရိုက်နှက်သည့် ဓာတ်ပုံများက အွန်လိုင်းထက်တွင် ပေါ်ပေါ်တင်တင်။

အိမ်ရှင်သည်က နှယ်နှယ်ရရမဟုတ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော် ။ ကလေးငယ် မစုဝေကို နှိပ်စက်မှုဖြင့်  တရားစွဲခံရသူက အိမ်အကူ ဒေါ်သန်းနွဲ့။ ရုံးချိန်း ၁၇ ကြိမ်မြောက်သည့်တိုင် စီရင်ချက်တို့ တစ်စွန်းတစ်စ ထွက်မလာသေး။ 

မစုဝေတစ်ယောက် လူမှုကွန်ရက် ကောင်းမှုအကြောင်းပြု၍ အိမ်တွင်းငရဲခန်းမှ လွတ်မြောက်ခွင့် ရခဲ့သည့်တိုင် စိတ်ဒဏ်ရာ အမာရွတ်က စွဲထင်နေဦးမည်က  အမှန်။

"အကြမ်းဖက်မှုတွေကို ကြည့်ရင် များသောအားဖြင့် ကျူးလွန်သူရော ကျူးလွန် ခံရတဲ့သူရောက ဒါကို ပြစ်မှုဆိုတာ မသိကြဘူး" ဟု လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းနွဲ့က ဆိုသည်။ 

စက်တင်ဘာလ ၁၅ ရက်နေ့တွင်  မြောက်ဥက္ကလာ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချလိုက်သည့် အကြမ်းဖက်မှုသည်လည်း အိမ်တွင်း ငရဲခန်းတစ်ခု၏ နိဂုံးလော။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် အလုပ်လုပ်သည့် ၁၈ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး၏ ငရဲခန်းက ချစ်ခြင်းကို အခြေတည်ခဲ့သည်။

တစ်ချိန်က ချစ်သူသည် ထိုအမျိုးသမီးငယ်ကို အလိုမတူဘဲ ခိုးယူပေါင်းသင်းခဲ့သည်။ ထိုတွင် အမျိုးသမီးငယ်၏ ငရဲခန်းအစ။ 
ထိုငရဲခန်းတွင် သူမက ခြေထောက်တွင် သံကြိုးခတ်လျက်။ အလိုမတူဘဲ ဆက်ဆံမှု အကြိမ်ကြိမ်။ ကျွေးသည်က မသေရုံ ထမင်းတစ်နှပ်။ အလိုမကျတိုင်း ထိုးကြိတ် ရိုက်နှက်၊ စတီးဓားဖြင့် ခြစ်သည့် ငရဲဒဏ်ကို ထိုအမျိုးသမီးငယ် အလူးအလဲ ခံခဲ့ရသည်။ 

ဤသည်က ထိုအမျိုးသမီးငယ်အတွက် ထိုသူ၏ တတိယမြောက် ခိုးယူအကြမ်းဖက် နှိပ်စက်ခံရခြင်း။ ထိုသူ၏ အကြမ်းဖက် ခိုးယူမှုကို တိုင်တန်းရကောင်းမှန်း မသိခဲ့။ ဥပဒေသည် သူမကို အကာအကွယ်မပြုနိုင်ခဲ့။ ထို့ကြောင့်ပင် သူမအကြိမ်ကြိမ် အိမ်တွင်းငရဲသို့ သက်ဆင်းရခြင်းဖြစ်သည်။ 

နွေးထွေးပျူငှာမှုတွင် နာမည်ကောင်းရ မြန်မာများကြားတွင် အကြမ်းဖက်မှု သို့မဟုတ် အိမ်တွင်း ငရဲခန်းတို့ ရှိနေသည်မှာ  အဘယ့်ကြောင့်နည်း။ "အဓိက ဥပဒေက ထိရောက်တဲ့ ကာကွယ်မှု မပေးနိုင်တာနဲ့ နောက်တစ်ချက်က လူနေမှုစနစ်ကြောင့်"ဟု မအေး သဒ္ဒါလှ ကတော့ မှတ်ချက်ပြုလာသည်။

ထိုသို့ ဥပဒေကြောင့်၊ လူမှု စနစ်ကြောင့် စသည် စသည် ရှုထောင့်များ၊ သုံးသပ်မှုများ၊ ဝေဖန်မှုများ၊ ပြစ်တင်မှုများ၊ အခွင့်ကောင်းယူမှုများ ၊ စောင့်ကြည့်မှုများ ….. များ… များကြား၌ပင်- 

မမေသူဟန်၊ မထက်မြက်သူ၊ မစုလဲ့ နှင့် အင်းဝ အပ်ချုပ်ဆိုင်က မိန်းမငယ် နှစ်ဦး အပါအ၀င် စုဝေတို့အတွက် လောကငရဲခန်းများသည် လုံခြုံသည်ဟု ဆိုရနိုင်သော နေအိမ်ခန်းများအတွင်း တိုးတိတ်သော ရှိုက်သံများဖြင့် ပျံ့လွင့်နေဆဲသာ

  • VIA

ABOUT AUTHOR

(မြတ်နိုးခင်)