News

POST TYPE

FEATURE

တစ်ကျော့ပြန် မဟာသီယာ
15-May-2018



မလေးရှားနိုင်ငံ၏ စိတ်ပျက်စရာအကောင်းဆုံး ရွေးကောက်ပွဲဟု ဝေဖန်သံတွေ ညံနေသည့်ကြားက မဟာသီယာတစ်ယောက် ပြိုင်ဘက်နာဂျစ်ကို ကျော်ဖြတ်ပြီး ဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ယူသွားသည်။ မဟာသီယာတစ်ယောက် မလေးရှားနိုင်ငံ၏ သက်တော်ရှည်ဝန်ကြီးချုပ်ရာထူးပိုင်ရှင်ဖြစ်လာသည်။ ဝန်ကြီးချုပ်ရာထူးကလည်း အနားယူ၊ နိုင်ငံရေးကလည်း အနားယူမည်ဆိုပြီး တစ်ကျော့ပြန်ကာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ကမ္ဘာ့ သက်တော်ရှည် အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင် ဘဝကိုရောက်ခဲ့ရသည်။

မဟာသီယာသည် ယခုဆိုလျှင် မလေးရှားနိုင်ငံကို ဆယ်စုနှစ်ခြောက်စုတိုင်အောင် စိုးမိုးအုပ်ချုပ်ထားနိုင်သည့် ခေါင်းဆောင်ဘဝကို ရောက်ရှိသွားပြီဖြစ်သည်။ ယခု အသက် ၉၂ နှစ်ရှိနေပြီဖြစ်သော မဟာသီယာသည် ပါတီအတွေ့အကြုံနှင့် နိုင်ငံရေးအတွေ့အကြုံ ကြွယ်ဝလွန်း နေခြင်းက တစ်ကျော့ပြန် ဘဝရောက်စေသလား၊ သို့မဟုတ် မလေးရှားနိုင်ငံတွင် သူ့လောက်အရည်အချင်း ပြည့်မီသူတွေမရှိတော့ ဘူးလားဟု မေးခွန်းထုတ် လာကြသည်။ 

မဟာသီယာသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထက် အသက် ၂၁ နှစ်ကြီးသည်။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးထက် အသက်ထက်ဝက် ကြီးသည်။ ဘာရီဆန်အမျိုးသားညွန့်ပေါင်းပါတီကို ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ သူသည် မလေးရှားနိုင်ငံကို အရှေ့တောင်အာရှတွင် စီးပွားရေးအတောင့်တင့်ဆုံး အခိုင်မာဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် အခြေခိုင်အောင် လုပ်ပေးပြီးမှ ၂၀၀၂ ခုနှစ်တွင် နိုင်ငံရေးမှ အနားယူသွားခဲ့သည်။ အဘယ်ကြောင့် နိုင်ငံရေးတွင် တစ်ကျော့ပြန်ဝင်လာရသနည်းဟု CNN သတင်းဌာနက သူ့ကိုမေးခဲ့ရာတွင် “ကိုယ်လုပ်ရမယ့်အလုပ်ကို လုပ်တာပါ” ဟု ပြတ်ပြတ် ပြန်ဖြေခဲ့သည်။ 

“ကျွန်တော့်အနေနဲ့ တိုင်းပြည်ကို ကိုယ်ကျိုးကြည့်သူတွေ ဖျက်ဆီးနေတာ လက်မခံနိုင်ဘူး။ ကိုယ့်အတွက် ကိုယ်ကြည့်ပြီး ပိုက်ဆံတွေခိုးနေတဲ့သူတွေကို လက်မခံနိုင်ဘူး” ဟု သူကဆိုသည်။ သူက လက်ရှိ ဝန်ကြီးချုပ်နာဂျစ်၏ သက်တမ်းအတွင်း 1MDB  အရှုပ်တော်ပုံဖြင့် ခြစားခဲ့မှုကို ရည်စူးပြီး ပြောဆိုခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတရားရေးဌာနက ၂၀၀၉ မှ ၂၀၁၅ ခုနှစ်အတွင်း 1MDB  ကုမ္ပဏီက နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းကို လာဘ်ထိုးခဲ့သည့် ငွေပေါင်းမှာ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့်ရှိ သည်ဆိုသည့် ထုတ်ပြန်ချက်က မလေးရှားပြည်သူတို့ကို တုန်လှုပ်သွားစေခဲ့သည် မဟုတ်ပါလော။

နာဂျစ်လက်ထက်တွင် သူ့ကို ဆန့်ကျင်သည့် အတိုက်အခံခေါင်းဆောင် (ယခင် ဒုတိယဝန်ကြီးချုပ်ဟောင်း) အန္နဝါ အီဘရာဟင်ကို ထောင်ထဲထည့်ထားသည်။ အကျင့်ပျက်ခြစားသူ၊ လိင်မှုကိစ္စ ဖောက်ပြန်သူအဖြစ်စွပ်စွဲပြီး ဖမ်းဆီးထားခြင်းဖြစ်သည်။ အတိုက်အခံများကို ရွေးကောက်ပွဲမဝင်နိုင်စေရန် နာဂျစ်၏ လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်သည်။ 

သို့သော်မဟာသီယာက အန္နဝါကို ထောက်ခံသည်။ သူက အတိုက်အခံလုပ်လည်း ကိစ္စမရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဖမ်းဆီးထားခြင်းကို လွှတ်ပေးလိမ့်မည်ဟု သတင်းတွေ ထွက်ပေါ်နေသည်။ အန္နဝါ၏ ဇနီးကလည်း မဟာသီယာထံ အသနားခံထားသည့်အပြင် ဝန်ကြီးချုပ်ထံတွင် အမှုထမ်းပါရစေဟု တောင်းခံထားသည်။ ဇန်နဝါရီလက မဟာသီယာသည် “ကျွန်တော် ခုဆိုရင် ၉၂ နှစ်ရှိနေပြီ။ ၉၃ ထဲရောက် တော့မယ်။ သိပ်အကြာကြီး နေရတော့မယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တိုင်းပြည်အတွက် ဆက်လုပ်မှာပါ။ အန္နဝါကိုလည်း ပါတီမှာ ဆန္ဒရှိရင် ဆက်လုပ်ဖို့ ခွင့်ပြုမှာပါ” ဟု ပြောကြားခဲ့ဖူးသည်။ 

မဟာသီယာအနေနှင့် အန္နဝါကို လက်ခံလိုက်ခြင်းအပေါ် အားလုံးက အံ့အားသင့်စရာ ဖြစ်သွားခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်ခန့်က မဟာသီယာ ဝန်ကြီးချုပ်ဖြစ်နေစဉ်ကတည်းက အန္နဝါကို အကျင့်ပျက်လာဘ်စားမှု၊ လိင်ဖောက်ပြန်မှုများဖြင့် စွပ်စွဲပြီး ထောင်ချခဲ့သည်။ ၂၀၁၅ ခုနှစ် နာဂျစ်လက်ထက်တွင်လည်း ထိုအမှုများနှင့်ပင် ဆက်ပြီး အရေးယူထားခြင်းခံရသည်။ အကျဉ်းထောင်ထဲတွင် နှစ်ကာလကြာရှည်စွာ ပေးဆပ်ခဲ့သူ အန္နဝါသည် မဟာသီယာလက်ထက်တွင် ပြန်လွတ်တော့မည်ဟု မျှော်လင့်ရသည်။ 

၂၀၁၅ ခုနှစ်တွင် 1MDB (1 Malaysia Development Berhad) အရှုပ်တော်ပုံကြီးဖြစ်လာကတည်းက မဟာသီယာထံမှ အသံတွေ ထွက်လာသည်။ သူကနာဂျစ်အစိုးရအပေါ် ဝေဖန်ထောက်ပြမှုတွေ လုပ်လာသည်။ ထို့ပြင် နာဂျစ်ကို ဝန်ကြီးချုပ်ရာထူးက ဆင်းပေးရန်လည်း မဟာသီယာက အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က Bersih 4 လူထုစည်းဝေးပွဲကြီးတစ်ခုကို မလေးရှားနိုင်ငံတွင် အကြီးအကျယ်ကျင်းပခဲ့သည်။ ထိုပွဲကို မဟာသီယာနှင့် ဇနီးတို့တက်ရောက်ပြီး ထောင်သောင်းချီသည့် လူထုကြီးက နာဂျစ်ကို နုတ်ထွက်ပေးရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။ 

၂၀၁၆ ခုနှစ်တွင် နာဂျစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက ပိုပြီး ပြင်းထန်လာသည်။ ဆန္ဒပြပွဲတွေ အကြိမ် ကြိမ်ဖြစ်လာပြီး မဟာသီယာသည် နာဂျစ်ဖြုတ်ချရေး လှုပ်ရှားမှုများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းတိုင်းကို ထောက်ခံအားပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မဟာသီယာသည် Pakatan Harapan ပါတီနှင့် ပူးပေါင်းပြီး နိုင်ငံရေးပါတီသစ်တစ်ခုကို မှတ်ပုံတင်သည်။ သူ့ကို ထိုပါတီက ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ရန် အဆိုပြုကြသည်။ 

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် မဟာသီယာသည် နာဂျစ်ကို အလုံးကြီးတစ်လုံး ပစ်သွင်းထည့်လိုက်သည်။ ထိုစကားက အတော်လေးရှက်စရာကောင်းသည့် စကားဖြစ်သည်။ မဟာသီယာက-

“ဘူးဂစ်ဓားပြကနေ ဝန်ကြီးချုပ်ဖြစ်လာသူက မလေးရှားနိုင်ငံကို ခေါင်းဆောင်နေတယ်” ဟုဆို လိုက်သည်။ ထို့ပြင် သူက “ဆူလာဝီဆီကိုပြန်သွား”ဟု ထပ်ပြောလိုက်ရာ မလေးရှားရှိ ဘူးဂစ်မျိုးနွယ်အုပ်စုက ဆတ်ဆတ်ခါနာပြီး ဆန့်ကျင်မှုများပင်ဖြစ်ခဲ့ရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင် မဟာသီယာသည် Pakatan Harapan ပါတီကတစ်ဆင့် ၂၀၁၈ ခုနှစ်၊ မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲဝင်မည်ဟု တရားဝင်ထုတ်ပြန်သည်။ ယခင်က သူ့ကို အတိုက်အခံလုပ်ဖူးသည့် ဝမ်အဇီဇာ အစ္စမေးလ်နှင့် အန္နဝါ၏ ဇနီးဖြစ်သူတို့ကို သူ၏ ဒုတိယဝန်ကြီးချုပ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဆိုပြုသည်။ 

မဟာသီယာသည် သူဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်စဉ်ကတည်းက အတိုက်အခံများအပေါ် ဖိနှိပ်ဖမ်းဆီးရာတွင် နာမည်ကျော်ခဲ့သူတစ်ဦးဖြစ်သည်။ သူ့လက်ထက်ကလည်း အတိုက်အခံနိုင်ငံရေးသမားတွေ ထောင်တွင်း အကျဉ်းခံရမှုများမှာ မထူးဆန်းသလိုဖြစ်သည်။ သို့သော် သူက ဗျူဟာရေးဆွဲရာတွင် အလွန်တော်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း အတိုက်အခံတွေကို မိတ်ဆွေဖွဲ့ပြီး ညွန့်ပေါင်းပါတီတစ်ခုဖြစ်အောင်လုပ်ကာ လူစိတ်ဝင်စားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ 

မဟာသီယာခေတ်သည် ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့သည်။ သူကိုယ်တိုင်က အယူအစွဲပြင်းထန်သူ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ခေါင်းလည်းမာသည်။ နိုင်ငံတွင်း အလွန်ပြင်းထန်သည့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ ဥပဒေကို အကြောင်းပြပြီး အတိုက်အခံတို့ကို နှိမ်နင်းခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း အတိုက်အခံတွေက သူ့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်ခဲ့ကြဖူးသည်။ 

မလေးရှားဝန်ကြီးချုပ်ရွေးပွဲသည် အကျင့်ပျက်ခြစားမှုကြောင့် စိတ်ပျက်နေသည့် လက်ရှိဝန်ကြီးချုပ် နာဂျစ်နှင့် အစိုးရကို မဟာသီယာနှင့် ညွန့်ပေါင်းအဖွဲ့က လှလှပပဖြင့် နိုင်ငံရေး ကျားကွက်ရွှေ့ကာ နေရာဝင်ယူလိုက်ခြင်းဖြစ်သည်ဟုလည်း ဝေဖန်မှုများကိုတွေ့ရသည်။ 

မေလ ၁၀ ရက်နေ့က မလေးရှားနန်းတော်ကြီးရှေ့တွင် ပြည်သူတို့ စုရုံးရောက်ရှိနေကြသည်။ သူတို့ထဲတွင် မဟာသီယာကို ထောက်ခံသူတွေက တစ်ကျော့ပြန် ခေါင်းဆောင်ဖြစ်လာမည်လားဟု စိတ်ဝင်စားစွာဖြင့် လာရောက်နားထောင်နေကြခြင်းဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦးက “မဟာသီယာကို အစိုးရသစ်အဖြစ် ဦးဆောင်စေချင်ပါတယ်။ သူ့ကို ထောက်ခံသူတွေနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ပြောကြားသည်။ သို့သော် ထိုအုပ်စုထဲတွင် အန္နဝါကို ထောက်ခံသူတွေလည်း ပါလာသည်။ အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာတစ်ဦးက

“ကျွန်တော်တို့ ပြည်သူတွေက ကိုယ်ဖြစ်စေချင်တဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာဖို့ စောင့်နေခဲ့ရတာ နှစ်ပေါင်း ၂၀ လောက်ရှိနေပါပြီ”ဟု ဆိုသည်။ သူက ထောင်ထဲရောက်နေသည့် အန္နဝါကို ရည်စူးပြီး ပြောဆိုခြင်းဖြစ်သည်။ ပြည်သူတွေ ထောက်ခံသည့် အန္နဝါတစ်ယောက် ထောင်ထဲရောက်နေချိန်တွင် ရွေးကောက်ပွဲကျင်းပပြီးမှ မဟာသီယာက အန္နဝါကို လွှတ်ပေးမည်ဆိုသည့် စကားသံတွေ ထွက်လာခြင်း ဖြစ်သည်။ 

မဟာသီယာသည် လူတော်လူကောင်း ခေါင်းဆောင်တစ်ဦးလော။ သူစိုးမိုးခဲ့သည့် နှစ်ကာလများအတွင်း အပြစ်ကင်းခဲ့သလော။ Free Malaysia Today တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖော်ပြထားချက်များကား စိတ်ဝင်စားစရာဖြစ်သည်။ 

၁၉၈၀ ပြည့်နှစ်က မဟာသီယာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က Maminco ကုမ္ပဏီသည် မလေးရှားနိုင်ငံ၏ သံဖြူလောကကို ဝင်လာသည်။ မဟာသီယာ ဝန်ကြီးချုပ်ဖြစ်လာချိန်တွင် လန်ဒန်စတော့ အိတ်ချိန်း၌ သံဖြူဈေးကွက်ကို ထိန်းချုပ်နိုင်ရန်ဆိုကာ ဝင်ရောက်သည်။ Maminco ကုမ္ပဏီက Bumiputra ဘဏ်ကြီးက မလေးရှားရင်းဂစ် ၁ ဒသမ ၅ ဘီလီယံချေးသည်။ ရှယ်ယာများ အရှုံးပေါ်သည်။ နိုင်ငံက ဒေါ်လာ ၂၅၃ သန်းခန့် အရှုံးခံလိုက်ရသည်။ မဟာသီယာက ထိုကိစ္စကို ၁၉၈၆ ခုနှစ်မှ ထုတ်ဖော်ဝန်ခံသည်။ 

မဟာသီယာလက်ထက်က အကြီးစားစက်မှုလုပ်ငန်းများပရိုဂရမ်ကို အကောင်အထည်ဖော်ပြန်သည်။ Perwaja Steel ကို ထူထောင်သည်။ မလေးရှားယင်းဂစ် ၁၀ ဘီလီယံအရှုံးပေါ်ခဲ့ရပြန်သည်။ မဟာသီယာက ထိုကိစ္စကို ၂၀၀၂ ခုနှစ်မှ ထုတ်ပြောသည်။

CIA မှတ်တမ်းများအရ မဟာသီယာသည် ၁၉၈၃ ခုနှစ်ကတည်းက Bumiputra Malaysia Finance ကုမ္ပဏီ၏ မလေးရှားရင်းဂစ် ၂ ဒသမ ၅ ဘီလီယံ အလွဲသုံးစားပြုလုပ်မှုတွင် ပတ်သက်နေသူတစ်ဦးဖြစ်သည်ဟု ဆိုထားသည်။

မဟာသီယာအုပ်စိုးသည့်ကာလတစ်လျှောက်လုံး သူ၏ Bumiputra စီမံချက်ကိုအကြောင်းပြပြီး အစိုးရပရောဂျက်ပေါင်းများစွာကို လုပ်ကိုင်ခွင့်ရခဲ့သည်။ သူနှင့်ဆက်စပ်သည့် နိုင်ငံရေးသမားများကို လုပ်ငန်းများခွဲပေးပြီး လုပ်ကိုင်စေခဲ့သောကြောင့် ငါ့အသိုင်းအဝိုင်းကောင်းစားရေး လုပ်နေသူတစ်ဦးအဖြစ် ဝေဖန်ခြင်းခံခဲ့ရသည်။ 

မဟာသီယာခေတ်ကပေးခဲ့သည့် ဆိုးမွေများကို နာဂျစ်က ဆက်ခံပြီး သူ့လမ်းစဉ်အတိုင်း လုပ်နေသူကို အပြစ်ဆိုရမည်လော။ မလေးရှားသည် အစဉ်အလာဆိုးမွေကို လက်ခံထားရသည့် နိုင်ငံရေးဖြစ်သည်။ တစ်နည်းပြောရလျှင် မဟာသီယာ၏ဆိုးမွေကို အစဉ်အဆက် ဆက်လက်အကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။ ယခု ထိုဆိုးမွေးပေးခဲ့သူက ဆက်ခံသူကိုဖြုတ်ပြီး ကောင်းမွေကို ပေးမည်လော၊ ဆိုးမွေကို ဆက်ခံကာ ခေတ်ဟောင်းသို့ မလေးရှားကို ပြန်ခေါ်သွားမည်လော ပြည်သူတွေကလည်း စိတ်ဝင်စားကြသည်။

မလေးရှားပြည်သူများက မေးခွန်းထုတ်စရာဖြစ်ခဲ့သည့် အပုပ်နံ့များသည် မဟာသီယာအုပ်ချုပ်ခဲ့သော လက်ထက်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Maminco, Perwaja Steel, Bumiputra Malaysia Finance, Pan-Electric Industries, Bank Negara forex, Malaysian Airlines, Port Klang Free Zone, 1Malaysia Development Berhad စသည့် အရှုပ်တော်ပုံများကို မလေးရှား ပြည်သူတို့ မမေ့ကြသေး။ ထိုကိစ္စအားလုံးသည် ၁၉၈၀ မှသည် ၂၀၀၀ ပြည့်နှစ်အလွန်ကာလများအတွင်း ဖြစ်ပွားခဲ့သည့် အရှုပ်တော်ပုံများဖြစ်သည်။ ထိုကာလများတွင် မလေးရှားကို အုပ်စိုးခဲ့သူမှာ မည်သူနည်း။

(Ref: 8 KPAX, Free Malaysia Today, Time, CNN)