POST TYPE
FEATURE
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အကြိုလှုပ်ရှားမှုအဖြစ် ဓာတ်ပုံပြပွဲလုပ်
14-May-2018
ရန်ကုန်၊ မေ ၁၃
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ်အသိအမှတ်ပြုရန် စာရင်းတင်သွင်း ထားသည့်ပုဂံဒေသရှိ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များ စုစည်းထားသည့် “နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ကျင်းပလျက်ရှိသည်။
“ယူနက်စကိုဝင်ဖို့ အကြိုလှုပ်ရှားမှုလို့လည်း ပြောလို့ရတယ်။ ဒီပြပွဲမှာ ပုဂံဒေသရဲ့အမွေအနှစ်တွေကို ပြည်သူတွေသိအောင်၊ ပါဝင်လာအောင် ခင်းကျင်းပြသထားတာဖြစ်တယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ဆိုသည်။
ပုဂံဒေသ၏အလှပုံရိပ်များဖြင့် ပုံဖော်ရိုက်ကူးထားသည့် “နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲတွင် ဓာတ်ပုံဆရာ တစ်ရာကျော်၏ ဓာတ်ပုံပေါင်း ၂၀၀ ကျော်နှင့် ပုဂံရှိ စေတီပုထိုးများအား 3D ဖြင့် ရိုက်ကူးထားသည့် ရုပ်သံများ၊ ယခင်ကရှိခဲ့သည့် ရှေးခေတ်ဓာတ်ပုံများကိုလည်း ပရိုဂျက်တာများဖြင့် ပြသထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ဒီပြပွဲမှာက ဓာတ်ပုံတွေအပြင် 3D စနစ်တွေနဲ့ပါ ပြထားတော့ ကြည့်ရတာ တကယ်ခံစားနေရသလိုပဲ အရမ်းမိုက်တယ်” ဟု ပြပွဲကို လာရောက်ကြည့်ရှုသူတစ်ဦးဖြစ်သည့် ဧည့်လမ်းညွှန်လုပ်ကိုင်သူ ဦးသန်းနိုင်က ဆိုသည်။
ဓာတ်ပုံပြပွဲမှဓာတ်ပုံများ ရောင်းရသည့်ငွေများကို ရှေးဟောင်းယဉ်ကျေးမှု ပုဂံလက်ရာများ ထိန်းသိမ်းနိုင်ရန်အတွက် ပြန်လည်လှူဒါန်းသွားမည်ဖြစ်ပြီး၊ ပြပွဲကို မေလ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီထိ ပြသသွားမည် ဖြစ်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ယူနက်စကိုသို့ တင်သွင်းထားသည်ကို ကြိုဆိုသည့်အနေနှင့် ပုဂံရှုခင်းများသာ သီးသန့်ပြသမည့်ဓာတ်ပုံပြပွဲကို ယခုနှစ်မတ်လက ပုဂံဒေသတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ဖူးသည်။
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
15-Feb-2019