News

POST TYPE

FEATURE

ပူတင်ကို အာခံသူ
08-May-2018 tagged as



ရုရှားသမ္မတ ပူတင်တစ်ယောက် သမ္မတရာထူးကို စတုတ္ထအကြိမ်မြောက် ဆက်လက်ခံယူပွဲ ကျင်းပသည့် ညနေမှာပင် ရုရှားပြည်သူ ထောင်ချီပြီး လမ်းမတွေပေါ်ထွက်ကာ ဆန္ဒပြခြင်းကို ပြုလုပ်ကြတော့သည်။ ဆန္ဒပြပွဲသည် နောက်တစ်နေ့လည်း ဆက်ဖြစ်သည်။ မော်စကိုမြို့တွင် ထောင်ချီသည့် လူအုပ်ကြီးက လမ်းမများပေါ်ထွက်ပြီး အော်ဟစ်နေကြသည်။

“ပူတင်သည် ဇာဘုရင်မဟုတ်”

ထိုစာတန်းများကို ပြည်သူတွေက ကိုင်လည်းကိုင်လာ၊ ပါးစပ်ကလည်း အော်ဟစ်လာကြသည်။ မကြာသေးမီက ပြည်သူတွေ Telegram ဆိုသည့် ဆိုရှယ်မီဒီယာတစ်ခု အသုံးပြုနေခြင်းကို ရုရှားအစိုးရက ပိတ်လိုက်သည်။ ထို့အတွက်လည်း ပြည်သူတွေ ပေါက်ကွဲနေကြသည်။ ရုရှားနိုင်ငံ မြို့ကြီးပေါင်း ၉၀ တွင် ပြည်သူတွေ အုံကြွကာ ဆန္ဒပြနေကြသည်။

ထိုလူအုပ်ကြီးကို ဦးဆောင်နေသူမှာ နိုင်ငံရေးလှုပ်ရှားသူ အလက်ဇီနာဗာလင်းဖြစ်သည်။ သူသည် ပူတင်ကို အစဉ်အဆက် ဆန့်ကျင်ခဲ့သူတစ်ဦးဖြစ်ပြီး ပူတင်ဆန့်ကျင်ရေးသမားအဖြစ် ထိန်းသိမ်းခြင်းခံရသူ ၁၆၀၀ ထဲက တစ်ဦးလည်းဖြစ်သည်။ ရုရှားနိုင်ငံတွင် အကျင့်ပျက်ခြစားနေမှုများကို ဆန့်ကျင်ဆန္ဒပြပွဲများအား ဦးဆောင်ပြီး မကြာခဏ ပူတင်ကို ခေါင်းရှုပ်အောင်လုပ်သည်။ ထို့ပြင် ပူတင်အစိုးရဆန့်ကျင်ရေးကို မပြတ်ပြောဆိုတတ်သည့် ရုရှားတွင် ပူတင်ကို အာခံနေသူ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည်။

သူ့ကို ၁၉၇၆ ခုနှစ်တွင် မွေးဖွားသည်။ ရှေ့နေတစ်ဦးဖြစ်သလို နိုင်ငံရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်ကတည်းက ဆန္ဒပြပွဲတိုင်းလိုလိုတွင် ပြည်သူတွေနှင့်အတူတွေ့ရသည်။ နိုင်ငံတကာ သတင်းမီဒီယာများ၏ စိတ်ဝင်စားမှုကို အများဆုံးခံရပြီး သမ္မတပူတင်၏ အကျင့်ပျက်ခြစား မသမာသည့် လုပ်ရပ်များကို စိန်ခေါ်ဖွင့်ချကာ အရေးယူနိုင်ရန် အော်နေသူတစ်ဦးလည်း ဖြစ်သည်။ ပူတင်အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်အရေးယူရန် လှုံ့ဆော်သူလည်းဖြစ်နေသဖြင့် The Wall Street Journal ကြီးက သူ့ကို “ဗလာဒီမာ ပူတင် အကြောက်ဆုံးပုဂ္ဂိုလ်” ဟု အမည်ပေးကာ ဂုဏ်ပြုခဲ့သည်။ 

နာဗာလင်းသည် သူ့ကိုယ်သူ အမျိုးသားရေး ဒီမိုကရေစီသမားတစ်ဦးအဖြစ် ခံယူထားသူဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံအတိုက်အခံများ ညီညွတ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ လက်ရှိလည်း PPPP (Political Party Progress Party) ကို ဦးဆောင်နေသည်။ ၂၀၁၃ ခုနှစ်တွင် မော်စကိုမြို့တော်ဝန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည်။ ဒုတိယနေရာတွင် မဲ ၂၇ ရာခိုင်နှုန်းသာရခဲ့သည်။ ယနေ့အထိ ရုရှားအစိုးရ၏ အကြိမ်ကြိမ် ဖမ်းဆီးခြင်းကို ခံနေရသူတစ်ဦးလည်း ဖြစ်သည်။ 

နာဗာလင်းသည် ပူတင်ကို နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်သူအဖြစ် ရပ်တည်နေရင်းက နောက်ထပ် ပူတင် သမ္မတရာထူးဆက်မဖြစ်ရေးကိုလည်း တိုက်ခိုက်ရင်း ပူတင်သည် သမ္မတနေရာကို ဆက်တိုက်အောင်ပွဲခံနေခဲ့သည်မှာ လေးနှစ်ဆက်တိုက်ဖြစ်လာပြီ။ ရုရှားနိုင်ငံတွင် တစ်ချိန်က ဘရက်ဇညက်ဆိုသည့် ပုဂ္ဂိုလ်ကြီးကလည်း သက်တော်ရှည် ခေါင်းဆောင်ကြီးဖြစ်ခဲ့ဖူးသည်။ နာဗာလင်းက ရုရှားကို သက်တော်ရှည်များ စိုးမိုးမှုအား ကာကွယ်နေသည့် ဒီမိုကရေစီသမားတစ်ဦးလည်းဖြစ်သည်။

သူသည် ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ ထို့နောက် အတိုက်အခံပါတီတစ်ခုဖြစ်သည့် Yabloko သို့ ၂၀၀၀ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့သည်။ သူ၏ စိတ်ဓာတ်ထက်သန်မှုနှင့် အရည်အချင်းတို့ကြောင့် ပါတီ၏ ဒုတိယအကြီးအကဲနေရာကို ရောက်လာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အစိုးရက မော်စကိုရှိ Yabloko ပါတီကို ဖျက်သိမ်းခိုင်းသည်။ မော်စကိုတွင် ပါတီကို မထားရန် ဖျက်သိမ်းခိုင်းခြင်းဖြစ်ပြီး အမျိုးသားရေး အစွန်းရောက်ဝါဒီများဟု အစိုးရကခေါင်းစဉ်တပ်သည်။ 

ရုရှားနိုင်ငံတွင် နာမည်ကျော်လှုပ်ရှားမှုကြီးတစ်ခုဖြစ်သည့် Russian March ကိုကျင်းပလေ့ရှိကြသည်။ နိုင်ငံရေး အကျဉ်းသားများကိုလွှတ်ပေးရေး ပြည်သူတို့က တောင်းဆိုတတ်ကြသည်။ ထိုပွဲမျိုးတွေကိုလည်း နာဗာလင်းတက်လေ့ရှိသည်။ ထို့ပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတိုင်းလိုလိုတွင်လည်း သူ့ကို တွေ့ရမည်ဖြစ်သည်။ 

၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်းက ပါလီမန်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဆူပူအုံကြွမှုများ ပေါ်ပေါက်ခဲ့သည်။ ထိုဆန့်ကျင်လှုပ်ရှားမှုများတွင် နာဗာလင်းသည် ခေါင်းဆောင်သူများထဲက တစ်ဦးဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ရုရှားအတိုက်အခံကော်မတီ၏ ပူးတွဲခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ပူတင်၏ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအပြီးနောက် အတိုက်အခံများ ညီညွတ်စွာဖြင့် ပေါင်းစည်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ 

၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ရုရှားအစိုးရသည် အတိုက်အခံခေါင်းဆောင်များနှင့် ပါတီများအပေါ် ဖိနှိပ်မှုများ လွန်ကဲလာကြောင်းတွေ့ရသည်။ ၂၀၁၂ ခုနှစ် က Bolotnaya ဆန္ဒပြပွဲကြီးတစ်ခု ကျင်းပကြသည်။ နာဗာလင်းသည် ရုရှားအတိုက်အခံခေါင်းဆောင်တစ်ဦးအနေနှင့် ဦးဆောင်သည်။ သူက ကရင်မလင်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်သလို ပူတင်ကို စိန်ခေါ်သူဖြစ်သောကြောင့် သူ့ကို ပြည်သူတွေက ပိုပြီးအာရုံစိုက်လာကြသည်။ ၂၀၁၄ ခုနှစ်ကတည်းက အကြိမ်ကြိမ်အဖမ်းခံရသည်။ အနှိပ်စက်ခံရသည်။ မျက်လုံးကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ သူ့ကိုထောက်ခံသူတွေကိုလည်း အစိုးရက ချမ်းသာမပေး ဖမ်းဆီးနှိပ်ကွပ်သည်သာ။

နာဗာလင်းသည် ဇွဲမလျှော့။ အွန်လိုင်းပေါ်ကတစ်ဆင့် blog တွင် စာတွေရေးသည်။ YouTube တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်များ ထုတ်လွှင့်သည်။ သူ၏ အွန်လိုင်းပေါ်ကစာနှင့် YouTube ပေါ်က ထုတ်လွှင့်ချက်များကြောင့်လည်း သူ့ကို ထောက်ခံသူတွေ ပိုပြီးများလာခဲ့ရသည်။ 

၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် သူက သမ္မတ ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု ထုတ်ပြန်ကြေညာလိုက်သည့်အခါတွင် ပူတင်တစ်ယောက် မြွေကိုက်ခံရသလိုဖြစ်သွားခဲ့ရသည်။ ၂၀၁၇ ခုနှစ် မတ်လ အစောပိုင်းကတည်းက YouTube ဗီဒီယိုကတစ်ဆင့် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်၏ ပိုင်ဆိုင်မှုများကို စစ်ဆေးပေးရန် တိုက်တွန်းခဲ့သည်။ ထိုစဉ်က သူတင်လိုက်သည့် ဗီဒီယိုကို ကြည့်ရှုသူ ၂၇ သန်းအထိရှိခဲ့သည်။

ပြည်သူတွေ၏ ဒေါသက ထိန်းချုပ်မရလောက် အောင်ဖြစ်လာသည်။ အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးပေးရေးကို တောင်းဆိုလာကြသည်။ ၂၀၁၇ ခုနှစ်မတ်လတွင် အစိုးရအနေနှင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိသောကြောင့် လူထုအုံကြွမှုကြီးတစ်ခုကို ပြုလုပ်ရာတွင် နာဗာလင်းကပင် ဦးဆောင်ခဲ့သည်။ ၂၀၁၁ - ၂၀၁၂ တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲအပြီးတွင် အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။

နာဗာလင်းသည် ဆန္ဒပြပွဲအရှိန်နှင့်အတူ သူ့ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန်အတွက်လည်း စည်းရုံးလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့သည်။ သူတို့၏ Populist ဆိုသည့် အစီအစဉ်ကို ဆက်ပြီးလှုပ်ရှားသည်။ Populist လှုပ်ရှားမှု၏ အဓိက ဦးတည်ချက်မှာ အကျင့်ပျက်ခြစားမှုများ ပပျောက်ရေးဖြစ်သည်။ နာဗာလင်း၏ လှုပ်ရှားမှုများကို ပြည်သူတို့ကလည်း ထောက်ခံကြသည်။

အစိုးရအနေနှင့် အမျိုးမျိုးသော ဖိနှိပ်မှုများကိုပြုလုပ်သည်။ အိမ်များ၊ ရုံးများကိုဝင်ရှာခြင်း၊ ဖမ်းဆီးအရေးယူခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသည်။ သူ့ကို ရွေးကောက်ပွဲမဝင်နိုင်စေရန်လည်း အမျိုးမျိုး အနှောင့်အယှက်တွေပေးခဲ့သည်။ ၂၀၁၄ ခုနှစ်က သူ့ကိုစွဲခဲ့သည့် အမှုတွေကို ရာဇဝတ်ကြောင်းအရ ပြန်ဖော်ပြီး အရေးယူရန် ကြိုးစားခဲ့ကြသည်။ ထိုစဉ်က သူ့ကို အလွဲသုံးစားမှုဖြင့် အမှုဖွင့် အရေးယူခဲ့ဖူးသည်။

သူ့ကို သမ္မတအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုနိုင်ရန် အမျိုးမျိုး နှောင့်ယှက်နေသော်လည်း ထောက်ခံသူများနှင့် အပြန်အလှန် ကွန်ရက်ကြီးတစ်ခုကို ချိတ်ဆက်ထူထောင်ထားနိုင်ခဲ့ပြီးဖြစ်သည်။ သူ့ကို ထောက်ခံသူတွေများလာသည်။ သူကလည်း မြို့ကြီး ၈၀ ခန့်တွင် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုတွေ လိုက်လုပ်သည်။ မော်စကိုနှင့် ဝေးလံသည့် မြို့လေးများတွင် အတိုက်အခံဆိုသည်မှာ လုပ်ရကောင်းမှန်းမသိလောက်အောင် နိုင်ငံရေးသေနေခြင်းကို ဝမ်းနည်းဖွယ်ရာတွေ့ကြရသည်။

ဝေးလံသည့်ဒေသက ပြည်သူတွေလည်း နာဗာလင်းရောက်လာမှ အမြင်ပွင့်တော့သည်။ သူတို့ ပူတင်ကို ထောက်ခံခဲ့သည့် နှစ်ပေါင်းများစွာမှာ အကြောက်တရားများနှင့် လွှမ်းမိုးခြင်းခံနေကြရသည်။ ယခုတော့ ပူတင်ကို ဆန့်ကျင်သူပေါ်လာပြီဖြစ်သောကြောင့် ပူတင်ဆန့်ကျင်ရေးကို ပူးပေါင်းလုပ်ဆောင်ချင်သူများလည်း ပေါ်ထွက်လာခဲ့ရသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် နာဗာလင်းသည် သူထူထောင်ထားသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဖောင်ဒေးရှင်းအဆောက်အအုံထဲက အထွက်တွင် လူတစ်ယောက်၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူတို့က မှုတ်ဆေးအစိမ်းဘူးနှင့် နာဗာလင်းမျက်နှာကို လာဖျန်းခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် နာဗာလင်း၏ ညာဘက်မျက်စိပျက်သွားပြီး ၈၀ ရာခိုင်နှုန်းခန့် အမြင်ဆုံးရှုံးသွားခဲ့ရသည်။ နာဗာလင်းက မိမိကို တိုက်ခိုက်ရန် ကရင်မလင်က နောက်ကွယ်မှကြိုးကိုင်ခိုင်းစေနေခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ 

၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် နာဗာလင်း သည် အဖမ်းခံထားရာမှ ပြန်လွတ်လာသည်။ မျက်လုံးကို တိုက်ခိုက်ခံရပြီးနောက် သူ့ကို ၂၅ ရက်ထောင် ထဲဖမ်းထည့်ထားရာက ပြန်လွတ်လာခြင်းဖြစ်သည်။ သူ့ကို ခွင့်ပြုချက်မရဘဲ မော်စကိုတွင် ဆန္ဒပြမှုဖြင့် ရက် ၃၀ ထောင်ဒဏ်ချခဲ့ရာမှ ၂၅ ရက်နေခဲ့ရခြင်း ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း နာဗာလင်းကို ပူတင်သည် သမ္မတရွေးကောက်ပွဲဝင်ခွင့်မရစေရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြောင်း စွပ်စွဲသည်။ ၂၀၁၇ အောက်တိုဘာလ ၂ ရက်နေ့တွင် နာဗာလင်းကို အာဏာပိုင်များထံက ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြမှုဖြင့် ထောင်ဒဏ် ရက် ၂၀ ချပြန်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားရွေးကောက်ပွဲကော်မရှင်က နာဗာလင်းကို ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုကြောင်း ထုတ်ပြန်တားမြစ်ခဲ့သည်။ နာဗာလင်းက ၂၀၁၈ သမ္မတ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် လှုံ့ဆော် သဖြင့် ရုရှားပြည်သူအတော်များများ မဲသွားရောက် မပေးခဲ့ကြောင်းလည်း တွေ့ရသည်။

နာဗာလင်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ရုရှားသမ္မတရွေးကောက်ပွဲကို သပိတ်မှောက်ရန် လူထု ဆန္ဒပြပွဲကြီးတစ်ခုကို ဦးဆောင်ခဲ့ပြန်သည်။ ထိုနေ့တွင်ပင် အဖမ်းခံရပြီး နေ့ချင်း ပြန်လွှတ်လိုက်သည်။ သမ္မတရွေးကောက်ပွဲ သပိတ်မှောက်ဆန္ဒပြမှုအတွက် တစ်နိုင်ငံလုံးတွင် အဖမ်းခံရသူပေါင်း ၂၅၇ ဦးရှိကြောင်း OVD-Info အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရုရှားရဲတွေကလည်း တရားမဝင်ဆန္ဒပြမှုများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်နေသူမှာ နာဗာလင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာကြသည်။ နာဗာလင်းကို ဆန္ဒပြပွဲတွင် ရဲအရာရှိတစ်ဦးက ထိုးကြိတ်ခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နာဗာလင်းအမြင်ကတော့ရှင်းသည်။ သူက ရုရှားကို ပူတင်တစ်ယောက်အာဏာရှင်ဆန်ဆန် လွှမ်းမိုး အုပ်ချုပ်နေမှုနှင့် ပူတင်လက်ထက် အကျင့်ပျက်ခြစားနေမှုများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ သူ့အတွက် ပူတင်ကို တိုက်ခိုက်နေရခြင်းမှာ တောင်ကြီးကို ဆီးစေ့နှင့် ပစ်နေသလိုဖြစ်နေမှန်းသိသော်လည်း သူက ပစ်နေမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရုရှားတွင် အာဏာရှင်ကို မလိုချင်၊ ဒီမိုကရေစီ ထွန်းကားစေချင်သည်။

သူ၏ ဆန့်ကျင်စိတ်ဓာတ်တွေက အောင်မြင်သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ရုရှားလိုခေါင်းဆောင်ပိုင်းကို ကြောက်နေရသည့်နိုင်ငံတွင် ဆန္ဒပြဆန့်ကျင်ရမည်ကို ကောင်းစွာနားလည်လာ ကြသောကြောင့်ဖြစ်သည်။ အင်တာနက်နှင့် ဆိုရှယ်မီဒီယာ လွှမ်းမိုးလာသည့်ခေတ်တွင် လက်ရှိအစိုးရက အွန်လိုင်းလွတ်လပ်ခွင့်ကို နည်းမျိုးစုံနှင့် ပိတ်ပင်နိုင်ရန် ကြိုးစားနေခြင်းမှာ နာဗာလင်းရန်ကို ကြောက်နေသောကြောင့် ဖြစ်သည်။ 

“နာဗာလင်းဟာ ပူတင်ဆန့်ကျင်ရေးသမားပဲ။ ပူတင်က ရုရှားကိုဦးဆောင်နေတယ်။ နာဗာလင်းက အတိုက်အခံတွေကို ဦးဆောင်နေတယ်။ သူနဲ့ ပူတင်မှာ သွားတူနေတဲ့ အချက်တစ်ချက်ရှိတယ်။ ပူတင်ကို ထောက်ခံနေသူ တွေကလည်း ပူတင်ဟာ မရှိမဖြစ် သဘောဆောင်နေသလို၊ နာဗာလင်း ထောက်ခံနေသူတွေကလည်း နာဗာလင်းဟာ မရှိမဖြစ် သဘောဆောင်နေတယ်”ဟု နိုင်ငံရေးလေ့လာသူ ဘောရစ်ကာဂါလစ်စလီ၏ ပြောကြားသည့်စကားမှာ ရုရှားနိုင်ငံ၏ ခေါင်းဆောင်နှင့် အာဏာရှင်ကိုးကွယ်မှုကို စဉ်းစားစရာ ဖြစ်သည်။

(Ref: The Wall Street Journal, The Guardian, The Washington Post)

ကျော်ဗလ

  • TAGS