News

POST TYPE

FEATURE

သတင်းစာနှင့် နည်းပညာတိုက်ပွဲ
03-May-2018


၂၀၁၇ ခုနှစ်က ကမ္ဘာ့ထိပ်တန်း သတင်းမီဒီယာတိုက်ကြီးများမှ အယ်ဒီတာများ၊ စီအီးအိုများကို Research Associate, Reuters Institute for the Study of Journalism အဖွဲ့က သုတေသနပြုကြည့်ကြသည်။ ထုတ်ဝေသူ ၄၄ ရာခိုင်နှုန်းလောက်က အနာဂတ်သတင်း မီဒီယာလောကကို စိုးရိမ်နေ ကြသည်ဟုဆိုသည်။ သူတို့က Facebook နှင့် Snapchat တို့ကို အပြစ်မြင်ချင်ကြသည်။ 

ကမ္ဘာတွင် “ပုံနှိပ်မီဒီယာလောက သေတော့မည်”ဆိုသည့် ပြောဆိုသံများနှင့် ဝေဖန်မှုများကို ကြားနေရသည်။ ပုံနှိပ်လောကကြောင့် လူသားလောကကြီးတစ်ခုလုံး ပြောင်းလဲခဲ့ပြီးပြီ။ ထိုအကျိုးပြု လုပ်ငန်းကြီးက ရပ်ဆိုင်းသွားတော့မည်လားဟု စိုးရိမ်သောကရောက်ကြရသည်။

Deloitte အဖွဲ့ကလည်း ယခုနှစ် ဧပြီလက ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဗြိတိန်နိုင်ငံမှ ပုံနှိပ်မဂ္ဂဇင်းဖတ်သူ ၈၈ ရာခိုင်နှုန်းခန့်က စာစောင်များကတစ်ဆင့် ပုံနှိပ်စာလုံးများနှင့် ဖော်ပြထားသည့် ဆောင်းပါးများကိုသာ ကြိုက်သည်ဟု ဆိုကြသည်။ ဗြိတိန်နိုင်ငံ သတင်းမီဒီယာဌာနအနေနှင့်လည်း အသက် ၁၄ နှစ်မှ ၇၅ နှစ်အရွယ်များကို လေ့လာဆန်းစစ်ကြပါသည်။ စုစုပေါင်း ၂၂၇၆ ဦးဖြစ်သည်။ သူတို့ အားလုံးတွင် စမတ်ဖုန်းတွေ ပိုင်ဆိုင်ကြသည်။ ထိုအထဲတွင် ၃၅ ရာခိုင်နှုန်းခန့်သည် လစဉ် အနည်းဆုံး စာစောင်တစ်စောင်ကို ပုံမှန် ဝယ်ယူဖတ်သည်။

ဒစ်ဂျစ်တယ် ခေတ်ဖြစ်လာပြီး ဖတ်ချင်သည့်စာ အားလုံးကို အွန်လိုင်းပေါ်တွင် ဒစ်ဂျစ်တယ်စာလုံးများနှင့် အမြန်ဆုံး၊ အလွယ်ကူဆုံး၊ အချိန်မရွေး နေရာမရွေး ဖတ်လာနိုင်ကြသည်။ အကြောင်းအရာ ပေါင်းစုံကို အင်တာနက်များနှင့် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အကျိုးများကြောင့် စာဖတ်သည့်စနစ်ကြီး တစ်ခုလုံး ပြောင်းလဲသွားခဲ့ရသည်။ ပုံနှိပ်လောကကြီးကို နေမဝင် အင်ပါယာကြီး တစ်ခုကဲ့သို့ ထင်မှတ်တန်ခိုးထွားခဲ့ရာမှ တစ်ချိန်က နာမည်ကျော် သတင်းမီဒီယာဌာနကြီးများသည် အသက်ဆက်နိုင်ရန်အတွက် မနည်း အားခဲပြီး ရုန်းကန်နေကြရသည်ကို တွေ့လာရသည်။ 

“ကျွန်တော်ကတော့ အင်တာနက်ကို လေးစားတယ်။ လူတိုင်း အဲဒီအပေါ်မှာ ကိုယ့်စိတ်ကူး၊ အတွေးအမြင်တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်တယ်။ ကိုယ်တိုင် စာရေးဆရာတွေ လုပ်နိုင်တယ်။ သူတို့က ခုဆိုရင် ဘယ်သတင်းမီဒီယာတိုက်ကြီးတွေကိုမှ အောက်ကျနေစရာ မလိုတော့ဘူး။ ကိုယ်ပိုင် Blog တွေကို ထူထောင်ပြီး နာမည်ကျော်လာတဲ့သူတွေ ခေတ်ရောက်လာပြီ။ ကျွန်တော့်အထင်ပြောရရင် မီဒီယာလုပ်ငန်းကြီးတွေရဲ့ လုပ်ငန်းပုံစံ ပြောင်းမှရတော့မယ်။ လူတိုင်းက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင် ရောင်းနိုင်တဲ့ခေတ်ဖြစ်လာချိန်မှာ လူတိုင်းလက်ထဲကို သတင်းစာတွေ စာစောင်တွေ ရောက်နိုင် ရေးထိုင်ပြီး စိတ်ကူးယဉ်နေလို့ မရတော့ဘူး”ဟု magculture.com ကို ထူထောင်ထားသူ ဂျရယ်မီလက်စ်လေ၏ ပြောကြားချက်မှာ စဉ်းစားစရာဖြစ်သည်။ 

ပုံနှိပ်မီဒီယာတွေ ပျောက်ကုန်တော့မှာလား လူတွေ သံသယဖြစ်နေလောက်အောင်ပင် အွန်လိုင်းပေါ်က ဖက်ရှင်လိုင်းများဖြစ်သည့် style.com, asos.com, netaporter.com တွေကလည်း ခေတ်စားလာသည်။ သို့သော် သူတို့ ပုံနှိပ်မဂ္ဂဇင်းတွေလည်း ထုတ်နေကြသည်။ ဂိမ်းလောကအတွက် အွန်လိုင်းပေါ်တွင် နာမည်ကျော်နေသည့် Moshi Monster သည်ပင် ပုံနှိပ်ကို ဆက်လုပ်နေရသည်။ Google ကိုယ်တိုင်ပင် ပုံနှိပ်စာစောင်များကိုမနားဘဲ ဆက်ထုတ်နေသည်။ စီးပွားရေးလုပ်ငန်းနှင့် သဘောတရားအရ ကျယ်ပြန့်အောင် လုပ်ဆောင်ရာတွင် အွန်လိုင်းရော အော့ဖ်လိုင်း (Offline) ဟုခေါ်သည့် ပုံနှိပ်မီဒီယာနှင့်ပါ လုပ်ဆောင်နေကြသည့်သဘော ဖြစ်သောကြောင့် ပုံနှိပ်မီဒီယာ သေဆုံးမည်ဟု မပြောနိုင်သေးပါ။

“အွန်လိုင်းမှာ ပေါက်နေတဲ့ ကုန်အမှတ်တံဆိပ်တွေအတွက် လူထုနဲ့ ဆက်သွယ်ဖို့ဆိုတာ ပုံနှိပ်မီဒီယာကလည်း နောက်ထပ် ဈေးကွက်တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ပုံနှိပ်နည်းနဲ့ ဆက်သွယ်ဖို့ဆိုတာ လက်လွှတ်လို့ မရနိုင်သေးပါဘူး”ဟု ဗြိတိန်နိုင်ငံထုတ် Wired မဂ္ဂဇင်းကြီးမှ ဒေးဗစ်ရိုဝမ်ကဆိုသည်။ သူက ပုံနှိပ်မီဒီယာဆိုသည်မှာ ယခင်ကတည်းက အခြေကျနေပြီးသားဖြစ်ပြီး၊ အခြားအွန်လိုင်းနှင့် TV လိုင်းများကတစ်ဆင့် ဝင်ငွေရနေသည်ဆိုစေ မိမိကုန်အမှတ်တံဆိပ် ကျန်ခဲ့စေရန် မှတ်တမ်းတစ်ခုအနေနှင့် ပုံနှိပ်လုပ်ငန်းကို ဆက်လုပ်နေရမည်ဟုလည်း သူကပြောကြားသည်။ သူကိုယ်တိုင်လည်း Wired မဂ္ဂဇင်းကြီးကို အွန်လိုင်းရော အော့ဖ်လိုင်းပါ နှစ်မျိုးစလုံး ထုတ်နိုင်ရန် ကြိုးစားနေရုံမက မာလ်တီမီဒီယာနည်းများဖြင့်လည်း လူထုထဲကို သူ၏ Wired ဆိုသည့် အမှတ်တံဆိပ်အား ထိုးဖောက်နိုင်စေရန် ကြိုးစားနေသူဖြစ်သည်။ 

မာလ်တီမီဒီယာဆိုသည့်သဘောဖြင့် အွန်လိုင်းသာမက အော့ဖ်လိုင်းကိုပါ ထိုးဖောက်နိုင်စေရန် ကြိုးစားနေသည့်အထဲတွင် Moshi မဂ္ဂဇင်းကို နမူနာပြနိုင်သည်။ ထိုမဂ္ဂဇင်းသည် အွန်လိုင်းသာမက အော့ဖ်လိုင်းတွင်ပါ ပရိသတ်ကို အခိုင်အမာရအောင် လုပ်ထားနိုင်သည်။ သူတို့က Moshi Monsters ဆိုသည့် အွန်လိုင်းဂိမ်းကို တီထွင်သည်။ ဂိမ်းဆိုင်ရာ အချက်အလက်ဒေတာများ၊ ကစားနည်းများကို အော့ဖ်လိုင်းဖြစ်သည့် Nuts, FHM စသည့် မဂ္ဂဇင်းများထဲတွင် ဖော်ပြပေးသည်။ Nuts မဂ္ဂဇင်းကို ဝယ်ဖတ်သူ ၁၁၄၁၁၆ ဦးရှိပြီး၊ FHM ကို ဝယ်ဖတ်သူပေါင်း ၁၄၀၇၁၆ ဦးရှိသည်။ အွန်လိုင်းနှင့် အော့ဖ်လိုင်းကို ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်စွမ်းကြောင့် နှစ်လိုင်းစလုံးကို ပေါက်အောင် လုပ်နိုင်ခဲ့သည်။ Moshi မဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်သည့် အမ်မာ မွန်ရိုးစမစ်က -

“အိုင်ပက်လို့ခေါ်တဲ့ တက်ဘလက်ပေါ်မှာ မဂ္ဂဇင်းလည်း ဖတ်နိုင်တယ်။ ဂိမ်းလည်း ကစားနိုင်တယ်။ ဒါပေမဲ့ တက်ဘလက်နဲ့ ဖုန်းထဲက ပုံတွေကို ဖြတ်ထားပြီးတော့ နံရံမှာ ကပ်ထားလို့ မရဘူး။ ကလေးတွေက သူတို့ချစ်တဲ့ဟာလေးတွေကို နံရံမှာ ဖြတ်ညှပ်ကပ်ထားချင်ကြတယ်။ ကလေးတိုင်း တက်ဘလက်ကြိုက်တယ်လို့ ပြောလို့မရဘူး။ စာအုပ်ထဲက ရောင်စုံပုံလေးတွေဟာလည်း သူတို့အတွက် စိတ်လှုပ်ရှားစရာ လောကကမ္ဘာတစ်ခုဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

ဒစ်ဂျစ်တယ်ခေတ်တွင် လူဖြစ်နေကြရသည့် ကလေးများအတွက် ပုံနှိပ်မီဒီယာများကို ဆက်လက် ရှင်သန်ပေးနေရန်လိုပါသည်။ 826 National ဆိုသည့် NGO အဖွဲ့အစည်းသည် အသက် ၆ နှစ်မှ ၁၈ နှစ်အရွယ် ကလေးများအတွက် စာဖတ်ချင်စိတ်၊ စာရေးချင်စိတ်များ ပေါ်ထွန်းနိုင်အောင် ကြံဆောင်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုအဖွဲ့မှ CEO ဖြစ်သူ ဂျရဲလ်ရစ်ချတ်က -

“ကျွန်တော်တို့ ကလေးတွေကို စာအုပ်တွေ ဖတ်နေတာမြင်ရရင် အတော်လေး ထူးခြားတဲ့ မြင်ကွင်းတစ်ခုကို မြင်ရသလိုဖြစ်နေတယ်။ သူတို့မှာ စာအုပ်လေးတွေ ပိုင်ဆိုင်နေရင် ယုံကြည်မှု တိုးစေတာပေါ့။ သူတို့ရေးထားတဲ့ စာတွေကို ပုံနှိပ်စာလုံးတွေအဖြစ် တွေ့ရရင် ပိုပြီးပျော်မှာပေါ့။ နောက်ဆုံး စာအုပ်လေးတစ်အုပ်ပေါ်မှာ ကိုယ့်နာမည်ကိုယ် ရေးထိုးလိုက်ရတာကအစ ဘာနဲ့မှ မလဲနိုင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

ခေတ်သစ်ကလေးများသည် ကွန်ပျူတာပေါ်တွင် ခလုတ်တွေနှိပ်ပြီး ပျော်ရွှင်စရာတစ်ခုကို ရှာဖွေနေကြရသူများ ဖြစ်လာသည်။ စာအုပ်အထိအတွေ့၊ စာအုပ်အရသာ၊ စာအုပ်၏ အကျိုးတရားနှင့် စာအုပ်၏ ခံစားချက်များကို ကလေးများအား ပြန်လည် လေ့ကျင့်ပျိုးမထောင်ထားနိုင်လျှင် ပုံနှိပ်မီဒီယာလောကသည် ပျောက်ဆုံးကောင်း ပျောက်ဆုံးနိုင်သည်။ ထို့ကြောင့်လည်း အမေရိကမှ 826 National လို အဖွဲ့အစည်းမျိုးတွေက စာအုပ်စာပေဖြင့် လောကတစ်ခု ထူထောင်ရန် ပရောဂျက်များ တစ်ခုပြီးတစ်ခု လုပ်ဆောင်နေသည်။ နိုင်ငံများတွင်လည်း ယခုကတည်းက အမြော်အမြင်များဖြင့် လေ့ကျင့်ပျိုးထောင်ရန် လိုအပ်နေပြီဖြစ်သည်။ 

နိုင်ငံတကာတွင်လည်း သတင်းစာ ထုတ်လုပ်သူများအနေနှင့် ကျဆင်းနေသည့် လုပ်ငန်းများကို မနည်း ရပ်တည်နိုင်စေရန် ထိန်းသိမ်းနေကြရသည်။ သို့သော် ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်တန်ဖိုးဖြင့် ရပ်တည်နိုင်ရေးကို ကြိုးစားဆောင်ရွက်နေကြသည်။ The Guardian မှ အယ်ဒီတာတစ်ဦးဖြစ်သူ ကက်သရင်းဗီနာ၏ ပြောစကားကို နားထောင်ကြည့်စေချင်ပါသည်။

“ဂျာနယ်လစ်တွေက ပြည်သူနဲ့ သိပ်ပြီးတော့ ကင်းကွာသွားရင် သူတို့တင်ပြတဲ့ အကြောင်းအရာတွေက လူဖတ်ချင်တဲ့ အကြောင်းအရာတွေ ဖြစ်တော့မှာ မဟုတ်ဘူး။ ပြည်သူနဲ့ သိပ်ကင်းကွာတဲ့ သတင်းတွေကို လူတွေက သိပ်ပြီး အယုံအကြည် မရှိတတ်ဘူး”ဟုဆိုသည်။ သူ ပြောချင်သည်မှာ အွန်လိုင်းပေါ်က သတင်းတိုင်းကို ပြည်သူတွေက ယုံချင်မှယုံမည်။ အောင်မြင်စွာ ဆက်ပြီး ရပ်တည်ချင်လျှင် ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကို တည်ဆောက်ပြီး ခိုင်မာစွာ ရပ်တည်နိုင်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။

သတင်းအဖွဲ့အစည်းများသည် ကျဆုံးနေသည် မဟုတ်ပါ။ ယမန်နှစ်က Reuters သတင်းဌာနတွင် စာဖတ်သူ ၇ ရာခိုင်နှုန်းပင် တိုးလာကြောင်း Research Associate, Reuters Institute for the Study of Journalism အဖွဲ့က ထုတ်ပြန်ထားသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း New York Times နှင့် Washington Post တို့သည် ရပ်တည်နေနိုင်သည်သာ ဖြစ်သည်။ The Guardian ဆိုလျှင် အွန်လိုင်းသတင်းအဖြစ် ပြောင်းထားရာ၌ ဖတ်သူပေါင်း မှတ်ပုံတင်ထားသူ သန်းချီရှိနေသော်လည်း ပိုက်ဆံပေးဖတ်နေသူ ၈ သိန်း ကျော်သာ ရှိတော့သည်။ သူတို့လည်း ကြော်ငြာဖြင့် ရပ်တည်နိုင်အောင် ကြိုးစားနေကြရသည်က များသည်။ ကြော်ငြာသမားတွေကလည်း အွန်လိုင်းကို စိတ်ဝင်စားလာကြသဖြင့် လိုင်းပြောင်းပြီး ထိုးဖောက်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။ သတင်းမီဒီယာတွေ အားလုံးလည်း အွန်လိုင်းရော အော့ဖ်လိုင်းကိုပါ တွဲကိုင်နိုင်စေရန် ကြိုးစားနေကြရသည့်သဘော ဖြစ်နေသည်။ 

၂၀၁၆ ခုနှစ်တွင် CareerCast သုတေသနအဖွဲ့က ဆန်းစစ်မှုတစ်ခု လုပ်ခဲ့သည်။ အမေရိကရှိ အကောင်းဆုံးနှင့် အဆိုးဆုံး အလုပ်များကိုဖြစ်သည်။ သတင်းထောက်အလုပ်သည် အမေရိက၏ အဆိုးဆုံး အလုပ်ဖြစ်သွားသည်။ ပုံနှိပ်မီဒီယာနှင့် သတင်းစာ လုပ်ငန်းများ ကျဆင်းနေခြင်းနှင့်အတူ၊ လစာများ နည်းပါးလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများကလည်း အခြား လုပ်ငန်းများကို ယှဉ်ရန် မလွယ်ကူခြင်းတို့ကြောင့် သတင်းမီဒီယာလောက၏ အလုပ်များ ကျဆင်းခဲ့ရခြင်းဖြစ်သည်ဟု Fox 5NY သတင်းတွင် ထုတ်ပြန်သွားခဲ့သည်။ သတင်းသမားတစ်ဦး၏ လစာသည် တစ်နှစ်မှ ဒေါ်လာ ၃၇၂၀၀ သာ ရှိတော့သဖြင့် ထိပ်တန်းအဆင့် ၁၀ ခု၏နောက်ကို ရောက်သွားရခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

Financial Times သတင်းစာတိုက်ကြီးမှ CEO ဖြစ်သူ အိုလစ်ဗီယား ဖလူးရော့ကလည်း

“ကမ္ဘာကြီးက ဒစ်ဂျစ်တယ်ဘက်ကို ရွေ့နေပြီ။ နည်းပညာ တိုးတက်လာမှုက ပုံနှိပ်သတင်းတွေကို အင်တာနက်ထဲကို ရောက်အောင် ပို့နေတယ်။ ဒီပြောင်းလဲမှုကို သတိထားပြီး အော့ဖ်လိုင်းကနေ အွန်လိုင်းကို ဘယ်လို ကူးပြောင်းလုပ်ရင် ကောင်းမလဲဆိုတာ စဉ်းစားရမယ်။ နည်းပညာကြောင့် ပြောင်းလဲနေမှုကို ဆန့်ကျင်လို့မရဘူး။ ကိုယ့်သတင်းစာ ဆက်ပြီးတော့ တည်တံ့နိုင်အောင် ထိန်းသိမ်းနိုင်ရေး စဉ်းစားရမှာ။ သတင်း အချက်အလက် အဝေးပြေးလမ်းမကြီးပေါ်မှာ ကိုယ်လည်း ပြေးနိုင်အောင်ကြိုးစား။ ကားတိုက်ခံပြီး သေသွားလို့မဖြစ်ဘူး” ဟု ထောက်ပြချက်ကလည်း စိတ်ဝင်စားစရာဖြစ်သည်။ 

အွန်လိုင်းဆိုသည့် မြင်ကွင်းသေးသေးကို မနှစ်မြို့သူ သတင်းစာသမား၊ စာသမားများစွာရှိပါသည်။ သူတို့သည် မိုးလင်းလျှင် သတင်းစာတစ်စောင်ကို ကိုင်ဖတ်လိုက်ရမှ ကျေနပ်သူများဖြစ်သည်။ အလားတူပင် စာအုပ်ကို ကိုင်ဖတ်ကာ အရသာ ခံနေသူများစွာလည်း ရှိနေသည်။ ထို့ကြောင့် ပုံနှိပ်အော့ဖ်လိုင်းမီဒီယာ ပျောက်ကွယ်သွားမည်လားဆိုသည့် မေးခွန်းကို မပျောက်ကွယ်နိုင်ဟု ဆိုရမည်။ အရေးကြီးသည်မှာ မှန်ကန်မှု၊ တိကျမှု၊ ဂုဏ်သိက္ခာနှင့် အွန်လိုင်းကို ယှဉ်ပြိုင်ရန်သာ ဖြစ်သည်။ 

ခေတ်ရေစီးကြောင်းကတော့ ပြောင်းလဲနေမည်သာဖြစ်သည်။ အများစုက နည်းပညာကို အားကိုး အားထားပြုနေကြသည်။ သတင်းကိုဖတ်ရန်ပင် အချိန်မရသူတွေက နားထောင်ရန် ကြိုးစားသည်။ စာအုပ်ကိုဖတ်ရန် အချိန်မရသူတွေက စာအုပ်ဖတ်ပြသည့် နည်းပညာကို အားထားကြသည်။ လူတွေမှာ ထိုင်ဖတ်ရန်အချိန် မပေးနိုင်။ ပြေးရင်းလွှားရင်း လှုပ်ရှားရုန်းကန်နေရသူ အများစုမှာ ဒစ်ဂျစ်တယ်ရေစီးကြောင်းနောက်ကို လိုက်ကုန်သည်။

တရုတ်နှင့် အိန္ဒိယလို လူဦးရေ များသည့်နိုင်ငံ ကြီးများတွင် အွန်လိုင်းပေါ်တက်ပြီး သတင်းတွေ ထုတ်ပြန်ပေးနိုင်အောင် လုပ်လာကြသည်။ သို့သော် အွန်လိုင်းတွင် သတင်း သို့မဟုတ် စာများ ဖတ်နိုင်ရေးအတွက်  AI ခေါ် ဉာဏ်ရည်တုများဖြင့် ထိန်းချုပ်နိုင်အောင် ကြိုးစားလာကြသည်။ ပိုက်ဆံပေးမှ စာဖတ်၍ ရနိုင်စေရန် နည်းလမ်းများ တီထွင်ကြခြင်းဖြစ်သည်။ သူတို့လည်း အွန်လိုင်းနှင့် အော့ဖ်လိုင်း နှစ်မျိုးစလုံးတွင် ရပ်တည်ပြီး ညီမျှခြင်းချနေရသည့် ကာလတစ်ခုကို ကျော်ဖြတ်နေကြရဆဲဖြစ်သည်။ 

(Ref: Research Associate, Reuters Institute for the Study of Journalism, The Guardian, Intermarkets)