POST TYPE

FEATURE

အက်စစ်အပက်ခံ မိန်းမသားများဘဝ
19-Apr-2018



အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ် ပြည်နယ်တွင် တစ်ချိန်က အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းခံရပြီး ကိုယ်ခန္ဓာ၏ လေးနေရာကို အက်စစ်လောင်းပြီး လုပ်ကြံခံရသော အမျိုးသမီးတစ်ဦးသည် နောက်ထပ်တစ်ကြိမ် အက်စစ်နှင့်ပက်ပြီး လုပ်ကြံခြင်းခံလိုက်ရပြန်သည်။

လပ်နောင်းမြို့ အမျိုးသမီးဆေးရုံ အပြင်ဘက်တွင် လက်စုပ်ရေပန့်ကတစ်ဆင့် ရေတင်နေသည့် ထို အမျိုးသမီးကို အမျိုးသားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် ထိုအမျိုးသမီးသည် ရဲတပ်ဖွဲ့ အစောင့်အရှောက်နှင့် နေထိုင်ရသူဖြစ်သော်လည်း အဘယ်ကြောင့် လုပ်ကြံသူတွေက သူ့ကို ရန်ငြိုးမပြေလုပ်ကြံနေရသနည်း။ ထိုသတင်း ထွက်ပေါ်လာသည်နှင့် ပြည်သူတွေကလည်း အာဏာပိုင်များ၏ စောင့်ရှောက်အကာအကွယ်ပေးနိုင်မှုအားနည်းခြင်းကို ဒေါသူပုန်ထကာ ပြစ်တင်ဝေဖန်ကြတော့သည်။

သူ့ကို ၂၀၀၈ ခုနှစ်က ယောကျာ်းနှစ်ယောက်သည် မုဒိမ်းကျင့်ပြီး အက်စစ်နှင့် ပက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့က ထိုစဉ်ကတည်းက အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်သည်ကို သတင်းတွေ မရှင်းမလင်း ထုတ်ပြန်ခဲ့ကြသည်။ ထိုလူနှစ်ဦးကပင် ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် နှစ်ကြိမ်တိုင်တိုင် ထိုအမျိုးသမီးအား အက်စစ်နှင့် ပက်ခြင်းကို ထပ်မံကျူးလွန်ခဲ့ကြပြန်သည်။ သို့သော်လည်း ထိုလူနှစ်ဦးကို တရားရုံးတင်သည်အထိ အမှုကဖြစ်သွားခြင်းမရှိခဲ့။ 

၂၀၁၇ မတ်လတွင် ထိုအမျိုးသမီးသည် သမီးဖြစ်သူနှင့်အတူ ရထားစီးသွားစဉ် လူနှစ်ယောက် ဖမ်းချုပ်ပြီး အက်စစ်အတင်းတိုက်ခြင်းကို ခံရပြန်သည်။ ထိုလူနှစ်ယောက်ကို ဖမ်းပြီး ရုံးတင်နိုင်ခဲ့သည်။ သို့သော် ဧပြီလတွင် ထိုနှစ်ဦး ပြန်လွတ်သွားပြန်သည်။ ထိုနှစ်ယောက်ပဲ စွမ်းနေသလော၊ အိန္ဒိယတရားစီရင်ရေးကပဲ အားနည်းနေသလော မပြောတတ်ပေ။ 

အိန္ဒိယနိုင်ငံတွင် အက်စစ်တွေက နေရာတိုင်းရသည်၊ လိုသလောက်ရသည်။ နွားနို့ထက်ပင် ဈေးပေါပေါရသည်။ ဈေးတိုင်းဆိုင်တိုင်းတွင် အလွယ်တကူဝယ်နိုင်သည်။ အိမ်များတွင်လည်း အိမ်သာဆေးရန်၊ ကြမ်းပြင်သန့်ရှင်းရန်အတွက် အလွယ်ဆောင်ထားတတ်ကြသည်။ ထို့ပြင် ရတနာပစ္စည်းများကို ထုတ်လုပ်ရာတွင်လည်း အက်စစ်ကို အသုံးပြုကြသောကြောင့် အက်စစ်သည် ဈေးကွက်ကြီးတစ်ခုအနေနှင့် တည်ရှိနေသည်။

၂၀၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံရာဇဝတ်မှုမှတ်တမ်းဌာန ထုတ်ပြန်ချက်အရ အက်စစ်နှင့်ပက်ကာ တိုက်ခိုက်မှုပေါင်း ၃၀၉ မှုရှိကြောင်း သိရသည်။ နေ့စဉ် အက်စစ်ပက်မှုသည် တစ်ရက်သုံးမှုနှုန်းခန့် ဖြစ်နေကြောင်းလည်း ဖော်ပြထားသည်။ အမှန်တော့ အက်စစ်နှင့် အပက်ခံရသည့် အမှုပေါင်းများစွာရှိနေသော်လည်း အလွန်ပြင်းထန်ပြီး ဆေးရုံရောက်မှ သိနိုင်သည့် အမှုများလောက်သာ ရဲက မှတ်တမ်းယူနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် ကျေးလက်များတွင် လက်သည်မပေါ်ဘဲ သေဆုံးသွားရသူများလည်း ရှိနေကြောင်း သိရသည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဗနီတာပါနစ်ကာကို ကမ္ဘာ့ကံအဆိုးဆုံး မိန်းမသားတစ်ဦးဟုဆိုနိုင်သည်။ သူက ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည်။ သူ့ယောကျာ်းက သူ့ကို အလုပ်ရှင်သူဌေးနှင့် သံသယဝင်သည်။ ထို့ကြောင့် တစ်နေ့တွင် ဗနီတာ အိပ်ပျော်နေစဉ် ဟိုက်ဒရိုကလိုရစ် အက်စစ်တစ်ပုလင်းလုံးကို ခင်ပွန်းဖြစ်သူက မျက်နှာပေါ်လောင်းချပြီး လုပ်ကြံသည်။ မျက်လုံးများ ပျက်စီးသွားပြီး မျက်နှာတစ်ခုလုံးလည်း ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည်။ ဒေါ်လာ ၁၀၀၀၀ ကျော် အကုန်အကျခံပြီး ပြန်လည်ကုသခြင်း ခံယူလိုက်ရသည်။ မျက်နှာကို ၁၂ ကြိမ် ပြန်လည်ခွဲစိတ်ပြုပြင်ရသည်။ မျက်လုံးတစ်လုံးက အနည်းငယ် ပြန်မြင်ရလာသည်။ 

ယခုတော့ ဗနီတာ၏ ဘဝသည် လုံးဝပြောင်းလဲသွားရတော့သည်။ ဆော့ဖ်ဝဲကုမ္ပဏီတွင် လုပ်နေရသည့် လစာထက် ငါးဆနည်းသည့် NGO အဖွဲ့အစည်းတစ်ခုတွင် ထမင်းချက်လုပ်နေရသည်။ 

“ကျွန်မဘဝက ၁၈၀ ဒီဂရီလောက်ကို အလှည့်အပြောင်းဖြစ်သွားတယ်။ တကယ့်အောင်မြင်တဲ့ ဆော့ဖ်ဝဲပညာရှင် တစ်ဦးဘဝကနေ လူ့ဘောင်အဖွဲ့အစည်းက ဝိုင်းပယ်ခံထားရတဲ့အပြင် မိသားစုကပါ မကြည်ဖြူတော့လို့ ဖြစ်သလိုအသက်မွေးနေရတယ်”ဟု ရှင်းပြရှာသည်။ 

အိန္ဒိယနိုင်ငံတွင် အက်စစ်ဖြင့်တိုက်ခိုက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ခြင်းကို ငယ်ရွယ်သူ အမျိုးသမီး အတော်များများ ခံစားနေကြရသည်။ လက်ထပ်ရန် လာရောက်ကမ်းလှမ်းမှုကို ငြင်းပယ်သူများ၊ ယောကျာ်းက လိင်ဆက်ဆံလိုခြင်းကို ငြင်းဆန်ခြင်းခံရသူ အမျိုးသမီးများ၊ မိန်းမကဖောက်ပြန်သည်ကို လက်ပူးလက်ကြပ် မိခြင်းခံရသူတွေ အများဆုံးဖြစ်သည်။ 

အိန္ဒိယနိုင်ငံတွင် ယနေ့တိုင်ရှေးရိုးအစွဲကြီးသည့် နေရာဒေသနှင့် လူမျိုးစုတွေ များစွာရှိနေသေးသည်။ ထို့ကြောင့် ပြဿနာတစ်ခုခုကို ဖြေရှင်းသည့် အခါတွင်အက်စစ်ကို လက်နက်တစ်ခုပမာ အသုံးပြုရမည်ဆိုသည့် အယူအဆတွေကိုလည်း စွဲကိုင်ထားကြဆဲဖြစ်သည်။ 

“အက်စစ်နဲ့ တိုက်ခိုက်တာဟာ အရေပြားအပေါ်ယံလွှာတွေကို အလွယ်တကူ လောင်ကျွမ်းပျက်စီးစေပါတယ်။ သိပ်ပြင်းထန်ရင် အရိုးထိစားသွားတာမျိုးတွေဖြစ်နိုင်တယ်”ဟု အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတာပရာဒက်ရှ်ပြည်နယ်၊ နွိုင်ဒါအရပ်ရှိ မက်စ်ဆေးရုံမှ ဆရာဝန် ရိုဟစ်ဘာဂဗာကဆိုသည်။ သူက-

“မျက်စိလုံးဝကွယ်သွားတာတွေ၊ မျက်နှာနဲ့ ကိုယ်ခန္ဓာပေါ်မှ ဖျောက်ဖျက်လို့မရတော့တဲ့ အမာရွတ်တွေလည်း ပေါ်လာနိုင်ပါတယ်။ မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက်နဲ့ တစ်သက်လုံး လူတောထဲ မတိုးရဲလောက်အောင် ဖြစ်စေနိုင်ပါတယ်”ဟု ပြောကြားသည်။

လန်ဒန်အခြေစိုက် Acid Survivors Trust International (ASTI) အဖွဲ့၏ အဆိုအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် အက်စစ်ပက်ပြီး အတိုက်ခံရမှုပေါင်း ၁၀၀၀ ခန့်ဖြစ်ပွားနေကြောင်း ထုတ်ဖော်ထားသည်။ လစဉ်အနည်းဆုံး အမှုပေါင်း ၄၀၀ ခန့်ရှိနိုင်သော်လည်း အစိုးရ၏ စာရင်းဇယားများ ထုတ်ဖော်ခြင်းမရှိမှုကြောင့် အဖြစ်မှန်ခံစားနေ ရသူများ ကွယ်ပျောက်လျက်ရှိနေသည်ဟုလည်း ဆိုထားသည်။

“အမျိုးသမီးတွေက သူတို့ကို တိုက်ခိုက်တဲ့သူတွေကို လက်တုံ့ပြန်ဖို့ ကြောက်နေကြတာတွေရှိတယ်။ ဒါကြောင့် ရဲမတိုင်တော့ အဖြစ်မှန်ကို မသိကြရဘူး”ဟု ဒေလီအခြေစိုက် အက်စစ်ပက်ခြင်းကို တားမြစ်ဆန့်ကျင်နေသော Stop Acid Attacks အဖွဲ့မှ အရှေးရှုကလာကဆိုသည်။ ထိုအဖွဲ့ကလည်း NGO အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုအဖွဲ့က ၂၀၁၃ ခုနှစ်ကတည်းက အက်စစ်ပက်မှုပေါင်း ၁၀၀ ကျော်ရှိကြောင်း ထုတ်ဖော်ထားသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၃ ခုနှစ်ကတည်းက အက်စစ်ပက်ပြီး လက်တုံ့ပြန်မှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြင်ဆင်ချက်များ ထုတ်ပြန်ပြီး အကာအကွယ်ပေးမှုများ လုပ်ဆောင်လာကြောင်း တွေ့ရသည်။ သို့သော် လူမဆန်သည့်လုပ်ရပ်က ရပ်တန့်မသွား ပိုပြီးဆိုးရွားလာသည်။ ထိုဥပဒေသစ်အရ ပြစ်မှုကျူးလွန်သူကို အရေးယူပိုင်ခွင့်၊ ပြန်လည်ကုသပေးခွင့်၊ ဘဝပြန်လည်မြှင့်တင်ပေးခွင့်၊ ခုခံကာကွယ်ပိုင်ခွင့်နှင့် အက်စစ်ရောင်းချမှုများကို တားမြစ်ပိတ်ပင်ခွင့်များ ပါလာကြောင်းတွေ့ရသည်။ သို့သော် တရားရုံးမရောက်လာအောင် ပပျောက်စေသည့် ရဲတပ်ဖွဲ့တွေကြောင့်လည်း အမှုမှန်ပေါ်ပေါက်ရေးများမှာ အခက်တွေ့နေကြရသည်။ 

နိုင်ငံတကာတွင်လည်း အက်စစ်ဖြင့်ပက်ခြင်းကို ရာဇဝတ်ပြစ်မှုတစ်ခုအနေနှင့် သတ်မှတ်ထားကြောင်း တွေ့ရပါသည်။ အက်စစ်နှင့်ပက်ရာတွင် အများဆုံး အသုံးပြုနေကြသည့် အက်စစ်များမှာ နိုက်ထရစ်အက်စစ်နှင့် ဆာလ်ဖျူရစ်အက်စစ်များ ဖြစ်သောကြောင့် ထိုအက်စစ်များကို အလွယ်တကူ ဝယ်ယူမရရှိနိုင်ရေးကို ဥပဒေများဖြင့် ပြဋ္ဌာန်းလုပ်ဆောင်ပေးသင့်ပါသည်။ 

ယနေ့တိုင် အက်စစ်နှင့်ပက်မှုများတွင် ကမ္ဘာ့စံချိန်တင်ထားသည့်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်ခန့်ကတည်းက အက်စစ်ပက်မှုများ အထင်အရှားဖြစ်လာပြီး အများဆုံး အတိုက်ခိုက်ခံရသည်မှာ မိန်းမသားများဖြစ်သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အက်စစ်နှင့် အတိုက်ခိုက်ခံရသည့် အမှုပေါင်း ၃၅၁၂ မှုရှိသည်ဆိုသောကြောင့် ကမ္ဘာ့စံချိန်တင်သွား ခဲ့ရသည်။ 

အရှေ့တောင်အာရှနိုင်ငံတွင် ဖြစ်ပွားသည့် အက်စစ်ပက်ခြင်းအမှုများကို လေ့လာကြည့်လျှင် လိင်ပိုင်းဆိုင်ရာ အလိုမဖြည့်ပေးမှုကို မကျေနပ်သောကြောင့် တိုက်ခိုက်မှုများဖြစ်နေသည်။ ပစ္စည်းနှင့် ငွေလိမ်သောကြောင့် အက်စစ်နှင့် တိုက်ခိုက်မှုမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စများထက်နည်းပါးသည်။

အက်စစ်အပက်ခံမိန်းမသားများအတွက် လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီဆောင်ရွက်နေကြသည့် အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တိုးပွားလာသည့် ထိုတိုက်ခိုက်မှုများအတွက် ဆေးဝါးကုသမှုစခန်းများကို ထူထောင်ပေးလာကြကြောင်းတွေ့ရသည်။ အထူးသဖြင့် ယူဂန်ဒါ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကုသရေးဌာနများကို ၂၀၀၃ ခုနှစ် လောက်ကတည်းက ဖွင့်လှစ်ပေးလာကြသည်။ 

ကမ္ဘောဒီးယားနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံနှင့် မတိမ်းမယိမ်းလောက် စံချိန်တင်နေသည့် နိုင်ငံဖြစ်သည်။ ၁၉၈၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အများဆုံးဖြစ်ခဲ့ပြီး စာရင်းမတင်နိုင်ခဲ့သည့် အမှုပေါင်းများစွာ ရှိနေကြောင်းလည်း သိရသည်။ ကမ္ဘောဒီးယားတွင် ထူးဆန်းသည်က မနာလိုဝန်တိုပြီး အက်စစ်နှင့် ပက်ခြင်းက ပိုများသည်။ အိန္ဒိယနိုင်ငံတွင် ဥပဒေကို တိုးမြှင့်ထုတ်ပြန်နိုင်ခဲ့သော်လည်း အရေးယူအပြစ်ပေးနိုင်မှုများမှာ နှေးကွေးလှကြောင်းတွေ့ရသည်။ 

အသက် ၂၀ အရွယ် ရီတူဆားဆိုသည့် မိန်းကလေးတစ်ဦးသည် ၂၀၁၂ ခုနှစ်တွင် အက်စစ်နှင့် အပက်ခံရပြီးကတည်းက ကျောင်းပညာဆက်သင်နေခြင်းကို ရပ်ဆိုင်းခဲ့ရသည်။ သို့သော် Stop Acid Attacks အဖွဲ့တွင် ဝင်ရောက်ပြီး အနိုင်မခံအရှုံးမပေး တိုက်ပွဲဝင်ရန် လှုံ့ဆော်ပေးမှုများ လုပ်ဆောင်နေသည်။ ထိုအဖွဲ့က အိန္ဒိယရှိ အက်စစ်တိုက်ခိုက်ခြင်းခံရသူများစွာကို ကယ်တင်ပြီး လှုပ်ရှားမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။ 

၂၀၁၈ ခုနှစ် မတ်လကလည်း အမျိုးသမီးများနေ့ကို ဂုဏ်ပြုပြီး အိန္ဒိယနိုင်ငံ သာနီမြို့တွင် အက်စစ်အပက်ခံရသော အမျိုးသမီးများ စုပေါင်းဖက်ရှင်ပြပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် ပူးပေါင်းပါဝင်ကြသည့် အမျိုးသမီးများသည် အက်စစ်နှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်စေရန် တိုက်ခိုက်ထားခြင်း ခံရသော်လည်း ဘဝကို အရှုံးမပေး ဖက်ရှင်ပြပွဲကိုဝင်ကာ လမ်းလျှောက်ပြခဲ့ကြသည်။ သူတို့သည် လှပသည့် အိန္ဒိယရိုးရာဝတ်စုံများ ဆင်မြန်းပြီးလမ်းလျှောက်ပွဲ ဆင်နွှဲရုံမက အက်စစ်ဖြင့် တိုက်ခိုက်နေမှုများ ရပ်တန့်ရန်လည်း လှုံ့ဆော်စည်းရုံး ဟောပြောမှုများကို လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် တရားမဝင်အက်စစ်ရောင်းချနေမှုများကို အရေးယူထိန်းသိမ်းပေးရန် သူတို့စည်းရုံးလှုပ်ရှားခဲ့ကြသည်။ 

အက်စစ်ဖြင့် အပက်ခံထားရသည့် လက်ရှမီးအဂ္ဂါဝါက ရုပ်သံကတစ်ဆင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရာတွင် -

“အက်စစ်နဲ့ ပက်ပြီးတိုက်ခိုက်မှုတွေဟာ ကျွန်မတို့အမျိုးသမီးတွေကို စိန်ခေါ်နေပါတယ်။ ဒါပေမဲ့ အကာအကွယ်ပေးထားမှုတွေကတော့ သုညအဆင့်မှာရှိပါတယ်။ လူတစ်ယောက် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာထက် စိတ်ဓာတ်ဘယ်လောက်ပျက်စီးသွားရသလဲဆိုတာကို သိထားဖို့လိုပါတယ်” ဟု သူက ဆိုသည်။

အမျိုးသမီးများကို အနှိမ်ခံဘဝ၊ အပစ်ပယ်ခံဘဝဖြင့်ထားသည့် လူမျိုးစုများတွင် အက်စစ်ဖြင့် ဘဝပျက်စေရန် လုပ်ဆောင်နေမှုများ ပိုမိုထွန်းကားနေကြောင်းတွေ့ရသည်။ နိုင်ငံတော်အစိုးရအနေနှင့် အက်စစ်ကို လက်နက်တစ်ခုအနေနှင့် ဘဝပျက်သည်အထိ လုပ်ဆောင်နိုင်ကြောင်း သတိမူသင့်ပါသည်။ ဥပဒေများဖြင့် အမျိုးသမီးများအတွက် အကာအကွယ်ပေးရုံမက အက်စစ်များပေါများစွာ ထုတ်လုပ်ခြင်း၊ အလွယ်တကူ ရောင်းဝယ်ဖောက်ကားနေခြင်းများကို ဥပဒေများဖြင့် တားမြစ်ပိတ်ပင်ထားသင့်ကြောင်း တစ်ကမ္ဘာလုံးက နှိုးဆော်နေကြောင်း သတိပြုသင့်ပါသည်။

(Ref: BBC, Huffington Post, The Citizen, The Independent, The Guardian)