News

POST TYPE

FEATURE

ပြည်သူ့ဝန်ကို ထမ်းသည်လော
18-Sep-2016 tagged as ဝန်ထမ်း

စာရင်းရှိ၊ လူမရှိများ ရှိလေသည်။ 
“မြို့နယ်အကြီးအကဲ၊ ထွေအုပ်တို့၊ သူတို့နဲ့ နည်းနည်းပါးပါး ပတ်သက်ထားဖို့ လိုတာပေါ့”

နိုင်ငံ၏ အရပ်ဒေသများစွာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဝန်ထမ်းဟောင်းတစ်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အများပြည်သူကို ဝန်ဆောင်မှု ပေးရသည့် ပြည်သူ့ဝန်ထမ်းများ အနေနှင့် မိမိတို့ တာဝန်ကျရာနေရာတွင် သွားရောက်တာဝန်ထမ်းဆောင်ခြင်း မရှိဘဲ အထက်အကြီးအကဲများနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်ပြင်ပတွင် နေထိုင်နေမှုများနှင့် ပတ်သက်၍ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

အဓိပ္ပာယ်အားဖြင့် ပြည်သူ့ဝန်ကို ထမ်းစေခြင်း ဆိုသော်လည်း လက်တွေ့တွင်မူ ပြည်သူကသာ ထိုသူတို့၏ တာဝန်ကို ထမ်းနေရသည့် ဖြစ်ရပ်များက နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား ရောက်ရှိရာ ဒေသများစွာတွင် အနည်းနှင့် အများတော့ ရှိနေတတ်သည်။

တစ်နည်းအားဖြင့် ကိုယ်ယောင်ဖျောက် ဝန်ထမ်းများ ဖြစ်သည်။

“တချို့ဝေးလံခေါင်းပါး ဒေသတွေမှာ သားဖွားဆရာမ နေရာရှိတယ်၊ လူနာမည်စာရင်း ရောက်လာတယ်၊ ဒါပေမဲ့ လူမရောက်လာဘူး” ဟု အဆိုပါ မြို့နယ်ထွေ/အုပ် အရာထမ်းဟောင်းတစ်ဦးက ဆိုသည်။ 

ဝေးလံခေါင်းပါးသည့် ဒေသများသို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခြင်းခံရပြီး အမှန်တကယ် သွားရောက်ခြင်းမရှိ၊ အမည်စာရင်းသာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 

ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် တာဝန်ကျသည့် သားဖွားဆရာမတစ်ဦး အနေနှင့် ၎င်းတာဝန်ကျသည့် ကျေးရွာသို့ သွားရောက်နေထိုင်ခြင်း မရှိဘဲ မြို့ပေါ်တွင် နေထိုင်ခြင်းမျိုး ဖြစ်သည်။ အချိန်များစွာ သော့ခတ်လျက် ပိတ်ထားသည့် ကျေးလက်ဆေးပေးခန်းများကို အလွယ်တကူပင် တွေ့နိုင်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ရှိ ပြည်သူ့ဆေးရုံသို့ တာဝန်ကျသည့် သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် လာရောက် တာဝန်ထမ်းဆောင်ခြင်း မရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်နှင့် မွေးလူနာများ အခြားဆေးရုံများသို့ သွားရောက်ဆေးကုသခဲ့ရဖူးသည်။

ပညာရေးဝန်ထမ်း ဖြစ်သည့် ကျောင်းဆရာ၊ ဆရာမ အချို့လည်း ယင်းတို့ထဲတွင် ပါဝင်သည်။ အလယ်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းဆရာတစ်ဦးသည် အဆိုပါကျောင်းမှ ဆရာမတစ်ဦးနှင့် ပြဿနာ ဖြစ်ပွား၍ ကျောင်းသို့ လာရောက်စာသင်ကြားခြင်း မပြုဘဲ မိမိဇာတိသို့ ပြန်သွားခဲ့ရာ သုံးနှစ်ခန့်အကြာမှ ကျောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းမျိုး ရှိသည်။ အလယ်တန်းပြ ဆရာမတစ်ဦး၏ အဆိုအရ အဆိုပါ ကျောင်းဆရာသည် ပညာရေး ဝန်ထမ်းများကို လစာများ တိုးမြှင့်လိုက်သည့် အချိန်တွင်မှ ၎င်း၏ တာဝန်ကို ပြန်လည် လာရောက်ထမ်းဆောင်ခြင်း ဖြစ်သည်။

“ခွင့်ခဏသွားဦးမယ် ဆိုပြီး ထွက်သွားတယ်။ နှစ်နဲ့ချီပြီး ပေါ်မလာတော့ဘူး၊ သွားချင်တဲ့နေရာ သွားတယ်၊ တစ်နေရာရာမှာ စီးပွားသွားလုပ်နေတယ်၊ ဒါပေမဲ့ ဒီမှာ သူ့ရာထူးက ရှိနေတယ်” ဟု အထက်ပါ အငြိမ်းစားအရာရှိက ဆိုသည်။

ယင်းသို့ လုပ်ငန်းခွင်ပြင်ပတွင် နေထိုင်ခွင့် ရရှိရန် သက်ဆိုင်ရာ ဌာနများ၏ မြို့နယ်အကြီးအကဲများ သို့မဟုတ် ရုံး၏ ဝါရင့်စာရေးကြီးများက ပါဝင်ပတ်သက်ကာ အကာကွယ် ပြုထားမှသာ ရနိုင်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ထိုသူတို့အတွက် လစာကိုမူ ၎င်းတို့ကိုယ်တိုင် သို့မဟုတ် သက်ဆိုင်ရာ ဌာနအကြီးအကဲ သို့မဟုတ် တာဝန်ရှိသူ တစ်ဦးဦးက ပုံမှန်ထုတ်ယူနေသည်။ ဆိုလိုသည်က နိုင်ငံတော်က ထိုသူတို့အတွက် ပုံမှန်အခကြေးငွေ ကုန်ကျနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွင် ရပ်ကျေးစာရေးများ ခန့်ထားခြင်းရှိပြီး သက်ဆိုင်ရာ ကျေးရွာတွင် နေထိုင်ရမည် ဖြစ်သော်လည်း အများစုက ထိုသို့ မဟုတ်ပေ။

ယင်းတို့ကား မြင်သာသည်များ ဖြစ်ပြီး အခြားဝန်ကြီးဌာနများတွင် သူ့နည်းသူ့ဟန်တို့ဖြင့် အနည်းနှင့်အများ ရှိနေတတ်သည်။

မိမိဇာတိ နေအိမ်တွင် တစ်နှစ်ပတ်လုံး တောင်သူလုပ်ငန်း လုပ်ကိုင်နေရင်း မိုင်ပေါင်းများစွာ အကွာအဝေးဆီရှိ လုပ်ငန်းခွင်အတွက် လစာကို ထုတ်ယူနေခြင်းမျိုးလည်း ရှိနေသည်။ 

“လူကြီးတွေနဲ့ တော်တော်ပိုင်တဲ့ သူတွေတော့ ရှိမှာပေါ့” ဟု လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ခံ ဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

ယင်းသို့သော အခွင့်အရေးမျိုး ရရှိသူ အရေအတွက်သည် အဆိုပါ ဌာနတွင်မူ  အနည်းအကျဉ်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ရှားရှားပါးပါး”

တည်ဆဲဥပဒေ ဖြစ်သည့် နိုင်ငံဝန်ထမ်း ဥပဒေတွင် ဝန်ထမ်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ရက်များ ခံစားနိုင်ရန် အမျိုးအစား ၁၀ မျိုး သတ်မှတ်ထားသည်။ ရှောင်တခင်ခွင့်၊ ကူးစက်ရောဂါ ကာကွယ်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ လစာမဲ့ခွင့်၊ မီးဖွားခွင့်၊ အထူးမသန်စွမ်းခွင့်၊ ဆေးရုံခွင့်၊ သင်္ဘောသား နာမကျန်းခွင့်၊ ပညာလေ့လာဆည်းပူးခွင့်များ ဖြစ်သည်။ ခွင့်ကာလအတွင်း အခြားဝင်ငွေ ရရှိစေသည့် အလုပ်များကို လုပ်ကိုင်ခွင့်လည်း မရှိပေ။

ခွင့်အမျိုးအစားများအလိုက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းထားသည်။ သို့သော် အထက်ပါ ဖြစ်ရပ်များက ယင်းဥပဒေ၊ နည်းဥပဒေများကို ကျော်ခွကာ ပြုမူကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်က ဝန်ကြီးဌာနရုံးချုပ်များ တည်ရှိရာ နေပြည်တော်တွင် အစိုးရ အရာရှိများ၊ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာ ပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ခေါင်းစဉ်က ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး ဖြစ်သည်။ 

အဓိကအားဖြင့် ပြည်သူကို ဝန်ဆောင်မှု ပြုရာတွင် အစိုးရအနေနှင့် ဝန်ထမ်းများကို မည်ကဲ့သို့ စီမံခန့်ခွဲမည်နည်း၊ ဝန်ထမ်းများ အနေနှင့်လည်း ခေတ်စနစ်နှင့် လျော်ညီစွာ မည်ကဲ့သို့ တာဝန်ထမ်းဆောင်ရမည်နည်း ဆိုသည့်အပေါ် ဆွေးနွေးအဖြေရှာကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာဝင်းအောင်က ယခုကဲ့သို့ ပြောဆိုသည်။ 

အစိုးရအနေနှင့် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားပြီးလျှင် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းမျိုး အားနည်းသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဝန်ထမ်းရေးရာ ကိစ္စများ အတွက် ပြည်ထောင်စုရာထူးဝန် အဖွဲ့ကို သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့ လက်အောက်တွင် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး ဦးစီးဌာနနှင့် ဝန်ထမ်းရေးရာ ဦးစီးဌာနများ ထားရှိသည်။ 

ဝန်ထမ်းများ ခန့်ထားနိုင်ရန် ရာထူးဝင်ခွင့် စာမေးပွဲများ ပြုလုပ်ခြင်း၊ စစ်ဆေးခြင်း၊ သင်တန်းများ ပြုလုပ်ပေးခြင်း၊ တာဝန်ထမ်းဆောင်စေခြင်း စသည့် ကိစ္စများကို ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး ဦးစီးဌာနက စီမံကွပ်ကဲခြင်း ဖြစ်သည်။

“ဝန်ထမ်းရွေးချယ်တယ်၊ လေ့ကျင့်ပြီးတော့မှ သူက ခန့်ပေးလိုက်တာပဲ ရှိတာကိုးဗျာ၊ နောက်ပိုင်းမှာ သူတို့က ဆက်ပြီးတော့မှ ဝန်ထမ်းတွေကို ကိုင်တွယ်မှု မရှိတော့ဘူး” ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။

ယင်းသို့ မဟုတ်ဘဲ ခန့်ထားပြီး ဝန်ထမ်းများကို အဆက်မပြတ် စောင့်ကြည့်ကာ အမှတ်ပေးသည့် ပုံစံဖြင့် အဆင့်တိုးမြှင့်ခြင်း၊ လစာတိုးမြှင့်ခြင်းများ ပြုလုပ်သင့်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် မတ်လက တက်လာသည့် အစိုးရသစ်က အုပ်ချုပ်မှုယန္တရားကို ပြင်ဆင်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနများကို လျှော့ချခဲ့သည်။ မူလဝန်ကြီးဌာန ၃၆ ခု ရှိသည့်အနက် ၂၁ ခုအဖြစ် လျှော့ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ဦးစီးဌာန၊ လုပ်ငန်းများကို လျှော့ချခြင်း မရှိသဖြင့် ဝန်ထမ်းအင်အားလည်း လျော့သွားခြင်း မရှိပေ။ သို့သော် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနတို့ ထပ်တိုးလာခဲ့သည်။ 

ပညာရေးကဲ့သို့သော အချို့ဌာနများတွင် ဝန်ထမ်းလိုအပ်ချက်များ ရှိနေပြီး စီမံခန့်ခွဲရေးဆိုင်ရာ အချို့ဌာနများတွင် ဝန်ထမ်းများ စုပြုံပိုနေခြင်းမျိုး ဖြစ်သည်။

လွှတ်တော်သစ်က ခွင့်မပြုတော့ခြင်းကြောင့် ပြီးခဲ့သည့်အစိုးရ လက်ထက်အတွင်း ဆည်တည်ဆောက်ရေး စီမံကိန်းအချို့ ရပ်နားခဲ့ရသည်။ 

ယင်းက အဆိုပါ စီမံကိန်းများတွင် တာဝန်ကျနေသည့် ဝန်ထမ်းများကို မည်မည်ရရ အလုပ်မရှိတော့ဘဲ ဖြစ်သွားစေခြင်းမျိုး ဖြစ်သည်။ ဥပမာ - ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရှိ ဆည်တည်ဆောက်ရေး စီမံကိန်းများ ရပ်နားခဲ့ပြီး ယင်းစီမံကိန်း နယ်မြေအတွင်းရှိ အဆောက်အုံများကို စောင့်ရှောက်နေရသည့် တာဝန်သာ ဆောင်ရွက်စေခဲ့သည်မှာ နှစ်နှင့်ချီ ကြာခဲ့ပြီ ဖြစ်သည်။

လက်ရှိမူဝါဒအရ အစိုးရအနေနှင့် ဝန်ထမ်းများကို ခန့်ထားပြီးလျှင် ဖြုတ်ပစ်ဖို့ မလွယ်ကူပေ။

“ဝန်ထမ်းတွေကို လျှော့မချရဘူး၊ မဖြုတ်ရဘူးဆိုတဲ့ မူကရှိနေတော့ လုပ်ရကိုင်ရ ခက်ပြီးတော့ အစိုးရမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပေါ့” ဟု နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများ ရေးသားလျက်ရှိပြီး အငြိမ်းစားခရိုင်အဆင့် အရာထမ်းတစ်ဦးဖြစ်သူ ဦးအောင်သိန်းညွန့်က ဆိုသည်။

ဝန်ကြီးဌာနများ၏ အကြီးအကဲ ပြည်ထောင်စုဝန်ကြီးများကို ခန့်ထားရာတွင် ပညာရှင်များကို ခန့်ထားခြင်းသည် ကောင်းမွန်သည်ဟု ထင်ရသော်လည်း အခြားတစ်ဖက်တွင် ပြဿနာတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပညာရှင်သည် သက်ဆိုင်ရာ ပညာရပ်တွင် တစ်ဖက်ကမ်းခတ် တတ်မြောက်မည် ဖြစ်သော်လည်း အုပ်ချုပ်ရေး ယန္တရားကို ကျွမ်းကျင်လေ့ မရှိဟု ဆိုသည်။
“အကြံပြုချင်တာကတော့ ပြည်ထောင်စုဝန်ကြီးတွေဟာ အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေ တင်ပြတာလောက်ကိုသာ ယုံကြည်စိတ်ချမနေဘဲနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဌာနမှာ ဖြစ်နေတာကို သိအောင်လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်အစိုးရ လက်ထက် အတွင်းမှ အစပြုကာ အစိုးရအုပ်ချုပ်ရေး ယန္တရားတွင် တပ်မတော်မှ အရာရှိများကို မိုးကျရွှေကိုယ်အဖြစ် ခန့်ထားခြင်းများသည်လည်း ယန္တရားလည်ပတ်မှုကို ချို့ယွင်းစေခဲ့ခြင်း၏ အကြောင်းတစ်ခု ဖြစ်သည်ဟု အငြိမ်းစားဝန်ထမ်းများက ရှုမြင်သည်။  ဌာနအတွင်း အထက်အောက် ဆက်ဆံရေးသည် ရင်းနှီးပွင့်လင်းမှုလည်း မရှိ။

တာဝန်ကျရာ ဒေသများသို့ အမှန်တကယ် သွားရောက်ခြင်း မရှိဘဲ သက်ဆိုင်ရာ မြို့နယ်အဆင့် အရာရှိများနှင့် ပူးပေါင်းကာ အထက်အကြီးအကဲများကို စာရင်းအင်း လိမ်ညာပြနေမှုများက သာမန်လူသား ဝန်ထမ်းများပင် မဆိုထားနှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများတွင်လည်း ရှိနေကြောင်း အထက်ပါ အငြိမ်းစား မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

သာသနာရေး ဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ဆောင်ရွက်သည့် နယ်စပ်ဒေသ သာသနာပြု အစီအစဉ်များတွင် ဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာန လက်အောက်ရှိ သာသနာ့ တက္ကသိုလ်မှ ဘွဲ့ယူမည့် ရဟန်းတော်များ အနေနှင့် နယ်စပ်ဒေသများတွင် ၂ နှစ်ကြာ သွားရောက်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အတွက် လစာနှုန်းထားလည်း သတ်မှတ်ထားသည်။ သို့သော် လက်တွေ့တွင် နာမည်စာရင်းသာ နယ်စပ်ဒေသသို့ ရောက်ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
“မြို့ပေါ်မှာ သူတို့ကို အုပ်ချုပ်တဲ့ ဗဟိုဆရာတော်ဆိုတာ ရှိတယ်၊ အဲဒါကတော့ မြို့ပေါ်ထိုင်တဲ့ ဘုန်းကြီးပေါ့၊ မြို့ပေါ်ထိုင်တဲ့ ဘုန်းကြီးရယ်၊ သာသနာရေးမှူးရယ် ညှိပြီးတော့ အဲဒီမလာတဲ့ ဘုန်းကြီးတွေအတွက် ရောက်ပါတယ်၊ လာပါတယ်ဆိုပြီး ပိုက်ဆံထုတ်စားတယ်” ဟု ၎င်းက ဆိုသည်။ 

အကျင့်ပျက်၊ စည်းကမ်းဖောက်သည့် ဝန်ထမ်းများကို အများပြည်သူကလည်း ထိရောက်စွာ တိုင်ကြားသည့်အခါ အရေးယူမှုများ ရှိခဲ့သည်ဟု ဆိုသည်။

အစိုးရသစ် လက်ထက်အတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပြည်သူ့ဝန်ထမ်းများ အရေးနှင့် ပတ်သက်၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ ရက် ၁၀၀  စီမံချက်သည်လည်း အပြောင်းအလဲဆီသို့ ဦးတည်နေပါသည်။

အခြေခံကျသည့် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရန် ဆောင်ရွက်ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် သင်ကြားမှုပုံစံနှင့် စီမံခန့်ခွဲမှုပုံစံများ ပြောင်းလဲခြင်းကဲ့သို့သော ဆောင်ရွက်မှုများ ဖြစ်သည်။

လက်ရှိတွင်လည်း ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ စီမံကိန်းအတွက် အလုပ်ရှုပ်လျက်ရှိသည်။

သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပြည်တွင်းတာဝန်ရှိသူများ တွေ့ဆုံခဲ့သည့် နေပြည်တော် ဆွေးနွေးပွဲတွင် အပြောင်းအလဲ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ပြောဆိုသည်။ 

အထက်ပါ ဝန်ထမ်းများ၏ ပျက်ကွက်မှု၊ ဥပဒေ ဖောက်ဖျက်မှုများနှင့် ပတ်သက်၍ ၎င်းက “စောင့်ကြည့်ဖို့ဟာကတော့ ကျွန်တော်တို့ ပြောရလို့ ရှိရင်တော့ ကျွန်တော်တို့ ရာထူးဝန်အဖွဲ့ကနေ စောင့်ကြည့်သင့်တာပေါ့” ဟု ဆိုသည်။

သို့သော်။ 

ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်မှုကို သက်ဆိုင်ရာ ဌာနများကသာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဌာနတစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ရာ ရောက်သောကြောင့် ယင်းသို့ လုပ်နိုင်စွမ်း မရှိဟု ဆိုသည်။ 

“ရုံးလုပ်ငန်းစနစ်အရ ကျွန်တော်တို့ ဝင်စွက်ဖက်ခွင့် မရှိဘူး၊ သိလို့မရဘူးပေါ့နော်၊  မရတဲ့ အခါမျိုးမှာတော့ ကျွန်တော်တို့လည်း ဘာမှတော့ ပြောလို့မရဘူးပေါ့”

ယင်းပြဿနာနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်က အဆိုပါ ရာထူးဝန်အဖွဲ့ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ထားသင့်သည်ဟု ဆိုသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တာဝန်များအပြင် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးအဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ၎င်း၏ ပြည်သူ့ဝန်ထမ်း ဘဝတာ ကာလအတွင်း ဘဝတူ လောကသားတို့အကြား အကျင့်ပျက်မှု၊ ဥပဒေ၊ နည်းဥပဒေများကို လက်တစ်လုံးခြား ပြုလုပ်ခြင်းများ အကြောင်း တစ်စိတ်တဒေသကို ပြန်လည်ပြောဆိုနေသည့် အငြိမ်းစား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ သဘောထားကလည်း အောက်ပါအတိုင်း ဖြစ်သည်။

ယင်းသို့ ခွင့်မဲ့ပျက်ကွက်သော သို့မဟုတ် တာဝန်ကျရာ နေရာတွင် လာရောက်တာဝန်ထမ်းဆောင်ခြင်း မရှိသည့် ကိုယ်ဖျောက်ဝန်ထမ်းများအတွက် အဓိက တာဝန်ရှိသူသည် မြို့နယ်အဆင့်ရှိ အရာရှိများသာ ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း ဆိုလျှင် မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ ပညာရေးဝန်ထမ်းများဖြစ်လျှင် မြို့နယ်ပညာရေးမှူး စသဖြင့်။ 

ယင်းသို့ ဥပဒေပြင်ပ လုပ်ဆောင်နိုင်မှုသည် အဆိုပါ မြို့နယ်အကြီးအကဲများ၏  လက်သိပ်ထိုး ခွင့်ပြုထားမှုကြောင့်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။
“တာဝန်အရှိဆုံးကတော့ မြို့နယ်အကြီးအကဲက စစ်ဆေးနေရမှာပေါ့” 

အောင်မျိုးထက်

ABOUT AUTHOR

(အောင်မျိုးထက်)