News

POST TYPE

FEATURE

တရုတ်လိုအပ်ချက်ကို ဖြည့်နေရသည့် မြန်မာမလေးများ
05-Apr-2018



တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ မိသားစုတစ်စု ကလေးတစ်ယောက်သာယူရမည်ဆိုသည့် (One-child) ပေါ်လစီကြောင့် ၂၀၁၆ ခုနှစ် စာရင်းအရ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၃၃ ဒသမ ၅ သန်းကျော် ပိုများသွားသည်။ ထိုသဘောတရားမှာ တရုတ်အမျိုးသားတွေ ဇနီး၊ မယား ရှားသွားပြီဆိုသည့် သဘောဖြစ်သည်။ ထို့ကြောင့် တရုတ်တို့သည် အိမ်နီးချင်းနိုင်ငံများဆီသို့ ဇနီး၊ မယားများကို ရှာဖွေနေကြသည့် လုပ်ငန်းနှင့်ဈေးကွက်တစ်ခုက ဖွံ့ဖြိုးလာပြီး၊ အလွယ်မရသည့်အခါတွင် ခြိမ်းခြောက်ခေါ်ဆောင်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့်လုပ်ငန်းများကိုပါ လုပ်ဆောင်နေကြကြောင်း တွေ့ရသည်။ 

အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တစ်ခုတွင် မြန်မာ-တရုတ်နယ်စပ်၌ သတို့သမီးများအဖြစ် လူကုန်ကူးနေသည့် လုပ်ငန်းတစ်ခုမှာ အလွန်အမင်းကြီးထွားနေကြောင်း ဖော်ပြထားသည်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများကို လမ်းဖွင့်ပေးနိုင်သော်လည်း နယ်စပ်သို့ လာရောက်ကုန်သွယ်နေကြသည့် မြန်မာများသည် တရုတ်တို့၏ လိုအပ်ချက်များကိုသာ ဖြည့်ဆည်းပေးပြီး ငွေရှာနေမှုများမှာ မြန်မာမလေးများအတွက် စိုးရိမ်စရာဖြစ်လာစေခဲ့သည်။ 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အမျိုးသမီးများကို တရုတ်နိုင်ငံသို့ လူကုန်ကူးနေမှု အများဆုံးဖြစ်နေသည်ဆိုသော ဝေဖန်မှုများမှာ လျစ်လျူရှုထားသင့်သည့် အနေအထားမဟုတ်တော့ပါ။ အလုပ်အကိုင်ရှားပါးမှုနှင့် အခွင့်အလမ်းနည်းပါးနေမှုများကြောင့် တစ်လလျှင် မြန်မာငွေ နှစ်သိန်း (၁၈၈ ဒေါ်လာခန့်) ရမည်ဆိုသည့် မက်လုံးများဖြင့် မြန်မာမလေးတွေကို တရုတ်ဘက်သို့ အခေါ်ခံနေကြရသည်။ 

ရန်ကုန်သူလေး နန္ဒာ (အမည်လွှဲ) သည် အသက် ၁၇ နှစ်အရွယ်တွင် လုံးဝဘဝပြောင်းလဲသွားရသည်။ 

“သမီး ၁၀ တန်းရောက်တော့ တစ်နေ့မှာ ပွဲစားတစ်ယောက်က ရောက်လာပြီး တရုတ်မှာ ဆံပင်ညှပ်တဲ့အလုပ် လုပ်မလားလို့ လာမေးတယ်”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံသည် အသစ်ပြုပြင်ပြောင်းလဲလိုက်သည့် စီးပွားရေးစနစ်သစ်ကြောင့် ဖွံ့ဖြိုးတိုးတက်လာသည်ဆိုသော်လည်း ဆင်းရဲသူက ဆင်းရဲတွင်းက မထွက်နိုင်သေးချိန်တွင်၊ ချမ်းသာသူတွေကလည်း ချမ်းသာပြီးရင်း ချမ်းသာနေကြသည်။ နန္ဒာတို့လို အောက်ခြေလူတန်းစား မိန်းကလေးများအတွက် လစာနှစ်သိန်းနှင့် အလုပ်ရမည်၊ တရုတ်သွားရမည်ဆိုခြင်းက တကယ့်အခွင့်အလမ်းကောင်းတစ်ခုဖြစ်သွားသည်။ ထို့ကြောင့် ပွဲစားကိုလိုက်မည်ဟု သဘောတူလိုက်သည်။ အထုပ်အပိုးတွေပြင်၊ ဘတ်စ်ကားကိုလည်း ကြိုတင်လက်မှတ် လုပ်လိုက်သည်။

နန္ဒာတစ်ယောက် ပွဲစားနှင့်အတူ တရုတ် ယူနန်နယ်ကိုဝင်ရန် ရှမ်းပြည်နယ်ကို ဖြတ်လာမှ သူ့ကိုယ်သူ မည်သို့သောဘဝ ရောက်နေပြီဆိုခြင်းကို တဖြည်းဖြည်း သဘောပေါက်လာသည်။ 

“ပွဲစားက သမီးကို အိမ်တစ်အိမ်ကိုခေါ်သွားတယ်။ အဲဒီအိမ်မှာ တရုတ်တွေက သမီးကို လာကြည့်တယ်။ အဲဒီအနေအထားမှာ သမီး ဘာမှမလုပ်နိုင်တော့ဘူး”

သူ့ကို အသက်ကြီးကြီး လူတစ်ယောက်က ယွမ် ၆၀၀၀၀ (ဒေါ်လာ ၁၁၆၃၀) ခန့်နှင့် ဝယ်သွားသည်။ အဘိုးကြီးက သူ၏သားဖြစ်သူ မသန်စွမ်းအတွက် နန္ဒာကို ဝယ်ယူသွားခဲ့ခြင်းဖြစ်သည်။ သူ့ဘဝက ချက်ချင်းပင် တရုတ်မယားအပြင် အိမ်ကျွန်ဘဝကိုပါ ရောက်သွားခဲ့ရတော့သည်။ 

“သမီးက တရုတ်စကားမတတ်ဘူး။ ဒါကြောင့် သူတို့ခိုင်းတာတွေလည်း မလုပ်တတ်ဘူး”ဟု သူက ဆိုသည်။ 

သူ့ဘဝက ယူထားသည့်လင်၏ လိင်ကိစ္စ အသုံးခံအဖြည့်ခံဘဝသာ ဖြစ်သည်။ သူ့ကံကြမ္မာက တရုတ်တွင် ဤသို့နေထိုင်ရမည်ဟု ပါလာဟန်တူသည်။ မကြာမီ နန္ဒာတစ်ယောက် ကိုယ်ဝန်ရှိလာတော့သည်။ 

နန္ဒာ၏ ဇာတ်လမ်းသည် မြန်မာနိုင်ငံတွင် မထူးဆန်းသည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။ တရုတ်သို့ မယားအဖြစ် ရောင်းစားခြင်းခံနေရသည့်သူတွေကလည်း အရှေ့တောင်အာရှဒေသတွင် ဇာတ်လမ်းပေါင်းများစွာ ရှိနေသည်။ အားလုံးလိုလိုမှာ အလှည့်စားခံရပြီး တရုတ်မယားဖြစ်သွားကြရသည်က များသည်။ တရုတ်ရောက်သွားသူ မိန်းကလေးအများစုမှာလည်း ဘာသာစကားအခက်အခဲနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ အတားအဆီး အပိတ်အဆို့များကြောင့် တရုတ်မယားဘဝက ပြန်လွတ်မြောက်ရန် အခွင့်အရေးနည်းပါးကြသည်။ 

တရုတ်နိုင်ငံတွင် မိသားတစ်စု ကလေးတစ်ယောက် ပေါ်လစီကို ၁၉၇၉ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ထိုဥပဒေကို ဖြေလျှော့ပေးခဲ့သည်။ ၁၆ နှစ်ခန့် မိသားစုစီမံချက်ဖြင့် လူဦးရေကို ထိန်းချုပ်လိုက်ခြင်းက တရုတ်တွင် ပြဿနာများကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရသည်။ 

တရုတ်ရိုးရာအစဉ်အလာတွင် သားယောကျာ်းလေးများကိုသာ လိုချင်ကြသည်။ ယောကျာ်းလေးများကိုသာ မိသားစုအရိုက်အရာ ခံနိုင်မည့် ကြီးမြတ်သောသူများဟု ယူဆချက်များကြောင့် ကိုယ်ဝန်ရှိလာ၍ သမီးမိန်းကလေးဖြစ်လာလျှင် ဖျက်ချမှုများကို ဖြစ်လာစေခဲ့သည်။ ထိုအယူအဆနှင့် အလေ့အထကြောင့်ပင် တရုတ်တွင် ယောကျာ်း၊ မိန်းမ ကွာဟချက်များသည် အဆမတန်များလာခဲ့ရသည်။ အစိုးရ ခန့်မှန်းချက်များအရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ယောကျာ်းနှင့် မိန်းမကွာဟချက်မှာ သန်း ၃၀ ခန့် ဖြစ်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။

မိန်းမရှားလာသည့် တရုတ်နိုင်ငံတွင် လူပျိုလေးများသည် နိုင်ငံခြားထွက်ခြင်း၊ နယ်စပ်များကို ရောက်လာပြီး သတို့သမီးလာရှာခြင်းများကိုလည်း ပြုလုပ်လာကြသည်။ တရုတ်တွေ မျက်စိကျလာသည့် အခြားဥရောပနိုင်ငံတစ်နိုင်ငံမှာ ယူကရိန်းဖြစ်သည်။ ယူကရိန်းသည် စီးပွားရေးနိမ့်ကျနေပြီး အချောအလှတွေ ပေါများသဖြင့် အကောင်းကြိုက်တရုတ်လေးတွေက ယူကရိန်းထွက်ကာ ပညာတော်သင်သွားသည်ဆိုပြီး မိန်းမယူနေကြသည်က များသည်။ သူတို့သည် အွန်လိုင်းကတစ်ဆင့် ပုံတွေကြည့်၊ အချိန်းအချက်လုပ်ပြီး ယူကရိန်းအထိ မိန်းမအရှာထွက်နေမှုများကိုပင် လုပ်နေကြကြောင်း Beijing News တွင် ဖော်ပြထားသည်။ 

ချမ်းသာသည့် တရုတ်တွေက နိုင်ငံခြားထွက်ပြီး အချောအလှတွေ ရွေးချယ်ယူလာချိန်တွင် မချမ်းသာသည့် ယောကျာ်းသားတွေအတွက် အိမ်ထောင်ဘက်ကိုရှာရန် ဈေးကွက်မှာ နယ်စပ်ဘက်ကို ခြေဦးလှည့်ရန်သာ ဖြစ်သည်။ တရုတ်တွင်လည်း မိန်းကလေးများ၏ စိတ်ကူးယဉ်အိပ်မက်သည် ချမ်းသာသည့်၊ ပညာတတ်သည့် ယောကျာ်းလေးများနှင့် လက်ထပ်ရန်ဆိုသည်မှာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့သော အိပ်မက်များဖြစ်သည်။ ထို့ကြောင့် ကျေးလက်က မိန်းကလေးတွေကလည်း အခွင့်အလမ်းပိုများသည့် မြို့တက်ပြီး အလုပ်ရှာ လင်ရှာလုပ်နေကြရာ ကျေးလက်များတွင် မိန်းကလေးတွေက ရှားပြီးရင်း ရှားလာသည်။ 

တရုတ်မြို့ပြများတွင် ကျေးလက်ကလာပြီး နေထိုင်ကာ ရှာဖွေစားသောက်နေကြသည့် အမျိုးသမီးဦးရေသည် အလွန်များပြားလာသည်။ တရုတ်မြို့ပြများတွင် အပျိုရပ်ကွက်တစ်ကွက် တည်၍ရအောင်ပင်များသည်ဟု ဆိုသည်။ တရုတ်မြို့ပြတွင်နေထိုင်သည့် လူငယ်ယောကျာ်းလေးအများစုကလည်း ရည်မှန်းချက်ကြီးပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာနောက်ကို လိုက်နေကြသူက များသောကြောင့် အတည်လက်ထပ်ယူမည့် သူများထက် အပျော်တွဲပြီးနေသူတွေ များလာသည်။ အနေအထားက တရုတ်ကျေးလက်တွင် မိန်းမရှားသွားသဖြင့် ကျေးလက်နေ မိဘများသည် သားယောကျာ်းလေး မွေးထားလျှင် ၁၀ နှစ်သားကတည်းက ဇနီးမယားရှာရသည့် အလုပ်တစ်ခုတိုးလာသည်ဟု ဆိုကြသည်။ 

မိသားစုအတွင်း ယောကျာ်းလေးကို ဦးစားပေးသည့်အပြင် အိမ်ထောင်ပြုလျှင်လည်း ယောကျာ်းက သားကို သခင်၊ လင်ကိုဘုရားအရာ ထားကြရသည့် ဝါဒထွန်းကားနေဆဲဖြစ်သဖြင့် တန်ဖိုးရှိသူများ ဖြစ်နေကြရပြန်သည်။ သို့သော် ရှားပါးလာသည့် သတို့သမီးအနေအထားကြောင့် တရုတ်မိန်းကလေးကို လက်ထပ်မည်ဆိုလျှင် လက်ထပ်ကြေးအဖြစ် သတို့သမီးမိသားစုကို ဒေါ်လာ ၃၀,၀၀၀ အပြင် တိုက်ခန်းတစ်ခန်းပါ လက်ဖွဲ့နိုင်မှ မိန်းမရမည့် အနေအထားကို ရောက်လာသည်။ လွန်ခဲ့သော လေးနှစ်ခန့်က မိန်းမတစ်ယောက်ကို ဒေါ်လာ ၁,၅၀၀ ခန့်ပေးနိုင်လျှင် ရနိုင်သည့် အနေအထားနှင့်များစွာ ကွာခြားသွားသည်။

ကျေးလက်များတွင်လည်း သတို့သမီးဘက်ကို ပေးရသည့် ငွေကြေးပမာဏမှာ မြင့်တက်လျက်ရှိသည်။ ကွမ်ကျိုးနယ်တွင် လွန်ခဲ့သည့် လေးနှစ်ခန့်က ဒေါ်လာ ၃,၀၀၀ မှ ယခုအခါ ဒေါ်လာ ၁၃,၀၀၀ ဖြစ်သွားသည်။ ရှန်ရှီးနယ်တွင် ယခင် ဒေါ်လာ ၄,၄၀၀ မှ ၁၄,၇၀၀ ဖြစ်သွားသည်။ ထိုငွေကြေးပမာဏသည် ဆင်းရဲသည့် မိသားစုအတွက် အလွန်မက်စရာကောင်းသော ပမာဏဖြစ်သည်။ ဒေသသူကို ယူလျှင်ပေးရမည့် လက်ထပ်ကြေးပမာဏက များလွန်းသောကြောင့် တရုတ်တို့က မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများမှ မိန်းကလေးများဆီသို့ မိန်းမဈေးကွက်ကို ချဲ့လာကြသည်။ 

ဟီနန်လိုကျေးရွာလေးမှပင် ဗီယက်နမ်သူနှင့် လက်ထပ်ထားသော ယောကျာ်း ၂၀ ကျော်ရှိနေသည်။ ဗီယက်နမ် မိန်းကလေးတစ်ဦးကိုဝယ်မှ ဒေါ်လာ ၃,၂၀၀ ခန့်သာပေးရသဖြင့် မိန်းမလိုချင်နေသော ကျေးလက်နေတရုတ်ယောကျာ်းများက ပြည်တွင်းဖြစ်ထက် နိုင်ငံခြားဖြစ်တွေကို ပိုမက်လာရသည်။ ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတွေလည်း တရုတ်ကို စီးပွားရေးမကောင်းသဖြင့် ရောက်လာသူများရှိသလို၊ အတင်းအဓမ္မလူကုန်ကူးခံရပြီး ရောက်လာကြသူများလည်း ရှိကြသည်။ အချို့ ဗီယက်နမ်က မိန်းကလေးတွေဆိုလျှင် ၁၂ နှစ်သမီးလောက်နှင့် တရုတ်မယားအဖြစ် လာရောင်းစားခံနေကြရသည်။ 

မြန်မာနိုင်ငံတွင်လည်း ၂၀၀၅ ခုနှစ်ကတည်းက လူကုန်ကူးမှုကာကွယ်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းပေးခဲ့ပါသည်။ သို့သော် ဥပဒေကို လက်တစ်လုံးခြားဖြင့် ဖောက်ဖျက်ကျူးလွန်သူများကား ရှိနေဆဲဖြစ်သည်။ အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် ဘဝပျက်နေကြရသည့် မြန်မာမလေးပေါင်းများစွာ တိုးပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ တရုတ်ဘက်ကို ရောက်လာသည့် မိန်းကလေးများသည် ၁၅ နှစ်မှ ၄၇ နှစ်အတွင်း အများဆုံးဖြစ်ကြသည်။ သို့သော် ကလေးများကို လူကုန်ကူးနေမှုများကလည်း အလွန်ခေတ်စားပြီး ဈေးကွက်ကြီးတစ်ခုဖြစ်နေသည်။ အပျိုစစ်စစ် မိန်းကလေးတစ်ဦးကို ဒေါ်လာ ၂၀,၀၀၀ ဖြင့် ပေးဝယ်နေကြသည်။ နယ်စပ်တွင် မိန်းကလေးများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများကို ယူသွားပြီး ပြရုံသာဖြစ်ကာ ကြိုက်လျှင် ဈေးခေါ်ပြီး လူထည့်ပေးလိုက်သည့် ဈေးကွက်ကြီးတစ်ခုက ဖြစ်တည်နေသည်မှာ စိုးရိမ်စရာကောင်းသည့် အနေအထားဖြစ်သည်။

တရုတ်အစိုးရကလည်း လူကုန်ကူးမှုများကို အကာအကွယ်ပေးနေပါသည်ဆိုစေ သူ့နိုင်ငံသူ့လူမျိုး ပြဿနာများကို အချို့သောနေရာများတွင် လျစ်လျူရှုထားပေးပြီး ရှေ့နောက်မညီကြောင်းတွေ့ရသည်။ လူ့အခွင့်အရေးအဖွဲ့များက တရုတ်တွင် လူကုန်ကူးနေသည်မှာ ၂၀၁၂ ခုနှစ်မှာပင် ၈၀၀၀၀ ခန့်ရှိနေသည်ဆိုသော်လည်း တရုတ်အစိုးရထုတ်ပြန်ချက်တွင် ၁၉၄ ဦးသာဖြစ်သည်။

နန္ဒာသည် တရုတ်မယား၊ တရုတ်ကျွန်ဘဝနှင့် ပင်ပန်းဆင်းရဲစွာနေထိုင်ခဲ့ရသည်။ သူက တီဗီကြည့်ရင်း အိမ်သားများနှင့် ပြောရင်းဆိုရင်း တရုတ်စကားနည်းနည်းပါးပါးတတ်လာသည်။ တရုတ်စကား တတ်လာချိန်၌ ရဲဌာနကိုသွားပြီး သူ့အဖြစ်အပျက်ကို ပြောပြနိုင်ခဲ့သည်။ 

တရုတ်ရဲတွေက နှစ်လမ်းရွေးခိုင်းသည်။ ယောကျာ်းထံပြန်မလား၊ မြန်မာနိုင်ငံ ပြန်မလားဖြစ်သည်။ မြန်မာနိုင်ငံပြန်လျှင် တစ်ယောက်တည်းပြန်ရမည်။ ကလေးကိုတော့ သူတို့ မခေါ်ပေးနိုင်ဟုဆိုသည်။ သူ့ကို ယောကျာ်းဘက်ကလည်း ကလေးပြန်မပေးနိုင်ကြောင်း ကန့်ကွက်ကြသည်။ ဤသို့ဖြင့် နန္ဒာတစ်ယောက် ကလေးကိုထားခဲ့ပြီး မြန်မာနိုင်ငံကို တစ်ယောက်တည်း ပြန်ခဲ့ရသည်။ 

မျက်ရည်တွေကျနေသည့် နန္ဒာက -

“ကျွန်မသားလေးကို ကျွန်မ ဘယ်တော့မှ ပြန်တွေ့တော့မှာ မဟုတ်ဘူး”ဟု ငိုယိုပြီး ပြောရှာသည်။

ကျော်ဗလ

(Ref: The Diplomat, Mercatornet, ABC)