News

POST TYPE

FEATURE

သိမ်ငယ်စိတ်နှင့် ဘဝင်မြင့်စိတ်
05-Apr-2018 tagged as



ယခုရက်ပိုင်းအတွင်း မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားကို အကြောင်းပြုပြီး လူအများကြား အုတ်အော်သောင်းတင်းဖြစ်သွားပါတယ်။

တောကား၊ မြို့ကား၊ ပေါကား အငြင်းပွားနေကြသလို ရုပ်ရှင်လောကသားအချို့ရဲ့ အဲဒီရုပ်ရှင်အပေါ် ဝေဖန်မှုတွေနဲ့ Group Chat မှာ အပြန်အလှန်ပြောဆိုတဲ့ Screen Shot တွေပါ ထွက်ပေါ်လာတဲ့အခါမှာတော့ လူအများရဲ့အမြင်မှာ ဝေဖန်တိုက်ခိုက်နေတဲ့သူတွေဟာ သိမ်ငယ်စိတ်၊ အငုံ့စိတ်ဖြစ်နေကြတယ်၊ အောက်ခြေလွတ် ဘဝင်မြင့်နေကြတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်လာသလို အချို့ကလည်း စိတ်ပညာအရ သိမ်ငယ်စိတ်ဝင်တယ်၊ Inferiority Complex ဖြစ်နေတယ် စသဖြင့် ပြောဆိုရေးသားတာမျိုးတွေပါ တွေ့လာရပါတယ်။

အဲဒီတော့ ဝေဖန်တိုက်ခိုက်နေတဲ့သူတွေဟာ တကယ်သိမ်ငယ်စိတ်ဝင်နေတာလား၊ Inferiority Complex ဖြစ်နေတာလား၊ ဘဝင်မြင့်နေတာလားဆိုတာထက် သိမ်ငယ်စိတ်ဆိုတာဘာလဲ၊ Inferiority Complex ဆိုတာဘာလဲ၊ ဘဝင်မြင့်စိတ်ဆိုတာဘာလဲ၊ သူ့ရဲ့လက္ခဏာတွေက ဘယ်လိုလဲ၊ ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်တတ်လဲ၊ ဘယ်လိုလူတွေမှာဖြစ်တတ်သလဲဆိုတာတွေကို စိတ်ပညာရှုထောင့်ကနေ ဆွေးနွေးတင်ပြချင်ပါတယ်။ ဒါပေမဲ့ စိတ်ပညာလို့ပြောလိုက်ရင် အများစုက စိတ်ရောဂါအကြောင်း၊ ရူးနေလို့ စိတ်ကျန်းမာရေးဆေးရုံ သွားဖို့သင့်ပြီဆိုတဲ့အကြောင်းတွေလို့ ထင်တတ်ကြပြီး ငါ့ကိုတော့ ရူးမရူးပြောတော့မယ်၊ ငါ့မှာ စိတ်ရောဂါ ရှိ မရှိ ပြောတော့မယ်လို့ထင်မှတ်မှားပြီး ရွံ့တတ်ကြပါတယ်။ တကယ်တော့ စိတ်ပညာဆိုတာ စိတ်အကြောင်း လေ့လာတာပါ။ လေ့လာတဲ့အခါမှာလည်း စိတ်မကျန်းမာတဲ့သူတွေသာမက စိတ်ကျန်းမာတဲ့သူတွေကိုလည်း လေ့လာပါတယ်။ လူဆိုးရော လူကောင်းပါ လေ့လာပါတယ်။ အပြည့်အစုံပြောရရင်တော့ လူတွေရဲ့အပြုအမူနဲ့ စိတ်ဖြစ်စဉ်ကို သိပ္ပံနည်းကျလေ့လာတာကို စိတ်ပညာလို့ခေါ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ လူတွေရဲ့အပြုအမူနဲ့ စိတ်ဖြစ်စဉ်တွေကို သိပ္ပံနည်းကျလေ့လာတဲ့ စိတ်ပညာမှာ သိမ်ငယ်စိတ်နဲ့ ဘဝင်မြင့်စိတ်အကြောင်း ဘယ်လိုပြောသလဲဆိုတာ တင်ပြသွားပါမယ်။

သိမ်ငယ်စိတ်ကို တွေ့ရှိခြင်း

လူတိုင်းမှာ ဖြည့်ဆည်းဖို့လိုအပ်တဲ့ လိုအပ်ချက်အချို့နဲ့ လိုအင်ဆန္ဒတွေရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလိုအင်ဆန္ဒအများစုဟာ အကြောင်းအမျိုးမျိုးကြောင့် ပြီးမြောက်ဖို့ အခက်အခဲရှိတတ်ပါတယ်။ အဲဒီလို အလိုမပြည့်တဲ့အခါ အကူအညီမဲ့သလိုလို အစွမ်းအစမရှိတော့သလိုလို ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် လူတစ်ယောက်ဟာ Inferior ဆိုတဲ့သိမ်ငယ်စိတ်၊ တစ်နည်းနိမ့်ကျစိတ်ခံစားဖို့ အလားအလာများသွားတတ်ပါတယ်။

အဲဒီလို အစွမ်းအစမဲ့သလို အားကိုးရာမဲ့သလို မျှော်လင့်ချက်မဲ့သလို စိတ်ဓာတ်ကျသလို သိမ်ငယ်စိတ် (နိမ့်ကျစိတ်) ဟာ လူတိုင်းမှာ တစ်ခါတစ်ရံ ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုခံစားရတာဟာ ပုံမှန်ဖြစ်သလို ပြဿနာလည်းမရှိပါဘူး။ အဲဒီလိုခံစားရတာကို လူတစ်ဦးချင်းစီဟာ ကျော်လွှားနိုင်တဲ့အချိန်တွေရှိပေမယ့် လိုအင်ဆန္ဒအသစ်တွေပေါ်လာတိုင်း အဲဒီသိမ်ငယ်စိတ် (နိမ့်ကျစိတ်) က ပြန်ပေါ်လာတတ်ပါတယ်။

ဒါပေမဲ့ အဲဒီသိမ်ငယ်စိတ် (နိမ့်ကျစိတ်) ဟာ ကောင်းတဲ့သက်ရောက်မှုကိုဖြစ်စေနိုင်သလို မကောင်းတဲ့သက်ရောက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကောင်းတဲ့သက်ရောက်မှုကတော့ လူတစ်ယောက်ဟာ လိုအင်ဆန္ဒမပြည့်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အားမလိုအားမရတဲ့စိတ်၊ သိမ်ငယ်စိတ်ကြောင့် လိုအင်ဆန္ဒပြည့်ဖို့ မခံချင်စိတ်နဲ့ ကြိုးစားလုပ်ကိုင်ရယူလာတဲ့အတွက် အစွမ်းအစမဲ့သလိုလို ကူရာမဲ့သလိုလို ခံစားချက်တွေကို ကျော်လွှားသွားနိုင်တာပါ။ 

အဲဒီလို သိမ်ငယ်စိတ်ကို ထိန်းချုပ်ကျော်လွှားနိုင်ရင်၊ မခံချင်စိတ်အဖြစ် စိတ်ဓာတ်လှုံ့ဆော်တဲ့ တွန်းအားအဖြစ်သုံးရင်ကောင်းပေမယ့် အဲဒီသိမ်ငယ်စိတ်ဟာ မကြာခဏဖြစ်နေရင်၊ တွန်းလှန်ကျော်လွှားဖို့ ခက်လာပြီဆိုရင်တော့ မကောင်းတဲ့သက်ရောက်မှုကို ဖြစ်ပေါ်လာစေပါတယ်။ အဲဒါကတော့ စိတ်ပညာအခေါ်အဝေါ်အရ နိမ့်ကျစိတ်ထားဖွဲ့စည်းမှု (Inferiority Complex) ကို ဖြစ်ပေါ်စေတာပါ။

နိမ့်ကျစိတ်ထားဖွဲ့စည်းမှု (Inferiority Complex) အကြောင်း စတင်ဖော်ထုတ်တွေ့ရှိခဲ့သူကတော့ စိတ်ပညာရှင် Alfred Adler (1870-1937) ဖြစ်ပါတယ်။ သူဟာ မသန်စွမ်းတဲ့ သူ့လူနာတွေကို လေ့လာရာကနေ စတင်တွေ့ရှိခဲ့တာပါ။ မသန်စွမ်းတဲ့သူတွေထဲမှာ အချို့က အားကစားမှာ ထူးချွန်အောင်မြင်သွားတတ်ပါတယ်။ မသန်စွမ်းတာကို ကြီးမားတဲ့ စိတ်ဓာတ်လှုံ့ဆော်မှုအဖြစ် အသုံးချလိုက်တာပါ။ အချို့ကတော့ မသန်စွမ်းတာကို လက်မြှောက်အရှုံးပေးလိုက်ပြီး သူတို့အခြေအနေကို တိုးတက်အောင် သိပ်မလုပ်နိုင်တော့ပါဘူး။ လူတစ်ဦးချင်းစီမှာ သူတို့ကိုယ် သူတို့ရှုမြင်ပုံ၊ တစ်နည်း အတ္တအလေးအမြတ်ပြုမှု (Self-esteem) ကွာခြားပုံတွေကို Adler သဘောပေါက်ခဲ့ပါတယ်။

Alder ရဲ့အဆိုအရ သိမ်ငယ်စိတ်ဆိုတာ လူတိုင်းတွေ့ကြုံခံစားရတတ်ပြီး ကလေးဘဝက အစပြုတယ်လို့ ဆိုပါတယ်။ ကလေးတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်မှာ သူ့ထက် အစစအရာရာ ကာယဉာဏအား ကြီးမားသာလွန်တဲ့သူတွေ ဝန်းရံနေတတ်တဲ့အတွက် သူ့ကိုယ်သူ အားနည်းသလို၊ သိမ်ငယ်သလို ခံစားရတတ်ပါတယ်။ ကလေးတစ်ယောက်ဟာ အများအားဖြင့် သူ့ထက်အကြီးတွေလုပ်တာကို လိုက်တုပလုပ်ဆောင်ပြီး လူကြီးတွေလိုလုပ်နိုင်အောင် ကြိုးစားတတ်ပါတယ်။ အဲဒီလိုပတ်ဝန်းကျင်က တွန်းအားတွေကြောင့် တုပလုပ်ဆောင်ရင်း လုပ်တတ်လာပါတယ်။

ကျန်းမာရေးရော ကိုယ်ရည်ကိုယ်သွေးပါ ကောင်းမွန်တဲ့ကလေးနဲ့ လူကြီးတွေဟာ ရည်မှန်းချက်တွေ၊ အလိုဆန္ဒတွေကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာပါတယ်။ နောက်ထပ် စိန်ခေါ်မှုအသစ်တွေရှိလာစေမယ့် ရည်မှန်းချက်အသစ်တွေ၊ အလိုဆန္ဒအသစ်တွေ ပေါ်မလာမချင်း သိမ်ငယ်စိတ်က ပျောက်ကွယ်နေပါတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာရော ကိုယ်ရည်ကိုယ်သွေးပါ အားနည်းနေတဲ့သူတွေကတော့ သိမ်ငယ်စိတ်ခံစားရနိုင်ပြီး အဲဒီလိုခံစားရာကနေ ကိုယ်ရည်ကိုယ်သွေးဟန်ချက်မညီတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ နိမ့်ကျစိတ်ထားဖွဲ့စည်းမှု (Inferiority Complex) ဖြစ်လာပြီလို့ သူကဆိုပါတယ်။ (ပုံတွင်ကြည့်ပါ)

လက္ခဏာများ

နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကြောင့် လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလို၊ အသုံးမကျသလို ခံစားရပြီး မျှော်လင့်ချက်မဲ့သလို ထင်မြင်ယူဆချက်တွေ ကိန်းအောင်းလာပါတယ်။ သူဟာ အချို့ အရည်အချင်းတွေ ချို့တဲ့သလို စတင်ခံစားလာရပြီး အဲဒီအရည်အချင်းတွေနဲ့ပတ်သက်ပြီး အခြားလူတွေနဲ့ယှဉ်ရင် နိမ့်ကျသလို ခံစားလာရပါတယ်။ သူ့ကိုယ်သူ ရိုးသားစွာ အထင်ကြီးသင့်တဲ့ကိစ္စတွေမှာတောင် အထင်မကြီးတတ်ဘူး ဖြစ်လာပါတယ်။

အဲဒီနိမ့်ကျစိတ်ထားဖွဲ့စည်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်မှုမရှိဘူးလို့ ခံစားရတဲ့ သာမန်ခံစားချက်မျိုးတောင် အကြီးကြီးချဲ့ကားပစ်လိုက်ပြီး ရည်မှန်းချက်တွေပြီးမြောက်ဖို့၊ အချို့ဖြစ်နိုင်တာတွေကို လုပ်ဆောင်ဖို့မဖြစ်နိုင်တော့ဘူးလို့ ခံစားလာရပါတယ်။ ဥပမာ-သာမန်ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ ကြိုးစားပေမယ့် ကြိုးစားသမျှ အရာမထင်မှု ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ အခြားသူတွေကိုကြည့်ပြီး သိမ်ငယ်လာပါတယ်။ သူ့သူငယ်ချင်းတွေနဲ့ယှဉ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်လာရာကနေ သူ့ကိုယ်သူ တန်ဖိုးမရှိသလို ခံစားလာရပါတယ်။

နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဟာ ထူးခြားတဲ့ကိစ္စတွေနဲ့ ရည်မှန်းချက်တွေမှာသာ ဖွံ့ဖြိုးစေနိုင်တာမဟုတ်ဘူး။ သာမန်ကိစ္စတွေမှာပါ ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဥပမာ-လူတစ်ယောက်ဟာ အခြားသူတွေနဲ့ယှဉ်ကြည့်ပြီး သူ့ကိုယ်သူ ကြည့်မကောင်းဘူးလို့ ထင်ရာကနေ နိမ့်ကျစိတ်ထားဖွဲ့စည်းစေဖို့ အကြောင်းရင်းဖြစ်လာပါတယ်။

အလားတူပဲ လူတစ်ယောက်ဟာ မိတ်ဆွေမဖွဲ့နိုင်ဘူးဆိုရင် အခြားသူတွေက သူ့ကိုမနှစ်သက်ဘူး၊သူ့မှာမိတ်ဆွေကောင်းရဖို့ အရည်အချင်းမရှိဘူးလို့ ခံစားရနိုင်ပါတယ်။ ပြီးတော့ အခြားသူတွေနဲ့ယှဉ်ကြည့်ပြီး သူ့ဘဝရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး စိတ်ရှုပ်လာပြီး စိတ်မလုံခြုံသလို ခံစားလာရာကနေ သူဟာ ဘာမှသုံးမရဘူးလို့ ထင်လာပါတယ်။ အဲဒီခံစားချက်မျိုး ဆက်တိုက်ဖြစ်နေတာက နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကို ဖြစ်ပေါ်လာစေပါတယ်။

နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဟာ လူတစ်ယောက်ကို အန္တရာယ်ဖြစ်စေနိုင်သလို အခြားပြဿနာတွေဆီကိုလည်း ဦးတည်သွားစေပါတယ်။ သူများနဲ့ယှဉ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမပြည့်သလို ခံစားလာရာကနေ စိတ်ပျက်တာ၊ အလိုမကျတာ၊ စိတ်ဖိစီးတာ၊ ကြောက်ရွံ့တာ၊ ထိတ်လန့်တာ၊ ကိုယ့်ကိုယ်ကိုယ် သနားတာ၊ ကိုယ့်အားနည်းချက်ကိုဖုံးကွယ်ဖို့ သူတစ်ပါးကို အပြစ်တင်ဝေဖန်ပြီး အားနည်းချက်ရှာတာ၊ စိတ်မလုံခြုံတာ၊ အထီးကျန်တာ၊ လူမှုဆက်ဆံရေးညံ့ဖျင်းတာ အစရှိတာတွေ ဖြစ်လာပါတယ်။

ဘဝင်မြင့်စိတ်ဆိုတာ

နိမ့်ကျစိတ်ထားဖွဲ့စည်းမှု အလွန်အမင်း ဖိစီးလွှမ်းမိုးလာပြီး အချိန်အကြာကြီးဖြစ်နေပြီဆိုရင်တော့ ဘဝင်မြင့်စိတ်ထားဖွဲ့စည်းမှု (Superiority Complex) အဖြစ် ပြောင်းသွားတတ်ပါတယ်။ ဘဝင်မြင့်စိတ်ထားဖွဲ့စည်းမှုဆိုတာ အခြားမဟုတ်ပါဘူး။ နိမ့်ကျစိတ်ထား ဖွဲ့စည်းမှုပုံစံကို ချဲ့ကားထားတာပါ။ လူတစ်ယောက်ဟာ နိမ့်ကျစိတ်ထားဖွဲ့စည်းမှု အလွန်အမင်း ဖွံ့ဖြိုးလာတဲ့အခါမှာတော့ ဘဝင်မြင့်စိတ်ထား ဖွဲ့စည်းမှုဆီ ပြောင်းသွားတတ်ပါတယ်။

လူတစ်ယောက်ဟာ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကို ကျော်လွှားဖို့ အခြားသူတွေကို နိမ့်ကျသလိုခံစားရအောင်လုပ်တာဟာ နည်းလမ်းကောင်းလို့ ခံစားလာရာကနေ ဘဝင်မြင့်လာပါတယ်။ အဲဒီလိုကနေ သူ့ရဲ့အမူအရာဟာ ပလွှားပြီး မောက်မာလာပါတယ်။ သူဟာ ကြွားဝါဖို့ကြိုးစားသလို ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တာတွေ များလာပါတယ်။ ကိုယ်စိတ်ကျေနပ်မှုရဖို့ အခြားသူတွေကို အနိုင်ကျင့်ဖို့ ကြိုးစားလာပါတယ်။

ပျောက်ဆုံးသွားတဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကိုပြန်ရဖို့ အဲဒီဟာတွေအားလုံးကို လုပ်ပါတယ်။ အခြားသူတွေရဲ့ အာရုံစိုက်မှုကို ကြိုးစားရှာသလိုသူ့မှာ တကယ်မရှိတာကို ရှိသယောင်ဟန်ဆောင်တတ်လာပါတယ်။ သူဟာ နိမ့်ကျစိတ်ထားရှိသူမဟုတ်ကြောင်း သူ့ကိုယ်သူရော အခြားသူကိုပါ သက်သေပြဖို့ကြိုးစားပါတယ်။ သူဟာ သူ့ကိုယ်သူ တန်ဖိုးအရှိဆုံး၊ အကောင်းဆုံးလူတစ်ယောက်လိုထင်လာဖို့ ကြိုးစားပါတယ်။

အပြင်ပန်းကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရမ်းရှိတဲ့လူတစ်ယောက်လို့ ထင်စရာပါ။ သူ့ကိုယ် သူအားရကျေနပ်သလိုပုံစံမျိုး ဖမ်းထားပါတယ်။

ဒါပေမဲ့ တကယ့်အစစ်အမှန်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူဟာ သူ့ရဲ့အားနည်းချက်ကိုဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်သလို အလွန်အမင်းနိမ့်ကျတဲ့စိတ်ထားကို ကျော်လွှားဖို့ ကြိုးစားနေတာပါ။

အဲဒီသဘောထားကို အခြားသူကတော့ စော်ကားတယ်၊ ရိုင်းတယ်လို့ မှတ်ယူပါတယ်။ အဲဒီလိုအပြုအမူမျိုးဖြစ်လာရာကနေ ကိုယ့်ကိုယ်ကိုယ် လိမ်ညာတတ်လာပါတယ်။ အခြားသူတွေက သူ့ကိုစပြီး မနှစ်သက်လာသလို ဝေးဝေးရှောင်လာကြပါတယ်။ အဲဒီဟာက သူ့ကို ပိုပြီး အသုံးမဝင်သလို ခံစားရစေပါတယ်။ အဲဒီလိုနဲ့သူဟာ ရန်လိုတဲ့အပြုအမူပိုဖြစ်လာပြီး အထီးကျန်မှုနဲ့ စိတ်ဖိစီးမှုက ပိုပြီးပြင်းထန်လာပါတယ်။

ဘယ်လိုကျော်လွှားမလဲ

နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကို ကျော်လွှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ အစားထိုးတာ (Compensation) ပါ။ တကယ်လို့ လူတစ်ယောက်ဟာ အချို့စွမ်းဆောင်မှုတွေမှာ သူ့ကိုယ်သူ ချို့တဲ့တယ်လို့ထင်ရင် အခြားကိစ္စတွေမှာ ထူးချွန်အောင်ကြိုးစားလို့ရပါတယ်။ အဲဒီအရည်အချင်းတွေကို ထူးချွန်အောင်လုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာသလို သူ့ကိုယ်သူလည်း ကျေနပ်အားရလာပါတယ်။ အဲဒီလိုနဲ့ သူဟာ အရည်အချင်းတစ်ခုမှာ ချို့တဲ့တာပြဿနာမရှိဘူး၊ အခြားအရည်အချင်းတွေမှာ တော်တယ်ဆိုပြီး ခံစားလာရပါတယ်။ 

ဥပမာ-ကျောင်းစာမှာ သူ့ကိုယ်သူမတော်ဘူးလို့ ထင်တဲ့သူတစ်ယောက်ဟာ အားကစားမှာ ထူးချွန်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ သူ့ကိုယ်သူ ရုပ်ရည်မချောမောဘူးလို့ ထင်တဲ့သူတစ်ယောက်ဟာ ကျောင်းစာမှာ အလွန်တော်တဲ့သူဖြစ်လာနိုင်သလို ဉာဏအားသုံးရတဲ့ကိစ္စတွေမှာ ထူးချွန်သူဖြစ်လာနိုင်ပါတယ်။ စကားပြောစွမ်းရည်မကောင်းဘူးလို့ ထင်တဲ့သူတစ်ယောက်ဟာ စာပေရေးသားမှုနဲ့ပန်းချီမှာ ထူးချွန်သူဖြစ်အောင် လုပ်နိုင်ပါတယ်။ အဲဒီလိုနည်းလမ်းမျိုးနဲ့ လူတစ်ယောက်ဟာ သူ့ရဲ့အားနည်းတဲ့၊ ချို့တဲ့တဲ့အရာတွေကို အခြားအရည်အချင်းတွေနဲ့ အစားထိုးနိုင်ပါတယ်။ ဒါပေမဲ့ အစားထိုးခြင်းကြောင့် အရင်းခံချွတ်ယွင်းချက်တွေဟာ ကိစ္စတိုင်းမှာ ပပျောက်သွားတတ်တာတော့ မဟုတ်ပါဘူး။ 

နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကို ကျော်လွှားနိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိနေဖို့ပါ။ ကိုယ့်ကိုယ်ကိုယ်သိနေတဲ့ သူတစ်ယောက်ဟာ ကိုယ့်အကြောင်းကိုယ် သူများထက်ပိုပြီး ကောင်းကောင်းမွန်မွန် သိနိုင်ပါတယ်။ အဲဒီလိုကိုယ့်ကိုယ်ကိုယ်သိတဲ့အတွက် လူတစ်ယောက်ဟာ ကိုယ့်ရဲ့အားနည်းချက်နဲ့ အားသာချက်ကို အသိအမှတ် ပြုလက်ခံနိုင်ပြီး အသုံးချနိုင်ပါတယ်။ 

လူတစ်ယောက်ဟာ သူ့ရဲ့အားသာချက်နဲ့ အရည်အချင်းအစစ်အမှန်ကို အရှိအတိုင်း နားလည်သဘောပေါက်တယ်ဆိုရင် နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဖြစ်လာစရာအကြောင်း လုံးဝမရှိပါ။ လူအများစုက သူတို့နဲ့ပတ်သက်ပြီး အခြားသူတွေက ဘယ်လိုခံစားရသလဲ၊ ဘယ်လိုတွေးသလဲ အရမ်းစိတ်ဝင်စား ခံစားတတ်ကြပါတယ်။ အခြားသူတွေ သူတို့ကို ဘယ်လိုမြင်သလဲ စိုးရိမ်တတ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ လုံးဝမလိုအပ်သလို ကိုယ့်ရဲ့အချိန်ကိုဖြုန်းတီးသလို ဖြစ်တတ်ပါတယ်။ အခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေးထင်မလဲ စိုးရိမ်ပူပန်နေမယ့်အစား ကိုယ်ဘာလုပ်ချင်သလဲဆိုတာကို အာရုံစိုက်တာ ပိုကောင်းပါတယ်။

လူတိုင်းဟာ ကိုယ့်အကြောင်းကိုယ် သိနိုင်ပါတယ်။ တကယ်လို့ အခြားသူတွေက ကိုယ့်ကိုထင်မြင်ယူဆတဲ့ အတိုင်းလက်ခံလိုက်ရင် သူတို့ထင်မြင်ယူဆတဲ့အတိုင်း ကိုယ်ဟာ တကယ်အားနည်းချို့တဲ့သူ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်လာရင်တော့ ရှုံးနိမ့်မှုတွေဆက်တိုက်ကြုံရပြီး နောက်ဆုံးမှာ နိမ့်ကျစိတ်ထား ဖွဲ့စည်းမှုဆီ ဦးတည်သွားတတ်ပါတယ်။ လူတစ်ယောက်ကို အခြားသူတစ်ယောက်နဲ့နှိုင်းယှဉ်တာ မကောင်းပါဘူး။ လူတစ်ယောက် တစ်ခုခုမှာတော်တိုင်း အခြားသူတစ်ယောက်လည်း အဲဒီတစ်ခုခုမှာ တော်ရမယ်လို့မဆိုလိုပါဘူး။ လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင်အားသာချက်ရှိတတ်ပြီး အဲဒီအားသာချက်ကိုပဲ အာရုံစိုက်သင့်ပါတယ်။ အခြားသူနဲ့တူအောင် လိုက်တုပဖို့ ကြိုးစားတာဟာ လမ်းလွဲသွားတတ်ပြီး စိတ်မလုံခြုံမှုတွေဖြစ်လာရာကနေ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဆီ ဦးတည်သွားတတ်ပါတယ်။

ကလေးဘဝကို ဂရုစိုက်ပါ

သိမ်ငယ်စိတ်၊ နိမ့်ကျစိတ်ဟာ အလွန်အမင်း မကြီးထွားမလာမချင်းတော့ အခြေအနေကောင်းပါသေးတယ်။ ဒါပေမဲ့ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုထိ သိသာထင်ရှားစွာဖြစ်လာပြီဆိုရင်တော့ လူတစ်ယောက်ကို ပြဿနာမျိုးစုံ ဖြစ်စေနိုင်ပါတယ်။ နိမ့်ကျစိတ်ထား ဖွဲ့စည်းမှုဖြစ်နေတာ ကြာလေလေ ပိုပြီးဆိုးဝါးလေလေပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ နိမ့်ကျစိတ် ထားဖွဲ့စည်းမှုဖွံ့ဖြိုးလာပြီဆိုတာနဲ့ ကျော်လွှားနိုင်ဖို့ အကောင်းဆုံး ကြိုးစားသင့်ပါတယ်။

အကောင်းဆုံးကတော့ ကလေးဘဝကတည်းက စတာပါ။ သိမ်ငယ်စိတ်၊ တစ်နည်းနိမ့်ကျစိတ်ထား ဖွဲ့စည်းမှုဟာ ကလေးဘဝက အစပြုခဲ့ကြတာပါ။ ကလေးတစ်ယောက်ဟာ မွေးကတည်းက မိမိကိုယ်မိမိ လိမ္မာသလား၊ မိုက်သလား၊ ကောင်းသလား၊ ဆိုးသလားထင်မြင်တတ်ကြတာ မဟုတ်ပါ။

မိဘအုပ်ထိန်းသူနဲ့ သူငယ်ချင်းတွေက သူ့ကို လိမ္မာတယ်၊ တော်တယ်၊ ကောင်းတယ်လို့ ပြောဆိုကြရင် ကလေးကလည်း သူ့ကိုယ်သူ လိမ္မာတယ်၊ တော်တယ်၊ ကောင်းတယ်လို့ ထင်မြင်လာတတ်ပါတယ်။အဲဒီလိုမဟုတ်ဘဲ မိဘအုပ်ထိန်းသူနဲ့ သူငယ်ချင်းတွေက သူ့ကိုအသုံးမကျဘူးလို့ ထင်မြင်ယူဆပါကလည်း သူ့ကိုယ်သူ အသုံးမကျသူလို့ ထင်မြင်လာတတ်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်ဟာ သူလုပ်သမျှ ကိစ္စတိုင်း မပြီးမြောက်ရင်ဖြစ်စေ၊ သူဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် အကောင်းလုပ်လုပ် ပြစ်တင်ဝေဖန်ချည်းပဲ ခံနေရရင်ဖြစ်စေ သူဟာအနာဂတ်မှာ စိတ်ဓာတ်တက်ကြွဖို့ ခဲယဉ်းသွားတတ်ပါတယ်။အချို့မိဘအုပ်ထိန်းသူတွေက ကလေးတွေကိုဂရုမစိုက်ဘဲ လျစ်လျူရှုထားတတ်ကြတဲ့အတွက် အဲဒီလိုလျစ်လျူရှုတာ၊ ပစ်ပယ်တာ ခံရဖန်များလာတဲ့အခါ ကလေးတွေဟာ သူတို့မှာ အားနည်းချက်ရှိလို့သာ ပစ်ပယ်ခံရ၊ လျစ်လျူရှုခံရတယ်ဆိုပြီး သူတို့ကိုယ်သူတို့ အသုံးမကျသူတွေဆိုပြီး သိမ်ငယ်စိတ်ဝင်သွားတတ်ပါတယ်။

တစ်ခါတလေ မိဘအုပ်ထိန်းသူကိုယ်တိုင်က သိမ်ငယ်စိတ်၊ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုရှိပါကလည်း ကလေးတွေက အတုမြင်အတတ်သင်ပြီး သိမ်ငယ်စိတ်ဝင်သွားတတ်ပါတယ်။ အချို့မိဘအုပ်ထိန်းသူတွေက သူတို့ရဲ့သိမ်ငယ်စိတ်ကို ကလေးတွေရှေ့မှာ ထုတ်ဖော်ပြတဲ့အတွက် ကလေးတွေလည်း စိတ်ဓာတ်ကျဆင်းပြီး သိမ်ငယ်စိတ်ကိန်းအောင်းသွားတတ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဟာ မိသားစုအိမ်တွင်းဆက်ဆံရေးအခြေအနေ၊ ကစားဖော်သူငယ်ချင်းအပေါင်းအဖော်နဲ့ ဆက်ဆံရေးအခြေအနေ၊ ကျောင်းတွင်း စာသင်ဖော်တို့နဲ့ ဆက်ဆံရေး အခြေအနေတွေအပေါ်မှာ မူတည်ပါတယ်။ ကလေးဘဝ အတွေ့အကြုံတွေအပေါ်မူတည်ပြီး ကိုယ်ဘယ်လိုလူစားဆိုတာ သိလာတာဖြစ်ပါတယ်။

သိမ်ငယ်စိတ်ဟာ ကလေးဘဝကစခဲ့ပြီး ကာလရှည်ခံစားခဲ့ရတဲ့အတွေ့အကြုံပေါ် အခြေတည်လာခဲ့တဲ့ သဘောထားတစ်ခုဖြစ်တဲ့အတွက် အဲဒါကို ကွယ်ပျောက်အောင်ပြုလုပ်ရာမှာလည်း ကာလရှည်စွာ ကုစားရတတ်ပါတယ်။ ကုစားမယ်ဆိုရင် သက်ကြီးပိုင်းမရောက်ခင် ဆယ်ကျော်သက်အရွယ်က စတင်ပါက ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် ကလေးဘဝအရွယ်ကို ဂရုစိုက်တာဟာ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုနဲ့ ဘဝင်မြင့်စိတ်ထားဖွဲ့စည်းမှုကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးပဲဖြစ်ပါတယ်။

အခုဆို သိမ်ငယ်စိတ်နဲ့ ဘဝင်မြင့်စိတ်ရဲ့သဘောသဘာဝကို သိသွားပြီဖြစ်တဲ့အတွက် မိမိစိတ်မှာရော အဲဒီလိုစိတ်မျိုးဖြစ်သလား၊ မဖြစ်သလား ရေရှည်ဖြစ်နေသလား စဉ်းစားပြီး ဖြစ်နေတယ်ဆို ကျော်လွှားနိုင်ဖို့သာကြိုးစားပါ။ အခြားသူတွေရဲ့ အားနည်းချက်ကို ဖော်ထုတ်ဖို့၊ တစ်နည်း အခြားသူတစ်ယောက်ကို သိမ်ငယ်စိတ်ဖြစ်နေတယ်၊ ဘဝင်မြင့်စိတ်ဖြစ်နေတယ်ဆိုပြီး တံဆိပ်ကပ်ဖို့၊ ကဲ့ရဲ့တိုက်ခိုက်ဖို့နဲ့ အခြားသူက မတောင်းခံဘဲ အကြံပေးဖို့မကြိုးစားပါနဲ့။ သိမ်ငယ်စိတ်နဲ့ ဘဝင်မြင့်စိတ်အကြောင်းသိသွားလို့ စိတ်ပညာရှင်တစ်ယောက်လို စိတ်အကြောင်း ကျွမ်းကျင်သွားပြီ၊ သူများစိတ်ကို ကောင်းကောင်းသိသွားပြီလို့လည်း မမှတ်ယူစေလိုပါ။ စိတ်ပညာရှင်တွေတောင် စိတ်အကြောင်း အကုန်မသိသေးပါ။

တကယ်လို့ သင်ဟာ အခြားသူတစ်ယောက်ရဲ့ စိတ်အကြောင်း ခွဲခြမ်းစိတ်ဖြာချင်ရင်၊ အခြားသူရဲ့ စိတ်ကိုသိတယ်ထင်ရင်၊ အခြားသူတွေရဲ့စိတ်ကို လေ့လာချင်ရင် အရင်ဆုံးမှန်ရှေ့သွားရပ်လိုက်ပါ။ သင်အရင်ဆုံး စိတ်ခွဲခြမ်းစိတ်ဖြာမှု လုပ်သင့်တဲ့သူတစ်ယောက် မှန်ထဲမှာပေါ်လာပါလိမ့်မယ်။

ဖြိုးဝေ (မဟာဝိဇ္ဇာ)

ရည်ညွှန်း - 

၁။ Inferiority and Inferiority Complex by Saif Farooqi

၂။ The Psychology Book 

၃။ သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ - ဒေါက်တာကျော်စိန် (တတိယအကြိမ်)

  • TAGS