News

POST TYPE

FEATURE

ခေတ်သစ် ထိုင်းစစ်အာဏာရှင် ဆန့်ကျင်ရေး


မျိုးသမီးတစ်ယောက်က ဓာတ်ပုံဆရာတွေ ဝိုင်းနေသည့်ရှေ့တွင် ရပ်လိုက်သည်။ သူက လက်နှစ်ဖက်ကို ရှေ့တွင်ယှက်ပြထားလိုက်သည်။ ငြိမ်းချမ်းရေး အထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်သည်။ သူ့ပါးစပ်အား ငွေရောင်တိပ်နှင့် ကပ်ထားသည်။ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေသည်ဆိုသော သဘောဖြစ်သည်။

ထိုမိန်းကလေး အမည်က နွတ်တာ မဟတ္တန ဖြစ်သည်။ သူ့မိတ်ဆွေတွေနှင့် သူ့ကို ထောက်ခံသူတွေကတော့ “ဘို” ဟု ခေါ်ကြသည်။ 

ဘိုသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဗြိတိသျှကောင်စီတွင် မားကက်တင်း မန်နေဂျာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်တော့ ဘိုသည် ထင်ရှားသည့် ရုပ်သံတစ်ခုဖြစ်သော Cozy Living တွင် အစီအစဉ် တင်ဆက်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ရုံမက သင်တန်းပို့ချခြင်း လုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့သည်။ 

ယခုအခါ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ဘိုသည် ထိုင်းနိုင်ငံကို ထိန်းချုပ်ထားသည့် စစ်အာဏာရှင်အုပ်စုကို ဆန့်ကျင်ရေးတွင် လှုပ်ရှားနေသည့် အဖွဲ့များတွင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ 

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဖရာရုသ်ချန်အိုချာသည် အာဏာသိမ်းပြီးကတည်းက ဒီမိုကရေစီ နည်းကျကျ သဘောထားကွဲလွဲခွင့်များကို ချေမှုန်းဖျက်ဆီးခဲ့သည် ချည်းဖြစ်သည်။ ရွေးကောက်ပွဲလုပ်ပေးမည်ဟု အကြိမ်ကြိမ်ပြောသည်။ သို့သော် နေ့ရွှေ့ညရွှေ့ဖြစ်နေခဲ့သည်မှာ ၂၀၁၈ ခုနှစ်ရောက်လာပြီ။

ဗိုလ်ချုပ်ကြီး ဖရာရုသ်သည် ထိုင်းနိုင်ငံတွင် အဝါရောင်ဝတ်သူများဖြစ်သည့် ရှပ်ဝါဂိုဏ်းသား တစ်ယောက်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေးအရ အကွဲကွဲအပြားပြားဖြစ်နေသော်လည်း ထင်ရှားသည့် အကွဲကို အရောင်နှစ်ရောင်ဖြင့်သာ ဖော်ကျူးနိုင်ပါသည်။ ရှပ်ဝါဂိုဏ်းလား၊ ရှပ်နီဂိုဏ်းလား ဟူ၍ဖြစ်သည်။ သူတို့ မည်သည့်ဂိုဏ်းကဆိုသည်ကို တီရှပ်အင်္ကျီအရောင်ဖြင့် ဖော်ကျူးဝတ်ဆင်ပြကြသည်။ 

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါ ထရာကို ဖြုတ်ချသူများမှာ ရှပ်နီဂိုဏ်းသားတွေအများ ဆုံးဖြစ်သည်။ ထိုစဉ်က ဆင်းရဲသားတောသူတောင်သားအများစုနှင့် တော်လှန်သော ကျောင်းသားများက အနီရောင်တီရှပ်များကို ဝတ်ဆင်ပြီး သက်ဆင်ကို ပုန်ကန်ခဲ့ကြသည်။ သက်ဆင်ကို ထောက်ခံသည့် အဖွဲ့သားများက အဝါရောင်တီရှပ်တွေ ဝတ်ဆင်ကာ တန်ပြန်ပြီး ရှပ်နီတွေကို ဆန့်ကျင်ခဲ့ကြသည်။ ရှပ်နီတို့ အကြမ်းဖက်တိုက်ခိုက်မှုများက ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကို အာဏာသိမ်းမှုဖြစ်စေခဲ့ပြီး သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝါထရာကို အာဏာရစေသည်အထိ ဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဒီမိုကရေစီထောက်ခံသူများကို ဖိနှိပ်မှုများကြောင့် လှုပ်ရှားမှုများ ရပ်ဆိုင်းနေခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဘိုကဲ့သို့သော ဒီမိုကရေစီလှုပ်ရှားသူများ ပြန်ပေါ်လာပြီး လမ်းပေါ်ထွက်ကာ အကဲစမ်းမှုများကို စစ်အာဏာရှင်အုပ်စုသည် ထပ်မံရင်ဆိုင်ခဲ့ရလေသည်။ 

ဘိုသည် နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ်သည့် အလျောက်ငြိမ်သက်သယောင်ထင်ရသည့် ထိုင်းနိုင်ငံရေးကို အမြဲတမ်းမီးထိုးပေးနိုင်ရန် ကြိုးစားနေသူတစ်ဦးဖြစ်နေသည်။ သူသည် အမြဲတမ်း စစ်အာဏာရှင်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဦးဆောင်ကာ လုပ်ဆောင်နေသူလည်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ဆန့်ကျင်မှုသည် ကြီးမားသည့် အပြစ်ကျူးလွန်ခြင်းဖြစ်သည်။ ပိုင်ဆိုသည့် ကျောင်းသားတစ်ဦးက ဘုရင်စနစ်ဆန့်ကျင်ရေးကို လုပ်ဆောင်ခဲ့ရာတွင် အာဏာပိုင်များက အကြမ်းဖက်ဖမ်းဆီးပြီး ထောင်ချခဲ့သည်။ ထိုကျောင်းသားကလည်း ဘိုတို့နှင့် ဆက်နွှယ်နေသူတစ်ဦးဖြစ်သည်။

ထိုင်းနိုင်ငံတွင် Lese Majesta ဥပဒေကို ၁၉၀၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည်။ သို့သော် ဖရာရုသ်စစ်အစိုးရ အုပ်ချုပ်သည့်ကာလအတွင်း ဘုရင်နှင့် တော်ဝင်မိသားစုကို ဆန့်ကျင်သည့် ဥပဒေဖြင့် ဖမ်းဆီးအရေးယူမှုများ မရှိခဲ့ပေ။ ထိုင်းနိုင်ငံဘုရင်သစ်တက်လာပြီးနောက် အရေးယူမှုများကို စတင်ခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုင်းတော်ဝင်တို့ကို ဆန့်ကျင်သည့် အမှုပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး အများဆုံး ထောင်ဒဏ်အဖြစ် ၃၅ နှစ်ခန့် ပြစ်ဒဏ်ပေးမှုများ ရှိခဲ့ကြောင်းတွေ့ရသည်။ ထိုင်းနိုင်ငံတွင် ဘုရင်ဆန့်ကျင်ရေးကိုလည်း နိုင်ငံရေးလှုပ်ရှားသူများကပင် ဦးဆောင်လုပ်ခဲ့ကြသည်က များသည်။

ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ တွင် ဘုရင်၊ မိဖုရားနှင့် သားတော် သမီးတော်၊ ဆွေတော်မျိုးတော်များကို အသရေပျက်အောင် ပြုမူပြောဆိုခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို ပြုမူသူအား ထောင်ဒဏ် ၃ နှစ်မှသည် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ရမည်ဟု ဆိုထားသည်။ ဆိုရှယ်မီဒီယာ ထွန်းကားလာသည့်ခေတ်တွင် Facebook ပေါ်ကတစ်ဆင့် ဘုရင်ကို စော်ကားဝေဖန်ပြောဆိုမိသောသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်မှုများရှိလာသည်။ 

ထိုင်းနိုင်ငံတွင် ဘာလုပ်လုပ် ဘာပြောပြော ဘုရင်ကို မထိနှင့်ဆိုသည့် ဥပဒေက လမ်းပေါ်ထွက်ဆန္ဒပြသည့်သူများ သတိထားစရာဖြစ်လာသည်။ ဥပဒေကို လိုသလိုကောက်ပြီး အာဏာရှင်ဆန့်ကျင်မှန်းမသိ ဘုရင်ဆန့်ကျင်မှန်းမသိ ယောင်ဝါးဝါးလုပ်ပြီး ပုဒ်မ ၁၁၂ ကောက်လုပ်လိုက်လျှင် ရောယောင်ပြီး ထောင်ဒဏ် ၁၅ နှစ် ကျသွားနိုင်သည်။ 

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ အာဏာကို သိမ်းပိုက်ထားစဉ်ကာလတွင် လူများစုဝေးဆန္ဒပြမှုအတွက် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ဒီမိုကရေစီနိုင်ငံတွင် လူငါးယောက်ထက်ပိုပြီး နိုင်ငံရေးအလို့ငှာ စုဝေးခြင်းအား တားမြစ်သည်ဆိုသည့် ဥပဒေဖြစ်သည်။ ထိုဥပဒေက လူတွေကို လမ်းပေါ်ထွက်လာသည်နှင့် အချိန်မရွေး ဖမ်းချင်လျှင် ဖမ်းမည်ဆိုသည့် သဘောသက်ရောက်နေသည်။ အသက် ၅၀ အရွယ် ကောလိပ်မှဆရာတစ်ဦးဖြစ်သူ အနုရက်ယင်တာ ဝါနစ်ဆိုသူပင် အဖမ်းခံလိုက်ရပြီး ဆရာအလုပ်ပြုတ်ကာ နိုင်ငံရေးလှုပ်ရှားသူဘဝကို အချိန်ပြည့်ရောက်လာစေခဲ့သော ဥပဒေလည်းဖြစ်သည်။

အနုရက်သည်လည်း လမ်းပေါ်ကို တစ်ကိုယ်တော်ထွက်ပြီး တီရှပ်အနီကို ဝတ်ဆင်ကာ ရက်ပေါင်းများစွာ ဆန္ဒပြနေသူဖြစ်သည်။ သူက တစ်ကိုယ်တော်ဟောပြောသည်။ စည်းရုံးလှုပ်ရှားမှုများလုပ်သည်။ စစ်အာဏာရှင်တွေက ငါးဦးကျော်လျှင် ဖမ်းမည်ဆိုသဖြင့် တစ်ကိုယ်တော် လှုပ်ရှားနေသည်။ သူက ရှပ်နီတွေကို ဖြိုခွင်းခဲ့စဉ်အချိန်က အကြမ်းဖက်သတ်ဖြတ်မှုများရှိခဲ့ကြောင်း၊ ဆန္ဒပြသူတွေကို သေနတ်အစစ်တွေနှင့် ပစ်ခတ်ခဲ့ကြောင်း၊ သူကိုယ်တိုင် အဖမ်းခံရသူများထဲတွင် ပါဝင်ခဲ့သည့် မျက်မြင်ကိုယ်တွေ့သမား တစ်ယောက်ဖြစ်ကြောင်း အတိတ်ကို ပြန်လှန်ပြသည်။ သို့သော် ထိုင်းအစိုးရနှင့် ထိုင်းမီဒီယာတွေက အသေအပျောက်မရှိဟုသာ ထုတ်ပြန်ခဲ့ကြသည်။ 

အနုရက်က “မျက်မြင်ကိုယ်တွေ့ဆိုတော့ စိတ်ထိခိုက်ခဲ့ရပါတယ်။ ၇ နှစ်ကြာခဲ့ပြီဆိုပေမယ့် ကျွန်တော် ယနေ့တိုင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတုန်းပါပဲ”ဟု ပြောပြသည်။

အနုရက်သည် Red Path ဆိုသည့် ပရောဂျက်ကို ဦးဆောင်နေသူတစ်ဦးဖြစ်သည်။ သူသည် ထိုင်းနိုင်ငံအနှံ့အပြားသို့ သွားရောက်ပြီး ပြည်သူတိုင်း Red Path တွင် ပါဝင်လှုပ်ရှားလာရေးကို စည်းရုံးလှုံ့ဆော်သည်။ အိမ်နီးချင်းနိုင်ငံများသို့လည်း သွားရောက်ပြီး စစ်အာဏာရှင် ဖြုတ်ချရေးကို ဝိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံသည်။ ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး တိုးမြင့်လာရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတို့ကို သူက မပြတ်တောင်းဆိုနေခဲ့သည်။ 

အနုရက်၏ ပရောဂျက်သည် ၂၀၁၄ ခုနှစ် စစ်အာဏာရှင်အုပ်စု တက်လာချိန်တွင် ရပ်သွားသလို ဖြစ်ခဲ့ရာမှ ယခု ပြန်ပြီး အသက်ဝင်လာသည်။ သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသမားများ၏ မိသားစုများထံ သွားရောက်ပြီး အားပေးသည်။ သူတို့ဘဝတွင် မေ့နိုင်စရာမဟုတ်သည့် ဖြစ်ရပ်များကို ပြန်ပြောင်းအမှတ်ရနေစေရန်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ငြိမ်းစုစီဥပဒေ (Assembly Law) ကို ထုတ်ပြန်လိုက်သည့်အခါတွင် အနုရက်က သတိပေးသည်။

“ကျွန်တော်တို့ ငါးဦးထက်ပိုပြီးတော့ မစုဝေးရတော့ဘူးတဲ့။ ပြဿနာမရှိပါဘူး။ သုံးယောက် ပေါင်းမယ်ဗျာ။ လေးယောက်ပေါင်းမယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ကို ဘာအရောင်ဝတ်ရမယ်လို့ မပြောထားဘူး။ ကိစ္စမရှိပါဘူး။ အနီရောင်မဝတ်ရလို့ ထုတ်ပြန်လည်း ကိစ္စမရှိပါဘူး။ လိမ္မော်ရောင်ဝတ်မယ်ဗျာ။ ဘာဖြစ်သေးလဲ”ဟု သူက ဆိုသည်။

သို့သော် ထိုင်းနိုင်ငံနိုင်ငံရေးလှုပ်ရှားသူတွေကတော့ မတရားသည့်အမိန့်ကို ဖီဆန်ရန်သာ ဆန္ဒပြင်းထန်နေကြသည်။ ရန်ဆီမန်သည် ထိုင်းနိုင်ငံကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကျောင်းသားလှုပ်ရှားမှုကလည်း အစဉ်အလာကြီးသည့် လှုပ်ရှားမှုတစ်ခုအဖြစ် သမိုင်းရှိနေသည်။ သူက မတရားသည့်အမိန့်ကို နာခံစရာမလိုဟု ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သူဖြစ်သည်။ ယခုအခါ ၂၅ နှစ် ရှိနေပြီဖြစ်သည့် ရန်ဆီမန်က ဖူးခက်မှ ဘန်ကောက်သို့ တက်လာပြီး ပညာလာရှာနေသူဖြစ်သည်။ ယခုအခါ သူတို့လည်း DRG (Democracy Restoration Group) အဖွဲ့ကို ဖွဲ့စည်းထားသည်။ သူလည်း သူငယ်ချင်းတွေနှင့်အတူ လှုပ်ရှားမှုတွေ လုပ်နေသည်။ သူတို့အဖွဲ့ကတော့ ပြတ်သည်။ ဒီမိုကရေစီ ဘောင်အတွင်းဝင်ပြီး ခြေရှုပ်နေသည့် စစ်အုပ်စုကို ကန်ထုတ်ပစ်ရေးဖြစ်သည်။ နိုင်ငံရေးလောကအတွင်း အာဏာယူခြေရှုပ်နေသည့် စစ်အုပ်စုထွက်သွားရေးသည် သူတို့ DRG အဖွဲ့၏ ဦးတည်ချက်ဖြစ်သည်။ 

၁၉၃၂ ခုနှစ်တွင် ယိုးဒယားတော်လှန်ရေး (Siamese Revolution) ဆိုသည့် ပုန်ကန်လှုပ်ရှားမှု စတင်လာပြီးကတည်းက ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု ၁၉ ကြိမ် ဖြစ်ပွားခဲ့ပါသည်။ အာဏာသိမ်းလိုက်၊ ရွေးကောက်ပွဲ လုပ်ပေးလိုက်၊ အာဏာပြန်သိမ်းလိုက်နှင့် ထိုင်းနိုင်ငံရေးသည် စစ်သားတွေ ပတ်လည်ဝိုင်းကာချာချာလည်နေရသည့်ဘဝက ယနေ့တိုင် မထွက်နိုင်လောက်အောင် ဖြစ်နေရသေးသည်။ ထိုပြဿနာကြားတွင် ထိုင်းပြည်သူတွေကြား၌ ရှပ်နီနှင့် ရှပ်ဝါအကွဲက စစ်အာဏာရှင်အုပ်စုကို အကြိုက်တွေ့စေခဲ့သည်။

ရှပ်နီတွေက ဆင်းရဲသား ကျေးလက်ပြည်သူ တောင်သူလယ်သမားတွေကို ကိုယ်စားပြုသည်။ ထိုင်းနိုင်ငံ လူများစုကို ကိုယ်စားပြုသူတွေက ရှပ်နီတွေဖြစ်သည်။ ရွေးကောက်ပွဲတစ်ခုကို အဆုံးအဖြတ်ပေးနိုင်သည့် အုပ်စုအဖြစ် နာမည်ကျော်သည်။

ရှပ်ဝါတွေက မြို့ပြလူလတ်တန်းစားနှင့် လူချမ်းသာ ပညာတတ်တွေကို ကိုယ်စားပြုနေသည်။ အထူးသဖြင့် ထိုအုပ်စုတွေက အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့်လည်း တစ်နည်းနည်းဖြင့် ပတ်သက်နေပြီး၊ စစ်တပ်အုပ်စုတွေကပင် ရှပ်ဝါတွေ ဖြစ်နေတတ်သည်။ သို့ဖြစ်ရာ နိုင်ငံအတွင်း ဒီမိုကရေစီ ထွန်းကားရေးဆိုသည်မှာ လူနည်းစု လက်နက်ကိုင်များကြောင့် အခက်တွေ့စရာ ဖြစ်နေသည်။

ဘိုက “ပြည်သူတွေ ၂၀၁၄ အာဏာသိမ်းမှုကို သင်ခန်းစာယူကြပါ။ လွန်ခဲ့တဲ့လေးနှစ်ကို မမေ့ကြပါနဲ့”ဟု တိုက်တွန်းနှိုးဆော်ခဲ့သည်။ ရန်ဆီမန်က စစ်အာဏာရှင်အုပ်စုကို အစိုးရအဖွဲ့ထဲက လွယ်လွယ်နှင့် ကန်ထုတ်၍ မရနိုင်ဟု ဆိုသည်။ သူတို့ကို ပြောလိုက်၊ ဆိုလိုက်၊ ဆန့်ကျင်လိုက်သည်နှင့် အာဏာသိမ်းရန် ပြင်နေသည့် စစ်အုပ်စုကြောင့်လည်း ထိုင်းနိုင်ငံရေးမှာ ရင်လေးဖွယ်ရာကောင်းလှသည်။ သူက -

“စစ်အာဏာရှင်တွေ အာဏာကို ဆက်ထိန်းထားမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ခင်ဗျားတို့ ကောင်းကောင်းခံရမယ်”ဟု သတိပေးသည်။ ထို့ပြင် သူက -

“ကျွန်တော်တို့ လူငယ်မျိုးဆက်တွေက စစ်အာဏာသိမ်းမှုကို ဘယ်တော့မှ ထောက်ခံအားပေးသူတွေ မဖြစ်စေရဘူး”ဟု ဆိုသည်။ 

ထိုင်းနိုင်ငံတွင် လူငယ်တွေ အဘယ်ကြောင့် နိုးကြားလှုပ်ရှားလာရသနည်း။ ထိုင်းနိုင်ငံတွင် စစ်တပ်က သိမ်းပိုက်ထားပြီး ဒီမိုကရေစီကို အဓမ္မကျင့်ထားခြင်းကြောင့် နိုင်ငံပြောင်းလဲတိုးတက်လာခြင်း မရှိသည့်အပြင် အကျင့်ပျက်ခြစားမှုများ ပိုမိုတိုးပွားလာခြင်းက အဖြေဖြစ်မည်ထင်ပါသည်။

ကျော်ဗလ
(Ref: Thailand’s oppressive military rule, Brendan Oswald)