News

POST TYPE

FEATURE

အရေးပါသော်လည်း အရာမရောက်သည့် ဖစ်ဆာများ
24-Mar-2018 tagged as ဂျာနယ်လစ်



သတင်းသမားများလောကတွင် ဖစ်ဆာ (Fixer) ဆိုသည့် ဝေါဟာရ ခေတ်စားလာသည်။ ဖစ်ဆာဆိုသည်မှာ ဒေသခံ သတင်းသမားများဖြစ်ပြီး နိုင်ငံခြားသတင်းဌာနများက သတင်းသို့မဟုတ် ဇာတ်လမ်းတစ်ခုခုကို ရေးသားရန်အတွက် ငှားရမ်းအသုံးပြုခြင်းခံရသူများကို ဆိုလိုပါသည်။ သူတို့သည် စကားပြန်များလည်း ဖြစ်နိုင်သလို လမ်းညွှန်များအဖြစ် ဆောင်ရွက်နေသူများလည်း ဖြစ်နိုင်သည်။ ဒေသအတွင်း မေးမြန်းခွင့်၊ တွေ့ဆုံဆွေးနွေးခွင့်များရရှိစေရန် ဖန်တီးပေးခြင်းအပြင် နိုင်ငံခြားသတင်းဌာနက လိုအပ်သည့် အချက်အလက်ရယူစုဆောင်းမှုများတွင် အထောက်အကူပေးရသူများကိုလည်း ဖစ်ဆာများဟု ခေါ်ပါသည်။ 

သတင်းအကြောင်း၊ သတင်းဇာတ်လမ်းအကြောင်း ရေးသားသူသည် ဆုရချင်ရမည်၊ ကမ္ဘာကျော်ချင်ကျော်မည်၊ သို့သော် ဖစ်ဆာများသည် ဂုဏ်ပြုဖော်ပြခြင်း ခံရရန် အခွင့်အလမ်းနည်းပါးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဒေသခံများဖြစ်နေသောကြောင့် သတင်းပေးများအဖြစ် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သည့်အပြင် အဖမ်းအဆီးလည်းခံရနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် အာဏာရှင် အုပ်စိုးသည့် နိုင်ငံများတွင် ဖစ်ဆာများသည် အစိုးရ၏ ဖိနှိပ်ခြင်းသာမက ဖမ်းဆီးအရေးယူခြင်းကိုပါ ခံရတတ်သောကြောင့်ဖြစ်သည်။ 

နိုင်ငံခြားက လာရောက်သော သတင်းသမားများသည် သူတို့တွင် လိုအပ်သည့် အချက်အလက်များရရှိလျှင် ပြန်သွားကြမည်သာဖြစ်သည်။ ဖစ်ဆာတွေကတော့ သူတို့နိုင်ငံ သူတို့ဒေသများတွင် ကျန်ခဲ့ရသည်။ အကယ်၍ နိုင်ငံခြားသတင်းသမားရေးလိုက်သည့် အကြောင်းအရာက ပြဿနာတက်စရာ၊ ရှုပ်ထွေးအငြင်းပွားစရာ သတင်းများဖြစ်လျှင် ဖစ်ဆာတွေအတွက် ဒုက္ခရောက်နိုင်သည်။ မိမိတို့ဒေသခံ ပြည်သူတွေက သူ့ကို ရန်ပြုတိုက်ခိုက်နိုင်သည့်အပြင်၊ အခန့်မသင့်လျှင် အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူခြင်းကိုပါ ခံရမည်ဖြစ်သည်။

မည်သို့ဆိုစေ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖစ်ဆာများကတော့ ရှိနေမည်သာဖြစ်သည်။ သူတို့သည် ငွေရဖို့ထက် အဖြစ်မှန်ကို အားလုံးသိစေချင်သည့် ဆန္ဒများရှိနေသူတွေလည်း ဖြစ်နိုင်ပါလိမ့်မည်။ ထို့ကြောင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်သည့် အခက်အခဲများကို သိသိနှင့် လုပ်နေသူများလည်း ဖြစ်ကြသည်။

၂၀၁၇ ခုနှစ်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် သတင်းသမားများနှင့် ပူးပေါင်းပြီး တာဝန်ထမ်းဆောင်နေကြသည့် ဖစ်ဆာပေါင်း ၄၅၀ ခန့်ရှိကြောင်း Global Reporting Centre ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဖစ်ဆာအများစုက သူတို့သည် ဒေသအတွင်း လမ်းပြများအဖြစ်သာ တာဝန်ယူထားရသလို ခံစားနေရကြောင်း ပြောကြသည်။ သူတို့အထဲတွင် အချို့သော ဖစ်ဆာများကလည်း မိမိတို့ကိုယ် မိမိတို့ စော်ကားသလို ခံစားရမိကြောင်း ပြောသူများလည်း ရှိတတ်သည်။ ငွေပေးငှားပြီး ငွေမရသူများလည်း ရှိသလို၊ အချို့သော ပြဿနာမရှိသည့် သတင်းများတွင် သူတို့နာမည်လေးတစ်လုံးတောင် ဖော်ပြခြင်း မခံရသောကြောင့် မကျေနပ်သူများလည်း ရှိကြသည်။ သို့သော်လည်း နိုင်ငံခြားသတင်းသမားတွေက သူတို့ကို ဒုက္ခမရောက်စေချင်သဖြင့် အကာအကွယ်ပေးသည်ဟု လက်ခံထားသည်လည်း ရှိနိုင်ပါသည်။ 

ယူကရိန်းနိုင်ငံမှ အသက် ၂၉ နှစ်အရွယ် ကက်ထရီးနား မာလိုဖီယက်ဗာသည် ၂၀၁၄ ခုနှစ်ခန့်ကတည်းက BBC, Reuters, Al Jazeera သတင်းဌာနများအတွက် အလုပ်လုပ်ပေးနေသည့် ဖစ်ဆာတစ်ယောက်ဖြစ်သည်။ သူသည် အထူးသဖြင့် ယူကရိန်းရှေ့တန်းစစ်မျက်နှာများက သတင်းများကို ခေါင်းကြီးသတင်းများ ဖြစ်လာစေရန် အထောက်အပံ့ပေးနေရသူလည်းဖြစ်သည်။ သူသည် ဗုံးဒဏ်မကြောက်၊ ကျည်ဒဏ်မကြောက် သူ့တာဝန်ကို သူထမ်းဆောင်နေသည်။ သို့သော် သူက -

“ကျွန်မလူတွေကိုပဲကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ပဋိပက္ခဖြစ်လာရင် ဘယ်သူကရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ သိနိုင်ဖို့ခက်တယ်”ဟု ဆိုသည်။

ပဋိပက္ခတစ်ခုဖြစ်လာလျှင် ဘက်နှစ်ဘက်တော့ အနည်းဆုံးပေါ်လာတတ်သည်။ ထိုဘက်နှစ်ဖက်စလုံးက သူတို့ဘက်ကသာမှန်ကြောင်း သက်သေခေါ်ပြနိုင်ရန် ကြိုးစားကြသည်။ ထိုအထဲတွင် ဖစ်ဆာတွေ ဒုက္ခရောက်ကြရသည်။ ပဋိပက္ခဖြစ်ပြီးမှ အာဏာပိုင်တို့က ရောက်လာတတ်သည်။ ထိုရောက်လာသော အာဏာပိုင်တို့ကလည်း သူတို့လုပ်ဆောင်ချက်များကို မှန်ကန်ကြောင်း သက်သေထူချင်ကြပြန်သည်။ ဖစ်ဆာတွေအတွက် ပိုပြီး အန္တရာယ်ကြီးလာသည်။ 

လုံခြုံရေးအတွက် လုပ်ကိုင်နေသော တာဝန်ရှိသူတွေက ဖစ်ဆာများကို စပိုင်များဟု ထင်ကောင်းထင်နိုင်သည်။ ထို့ကြောင့် လူဖမ်းမည်၊ ဖုန်းသိမ်းမည်၊ အထောက်အထားတွေကို စစ်ဆေးမည်၊ ပျော့ပျောင်းလျှင် ပြန်လွှတ်မည်၊ တင်းမာလျှင် ဖမ်းဆီးထိန်းသိမ်းလိုက်မည်သာဖြစ်သည်။ 

ဖစ်ဆာများကို များသောအားဖြင့် ပဋိပက္ခဖြစ်ပွားရာတွင် တာဝန်အရှိဆုံးသောသူများအဖြစ် လက်ခံယူဆသူတွေလည်းရှိတတ်သည်။ ထို့ကြောင့်လည်း ပဋိပက္ခဖြစ်နေသည့် နှစ်ဖက်စလုံးက စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးထိန်းသိမ်းမှုများကို ခံရခြင်းများလည်း ရှိနိုင်ပါသည်။ မည်သည့်ဘက်က မည်သို့စိတ်သဘောထားရှိသည်ကို မသိနိုင်သောကြောင့် သူတို့သည် အလုပ်လုပ်ရသည်မှာ သိပ်ပြီး မလွယ်ဟု ဆိုနိုင်သည်။ 

ဖစ်ဆာတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် သတင်းသမားတစ်ဦးဟု ခံယူထားလျှင်၊ သတင်းသမားတို့၏ သဘောတရားများကို နားလည်လျှင် ပြဿနာမရှိ။ အခြေအနေကို နားမလည်ဘဲ အိတ်သွန်ဖာမှောက် လှန်ချလိုက်လျှင် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုဆိုကာ ဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့် ဖစ်ဆာတိုင်းသည် အန္တရာယ်ကို ကြိုမြင်ကြိုတွက်နိုင်စွမ်းရှိရန်လည်းလိုသည်။ အန္တရာယ်ဖြစ်နိုင်သည်ကို ရှောင်နိုင်လျှင် ရေရှည် လုပ်နိုင်မည်သာဖြစ်သည်။ 

ဖစ်ဆာတစ်ယောက်တွင် အသက်အာမခံ၊ ဘာအာမခံ၊ ညာအာမခံဟူ၍ မရှိနိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် အာမခံပြီး လုပ်နေကြရခြင်းသာဖြစ်သည်။ စစ်မြေပြင်အတွင်း သတင်းယူနေသည့် ကက်ထရီးနားဆိုလျှင် ပထမအစောပိုင်းတွင် ကျည်ကာအင်္ကျီပင် ဝတ်ဆင်နိုင်စွမ်းမရှိ။ သူ့ထံတွင် သံခမောက်၊ ဆေးပစ္စည်း၊ အထောက်အပံ့ ဘာမှမရှိပေ။ ပြောတော့သာ နာမည်ကြီး မီဒီယာကြီးများအတွက် အလုပ်လုပ်နေသည်ဆိုသော်လည်း ထိုအဖွဲ့အစည်းများက ဘာမှလည်း အာမခံချက်မပေး၊ ဘာမှအထောက်အပံ့လည်း ပေးထားသည်မဟုတ်ပေ။ 

သူ့အတွက် တစ်နေ့ရသည့် လုပ်အားခမှာ ဒေါ်လာ ၁၀၀ မျှသာရှိသည်။ အများဆုံးရမှ ဒေါ်လာ ၂၀၀ ဖြစ်သည်။ သို့သော် အသက်ကို ရင်းထားရသည်။ ဒေသအနေနှင့် ကြည့်လျှင် ပေးထားသည့် ငွေကြေးပမာဏကများသည်ဟု ဆိုနိုင်သော်လည်း ရင်ဆိုင်ဖြေရှင်းနေရသည့် သို့မဟုတ် ကြုံတွေ့လာနိုင်သည့် အခက်အခဲများနှင့် နှိုင်းယှဉ်လျှင် လုံးဝမတန်ဟု ဆိုရမည်။ နိုင်ငံတကာက သတင်းသမားတွေရောက်လာပြီဆိုလျှင် သူတို့လိုချင်သည့် သတင်းအချက်အလက် ၈၀ ရာခိုင်နှုန်းခန့်ရရှိစေရန် အထောက်အပံ့ပေးလိုက်သော်လည်း ဖစ်ဆာတွေကတော့ ထင်ပေါ်ချင်မှ ထင်ပေါ်လိမ့်မည်။

ဖစ်ဆာတွေ၏ အမည်သည် သတင်းစာမျက်နှာတွင် နေရာတစ်နေရာက ဖော်ပြခြင်းခံရချင်မှ ခံရနိုင်ပါသည်။ ကိုယ်စုဆောင်းပေးလိုက်သည့် အချက်အလက်များကို သတင်းသမားက ယူသွားပြီး သူ့အတတ်ပညာဖြင့် ဖန်တီးလိုက်လျှင် ထိုသတင်းသမားဖစ်ဆာထက် ငွေလည်းပိုရနိုင်သည့်အပြင် ဆုလည်းရရှိကောင်း ရရှိပေလိမ့်မည်။

ဖစ်ဆာများသည် အရေးတယူ နာမည်ဖော်ပြခြင်း ခံရသူများမဟုတ်ဟုဆိုကာ သူတို့၏ အခန်းကဏ္ဍက ပစ်ပယ်ထားရန်မဟုတ်ပါ။ ဒေသခံသတင်းအဖွဲ့အစည်းများက သူတို့ကို အကာအကွယ်ပေးရမည့်အပြင် သူတို့သိသင့် သိထားအပ်သည်များကို ပညာပေး၊ သင်တန်းပေးမှုများလည်း လုပ်ပေးရန် လိုအပ်ပါသည်။ 

ကက်ထရီးနားလို အမျိုးသမီးသတင်းသမားတစ်ဦးအတွက် ရှေ့တန်းတွင် စစ်သားများကြား သတင်းယူသတင်းလိုက်နေရသည်မှာ ပိုပြီးမလွယ်ပေ။ စစ်သားတစ်ယောက်သည် ရှေ့တန်းတွင် မိန်းမများနှင့် ကင်းကွာလာပြီး အနည်းဆုံးခြောက်လခန့် နေထိုင်နေရသူများဖြစ်သည်။ သူတို့က အမျိုးမျိုးစကြ ပြောင်ကြ နောက်ကြသည်။ တစ်ခါတစ်ရံ သူတို့ မတော်ရာများကို ဖော်ပြခြင်းပင် ကြုံတွေ့ကြရသည်။ သူတို့လည်း မိန်းမကို ဆာလောင်သူများ ဖြစ်ကြသည်။ 

တပ်ဂိတ်စခန်းများကို ဖြတ်ကျော်ရာတွင်ပင် တစ်ခါတစ်ရံ အဆင်မပြေမှုလေးတွေ ဖြစ်နိုင်သည်။ သေနတ်ကိုင်ထားသည့် စစ်သားက မူးနေလျှင် ပိုဆိုးသည်။ ဖစ်ဆာတစ်ယောက်သာမက အမျိုးသမီးတစ်ဦးပါ ဖြစ်နေသောကြောင့် ပြုံးပြထားပြီး သူစိတ်ဆိုးပြေသည်အထိ သည်းခံစောင့်ရမှုများကိုလည်း ကြုံတွေ့ခဲ့ရဖူးသည်။

ကက်ထရီးနားအနေနှင့် တိုက်ရိုက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုမျိုးကို မကြုံတွေ့ရဖူးပေ။ တစ်ကြိမ်တွင် သူ့ဆံပင်ကို လာနမ်းပြီး “ငါ မိန်းမအနံ့ မရတာ ခြောက်လရှိတော့မယ်” ဟု ပြောလာသည့် စစ်သားမျိုးကိုလည်း သူကြုံဖူးသည်။ သို့သော် အတင်းအဓမ္မလုပ်ခြင်းမျိုးတော့ မဟုတ်။

ဆန်ဂျေးဂျားသည် သူ၏ အမေရိကန်သတင်းသမားတစ်ဦးနှင့်အတူ ကားနောက်ခန်းအတွင်း ထိုင်နေသည်။ သူ့ကို အမေရိကန်သတင်းသမားက ဟိုက်ဒရာဘတ်တွင် သတင်းလိုက်ရန်အတွက် ငှားရမ်းထားခြင်းဖြစ်သည်။ အမေရိကန်သတင်းသမားက သူ့ကို ဖစ်ဆာဟုခေါ်သည်။ ဆန်ဂျေးက “ကဲ ကျွန်တော် ခင်ဗျားကို ဘာတွေပြင်ပေးရမလဲ”ဟု မေးလိုက်သည်။ သူက ပိုက်ပြင်သမားအလုပ်ကို လုပ်ဖူးသောကြောင့် ဖစ်ဆာဆိုသည်မှာ ပိုက်ပြင်ပေးသူဟု သူ့ကို သုံးစွဲကြောင်း ထင်မှတ်နေသည်။ ဆန်ဂျေးက အမေရိကန်ကို သွားချင်သည့် နေရာပို့ပေးသည်။ စကားပြန်အဖြစ် တာဝန်ယူပေးသည်။ သူ့ကို ဖစ်ဆာဟု သတ်မှတ်ချင်နေ၊ မသတ်မှတ်ချင်လည်းနေ၊ သူကတော့ ပိုက်ဆံအတွက် အလုပ်လုပ်နေသူဖြစ်သည်။ 

အိန္ဒိယတွင် ဖစ်ဆာလုပ်နေသူတွေက ငွေကြောင့်များသည်။ သူတို့ကို တစ်နေ့လျှင် ဒေါ်လာ ၄၀ မှ ဒေါ်လာ ၄၀၀ အထိ ပေးငှားကြရသည်။ သူတို့က အချို့သော ကိစ္စများတွင် ငွေများများတောင်းရခြင်းမှာ သူတို့အတွက်သာမက ရဲများကိုပေးရန်အတွက်ပါ ဖြစ်သည်။ ဆင်းရဲသည့်နိုင်ငံများတွင် ဖစ်ဆာလုပ်နေသူများမှာ ဒေသခံလူဆိုးဂိုဏ်းများကိုပင် လိုင်းကြေးအဖြစ် ပေးနေရသည်များရှိသည်။ 

ဆလိုဗေးနီးယားနိုင်ငံမှ နီယက်ထရပ်စ်နိုဗက်က သူ့လုပ်အားခ၏ ထက်ဝက်ခန့်ကို လိုင်းကြေးအဖြစ် ပေးနေရသည်ဟုဆိုသည်။ သူက နိုင်ငံခြားမှ သတင်းသမားထံ သတင်းတွေကို အီးမေးလ်တွေနှင့်ပို့သည်။ ထိုသတင်းသမားကလည်း သူ့အတွက် သတ်မှတ်ထားသည့် ငွေကြေးများကို နေ့ပို့မည် ညပို့မည် ပြောင်းချိန်းပြီး တစ်ပြားမှ မပို့သဖြင့် ဆုံးရှုံးရသည့်အခါတွင် လိုင်းကြေးပေးရန် အခက်တွေ့ရပုံများကို ပြောပြရှာသည်။ 

ပါကစ္စတန်နိုင်ငံမှ ဖစ်ဆာတစ်ဦးဖြစ်သည့် ခါလစ်ဝါဆင်းက သူသည် နိုင်ငံခြားသတင်းထောက်ကို အင်တာဗျူးများလုပ်နိုင်ရန် စီစဉ်ပေးသည်။ သူတို့လိုချင်သူတွေကို ဒေသအတွင်း ရှာဖွေဆက်သွယ်ပေးရသည်။ သူတို့ ခိုင်းသည့်အတိုင်း လိုက်လုပ်ပေးနေရပြီး သူ့တွင်ဘာမှ အကြံပေးခွင့်မရှိ။ သူ့ကို ဖစ်ဆာဆိုခြင်းထက် သတင်းကျွန်အဖြစ် အသုံးချသလို ခံစားနေရကြောင်း ပြောပြရှာသည်။

နိုင်ငံတကာ သတင်းမီဒီယာလောကအတွက် ဖစ်ဆာတွေအများကြီးလိုအပ်ပါသည်။ နိုင်ငံခြားသတင်းထောက် ဆိုသူတွေက ဖစ်ဆာတွေကို မွေးထားရသည်။ ဂျာမနီနိုင်ငံမှ နာမည်ကြီး သတင်းစာကြီးတစ်စောင်ဖြစ်သည့် Süddeutsche Zeitung မှ သတင်းထောက်တစ်ဦးဖြစ်သည့် ဘက်စ်တီယန် အိုဘာမေယာဆိုလျှင် နိုင်ငံတကာ၌ သူနှင့် ဆက်သွယ်နေသော ဖစ်ဆာများထံက ပေးပို့သည့် လျှို့ဝှက်သတင်းအချက်အလက်ပေါင်း ၁၁ ဒသမ ၅ သန်းကျော်ရှိသည်ဟု ဆိုသည်။ သူနှင့် အကျိုးတူ ပူးပေါင်းလုပ်နေသည့် သတင်းသမားပေါင်း ၃၀၀ ခန့်ရှိပြီး နိုင်ငံပေါင်း ၆၀ က ဖြစ်သည်။ သူတို့က ပရောဂျက်ကြီးတစ်ခုဖြင့် သတင်းသမားတွေကို ရန်ပုံငွေထောက်ပံ့သည်။ သူတို့သတင်းသမားတွေကိုမွေးပြီး သတင်းယူသည်။ သတင်းသမားတွေ နာမည်ထွက်သည်။ သို့သော် သတင်းသမားတွေ မွေးထားသည့် ဖစ်ဆာတွေကတော့ ဘယ်မှာမှမတွေ့ရ၊ စာရင်းလည်းမရှိ။ မည်မျှထောက်ပံ့နေကြောင်းလည်း အတိအကျမသိရ။ မည်သို့ဆိုစေ ဖစ်ဆာတွေကတော့ အရေးပါသော်လည်း အရာမရောက်သူများ ဖြစ်နေဆဲပင်။

(Ref: Global Investigative Journalism Network)