News

POST TYPE

FEATURE

လက်တစ်လုံးခြား ကလေးမုဒိမ်းမှုများ
08-Mar-2018


၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က India Today သတင်းတွင် ထိတ်လန့်စရာ သတင်းတစ်ပုဒ် ပါလာသည်။ ဒါ့ရှ်ဗင့်ဆိုသည့် အသက် ၂၂ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် အသက် ၇ နှစ်အရွယ် ဟာစီနီဆိုသည့် ကလေးမလေး ကို မုဒိမ်းကျင့်ပြီး သတ်လိုက်သည်။ 

ဒါ့ရှ်ဗင့်သည် ဆော့ဖ်ဝဲအင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး နည်းပညာရှင် တစ်ယောက်ဟုလည်း ဆိုထားသည်။ အသက် ၇ နှစ် သမီးလေးကို မုဒိမ်းကျင့်ပြီး မသတ်မီကလည်း ပြစ်မှုပေါင်း များစွာကို ကျူးလွန်ထားသူဖြစ်သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဒါ့ရှ်ဗင့်သည် စက်ဘီးတစ်စီးကိုခိုးပြီး အထုပ်တစ်ထုပ်ကို ခရီးဆောင် အိတ်ကြီးတစ်လုံးနှင့် သယ်ဆောင်သွားသည်။ ထိုအထုပ်ထဲတွင် အိမ်နီးချင်းကောင်မလေး ဟာစီနီကို မုဒိမ်းကျင့်ပြီး သတ်ထားသည့် အလောင်းကို ထည့်ထားသည်။ ထိုအလောင်းကို သူသည် တံတားတစ်ခုအောက်တွင် မီးရှို့အစဖျောက်ခဲ့သည်။ 

အခင်းဖြစ်ပွားသည့်နေရာမှာ မန်ဂါဒူရပ်ကွက် မူဂါလီဗက်ကမ် အဆောက်အအုံတွင်ဖြစ်သည်။ ကလေးသည် ထိုနေ့က ခွေးနှင့်ကစားရန် တိုက်အောက်ထပ် ကိုဆင်းသည်။ ထို့နောက်ပျောက်သွားသည်။ လူတွေက ဒါ့ရှ်ဗင့်ကို စက်ဘီးနင်းသွားသည်ကို တွေ့ကြသည်။ သူ့စက်ဘီးနောက်တွင် အိတ်ကြီးတစ်လုံး ပါသွားသည်ကိုလည်း တွေ့မြင်ကြရသည်။ ကလေးကို ခွေးနှင့်ကစားနေသည်ကို နောက်ဆုံး တွေ့မြင်လိုက်ချိန်က ည ၆ နာရီ ၁၅ ခန့်က ဖြစ်သည်။ ထိုအချိန်က မိဘတွေကလည်း ဈေးသွားဝယ်နေသည်။ ကလေးကို တိုက်အောက်တွင် ခေတ္တ ကစားရန် ထားခဲ့ချိန်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ရဲတွေက ဒါ့ရှ်ဗင့်ကို ဖမ်းလိုက်သည်။

ဒါ့ရှ်ဗင့်အမှုကို စစ်ဆေးရာတွင် ၈ လနီးပါးကြာသည်။ ရဲတပ်ဖွဲ့ကလည်း အမှုကို ရက်ပေါင်း ၉၀ အကြာ တည်ဆောက်ပြပြီး တရားရုံးတွင် မုဒိမ်းမှု၊ လူသတ်မှုတို့ဖြင့် တရားစွဲဆိုနိုင်စေရန် ကြိုးစားခြင်းဖြစ်သည်။ ထိုအမှုကို ချန်ဂါလ်ပက်တရားရုံးတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင် စစ်ဆေးနိုင်ခဲ့သည်။ ဒါ့ရှ်ဗင့်၏ ရှေ့နေက ထိုအမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအထိ ဆိုင်းငံ့ရန် ရုံးတော်ကို လျှောက်ထားပြန်သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့နေက သူ ဩစတြေးလျကို သွားစရာရှိနေသောကြောင့်ဟု ဆိုသည်။ ထိုကာလများအတွင်း သက်သေ အထောက်အထားများကို ပျောက်ပျက်စေရန် စိုးရိမ်စရာများ ဖြစ်လာသည်။ အိန္ဒိယ ဥပဒေအရ ဒါ့ရှ်ဗင့်ကို သက်သေ မခိုင်လုံသဖြင့် အာမခံနှင့် လွှတ်ထားလိုက်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တရားရုံးက ဒါ့ရှ်ဗင့်အမှုကို ပြန်လည် စစ်ဆေးသည်။ တရားခံက ရုံးတော်ကို စာမျက်နှာ ၆ မျက်နှာခန့်ရေးထားသည့် စာကိုတင်သွင်းပြီး အထူးတရားသူကြီး ပီဗယ်လ် မူရူဂန်ကို ကန့်ကွက်ထားသည်။ တရားသူကြီးက သူ့ ရှေ့နေကိုရော သူ့ကိုပါ တရားရုံးနှင့်လာပြီး မကစားရန် ပြင်းထန်စွာ သတိပေးထားသောကြောင့်ဖြစ်သည်။ 

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဒါ့ရှ်ဗင့်၏ မိခင်ကို သူ့တိုက်ခန်းအတွင်း တင်းပုတ်ဖြင့် ရက်စက်စွာ ထုရိုက်ခံထားရပြီး သေဆုံးနေကြောင်း တွေ့ကြရပြန်သည်။ ဒါ့ရှ်ဗင့်က မိခင်ကိုသတ်ပြီး ရွှေငွေ လက်ဝတ်လက်စားများယူကာ ထွက်ပြေးသည်။ ထောင်ထဲတွင်နေခဲ့ရစဉ်က မိတ်ဆွေ ဖြစ်ခဲ့သော ဒေးဗစ်နှင့် ဂျိမ်းစ်ဆိုသူတို့ကို သူက ရရှိလာသော ပစ္စည်းများအား ထုခွဲပြီး ငွေများခွဲ ဝေပေးသည်။ 

သူ့ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်နေ့မှ မွမ်ဘိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။ သူထွက်ပြေးရန် ကြံစည်နေသည့် တစ်ရက်အလိုတွင် ဖမ်းမိလိုက်ခြင်းဖြစ်သည်။ သူက မိခင်ကိုသတ်ခဲ့ကြောင်း ဝန်ခံရုံမက ထိုနေ့တွင် ဖခင်ကိုပါ သတ်ရန် စီစဉ်ထားသော်လည်း ဖခင်က အလုပ် ပြန်နောက်ကျနေသောကြောင့် မသတ်ဖြစ်ခဲ့ဟုဆိုသည်။ 

မိခင်ကို သတ်ခဲ့သောကြောင့် ဖခင်ဖြစ်သူကလည်း သားဖြစ်သူကို ဥပဒေကြောင်းအရ အထောက်အပံ့ ဆက်မပေးနိုင်တော့ကြောင်း ထုတ်ပြန်သည်။ ထိုအချိန်တွင်ပင် ဟာစီနီကိုမုဒိမ်းကျင့်ပြီး သတ်မှုအတွက် ဖခင်ဖြစ်သူက အမှုကို ဆက်လက် စစ်ဆေးပေးပါရန် ရုံးတော်ကို ဦးတိုက် လျှောက်ထားပြန်သည်။ 

တရားရုံးတော်က ကလေးကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ လူသတ်မှုများဖြင့် တရားစွဲပြီး စစ်ဆေးသည်။ သက်သေပေါင်း ၃၀၊ အထောက်အထား ၄၅ ခုနှင့် အခြားအချက်အလက်ပေါင်း ၁၉ ခုကို တင်ပြနိုင်ခဲ့ကြ ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် သေဒဏ်အဖြစ် ချမှတ်နိုင်ခဲ့သည်။

ဒါ့ရှ်ဗင့်အမှုကို ပြန်လည် ဆန်းစစ်ကြည့်လျှင် လူသတ်မုဒိမ်းသမား တစ်ဦးကို ထိရောက်စွာ အရေးယူ အပြစ်ပေးသင့်ပါလျက် အရေးမယူနိုင်သောကြောင့် နောက်ထပ်တစ်ဦး ထပ်သေရသည်။ မိခင်အရင်းကိုပင် ပြန်သတ်လိုစိတ်ရှိသူကို တရားဥပဒေက အဘယ်ကြောင့် ခွင့်လွှတ်ပြီး အာမခံပေးထားရသနည်း။ 

အမေရိကနှင့် ကလေးမုဒိမ်း

၁၉၉၈ ခုနှစ်က ပက်ထရစ်အိုကနေဒီဆိုသူက အရေးပေါ် ၉၁၁ သို့ ဖုန်းဆက်အကြောင်းကြားသည်။ သူ၏ မွေးစားသမီး ၈ နှစ်သမီး မုဒိမ်းကျင့်ခံရသည် ဆိုကာတိုင်ခြင်းဖြစ်သည်။ ကနေဒီက နယူးအော်လင်းရှိ သူ့ အိမ်နီးချင်း ကောင်လေးနှစ်ယောက်သည် သမီးဖြစ်သူကို မုဒိမ်းကျင့်ပြီးနောက် စက်ဘီးနှင့် ထွက်ပြေးသွားသည်ဟုဆိုသည်။

ကောင်မလေးကို ရဲတွေက ဆေးရုံခေါ်ပြီး စစ်ဆေးသည်။ ချော့မေးသည်။ နောက်မှ ပထွေးဖြစ်သူကိုယ်တိုင်က မုဒိမ်းကျင့်ကြောင်း ပေါ်လာသည်။ ပထွေးက ရဲတွေမေးလျှင် ကောင်လေးနှစ်ယောက်က ကျူးလွန်ကြောင်း ပြောရန် ကလေးကို သင်ထားသည်။ ရဲတွေကို ဖုန်းနှင့် ပထမ တိုင်ကြားစဉ်ကတည်းက ကနေဒီအား မသင်္ကာသဖြင့် ကလေးကို စစ်မေးရာမှ အမှုမှန်ကို သိရှိခဲ့ကြရသည်။

ကနေဒီသည် ကော်ဇောကြမ်းခင်းများကို သန့်ရှင်းပေးသည့် ကုမ္ပဏီကိုခေါ်သည်။ ၉၁၁ ကို ဖုန်းဆက် အကြောင်း မကြားမီကဖြစ်သည်။ အိမ်ကို သန့်ရှင်းရေးသမားတွေကိုခေါ်ပြီး ကော်ဇောတွင် စွန်းပေနေသည့် သွေးများကို သန့်ရှင်းခိုင်းခဲ့သည်။ သန့်ရှင်းရေး ကုမ္ပဏီကလည်း ဝန်ခံထွက်ဆိုသည်။

အလွတ်ယုတ်မာရက်စက်သော အမှုဖြစ်သော ကြောင့် လူဝီစီယားနားဥပဒေအရဆိုလျှင် ကနေဒီကို သေဒဏ်ပေးရန်မှတစ်ပါး အခြားမရှိ။ ထိုပြည်နယ် တွင် ကလေးသူငယ်များကို မုဒိမ်းကျင့်လျှင် သေဒဏ်စီရင်ရန် ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်သည်။ သူ့ကို သေဒဏ် စီရင်လိုက်လျှင် ပြည်နယ်အတွင်း ၃၁ နှစ်ကြာမှ ပထမဆုံး သေဒဏ်စီရင်သော အမှုဖြစ်လာပေလိမ့်မည်။ ထိုပြည်နယ်တွင် ဤမျှကြီးလေးသော အမှုကြီးများ မဖြစ်သည်မှာ ကြာပြီဆိုသည့်သဘောဖြစ်သည်။ 

သေဒဏ်ပေးရေးအတွက် စုံစမ်းစစ်ဆေးမှုကော်မတီ (Death Penalty Information Center) ၏ အစီရင်ခံစာတွင် အမေရိက၌ သေဒဏ်ပေးရေးကို လိုက်လံဆန့်ကျင်နေသည့် အုပ်စုတစ်ခုရှိသည်။ ထိုအုပ်စု က ကနေဒီ သေဒဏ်ကျခံရေးကို ကန့်ကွက်သည်။ အမေ ရိကတွင် သေဒဏ်ကျခံရန်အတွက် တရားရင်ဆိုင် နေရသူပေါင်း ၃၃၀၀ ကျော်ရှိသည်။ လူမသတ်ဘဲ ကနေဒီလို ကလေး မုဒိမ်းမှုကြောင့် သေဒဏ်ကျခံရ မည့်သူက နှစ်ဦးသာရှိသည်။

ကနေဒီက သူ့အမှုကို တရားရုံးချုပ်အထိ အယူခံတက်သည်။ လူဝီစီယားနားနှင့် အခြားပြည်နယ် ငါးခုတွင်သာ ကလေးမုဒိမ်းမှုကို သေဒဏ်ချမှတ်သည့် ဥပဒေရှိတော့ပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခွင့်ပြုမထားကြောင်းတင်ပြကာ သူ့ကို သေဒဏ်မှ ကင်းလွှတ်ပေးရေးအတွက် တောင်းဆိုသည်။

တရားရုံးတွင်လည်း သူ့ရှေ့နေကလည်း ကလေး မုဒိမ်းမှုအတွက် လူတစ်ယောက်ကို သေဒဏ်ပေးရ မည်ဆိုခြင်းမှာ လူမှုရေးရှုထောင့်ကကြည့်လျှင် မဆီလျော် တော့ကြောင်း ခုခံလျှောက်လဲသည်။ သူ့ရှေ့နေပြော သည့် အတိုင်းသာ ခွင့်လွှတ်လိုက်ရလျှင် ပြည်နယ်များ အတွင်း ကလေးတွေလည်း သက်သာစရာ အကြောင်း မမြင်တော့ပေ။

အသက် ၈ နှစ်သမီးလေးကို ပေါင် ၃၀၀ လောက်လေးသည့် ပထွေးဖြစ်သူက အိပ်ပျော်နေချိန်တွင် အကြမ်းဖက် မုဒိမ်းကျင့်ခြင်းက လူမှုရေးအရ ခွင့်လွှတ်ရမည်လော။ ကလေးက ဆိုးရွားစွာ ရုပ်ပိုင်းဝေဒနာကို ခံစားခဲ့ရရုံမက စိတ်ဝေဒနာကိုပါ ခံစားနေရချိန်တွင် တရားခံ၏ ရှေ့နေက လူသတ်မှု မဟုတ်သောကြောင့် သေဒဏ်အပြစ် မပေးသင့်ကြောင်း အပြင်းအထန် ခုခံလျှောက်လဲပေးနေတော့သည်။ တစ်နည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုကိုင်ပြီး နိုင်ငံသားတစ်ယောက် အခွင့်အရေးအဖြစ် ပြောင်းလဲတောင်းဆိုနေကြခြင်းဖြစ်သည်။ 

နောက်ဆုံးတွင် ကနေဒီအမှုအတွက် သေဒဏ်အစား တစ်သက်တစ်ကျွန်းဒဏ် ပြောင်းလဲသတ်မှတ် လိုက်ကြသည်။ ပြည်သူတွေက မကျေမနပ်ဖြင့် ကန့်ကွက်သော်လည်း ကလေးမုဒိမ်းသမားကတော့ အသက်မသေတော့ပေ။ ဤအမှုတွင်လည်း ရှေ့နေများ လက်တစ်လုံးခြားနှင့် လုပ်မှုကြောင့် ကလေးမုဒိမ်းသမားတစ်ယောက် ပြည်နယ်ဥပဒေကို စိန်ခေါ်ခဲ့သည့်အဖြစ်ကို ကြုံတွေ့ခဲ့ကြရပေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံသားတစ်ယောက်ကို ရက်စက်စွာ သတ် ဖြတ်ခြင်းမပြုရဆိုသည့် အချက်ကို အခွင့်ကောင်း ယူကာ အသုံးချသွားခြင်း ဖြစ်သည်။ လူသတ်မှုမမြောက်သည့် ရာဇဝတ်မှုများကို သေဒဏ်မချရဟု ပြင်ဆင်နိုင်ခဲ့ခြင်း က လူသတ်မှု ဆိုသည်မှာ ဓားနှင့် မသေမချင်းထိုး၊ သေနတ်နှင့် မသေမချင်းပစ်မှ လူသတ်မှုလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ လူမဆန်သည့် မုဒိမ်းကျင့်မှုကြောင့် ကလေးတစ်ယောက်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ သေဆုံးသွားခြင်းကို သူတို့ လူနေမှုစနစ်က အသိအမှတ်မပြုဟုဆိုရာလည်း ရောက်နေပေသည်။

အင်ဒိုနီးရှားနိုင်ငံ သေဒဏ်အတည်ပြု

၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၁၄ နှစ်သမီးလေး ယုယန်သည် ကျောင်းမှအိမ်သို့ အပြန်လမ်း၌ အသက် ၁၈ နှစ်သား စက်ရုံအလုပ်သမားတစ်ယောက်၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။ ထိုအမှုကို ဆိုရှယ်မီဒီယာကတစ်ဆင့် ဖြန့်လိုက်ရာ တစ်နိုင်ငံလုံး ဆူပူသောင်းကျန်းစရာ ဖြစ်သွားရတော့သည်။ အလုပ်သမားက မုဒိမ်းကျင့်ရုံမက ယုယန်ကို သတ်သွားသေးသည်။ 

သမ္မတ ဂျိုကို ဝီဒိုဒိုကလည်း ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှုအား ထိရောက်စွာ အရေးယူရန် တိုက်တွန်းပေးခဲ့သည်။ ယခင်က ကလေး ကိုဖြစ်စေ လူကြီးကိုဖြစ်စေ မုဒိမ်းမှု ကျူးလွန်လျှင် အများဆုံးချမှတ်ပေးနိုင်သည့် ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၄ နှစ်သာဖြစ်သည်။ 

ယနေ့ခေတ်တွင် CCTV ကဲ့သိုသော ကိရိယာ များကို နေရာအနှံ့တပ်ဆင်နေကြပြီ ဖြစ်သောကြောင့် ရာဇဝတ်ဘေး ပြေးမလွတ်နိုင်သည့် ခေတ်ဖြစ်လာ သည်။ ဆိုရှယ်မီဒီယာတွေ အားကောင်းလာခြင်း ကလည်း ပြည်သူများကို ပိုပြီး လှုံ့ဆော်ပေးသလို ဖြစ်စေခဲ့သည်။ ထို့ကြောင့် ပြည်သူတွေကလည်း မုဒိမ်းသမားကို သင်းကွပ်ရန်နှင့် သေဒဏ်ပေးရန်သာ တောင်းဆိုကုန်ကြသည်။ 

Twitter ပေါ်တွင် အမျိုးသမီး အကြမ်းဖက်မှု ဆန့်ကျင်ရေး ကော်မရှင်မှ မာရီယာနာ အမီနူဒီက မုဒိမ်းသမားများကို သင်းကွပ်ရန်လောက်သာ သတ်မှတ် ခြင်းမှာ အစိုးရအနေနှင့် လိင်အကြမ်းဖက်မှုကို အသိ အမှတ်မပြုရာရောက် သည်။ မုဒိမ်းသမားများ ပပျောက်ရေးမှာ ထို့ထက်ပိုပြီး အပြစ်ပေးရန်မှတစ်ပါး အခြား အကြောင်းမရှိဟု ဝေဖန်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့ကလည်း အကြမ်းဖက်မှုကို အကြမ်းဖက် အပြစ်ပေးခြင်းဖြင့် ရပ်တန့်နိုင်မည် မဟုတ်ဟု ပြန်အော်ကြသည်။ သို့သော် သမ္မတကလည်း လူမဆန်သည့်အမှုကို လူမဆန်စွာ တုံ့ပြန်မှရမည်ဆိုကာ သေဒဏ်ကို အတည်ပြုပေးလိုက်သည်။ သမ္မတက -

“ကလေးတွေကို လိင်အကြမ်းဖက်မှုဆိုတာ ထူးခြားတဲ့ ပြစ်မှုကြီးပဲ။ ကလေးတွေရဲ့ ငြိမ်းချမ်းတဲ့ ဘဝကို ခြိမ်းခြောက်နေတာလောက် ထူးခြားတာ ရှိရဦးမှာလား”ဆိုသည့်စကားက မှတ်သားစရာ ဖြစ်သည်။ 

(Ref: The Guardian, Legal Match, The Times of India, India Today, ABC)