News

POST TYPE

FEATURE

ကမ္ဘာ့ပန်းချီစက်ရုံ
01-Mar-2018


တရုတ်နိုင်ငံ၏ မြို့ပြရွာလေးတစ်ရွာအဖြစ် တင်စားခေါ်ဝေါ်နေကြသော “ဒါဖန်း” ရပ်ကွက်လေးသည် ကမ္ဘာ့ကော်ပီဆီဆေးပန်းချီကား ၆၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နေသည်ဆိုလျှင် မယုံချင်စရာ ပုံပြင်ပမာဖြစ်ကောင်း ဖြစ်ကြပေလိမ့်မည်။ ထိုရွာလေးတွင် ခေတ်ကောင်းချိန်တစ်ချိန်သည် အမှန်တကယ် ရှိခဲ့ဖူးပါသည်။ အနောက်တိုင်း နာမည်ကြီး ပန်းချီကားချပ် မှန်သမျှကို ထိုရွာလေးတွင် ပုံစံတူ အတိုင်းတစ်ထပ် တည်းကျအောင် မကူးဆွဲဖူးသော ပန်းချီကားမရှိသလောက် ထုတ်လုပ်ခဲ့သဖြင့် ပန်းချီစက်ရုံဟု တင်စားခြင်းခံရသည်အထိ ထင်ရှားခဲ့ပါသည်။

ထိုရွာထွက် ပန်းချီကားများကို ကမ္ဘာ့ဟိုတယ်ကြီးများနှင့် ပြခန်းတိုင်းလိုလိုတွင် တွေ့နိုင်သည်။ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ဇန်းမြို့အတွင်းရှိ ထိုရပ်ကွက်လေးတွင် ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက လှုပ်လှုပ်ရွရွ ဖြစ်လောက်အောင် လှုပ်ရှားမှုများ စတင်ခဲ့သည်ဟုဆိုရမည်။ တစ်ချိန်က ကမ္ဘာကျော် ပန်းချီကားကြီးများကို အတုထုတ်ရာတွင် ထင်ရှားခဲ့သည့်ထိုဒေသကို တရုတ်အစိုးရက ယခုအခါ ပုံစံပြောင်းရန် ကြိုးစားနေသည်။ ဒါဖန်းဟုဆိုလိုက်လျှင် အတုထုတ်ရာဒေသဟု ကမ္ဘာကျော်သွားခဲ့ရမှုကို အစိုးရက ပြန်လည်ပြီး အဖတ်ဆယ်နိုင်ရန် လူလတ်တန်းစားအကြိုက် ပန်းချီကားတွေကို ပြန်လည်ပြီး ရေးဆွဲခိုင်းနေသည်။ သို့သော် ကမ္ဘာ့ပန်းချီကားအတုများနှင့် နာမည်ကျော်ခဲ့ပြီး ဝင်ငွေတိုးတက်ခဲ့သော လုပ်ငန်းကြီးကို ရပ်တန့်သွားစေရန် တရုတ်အစိုးရ တတ်နိုင်ပါမည်လော။

နာမည်ကျော် ပန်းချီကားများကို အတုပြန်လည် ထုတ်လုပ်သည့် လုပ်ငန်းသည် စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်ခဲ့သည်။ ဒါဖန်းသည် အတုထုတ်သမျှထဲတွင် ကမ္ဘာ့ပန်းချီအတု ထုတ်လုပ်ရာ အချက်အချာကျသည့် ဒေသကြီးတစ်ခု ဖြစ်သွားရသည်။ သို့သော် ၂၀၀၈ ခုနှစ်လောက်တွင် ကမ္ဘာ့ငွေကြေး အကျပ်အတည်းနှင့်အတူ ပန်းချီအတုများ ထုတ်လုပ်နေသည့် ဒါဖန်းလည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ရှန်ဇန်းမြို့ရှိ ဒါဖန်းရပ်ကွက်လေးမှ လူများကို ပန်းချီအတုဈေးကွက်နှင့် စတင် မိတ်ဆက်ပေးခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်ကဖြစ်သည်။ ပန်းချီကားများကို လာအပ်သူက ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းရှင်ကြီး ဟောင်ကျင်း ဖြစ်သည်။ သူသည် ပန်းချီဆရာတစ်ဦးလည်းဖြစ်သလို ဒါဖန်းတွင်နေထိုင်ပြီး ပန်းချီ အတုလုပ်ငန်းကို ဇောက်ချကာ လာလုပ်ကိုင်နေသူလည်း ဖြစ်သည်။ 

ဟောင်ကျင်းသည် ဟောင်ကောင်မှ စီးပွားရေး လုပ်ငန်းကြီးတစ်ခုလုံးကို ၁၉၈၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ အပြီးတိုင် ရွှေ့လာခဲ့သည်။ သူက ပန်းချီဆရာလက်သစ်လေးတွေကို စုဆောင်းပြီး ကမ္ဘာအသီးသီးက မှာယူသမျှ ပန်းချီကား အော်ဒါများကို ဒါဖန်းတွင်ထိုင်ပြီး ဖန်တီးခိုင်းသည်။ သူက ဒါဖန်းကို ပန်းချီစက်ရုံတစ်ရုံအဖြစ် ဖန်တီးလိုက်ပြီး ထုတ်သမျှ ပန်းချီကားများကို နိုင်ငံခြားသို့ အုံနှင့်ကျင်းနှင့် တင်ပို့ခြင်းကို လုပ်ကိုင်ပြီး စီးပွားဖြစ်လာခဲ့သည်။ တစ်နည်းအားဖြင့် ဒါဖန်းကိုသူက စတင်ပြောင်းလဲခဲ့သည်ဟု ဆိုရမည်။

ဟောင်ကျင်းသည် နှစ်ပေါင်း ၃၀ ခန့်ကြာအောင် သူ့လုပ်ငန်းကို ထူထောင်ခဲ့ရသူဖြစ်သည်။ ရှန်ဇန်းနယ်ကို စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည် ပြည်နယ်တစ်ခု ဖြစ်လာစေရန် အစိုးရကလည်း အထူး စီးပွားရေးဇုန် တစ်ခုအနေနှင့် သတ်မှတ်ပေးခဲ့သည်။ ထိုနယ်ကို ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက အခွန်လျှော့ပေါ့ခြင်း၊ စီးပွားရေး လမ်းဖွင့်ပေးခြင်းတို့ဖြင့် အစိုးရကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မက်လုံးပေး ဆွဲဆောင်ခဲ့သည်။ သို့သော် ၁၉၈၉ ခုနှစ်တွင် ဒါဖန်းသည် စီးပွားရေး အနည်းငယ်ပြန်ပြီး ယိမ်းယိုင်သွားခဲ့ရပြန်သည်။

၂၀၁၀ ပြည့်နှစ်တွင် ဒါဖန်းကို တရုတ်နိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် ဈေးပေါသော အလုပ်သမားများ ရှာဖွေစုဆောင်းနိုင်သည့် နယ်မြေဒေသတစ်ခုဖြစ်လာစေရန် ပြောင်းလဲခဲ့သေးသည်။ ထိုနယ်မြေတွင် ရွှေ့ပြောင်းလုပ်သားတွေ ရောက်နေသောကြောင့်ဖြစ်သည်။ သို့သော် ဒါဖန်းက အလုပ်ကြမ်းလုပ်သည့်ဒေသမဟုတ်။ ပန်းချီ အနုပညာရပ်ဝန်းအဖြစ် အခြေကျနေပြီဖြစ်သောကြောင့် ပန်းချီစီးပွားကိုပင် ပြန်လည် ထူထောင်ရန် ကြိုးစားကြည့်ကြပြန်သည်။ ဒါဖန်းတွင် ပန်းချီဆွဲသည့် စတူဒီယိုခန်းတွေ များစွာရှိသည်။ အားလုံးသည် ဟောင်ကျင်း ပျိုးထောင်ခဲ့သော လုပ်ငန်းများဖြစ်သည်။ ပန်းချီဆရာတွေကလည်း အားလုံးကို အသက်ဝင်အောင် ဖန်တီးနိုင်သူများဖြစ်ကြသည်။ 

၂၀၀၀ ပြည့်နှစ်လယ်ခန့်တွင် ဒါဖန်း၏ ပန်းချီ ပုံတူဆွဲလုပ်ငန်းသည် အဖွံ့ဖြိုးဆုံး ကာလများဟုဆိုနိုင်သည်။ ထိုရပ်ကွက်လေးတွင် ပန်းချီလုပ်သားတွေနှင့် စည်ကားလာသည်။ ကဖေးဆိုင်များ၊ ပြခန်းနှင့် အရောင်းခန်းများ ပေါ်ထွက်လာပြီး ကမ္ဘာလှည့် နိုင်ငံခြားသား ဧည့်သည်များ ရောက်လာကြသည်။ ၂၀၁၀ ပြည့်နှစ်က ရှန်ဇန်းတွင် ကမ္ဘာ့ကုန်စည်ပြပွဲကြီးတစ်ခု ကျင်းပခဲ့သည်။ ကမ္ဘာကျော် မိုနာလီဇာပန်းချီကားပေါင်းများစွာကို ပန်းချီလုပ်သား ၅၀၀ ခန့်ဖြင့် ထုတ်လုပ်ဆွဲပေးကြရသည်။ ထိုစဉ်က ဒါဖန်းလီဇာပန်းချီကားဟုပင် နာမည်ကျော်သွားခဲ့ရသည်။ 

ထိုအချိန်ကစတင်ပြီး ဒါဖန်းကခေတ် ပြန်ကောင်းလာသည်။ နိုင်ငံတကာကလည်း ဒါဖန်းပန်းချီတွေကို လက်ခံလာပြီး မှာယူလာကြသည်။ တရုတ်နိုင်ငံရှိ အလယ်အလတ်လူတန်းစားများကပါ ဒါဖန်းလက်ရာတွေကို ဝယ်ယူကာ အိမ်တွင် ချိတ်လာကြသည်အထိ ဖြစ်လာသည်။ ဒါဖန်းကို အနုပညာနှင့် ယဉ်ကျေးမှု နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံလိုသူများပါ ထပ်ရောက်လာကြပြန်သည်။ 

ဟောင်ကျင်းသည် အနောက်နိုင်ငံက ပန်းချီကျော်များဖြစ်သည့် ဗင်းဆင့်ဗန်ဂိုး၊ လီယိုနာဒို ဒါဗင်ချီ နှင့် ရမ်းဘရန့်တို့၏ လက်ရာများကို ယူလာပြီး သူ့လုပ်သားတွေနှင့် ပုံတူကူးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သည်။ သူက ပန်းချီကားများကို နိုင်ငံတကာ ပေါက်အောင် ပို့နိုင်သည့်အပြင် စုဆောင်းသူများထံသို့ သာမက၊ ညီလာခံကြီးများကမှာသည့် ပန်းချီကား ချပ်ကြီးများအထိ ရေးဆွဲပြီး ပေးပို့နိုင်ရန် ပေါက်မြောက်ခဲ့သည်။ 

ယနေ့ဆိုလျှင် ဒါဖန်းရပ်ကွက်တွင် လူဦးရေ ၈၀၀၀ ခန့်နေထိုင်ကြသည်။ ထိုအထဲတွင် ပန်းချီ လုပ်သားတွေလည်းပါသည်။ ပန်းချီလုပ်ငန်းနှင့် ပတ်သက်သည့် ဘောင်ရိုက်သူများ၊ ပန်းချီကားပွဲစား များလည်း ထိုရပ်ကွက်အတွင်း နေထိုင်လှုပ်ရှားနေ ကြသည်။ အခန်းလေးတစ်ခန်းသည် စတူဒီယိုလည်း ဖြစ်သလို အိမ်ခန်းလည်းဖြစ်သည်။ ပန်းချီဆွဲလျှင် ပန်းချီခန်း၊ စားသောက်လျှင် စားသောက်ခန်း၊ အိပ်လျှင် အိပ်ခန်းအဖြစ် မိသားစုများ၊ ပန်းချီလုပ်သားများ စုပြုံပြီး နေထိုင်ကြရရှာသည်။ 

ဒါဖန်းသည် ကော်ပီအနုပညာခေါ် နာမည်ကျော် ပန်းချီကားချပ်ကြီးများကို အတုပြန်လည်ရေးဆွဲ ထုတ်လုပ်ရာ ဒေသအဖြစ်နာမည်ကျော်လာသည်။ ရွာအဝင်တွင် ပန်းချီဆေးပလိပ်ပြားကို ကိုင်ထားသည့် ရုပ်တုကြီးတစ်ခုကို အထိမ်းအမှတ်အဖြစ် စိုက်ထူ ထားသည်။ ရုပ်တုရှိသည့် ဂိတ်ပေါက်ကို ကျော်လိုက်သည်နှင့် လမ်းကျဉ်းလေးများအတိုင်း လျှောက်လာလျှင် ပန်းချီရွာကို ရောက်ပြီဖြစ်သည်။ သစ်တွေကို ဖြတ်တောက်နေသည့် လွှသံတွေလည်း ကြားနေရသည်။ ပန်းချီကားဘောင်များ ပြုလုပ်ရန်ဖြစ်သည်။ ရွာလယ်လောက်ရောက်လျှင် ပန်းချီဆေးအနံ့များနှင့် ပန်းချီကားဘောင်များကို အရောင်တင်သည့် တာပင်တိုင်ဆေးနံ့တွေ လှိုင်နေသည့် နေရာကို ဖြတ်သန်း ရမည်။ ပတ်လည်တွင် မည်သည့်နေရာကြည့်လိုက်သည်ဖြစ်စေ ပန်းချီကားချပ်များ ရောင်းနေသည့် ဆိုင်များကိုလည်း တွေ့ကြရမည်ဖြစ်သည်။ 

ပန်းချီကားတွေကတော့ စုံလင်သည်။ ကျေးလက် ရှုခင်းများသာမက ပန်းချီကျော် ဗန်ဂိုး၏ ကိုယ်တိုင်ရေးခဲ့သော ပုံတူလက်ရာတွေကိုလည်း ခွဲမရအောင် ရေးဆွဲထားသည်များ တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ခေါင်းဆောင်များဖြစ်သည့် ထရမ့်၊ ပူတင်နှင့် အခြား ထင်ရှားကျော်ကြားသည့် ခေါင်းဆောင်တို့၏ပုံတူများကို ချိတ်ရောင်းနေသည့် ဆိုင်များလည်းရှိသည်။ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့်အနေနှင့် နေရာအနှံ့တွင်ချိတ်ဆွဲကာ မက်လုံးပေးထားပြီး အချို့ပန်းချီကားတွေဆိုလျှင် ၁၀ ယွမ် (၁ ဒသမ ၅၀ ဒေါ်လာ) ခန့်ပေးလျှင်ပင် ရနိုင်လောက်အောင် ဈေးပေါသည်။

လမ်းကြားလေးတွေအတိုင်း လျှောက်ကြည့်လျှင် ကမ္ဘာကျော် ပန်းချီလက်ရာကြီးများဖြစ်သည့် ပီကာဆို၏ ပန်းချီကားများအပြင် ခေတ်ပေါ်ပန်းချီကားတွေကို လမ်းဘေးတွင် ရေးဆွဲနေသည်ကိုလည်း တွေ့ရမည်။ အချို့ကလည်း စတူဒီယိုလို ခန်းမကြီးများထဲတွင် ရေးဆွဲနေကြသည်။ တံခါးဖွင့်ထားသဖြင့် အားလုံးမြင်တွေ့နေရသည်။ 

ဇန်ရှင်းရှန်သည် စတူဒီယိုတစ်ခုကို ဖွင့်ထားသည်။ သူနှင့် သူငယ်ချင်း သုံးယောက်ပေါင်းပြီး လုပ်နေကြခြင်းဖြစ်သည်။ သူတို့ကတော့ ကြော်ငြာတွေ ဆွဲနေသည်။ သူတို့ရှေ့တွင် iPad တွေကိုဖွင့်ထားပြီး ထိုအထဲက ပုံတွေကို ကြည့်ဆွဲနေကြခြင်းဖြစ်သည်။ သူတို့ အခန်းထဲတွင် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ထားသည်။ ဇန်ရှင်းရှန်က သူ ယခုရေးဆွဲနေသည့် ကြော်ငြာများကို နာမည်ကျော် စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်သည့် Taobao ကတစ်ဆင့် လက်ခံရရှိကြောင်း၊ လုပ်ငန်းရှင်ကြီးတွေက သူတို့ရွာကို မကြာခဏ ရောက်လာပြီး လေ့လာကြကြောင်း၊ ယခုလို ကြော်ငြာ ရေးဆွဲပေးရခြင်းအတွက် သူ့အနေနှင့် လစဉ်ကော်မရှင် ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၅၀၀) ခန့် ရရှိကြောင်း ပြောပြသည်။ 

ဒါဖန်းရွာထဲတွင် တစ်ကိုယ်တော် ကိုယ်ပိုင်ပြခန်းလေးတွေလည်းရှိသည်။ ထိုပြခန်းတွေက ပန်းချီပညာရှင်တွေ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကားများက ခင်းကျင်းပြသထားခြင်းဖြစ်သည်။ Ease Gallery ဆိုသည့် ပြခန်းကို အီသန်လောင်ဆိုသူက ၂၀၀၆ ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည်။ သူက ဟူဘေးနယ်၊ ဟောင်ဂန်းမှ အနုပညာကျောင်း ပန်းချီဆရာလည်း ဖြစ်သည်။ သူ့စိတ်ကူးကတစ်မျိုးဖြစ်သည်။ ဤရပ်ကွက် ရွာထဲကို နိုင်ငံတကာက ကော်ပီကားတွေ ဝယ်ရန် ရောက်လာကြချိန်တွင် တရုတ်၏ အနုပညာလက်ရာ စစ်စစ်တွေကို သူက ဖော်ထုတ်ပြသချင်သည်။ သူက သူ့ပြခန်းတွင်သာမဟုတ်၊ အခြား ပြခန်းများတွင်လည်း သူ့လက်ရာတွေကို လိုက်တင်ပေးထားသည်။ 

ဒါဖန်းသည် ပန်းချီရွာဆိုသော်လည်း အလွန် ခေတ်မီလာသည်။ နိုင်ငံခြားသားတွေ အရောက် များလာသဖြင့် ကဖေးဆိုင်တွေလည်း ထူထောင်လာကြသည်။ ကဖေးဆိုင်များထဲတွင်လည်း ပန်းချီလက်ရာတွေနှင့် မွမ်းမံထားသည်။ ဆိုင်ကြီးများသာမက လမ်းဘေးတွင်လည်း ဟော့ပေါ့လို အရောင်းဆိုင်လေးတွေရှိသည်။ ခေါက်ဆွဲပြုတ်နှင့် အခြား အစားအသောက်ဆိုင်လေးတွေကိုလည်း ဝင်ရောက်စားသောက်နေသူတွေကို တွေ့ရမည်။ 

ရမ်းဘရန့်နှင့် သူပုန်ပန်းချီဆရာ မော်ဒီဂလီရာနီ၏ ပုံတူတွေကလည်း ဒါဖန်းတွင် ယနေ့တိုင် မရိုးနိုင်သည့် ရောင်းအကောင်းဆုံးဖြစ်နေသေးသည်။ ၂၀၁၅ ခုနှစ်တွင် ပုံတူပန်းချီကား ရောင်းရနှုန်းမှ ရရှိသည့် ဝင်ငွေမှာ ဒေါ်လာသန်း ၆၃၀ ခန့်ဖြစ်သည်။ 

ပန်းချီလုပ်ငန်းကို အကြီးအကျယ် စီးပွားဖြစ် ထုတ်လုပ်လာနိုင်သောကြောင့် နိုင်ငံခြားပို့ကုန်အဖြစ် ကုမ္ပဏီထောင်ကာ လုပ်ဆောင်လာသူမှာ မိုင်တန်ဖြစ်သည်။ သူက ရြဃ ဗမအျ ဆိုသည့် ကုမ္ပဏီကို ထူထောင်ပြီး အွန်လိုင်းလုပ်ငန်းကြီး တစ်ခုဖြစ်သည့် ဗူငဘဘေေ နှင့်ချိတ်ဆက်ထားသည်။ ၂၀၀၆ ခုနှစ် ကတည်း က ထူထောင်ထားသည့် သူ့လုပ်ငန်းကလည်း အလွန် အောင်မြင်သည့် အဆင့်ကိုရောက်လာသည်။ 

ယနေ့ဆိုလျှင် မိုင်တန်ထူထောင်ထားသည့် ပန်းချီစတူဒီယိုကြီးထဲတွင် ပန်းချီလုပ်သားပေါင်း ၃၀ ခန့်နှင့် နေ့စဉ် လည်ပတ်နေသည်။ သူက အိမ်များတွင် ရေးဆွဲခိုင်းထားသည့် အပ်ထည်တွေလည်း အများကြီး ရှိသေးသည်ဟု ဆိုသည်။ သူက နိုင်ငံတကာမှ အီးမေးလ်နှင့် အမှာများကို လက်ခံဆောင်ရွက်ပေးနေပြီး၊ ဆွဲပြီးသည့် ပန်းချီကား ကင်းဘတ်စများကို လိပ်ကာ၊ ဘူးရှည်ကြီးများအတွင်း ထည့်သွင်းပြီး နိုင်ငံတကာကိုဖြန့်သည်။ တစ်ပတ်လျှင် သူ နိုင်ငံခြားကို တင်ပို့နေရသည့် ပန်းချီကားချပ်ပေါင်း ၅၀၀ ခန့်ရှိသည်။ အချို့သော အထိမ်းအမှတ်နေ့များနီးလျှင် အော်ဒါ ၁၀၀၀ ခန့်အထိ ရှိသည်ဟု သူကဆိုသည်။ 

ဒါဖန်းပန်းချီစီးပွားတွင် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်နေသူများက အကျိုးရှိသလောက် ပန်းချီဆွဲပေးနေရသူများဘဝမှာ အလွန်နိမ့်ကျလျက်ရှိသည်။ ရွှေ့ပြောင်းနေထိုင်သည့် အလုပ်သမားများကို ခေါ်ခိုင်းနေသောကြောင့် လုပ်ခနည်းနည်းသာပေးပြီး ဖြစ်သလို နေထိုင်စားသောက်နေကြရရှာသည်။ ပန်းချီ စီးပွားလုပ်ငန်းတွင် ပညာရှင် ပန်းချီဆရာများ ထမင်းငတ်နေသလောက်၊ လုပ်ငန်းရှင်တွေ ကြီးပွားနေသည့် ခေတ်ရောက်လာစေရန် ကော်ပီပန်းချီစီးပွားက လုပ်ဆောင်ပေးနိုင်စွမ်းရှိသည်။ မည်သို့ဆိုစေ ဒါဖန်းတွင် လမ်းဘေးရောက်နေသူများမှာ ပန်းချီပညာရှင်များနှင့် ကမ္ဘာကျော်ပန်းချီကားများဖြစ်နေသည်။ တန်ဖိုးကြီးလေ လမ်းဘေးရောက်လေဆိုသည့် သဘောဖြစ်နေသည်။ 

(Ref: Dafen: The World’s Art Factory)