POST TYPE

FEATURE

မူးယစ်စစ်ပွဲနှင့် လူကြမ်းသမ္မတ
13-Sep-2016

သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျလာသည့် အဲရစ်ဆစ်ဆန် တစ်ယောက် မသေကောင်း မပျောက်ကောင်း အသက်ရှင်နေသည်။ အောက်ထပ်မှ ပြတင်းတံခါးနှင့် ဘောင်းဘီချိတ်မိပြီး မျက်နှာချင်းဆိုင် အိမ်ခေါင်မိုးပေါ် ကျသောကြောင့် ဖြစ်သည်။ 

ရဲတွေက ပြုတ်ကျလာသည့်အိမ်ရှင် မာရီယာ ဆိုသူ၏ တဲအတွင်း သေနတ်တွေကိုင်ပြီး ဝင်လာကြသည်။ သူမက -
“ချမ်းသာပေးပါရှင်၊ မပစ်ပါနဲ့၊ အဲဒီလူကို ကျွန်မတို့ မသိပါဘူး” ဟု အော်လိုက်သည်။ ရဲတွေက မာရီယာနှင့် မိသားစုကို အိမ်ထဲတွင် နေရန်ပြောလိုက်ပြီး ထွက်ပြေးသူနောက် လိုက်သွားသည်။ ပြုတ်ကျသူထံမှ တောင်းပန်သံတွေ ကြားနေရသည်။ သို့သော် မကြာမီ သေနတ်သံတွေကိုလည်း ကြားလိုက်ရသည်။

အပေါ်ထပ်မှ ပြုတ်ကျလာသည့် ဆစ်ဆန်သည် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း သမ္မတ ဒူတာတေ တစ်ယောက် တက်လာပြီးနောက် အသတ်ခံလိုက်ရသည့် လူပေါင်း ၂၅၀၀ ထဲမှ တစ်ဦး ဖြစ်သည်။ သမ္မတသစ်က မူးယစ်စစ်ပွဲ အသွင်ဆင်နွှဲနေသည့် ဖိလစ်ပိုင်နိုင်ငံအတွင်း တစ်ရက်လျှင် ပျမ်းမျှ လူပေါင်း ၃၅ ဦးခန့် သေဆုံးနေကြရသည့် သဘော ဖြစ်သည်။ 

ဆစ်ဆန်အမှုကို ရဲတွေက ပြန်ပြီး အစီရင်ခံသည့်အခါ ရဲအရာရှိများကို ပြန်လည်ပစ်ခတ်သဖြင့် ပစ်သတ်လိုက်ရသည်ဟူ၏။ အိမ်နီးချင်းတစ်ဦးက အိမ်ထဲမှ ဖုန်းဖြင့် ခိုးရိုက်ထားသော ဗီဒီယိုတွင် ဆစ်ဆန်က လက်နက်ချပြီး လက်မြှောက်ထားစဉ် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ရဲအရာရှိများက ဆစ်ဆန်၏အိမ်ကို ဝင်ရှာသည့်အခါ ရှာဘူးဟုခေါ်သည့် မက်သမ်ဖက်တမင်း ဆေးပြား ပလတ်စတစ်အိတ် နှစ်ထုပ်၊ ဆေးခြောက်ထုပ်များ၊ ဆေးခြောက်ပါသည့် ဖန်ပုလင်းတစ်လုံးနှင့် ပွိုင့် ၃၈ ကာလီဘာ ခြောက်လုံးပြူး သေနတ်တစ်လက် တွေ့ရှိသည့်အပြင် တရားခံသည် ပြန်လှန်ပစ်ခတ်သောကြောင့် ရဲများက ပစ်သတ်လိုက်ရသည်ဟူ၍ အစီရင်ခံထားသည်။ ဆစ်ဆန်နှင့် အတူနေသူ အမျိုးသမီးက -

“သူတို့က ကျွန်မယောက်ျားကို သေနတ်ကိုင်ထားတယ်။ မူးယစ်ဆေး သုံးတယ်လို့ ပြောကြတယ်။ ကျွန်မယောက်ျားက အဲဒီလိုလူ မဟုတ်ဘူး။ သူက အိမ်ခေါင်မိုးပေါ်က ပြုတ်ကျတော့ အင်္ကျီက ပြတင်းပေါက်နဲ့ငြိပြီး ကျန်ခဲ့တော့ အပေါ်ပိုင်းဗလာ ဖြစ်နေတာ။ တကယ်လို့ သူ့မှာ သေနတ်ပါသွားတယ် ဆိုရင်တောင် ပြုတ်ကျခဲ့မှာ။ သေနတ်ကို ရဲတွေက ကောက်သွားတာ” ဟု ပြောကြားသည်။

အလောင်းတွေ တောင်လိုပုံ

၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကာလတွင် သမ္မတလောင်း ရော်ဒရီဂို ဒူတာတေ တစ်ယောက် ရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နင်းမည်ဖြစ်ကြောင်း ကတိတွေပေးကာ တက်လာခြင်း ဖြစ်သည်။ ကတိပေးထားသည့်အတိုင်း သူတက်လာပြီး ပထမသုံးလမှ ခြောက်လအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားခြင်း ကိစ္စများနှင့် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားခြင်း ကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းတော့သည်။ မူးယစ်ဆေးသမားတွေကို ပစ်သာသတ် အရေးမယူဘူးဟု ဆိုလိုက်သောကြောင့် ထိုကာလအတွင်း မနီလာပင်လယ်အော်တွင်း အလောင်းတွေ သိန်းချီကာ စုပုံနေကြောင်း ငါးဖမ်းသမားတွေက ဆိုကြသည်။

ဒူတာတေက သူမြို့တော်ဝန်အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဒါဗာအိုမြို့တော်တွင် ရွေးကောက်ပွဲ အနိုင်ရသည့်အတွက် အောင်ပွဲအနေနှင့် ပါတီပွဲတစ်ခု ကျင်းပသည်။ ထိုပွဲတွင် ဒူတာတေက မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို သတ်ဖြတ်နှိမ်နင်းရန် အရပ်သား လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းကြပါ၊ မိမိကိုယ်တိုင် အကူအညီပေးမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

သမ္မတသစ် အဖွင့်မိန့်ခွန်းတွင်လည်း ဒူတာတေက မူးယစ်ဆေး သုံးစွဲနေသူများကို ပစ်သတ်ရန်နှင့် မိဘများ၊ လူ့အခွင့်အရေးဆိုသည့် ကိစ္စများကို ဂရုမစိုက်ရန် ပြောကြားခဲ့သည်။ ထို့ပြင်သူက မူးယစ်ရာဇာများနှင့် ငွေကြေးထောက်ပံ့သူများကို နောက်ဆုံးအချိန် ဒူးထောက်အညံ့ခံသည်အထိ သို့မဟုတ် ထောင်ထဲပို့လျှင်ပို့ မြေအောက်သို့ ပို့နိုင်သည့် အချိန်အထိ မူးယစ်စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ဥပဒေမဲ့ သတ်ဖြတ်စီရင်မှုများသည် ဖိလစ်ပိုင်နိုင်ငံတွင် သိပ်ပြီးတော့ အဆန်းမဟုတ်ဟု ဆိုရမည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာတစ်ခုတွင် အာဏာရှင် ဖာဒီနန်မားကို့စ် လက်ထက်ကလည်း သေဆုံးခဲ့ရသူပေါင်း ၃၂၄၀ ခန့် ရှိသည်ဟု ဆိုထားသည်။ ရဲတပ်ဖွဲ့၏ ၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၅ ရက်နေ့အထိ အစီရင်ခံစာတွင်လည်း စစ်ဆင်ရေးကာလ အတွင်း မသင်္ကာမှုဖြင့် သတ်ဖြတ်ခံရသူပေါင်း ၁,၀၂၇ ဦး ရှိသည်ဟု ဆိုထားသည်။ ဖမ်းဆီးထားသူပေါင်း ၁၅,၀၅၅ ဦးသည် လာရောက်အဖမ်းခံကြပြီး စုစုပေါင်း ထောင်ထဲထည့်ထားသူပေါင်းမှာ ၆၈၆,၀၀၀ ဦး ရှိသည်။ 

ဆင်းရဲသားရပ်ကွက်များ အတွင်းနှင့် မာလာဘုံမြို့ သင်္ချိုင်းတွင် လာပစ်ထားသည့် အလောင်းတွေကလည်း မနည်းဖြစ်လာသည်။ များသောအားဖြင့် မူးယစ်ဆေး ဂိုဏ်းအချင်းချင်း ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို လာပစ်ထားကြဟန်တူသည်။ အချို့သော အလောင်းများတွင် တိပ်များဖြင့် ပတ်ထားကြောင်း တွေ့ရပြီး လည်ပင်း၌ “ကျွန်တော်ဟာ မူးယစ်ဆေးရောင်းသူ တစ်ယောက်ပါ။ ကျွန်တော့်လို မဖြစ်ပါစေနှင့်” ဆိုသည့် စာချိတ်ဆွဲထားသည်ကိုပင် တွေ့ကြရသည်။ ရဲတပ်ဖွဲ့က မဟုတ်ဘဲ သမ္မတ မြှောက်ပေးသောကြောင့် ကိုယ့်ဘာသာကိုယ် ဖွဲ့စည်းထားသည့် အသေခံ တပ်တွေကလည်း မထင်လျှင် မထင်သလို အိမ်တွေကို ဝင်စီးရှာဖွေမှုတွေ လုပ်နေကြသည်။ 

မလုံခြုံသည့်ဘဝများ

ဆစ်ဆန်သေဆုံးပြီး အသုဘအိမ်တွင် သူ၏ မိတ်ဆွေများက ဘီယာသောက်ရင်း ဖဲရိုက်ကာ အလောင်းစောင့်နေကြသည်။ သေဆုံးသူ၏ အဖော်ဖြစ်သူ ဘာမွိုင်းကလည်း အခေါင်းဘေးနားထိုင်ကာ ဆုတောင်းပေးနေသည်။ သူ့ကိုသတ်သွားသူများအတွက် ဥပဒေအရ အမှန်အကန် ဖြစ်စေရေး ဆုတောင်းနေပုံ ရသည်။

ဆစ်ဆန်ကို ဖမ်းစဉ်က ရိုက်ကူးထားသည့် ဗီဒီယိုတွင် ရဲအရာရှိသုံးဦးနှင့် သူတို့ကို အုပ်ချုပ်သူ အရာရှိတစ်ဦးက ပါဝင်ပတ်သက်နေကြောင်း တွေ့ကြရသည်။ သို့သော် တရားဥပဒေအရ အမှန်အကန်ဖြစ်ရေးကို ဆစ်ဆန်၏ မိတ်ဆွေများအနေနှင့် မမျှော်လင့်ရဲပေ။ စမတ်ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးထားသူကိုပင် ‘နောက်တစ်ခါ မင်းအလှည့်’ ဆိုသည့် ခြိမ်းခြောက်စာကို ပေးပို့မှုအား လက်ခံရရှိထားသည်။ ထိုစာကို ရဲများက ပေးသလား၊ တစ်ဦးတစ်ယောက်က ပေးသလား၊ မသေချာသော်လည်း သက်သေခံ ရိုက်ကူးထားသည့် ဗီဒီယိုကြောင့် ဒုက္ခရောက်ရမည့် သူများက လက်စဖျောက်ချင်သောကြာင့် ဖြစ်ကြောင်းမှာ သေချာလှသည်။

ဗီဒီယိုရိုက်သည့် ကောင်လေးကို ခြိမ်းခြောက်ကြောင်း သတင်းများ ပျံ့နှံ့သွားသည့်အခါတွင် ထိုတစ်ရပ်ကွက်လုံး သာမက တစ်နိုင်ငံလုံးသည် မူးယစ်စစ်ပွဲအပေါ် သံသယ ရှိလာကြသည်။ သမ္မတသစ် ဒူတာတေကို သူတို့ ရွေးကောက်စဉ်က တစ်နိုင်ငံလုံး၏ ၉၁ ရာခိုင်နှုန်းခန့်သည် သမ္မတသစ်ကို ထောက်ခံခဲ့ကြကြောင်း Pulse Asia အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ယခင် ဖိလစ်ပိုင်နိုင်ငံ တရားရေးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ လွှတ်တော်အမတ် ဒီလိုင်မာဆိုသူသည် ဒူတာတေ၏ ဥပဒေမဲ့လုပ်ရပ်များ အပေါ်တွင် အမြဲဝေဖန်နေခဲ့သူ ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒါဗာအိုမြို့တွင် ဒူတာတေက သေမင်းတပ်ဆိုပြီး အထူးတပ်ဖွဲ့ကာ လုပ်ဆောင်ခဲ့မှုများကို တရားရေးဝန်ကြီးသည် စုံစမ်းစစ်ဆေးခဲ့ဖူးသည်။ ယခုလည်း တစ်ကြိမ် ဒူတာတေ၏ သေမင်းတပ်ဖွဲ့များ ဖွဲ့ကာ အကြမ်းဖက် နှိမ်နင်းနေမှုများကို ဒီလိုင်မာက ဆန့်ကျင်ခဲ့သည်။

မူးယစ်ဆေးနဲ့ ဖိလစ်ပိုင် ပြဿနာ

ဖိလစ်ပိုင်နိုင်ငံတွင် မက်သမ်ဖက်တမင်း ဆေးဝါးများ သုံးစွဲနေမှုသည် ပျံ့နှံ့နေပြီး အလွန်စိုးရိမ်ရသည့် အနေအထားဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများထဲတွင်လည်း မူးယစ်ဆေးသုံးစွဲမှု အလွန်အမင်း ထိပ်တန်းရောက်နေသည့် နိုင်ငံဘဝ ရောက်နေသည်။ 

၂၀၁၅ ခုနှစ် DDB (Dangerous Drugs Board) အဖွဲ့၏ အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေး သုံးစွဲနေသူပေါင်း ၁ ဒသမ ၈ သန်းခန့် ရှိနေသည်ဟု သိရသည်။ 

ဒူတာတေက နိုင်ငံတော်သို့ ပြောကြားသည့် မိန့်ခွန်းတွင် DDB (Dangerous Drugs Board) အဖွဲ့၏ စာရင်းဇယားကို ကိုးကားပြီး မိမိတို့နိုင်ငံတွင် မူးယစ်ဆေးစွဲနေသူ ၃ သန်းခန့် ရှိနေကြောင်း ပြောသွားသည်။ လွှတ်တော်အမတ် အယ်လန်ကာရီတာနိုကမူ ဖိလစ်ပိုင်နိုင်ငံတွင် ၃ သန်းမှ ၇ သန်းအတွင်း မူးယစ်ဆေးများကို သုံးစွဲနေကြသည်ဟု ဆိုသည်။ 

DDB အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၀၄ ခုနှစ် ကတည်းက တရားမဝင် မူးယစ်ဆေး သုံးစွဲနေသူပေါင်း ၆ ဒသမ ၇သန်း ရှိပြီး၊ ၂၀၁၅ ခုနှစ်တွင် သုံးစွဲသူ ၄ ဒသမ ၉ သန်းခန့်သာ ရှိတော့သဖြင့် ၇၃ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်ဟု သိရသည်။

ဒူတာတေကလည်း ပြီးခဲ့သည့် လွှတ်တော်တွင် ဆင်းရဲမှု လျှော့ချရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့်၊ အလုပ်သမားတို့အပေါ် ထောက်ပံ့နေသည့် စရိတ်များကို လျှော့ချပြီး သူ၏ မူးယစ်စစ်ပွဲအတွက် စရိတ်ငွေများကို တိုးမြှင့်အသုံးပြုမည့် ကိစ္စများကို ထုတ်ပြန်ကြေညာသွားခဲ့သည်။

“ခင်ဗျား ဆင်းရဲလို့ဆိုပြီး အပြစ်ကနေ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။ ဆင်းရဲရဲ ချမ်းသာသာ ခွင့်လွှတ်စရာ အကြောင်း မရှိဘူး။ ကျုပ်အမိန့်ပေးတယ် သတ်ပစ်လိုက်” 
ယင်းစကားမှ ဒူတာတေ၏ ရင့်သီးပြတ်သားသော စကားဖြစ်သည်။ ဖိလစ်ပိုင်ရဲတွေ၏ လုပ်ရပ်ကလည်း တစ်ခါတစ်ရံတွင် စောင့်ကြည့်အဆင့် ရှိနေသူများကို လက်စွမ်းပြကာ သတ်လိုက်ကြမှုများ ရှိနေသည်။ 

ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနှင့် မက္ကဆီကိုနိုင်ငံများတွင်လည်း ဒူတာတေလုပ်သလို မူးယစ်ဆေးစစ်ပွဲကြီးများကို တိုက်ပွဲအသွင်ဖြင့် နှိမ်နင်းခဲ့ဖူးပါသည်။ သို့သော် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် ရလဒ်သာ အဖတ်တင်ခဲ့ပြီး ငွေပေါင်းများစွာ ကုန်သာကုန် လုံးဝ ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့သည်တော့ မဟုတ်ပေ။

ဖိလစ်ပိုင်နိုင်ငံတွင် ဆင်နွှဲနေသည့် မူးယစ်စစ်ပွဲသည် နိုင်ငံသူ နိုင်ငံသားများကို ဆိုးရွားသည့် အနေအထားတစ်ခုသို့ မရောက်ရောက်အောင် တွန်းပို့ခြင်းတစ်ခု ဖြစ်ပြီး သမ္မတတစ်ဦး၏ ရက်စက်သော စတန့်ထွင်မှုတစ်ခုအဖြစ် ပြည်သူတွေကလည်း ကန့်ကွက်လာကြသည်။ 

ပြည်သူ့အသံကတော့ ရှင်းသည် “မူးယစ်ဆေးကိုသတ်ပါ၊ ပြည်သူတွေကို မသတ်ပါနှင့်တော့” ဖြစ်သည်။ သမ္မတသစ် ဒူတာတေတစ်ယောက် သူ၏ အာဏာတည်မြဲရေးနှင့် မူးယစ်စစ်ပွဲတွင် နောက်ထပ်လူ ဘယ်နှယောက် ထပ်သေပေးရဦးမည်နည်း ဆိုခြင်းကို ပြည်သူများကလည်း သူ့ကိုတင်မြှောက်ရွေးကောက် စဉ်ကထက် ပိုပြီး သံသယ ဖြစ်လာကြသည်။ 

(Ref : Philippines: Inside Duterte's killer drug war, Joseph Hincks)

ကျော်ဗလ