News

POST TYPE

FEATURE

အိန္ဒိယအရှေ့အလယ်ပိုင်း ပြဿနာ
27-Feb-2018



အရှေ့အလယ်ပိုင်း ပြဿနာဟု ဆိုလိုက်သောကြောင့် နိုင်ငံရေး ပြဿနာဟု မယူဆစေလိုပါ။ နိုင်ငံများ၏ ပြဿနာမဟုတ်။ လူများ၏ လူမှုရေးပြဿနာ။ တစ်နည်းဆိုရလျှင် လူတို့၏ အရှေ့အလယ်ပိုင်းနေရာ ဗိုက်ပြဿနာ။ အမျိုးသမီးများ၏ ဗိုက်ပြဿနာ ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က အိန္ဒိယ အစိုးရအဖွဲ့ တာဝန်ရှိသူများက သတင်းတစ်ပုဒ် ထုတ်ပြန်ကြေညာပါသည်။ အိန္ဒိယနိုင်ငံတွင် ဖုံးဖုံးဖိဖိ လူအသိမခံချင်သောကြောင့် နိုင်ငံမှထွက်ကာ ပြည်ပတွင် ကိုယ်ဝန်သွားဖျက်ချနေသူ အမျိုးသမီးပေါင်း ၆၃ သန်း ရှိသည်ဟူ၏။

အိန္ဒိယနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ အမျိုးသားများကို ဦးစားပေးခံနေရပြီး အစားလည်း ကောင်းကောင်းစား၊ ကျန်းမာရေးတွင်လည်း အခွင့်ထူးခံများ ဖြစ်နေသည်မှာ ကြာခဲ့ပြီ။ မိသားစုတွင် သားတစ်ယောက်မွေးဖွားလာလျှင် လုံလောက်ပြီဟုထင်ကာ ရပ်ပစ်လိုက်ကြသည်များလည်း ရှိသည်။ သမီးထပ်မမွေးလာစေချင်သောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယတွင် ယောကျာ်း ၁၀၀ အတွက် မိန်းမက ၉၄ ယောက်နှုန်းလောက်သာ ရှိသည်။ ဥရောပအဖွဲ့ဝင်နိုင်ငံများတွင် ယောကျာ်း ၁၀၀ လျှင် မိန်းမ ၁၀၄ ဦးနှုန်း ရှိနေသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် လိင်ခွဲခြားဆက်ဆံသည့် သဘောဖြင့် မိန်းကလေးဆိုလျှင် ကိုယ်ဝန်ဖျက်ချခြင်းမျိုးကို ဆန့်ကျင်သည့် အဖွဲ့အစည်းများ ပေါ်လာရသည်။ အစိုးရအစီရင်ခံစာတွင် ၂၁ သန်းသော မိန်းကလေးများသည် မိသားစုက မလိုချင်ဘဲ ယူထားရသူများ ဖြစ်နေသည်ဟုဆိုသည်။ အမျိုးသမီးအများစုသည် လက်ထပ်ကြေးပေးရန် ငြင်းဆိုခြင်း၊ မပေးနိုင်ခြင်းများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း၊ ယောကျာ်းနှင့် ယောက္ခမများ၏ နှိပ်စက်မှုများကို ခံနေရခြင်းများ ယနေ့တိုင်ရှိနေသည်။ ၂၀၁၀ ပြည့်နှစ် မှတ်တမ်းတွင် ယင်းပြဿနာများကြောင့် သတ်သေခဲ့ရသည့် အမျိုးသမီးအရေအတွက် ၈၄၀၀ ခန့် ရှိသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တစ်ခုကလည်း ထိတ်လန့်စရာဖြစ်ခဲ့ရသည်။ အသက် ၂၈ နှစ်အရွယ် အစ်ကိုဝမ်းကွဲဖြစ်သူက ၈ လ သမီးလေးကို မုဒိမ်းကျင့်မှု ဒေလီတွင်ဖြစ်ပွားခဲ့သည်။ ကလေးကို သုံးနာရီကြာ ခွဲစိတ်ပြီး အသက်ပြန်ကယ်ထားရသည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရလည်း ၂၀၁၆ ခုနှစ်တွင် ကလေးမုဒိမ်းမှုပေါင်း ၁၉၇၆၅ မှု ရှိခဲ့ကြောင်း သိရသည်။ 

မုဒိမ်းမှုပေါင်းများစွာကို ရှက်သဖြင့် ဖုံးဖိထားမှုပေါင်းများစွာလည်း ရှိသည်။ အကျင့်ခံရသည့် အမျိုးသမီးပေါင်းများစွာမှာ ဘဝပျက်သည့်အပြင် နောက်ဆက်တွဲ အကျိုးဆက်ပေါင်းများစွာ ခံစားနေကြရရှာသည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးသုံးဦးတွင် တစ်ဦးနှုန်းခန့် (၄၈ ဒသမ ၁ သန်းခန့်) ကိုယ်ဝန်ဖျက်ချနေကြရသည်။ နိုင်ငံတော်ထုတ်ပြန်ချက်တွင်ပင် ၂၀၁၅ ခုနှစ် က ကိုယ်ဝန်ဖျက်ချသူ ၁၅ ဒသမ ၆ သန်းခန့် ရှိနေကြောင်း သိရသည်။ ကိုယ်ဝန်ဆောင် ၄၈ ရာခိုင်နှုန်းခန့်မှာ ကိုယ်ဝန်ဖျက်ချရာတွင် အန္တရာယ်မကင်းသည့် ရှေးရိုးနည်းများကို အသုံးပြုခဲ့ကြသည်။ ကိုယ်ဝန်ဖျက်ချရာတွင် ဆေးများကိုလည်း သုံးစွဲကြသည်။ ကိုယ်ဝန် ဖျက်ချသူ ၈၁ ရာခိုင်နှုန်း (၁၂. ၇ သန်း) သည် ဆေးသုံးကာဖျက်ချပြီး ၂ ဒသမ ၂ သန်းခန့်မှာ ပစ္စည်းကိရိယာများဖြင့် ဖျက်ချခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံတွင် ကစ်တီပါတီဆိုသည့် အဖွဲ့လေးတွေဖွဲ့ပြီး လှုပ်ရှားမှုလေးတွေ လုပ်လာသည်။ အမျိုးသမီးတွေ တစ်လတစ်ကြိမ်ခန့် နေရာတစ်နေရာတွင် စုဝေးပြီး ဆွေးနွေးကြခြင်းဖြစ်သည်။ သူတို့လက်ရှိ ဆွေးနွေးနေကြသည့်အကြောင်းများမှာ လက်ထပ်ထားသည့် အမျိုးသမီးများ ကွာရှင်းပြတ်စဲခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ပြဿနာများဖြစ်သည်။ ဤပွဲကို စီစဉ်သူ အမျိုးသမီးဦးဆောင်သူ နီရာက ကိုယ်ဝန်ဖျက်ချသည်ဆိုခြင်းမှာ အစီအစဉ်မရှိ ကိုယ်ဝန်ဆောင်မိသောကြောင့် ဖြစ်နိုင်သလို ခေတ်ပေါ် သန္ဓေတားဆေးများအပေါ် အယုံအကြည်မရှိသောကြောင့်လည်း ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားသည်။ 

သူတို့ဆွေးနွေးချက်ရလဒ်များကို ကောက်ချက်ချရလျှင် နယူးဒေလီရှိ အလယ်အလတ်တန်းစား အသက် ၂၆ နှစ်မှ ၄၀ အတွင်း အမျိုးသမီးများသည် ဆရာဝန်များနှင့် မတိုင်ပင်ဘဲ ကိုယ်ဝန်ဖျက်ချမှုများကို အကြိမ်ကြိမ် လုပ်ဆောင်နေသူပေါင်း များစွာရှိနေသည်။ ထိုသဘောတရားများက လက်မထပ်ဘဲ ပြင်ပတွင် လိင်ဆက်ဆံမှုများကို လုပ်ဆောင်နေကြပြီး ကြိုတင်အကာအကွယ်များကို လုပ်ဆောင်ခြင်းမရှိကြောင်း ထင်ရှားသည့် သက်သေပြနေမှုများဖြစ်သည်။ 

အိန္ဒိယနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချဆေးများဖြစ်သည့် (mifepristone and misoprostol) တို့ကို တားမြစ်ပိတ်ပင်ထားပါသည်။ ဆရာဝန်ထံမှ ဆေးစာမပါလာလျှင် ရောင်းချခြင်းမပြုရန်လည်း ကန့်သတ်ထားသည်။ သို့သော် ထိုဆေးများကို မှောင်ခိုဈေးကွက်တွင် လိုသလောက်ရနေသည်။ ထို့ကြောင့်လည်း နားမလည်စွာဖြင့် သောက်သုံးနေကြပြီး အသက်ဆုံးရှုံးရမှုများလည်း ရှိနေသလို စိတ်မကျန်းမာသည့် ဝေဒနာကို ခံစားနေရသူများပင် ရှိနေပြန်သည်။

အသက် ၄၀ အရွယ် တီနာဆိုသူသည် ကစ်တီပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူလည်း တစ်ချိန်က ကိုယ်ဝန်အကြိမ်ကြိမ် ဖျက်ချခဲ့သူတစ်ဦးဖြစ်သည်။ သူက ခင်ပွန်းသည်ဖြစ်သူသည် ကွန်ဒုံးကို မသုံးလိုကြောင်း၊ သူကိုယ်တိုင်ကလည်း သန္ဓေတားဆေးများကို အယုံအကြည်မရှိကြောင်း ပြောပြသည်။

“ကျွန်မ ကိုယ်ထဲထည့်တဲ့ အခွေလည်း သုံးဖူးတာပဲ။ ဒါပေမဲ့ ကိုယ်ဝန်ရှိတာပဲ။ စိတ်ပျက်လွန်းလို့ သန္ဓေတားဆေးသောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ ဆရာဝန်ကိုသွားပြတယ်။ ခုတော့ အဲဒီ ဆရာဝန်ပေးတဲ့ ဆေးကို ကိုယ်ဝန်ရှိလာတိုင်း ဆေးဆိုင်မှာ သွားဝယ်သောက်လိုက်တာပဲ။ ဈေးလည်းပေါ ဝယ်လို့လည်း လွယ်တာကိုး”ဟု ဆိုသည်။ 

ကစ်တီပါတီကို တက်လာသည့် မီးယပ်သားဖွား အမျိုးသမီးဆရာဝန်တစ်ဦးက တီနာကို အဘယ်ကြောင့် ကိုယ်ဝန်မကြာခဏ ဖျက်ချနေရသနည်းဟု မေးသည်။ သူက -

“ကိုယ်တော်ချောတို့က ကွန်ဒုံးသုံးရတာ အရသာမတွေ့ဘူးတဲ့လေ”ဟု ရယ်မောပြီး ပွင့်လင်းစွာ ပြောသည်။ သူကဆက်ပြီး -

“ယောကျာ်းတွေဆိုတာက သူတို့ဆန္ဒပြည့်ရင် ပြီးတာပဲ။ ကျန်တာတွေ ဘာမှထည့်ပြီး တွေးတော့တာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။ အကျိုးဆက်ကား အမျိုးသမီးတိုင်း ဆက်ပြီး ရင်ဆိုင်ရမည့် ပြဿနာဖြစ်သွားတော့သည်။ နီရာကလည်း

“ကွန်ဒုံးဆိုတာ အိန္ဒိယမှာ ပြန်ပြီးတော့ ခေတ်စားလာတာ အေအိုင်ဒီအက်စ် ဖြစ်မှာကြောက်ကြလို့ပါ။ သူတို့က အေအိုင်ဒီအက်စ်လောက်ကလွဲပြီး ဘာမှ ဂရုစိုက်ကြတာမဟုတ်ဘူး။ သူတို့က ကိုယ့်မိန်းမမဟုတ်တဲ့သူနဲ့ ပျော်ပါးဖို့သာ ကွန်ဒုံးသုံးရမှန်း နားလည်ထားကြတာ”ဟု ဆိုသည်။ 

လက်မထပ်ဘဲ လိင်ဆက်ဆံခြင်း အလေ့အထများသည် အိန္ဒိယတွင် ခေတ်စားလာသည်ဟု ဆိုရမည်။ ထိုအနောက်တိုင်းဓလေ့များကို ပုံတူကူးချနေခြင်းကြောင့်လည်း ကိုယ်ဝန်ဖျက်ချနေမှုများ ပေါများလာရခြင်း ဖြစ်သည်။ ကစ်တီပါတီတွင် ထိုကိစ္စများကိုလည်း ဆွေးနွေးကြသည်။ လက်မထပ်သေးဘဲ အတူနေထိုင်သင့်ပါသလား။ နေထိုင်ပြီဆိုလျှင် ဘာတွေလိုသနည်းကို သူတို့ဆွေးနွေးကြသည်။ 

နီရာက တစ်ယောက်တည်းနေထိုင်သည့် အမျိုးသမီးများနှင့် အိမ်ထောင်ကွဲ အမျိုးသမီးများအနေနှင့် ကိုယ်ဝန်ဖျက်ချရန်ဆိုသည်မှာ အလွန်ခက်ခဲသည့် ကိစ္စတစ်ခုဖြစ်သည်။ လိင်ကိစ္စလွတ်လပ်ခွင့်မရှိဟု ယူဆထားသည့်နေရာများနှင့် ကိုယ်ကျင့်တရားတစ်ခုအနေနှင့် ထိန်းသိမ်းတန်ဖိုးထားသော နေရာများတွင် လိင်ဆက်ဆံရေးနှင့် အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရှိလာခြင်းတို့ကို လုံးဝလက်မခံသောကြောင့် တစ်ကိုယ်တည်းနေ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းမှာ ခွင့်လွှတ်နားလည်ပေးနိုင်မည့် အနေအထားတွင် မရှိပေ။ ထိုအမျိုးသမီးများအတွက် ကိုယ်ဝန်ဖျက်ချခွင့်ကို ပေးမည့်နေရာဌာနများ မရှိသေးလျှင် ကိုယ်ဝန်ကို တိတ်တဆိတ်ဖျက်ချနေရခြင်း၏ ဆိုးကျိုးများကို ဆက်လက်ခံစားနေရဦးမည်သာ ဖြစ်သည်။ 

အသက် ၃၈ နှစ်အရွယ် ရှမီလာသည် လွန်ခဲ့သည့် ၈ နှစ်ခန့်ကတည်းက အိမ်ထောင်ပျက်ခဲ့သည်။ သူယခုတွဲနေသည့် ကောင်လေးက သူ့ထက်ငယ်သည်။ သူကရှက်သဖြင့် ကောင်လေးနှင့်လည်း တွဲပြီး မသွားရဲ။ တိတ်တိတ်ပုန်းနေထိုင်ရာက သူ့တွင် ကိုယ်ဝန်ရှိလာသည်။ သူက -

“တစ်နေ့တော့ ကျွန်မစိုးရိမ်တဲ့အတိုင်း ဖြစ်လာတော့တာပဲ။ ကျွန်မမှာ ကိုယ်ဝန်ရှိလာတယ်။ ဘယ်သူ့ကိုမှလည်း မပြောရဲ၊ အခင်ဆုံးသူငယ်ချင်းတွေကို တောင်မပြောရဲဘူး။ မိသားစုကို ဘယ်လိုမျက်နှာပြရမှန်းတောင် မသိဘူး ရှက်လိုက်တာလေ။ ကျွန်မ သူငယ်ချင်းတစ်ယောက်က သူကိုယ်ဝန်ဖျက်ချတုန်းကဆေး ကောင်းတယ်ဆိုလို့ အဲဒီဆေးဝယ်ခိုင်းပြီး သောက်လိုက်မိတယ်။ လပေါင်းအတော်ကြာကြာ သွေးတွေဆင်းတယ်။ ဘယ်သူ့မှလည်း မပြောရဲဘူး။ စိတ်ဆင်းရဲမှုဒဏ် အကြာကြီးခံရတယ်။ အိပ်ရာက မထချင်လည်း ထနေရတယ်။ သားဖွားနဲ့မီးယပ် ဆရာဝန်ဆီလည်း မသွားရဲဘူး။ အိမ်က သိသွားမှာကြောက်လို့”ဟု ဆိုသည်။

လူ့ဘောင်က ကိုယ်ဝန်ဆောင်ခြင်း၊ ဖျက်ချခြင်းများကို ခွင့်မပြုသောကြောင့် တစ်ကိုယ်တည်းသမားများ၊ အိမ်ထောင်ကွဲ အမျိုးသမီးများ ဒုက္ခရောက်ကြရသည်။ ထို့ကြောင့် ပုဂ္ဂလိကဆေးခန်းများကို ပြေးပြီး တိတ်တိတ်ပုန်း ဈေးကြီးပေးကာ ဖြေရှင်းနေကြရသည်။ ငွေကြေးတတ်နိုင်ပြီး ပိုက်ဆံအကုန်ခံနိုင်သော ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက နိုင်ငံခြားထွက်ပြီး ပြဿနာကို ဖြေရှင်းနေကြရသည်။ ရှမီလာ ပြဿနာတွင်လည်း သူ့မှာ တိုင်ပင်ရန်ဆရာဝန်မရှိ။ သွားလည်း မတိုင်ပင်ရဲ။ ထို့ကြောင့် သူငယ်ချင်းအကြံကိုယူပြီး ဆေးသောက်ကာ ဖြစ်သလိုဖြေရှင်းလိုက်ပြီး ကံကောင်း၍မသေ ဖြစ်ခဲ့ရသည်။ အိန္ဒိယတွင် ထိုသို့သော ရှမီလာတွေ မည်မျှ များနေသနည်း။ ကံမကောင်းအကြောင်းမလှ သေဆုံးခဲ့ရသူတွေ မည်မျှများနေသနည်း ဆိုခြင်းကို စဉ်းစားစရာပင်။

ဒေလီမှ အမျိုးသမီးသားဖွားနှင့် မီးယပ်ဆရာဝန်တစ်ဦးက -

“အိန္ဒိယနိုင်ငံမှာ တစ်ယောက်တည်းနေတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကွဲထားသူတွေအတွက် အစိုးရက ပညာပေးတာတွေ လုပ်သင့်ပါတယ်။ တစ်ယောက်တည်းနေထိုင်တဲ့ အမျိုးသမီးတွေက သူတို့မှာ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ရှိတယ်ဆိုတာကို မသိကြဘူး”ဟု ဆိုသည်။

“အမျိုးသမီးတွေမှာ လက်ထပ်ပြီးပြီဆိုပေမယ့် ကျန်းမာရေးအနေအထားကြောင့် ကိုယ်ဝန်မဆောင်ချင်ရင် မဆောင်ပိုင်ခွင့်ရှိတယ်။ အဲဒါကို မသိတော့ ခက်နေတာပေါ့။ လူတွေက ပိုက်ဆံသာရှိအောင် လုပ်နေကြတာ။ အသိရှိအောင် လုပ်ကြတာမဟုတ်ဘူး”ဟု သူကဆက်ပြောသည်။

အိန္ဒိယနိုင်ငံတွင် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်နေကြရသည့် အနေအထားမှာ သိပ်ပြီးမထူးဆန်းသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် ချမ်းသာသည့် မိသားစုများတွင် အဆိုးဆုံးဖြစ်သည်။ ချမ်းသာသူများက သူတို့ မိသားစုဂုဏ်သိက္ခာ ကျဆင်းမည့်အနေအထားဆိုလျှင် ပိုက်ဆံမည်မျှကုန်ပါစေ ကိုယ်ဝန်ကို မရရအောင် ဖျက်ချရန် ဝန်မလေးသူများ ဖြစ်နေသည်။ 

ထိုသို့သော ကိစ္စရပ်ပေါင်းများစွာ မိသားစုပြဿနာအဖြစ် ရှိနေပါသည်။ ထို့ကြောင့်လည်း အစိုးရကိုယ်တိုင်က အိန္ဒိယတွင် ကိုယ်ဝန်ဖျက်ချမှုပေါင်း နှစ်စဉ် ၆ ဒသမ ၇ သန်း ရှိနေသည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် တရားမဝင်ကိုယ်ဝန်ဖျက်ချနေမှုက ၁ သန်းခန့် ရှိနေသည်။ 

အိန္ဒိယတွင် လိင်ခွဲခြားဆက်ဆံမှုလွန်ကဲခြင်းကြောင့် အမျိုးသမီးဖြစ်နေရသည့် ဘဝကပင် အလွန်အောက်တန်းကျကာ နိမ့်ကျသလိုဖြစ်နေရသည်။ တစ်နည်းဆိုရလျှင် အမျိုးသမီးများဘဝသည် ကိုယ့်ခန္ဓာကိုယ်ကိုပင် ကိုယ်မပိုင်လောက်သည့်အနေအထားကို ရောက်နေကြရရှာသည်။ သွေးနှင့် ကိုယ်သားနှင့် ကိုယ်လူဖြစ်နေကြရသော်လည်း တာဝန်ယူ တာဝန်ခံခြင်းမရှိသူများကြောင့် သူတို့၏ အရှေ့အလယ်ပိုင်းအရေးမှာ ရင်လေးစရာဖြစ်နေပါတော့သည်။

ကျော်ဗလ
(Ref: The Diplomat, Morning Star, Hindustan Times)