POST TYPE

FEATURE

ပုဂံရှုခင်းသီးသန့် ဓာတ်ပုံပြပွဲပြုလုပ်မည်
26-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၂၅

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ယူနက်စကိုသို့ တင်သွင်းထားသည်ကို ကြိုဆိုသည့်အနေနှင့် ပုဂံရှုခင်းများသာ သီးသန့်ပြသမည့်ဓာတ်ပုံပြပွဲကို မတ်လပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ဓာတ်ပုံဝါသနာရှင်များနှင့် ရှေးဟောင်းသုတေသနဌာနတို့ ပူးပေါင်းကျင်းပမည်ဖြစ်ကြောင်း၊ ဓာတ်ပုံပညာဖြင့် အသိပညာပေးလှုံ့ဆော်ခြင်းလည်း ဖြစ်ကြောင်း၊ ပုဂံ၏အကြောင်းကို ဓာတ်ပုံပညာဖြင့် ပြသသွားခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ယင်းဓာတ်ပုံပြပွဲကို မင်းနန်းသူ ကျေးရွာအနီးရှိ လေးမျက်နှာအုတ်ကျောင်းအနီးတွင် မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ကာ ဓာတ်ပုံအရေအတွက် ၂၀၀ ကျော်ပြထားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးအစီအစဉ်များအရ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်စေရန် ကမ္ဘာ့အမွေအနှစ်ဖြစ်ရေးအဆိုပြုစာတွဲကို ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ယူနက်စကိုအဖွဲ့ထံ တင်ပြထားပြီးဖြစ်သည်။ 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တင်ပြထားသည့် စာတွဲပါအချက်အလက်များနှင့် မြေပြင်အခြေအနေ ကိုက်ညီမှုရှိမရှိကို ယူနက်စကိုမှတာဝန်ရှိသူများက ၂၀၁၈ ခုနှစ်တစ်နှစ်လုံး စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကာ ၂၀၁၉ ခုနှစ် ဇွန်လတွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ယူနက်စကို မြန်မာရုံးထံမှလည်း သိရသည်။

M-05