News

POST TYPE

FEATURE

အကြွေစောခဲ့သူများ
20-Feb-2018


ပါကစ္စတန်နိုင်ငံတွင် ကလေးသူငယ်များအား မုဒိမ်းကျင့်ခြင်းကို လူထုတရားစီရင်နည်းဖြင့် စီရင်ခွင့်ပြုရန် တောင်းဆိုနေသည်မှာကြာပြီ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင်တော့ ၇ နှစ်သမီးလေးကို မုဒိမ်းကျင့်ပြီး သတ်ပစ်လိုက်သည့် လူယုတ်မာကို သေဒဏ်ချလိုက်ကြောင်း ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ် မုဒိမ်းသမား အီမရမ်အလီကို ပါကစ္စတန်တရားရုံးက သေဒဏ်အပြင်၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်များပါ ကျခံစေရန် ငါးရက်ကြာ တရားစီရင်ပြီးနောက် အမိန့်ချမှတ်နိုင်ခဲ့ကြသည်။ အလီသည် ဤတစ်မှုတည်းမဟုတ်သေး။ အနည်းဆုံး အခြားကလေး ၇ ဦးခန့်ကိုလည်း အလားတူ မုဒိမ်းကျင့်ပြီး သတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးထားသည်။ အလီကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလကမှ ဖမ်းမိခြင်းဖြစ်သည်။ ၇ နှစ်သမီးလေး ဇိုင်နက် အန်ဆာရီ၏အလောင်းကို ကာဆာမြို့အမှိုက်ပုံတစ်ပုံတွင် တွေ့ရှိကြရသည်။ ကာဆာသည် ပါကစ္စတန်မြို့တော်၊ အစ္စလာမာဘတ်မြို့နှင့် မိုင် ၂၁၀ ကွာဝေးသောဒေသမှ မြို့လေးတစ်မြို့ဖြစ်သည်။

ဇိုင်နက်၏ ရက်စက်စွာ ပြုကျင့်သတ်ဖြတ်ခြင်းခံရမှုသည် တစ်နိုင်ငံလုံး၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်သည်အထိ ပြင်းထန်ကုန်သည်။ ဆန္ဒပြသူတွေက အစိုးရ၏ အရေးယူမှုအပေါ် အားမလိုအားမရဖြစ်နေပြီး၊ မီဒီယာများကတစ်ဆင့်လည်း တိုက်ပွဲများမကြာခဏ ပြုလုပ်နေသောကြောင့် နောက်ဆုံးတွင် မုဒိမ်းလူသတ်သမားအလီကို ဖမ်းမိတော့သည်။ 

ဒေသခံပြည်သူများ၏ အဆိုအရ ဤမုဒိမ်းမှုနှင့်ပါဆိုလျှင် သူတို့မြို့တွင်ဖြစ်ပွားခဲ့သည်မှာ ၁၂ ကြိမ်မြောက်ရှိနေပြီဟု ဆိုသည်။ ဇိုင်နက်အလောင်းကို တွေ့ပြီးနောက် ပြည်သူများက အစိုးရကို ဆန့်ကျင်ဆန္ဒပြရာတွင် ရဲများ၏ပစ်ခတ်မှုကြောင့် လူနှစ်ယောက်ထပ်သေပြန်သည်။ ပြည်သူတွေ ပိုပြီးပေါက်ကွဲကြသည်။

အလီသည် ဇိုင်နက်နှင့် အိမ်နီးနားချင်းဖြစ်သည်။ ဇန်နဝါရီလ ၇ ရက်နေ့က အလီသည် ဇိုင်နက်ကိုခေါ်သွားကြောင်း CCTV အထောက်အထားများထဲတွင် တွေ့ကြရခြင်းဖြစ်သည်။ ကလေးက အိမ်အနီးရှိ ဘာသာရေးကျောင်းကို တက်ရန်အသွားတွင် ပျောက်သွားခဲ့ရသည်။ ထိုစဉ်က ကလေး၏မိဘများသည် ဆော်ဒီအာရေးဗီးယားသို့ ဘုရားဖူးသွားနေသည်။ ကလေးကို ဆွေမျိုးများနှင့်ထားခဲ့ရာက ယခုလိုဖြစ်ခဲ့သည်။

တရားရုံးတွင် အလီကဖြောင့်ချက်ပေးရာ၌ ကလေးကိုမိဘများ ပြန်ရောက်နေပြီဟုပြောကာ လိမ်ခေါ်သွားကြောင်းသိရသည်။ ကလေးပျောက်နေသည်ဆိုသဖြင့် မိဘများက ဘုရားဖူးရာမှ ချက်ချင်းပြန်လာခဲ့သည်။ သူတို့ပြန်လာချိန် သမီးဖြစ်သူ၏ ရုပ်အလောင်းကို အစောင့်ထူထပ်စွာ ချထားသည့်ကြားက အသုဘပွဲအား လုပ်ဆောင်နေရခြင်းနှင့် ကြုံခဲ့ရလေသည်။ 

ကာဆာမြို့တွင် ၂၀၁၅ ခုနှစ်ကတည်းက ကလေးတွေ ပျောက်နေခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် လူနှစ်ဦးကို ဖမ်းဆီးထားကြောင်းနှင့် မိမိတို့ဒေသအတွင်း ကလေးသူငယ်များ မတရားပြုကျင့်မှုများ ခံနေရကြောင်းလောက်ကိုသာ ထုတ်ဖော်ပြောကြားနိုင်ခဲ့သည်။ ဇိုင်နက် မပျောက်မီကလည်း ကလေးတွေ မကြာခဏပျောက်နေသည်။ ဆင်းရဲသည့် မိသားစုအတွင်း အများဆုံးပျောက်ဆုံးမှုတွေ ဖြစ်နေသည်။ ဇိုင်နက်မိဘတွေကတော့ ဇတ်ဇတ်ကြဲတွေဖြစ်ပြီး အလယ်အလတ်တန်းစားတွေ ဖြစ်သောကြောင့် သူတို့သမီးပျောက်သည့် ပြဿနာကို ငြိမ်ခံမနေသဖြင့် တစ်နိုင်ငံလုံး ဆူပူအုံကြွသည်အထိ ဖြစ်ခဲ့ရသည်။ 

ဇိုင်နက်၏ ညီအစ်မတစ်ဝမ်းကွဲကလည်း ထိုနေ့က သူနှင့်အတူ ကျောင်းသွားရာက လူအုပ်ကြားထဲတွင် ပျောက်သွားကြောင်းနှင့် သူတို့လူချင်းကွဲသွားသည့် နေရာကို အတိအကျပြောပြနိုင်ခဲ့သည်။ ထိုနေရာ အနီးတစ်ဝိုက်တွင်ရှိနေသော ဈေးဆိုင်တစ်ဆိုင်၌ CCTV တပ်ထားသည်။ ယင်းမှတ်တမ်းကို ပြန်ပြီးကြည့်ရာ ဇိုင်နက်သည် လူတစ်ယောက်နှင့် လိုက်သွားသည်ကို တွေ့ကြရသည်။ မိဘတွေက ပန်းရောင် အနွေးထည်လေးဝတ်ထားသည့် သမီးဖြစ်သူကို ရှာဖွေပေးကြရန် ပတ်ဝန်းကျင်ကို လိုက်လံ အကူအညီတောင်းကြတော့သည်။

ဇိုင်နက်ပျောက်နေသည့် သတင်းကို ဆိုရှယ်မီဒီယာများပေါ်တွင်လည်း တင်ပေးလိုက်ပြီး ဝိုင်းဝန်း Share ပေးကြသည်။ ကလေး၏ဓာတ်ပုံကိုလည်း ဆိုရှယ်မီဒီယာများပေါ်တွင်သာမက ဒေသ ရုပ်မြင်သံကြားဌာန Newswise ကပါ ထုတ်ပြန်ပေးခဲ့သည်။ လူတိုင်း ဇိုင်နက်အတွက် ခံစားမှုများဖြစ်လာခဲ့ရသည်။

ကာဆာဒေသခံများ အုံကြွပေါက်ကွဲကြသည်။ ပါကစ္စတန်နိုင်ငံ အဖွဲ့အစည်းများကိုလည်း မိမိတို့ကလေးများအပေါ် အကာအကွယ် အစောင့်အရှောက် မပေးနိုင်ကြတော့ဘူးလားဟု တောင်းဆိုကြတော့သည်။ 

“ပြည်သူတွေက ခံစားချက်တွေပြင်းထန်လာတယ်။ သူတို့ သတ္တိတွေလည်း ရှိလာကြတယ်။ သူတို့က ပြောင်းလဲမှုတစ်ခုခုကို လိုလားတောင့်တနေကြတယ်”ဟု ရှေ့နေတစ်ဦးဖြစ်သူ ဝါကက်အဘစ်က ပြောကြားသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ကလေးအလောင်းကို ပြန်တွေ့ကြရသည်။ အပြစ်ကင်းသည့် ကလေးတစ်ယောက်ကို မတရားပြုကျင့်ထားသည့်အပြင် သတ်ဖြတ်ထားသည်မှာ မည်မျှ ရင်နာစရာကောင်းသနည်း။ လူတွေက ပေါက်ကွဲပြီး လမ်းပေါ်ထွက်ကာ ဆူပူအုံကြွတော့သည်။ သူတို့သားသမီးများဘဝ လုံခြုံမှုမရှိတော့ခြင်းကို ပေါက်ကွဲပြီး ဆန္ဒပြခြင်းဖြစ်သည်။ သူတို့က ရဲကားများကို ဖျက်ဆီးကြသည်။ ရဲစခန်းကိုပင် မီးရှို့ရန်ဖြစ်လာသည်။ ထင်ရှားသည့် ဘာသာရေး ခေါင်းဆောင်များကလည်း အစိုးရကိုဆန့်ကျင်ပြီး အသုဘအခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ပြည်သူများကလည်း မုဒိမ်းလူသတ်ကောင်ကို ကြိုးပေးသတ်ရန် တောင်းဆိုကြတော့သည်။

ပါကစ္စတန်နိုင်ငံတွင် ယခုနှစ်အတွင်း ရွေးကောက်ပွဲကို စတင်တော့မည်ဖြစ်သည်။ ပန်ဂျပ်ပြည်နယ် ဝန်ကြီး ရှီဘက်ရှာရစ်ဖ်ကလည်း နောက်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းခံရရန် သေချာသလောက် ဖြစ်နေသည်။ ထိုအချိန်တွင် ဇိုင်နက်၏အရေး ဖြစ်ပေါ်လာခြင်းမှာ နိုင်ငံရေးအကျပ်အတည်း တစ်ခုကိုပါ ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။ 

အစိုးရအဖွဲ့ကလည်း ချက်ချင်းအဖွဲ့တွေဖွဲ့ကာ အရေးယူစုံစမ်းမှုတွေ လုပ်ခဲ့ရသည်။ ရာပေါင်းများစွာသော မသင်္ကာသူများကို ဖမ်းဆီးပြီး DNA စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အီမရမ်အလီကို ဇန်နဝါရီလ ၂၃ ရက်နေ့ကမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ သူက ကလေးယောကျာ်းလေး၊ မိန်းကလေးပေါင်း ၈ ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဝန်ခံပြီး၊ ယင်းတို့အနက် ခြောက်ဦးကို သတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးလေသည်။ 

ဇိုင်နက်ကွယ်လွန်ပြီးနောက် ပေါက်ကွဲမှုတွေက ပိုပြီးပြင်းထန်လာသည်။ ပါကစ္စတန်လူ့ဘောင်တွင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို အလွန်အရှက်ရစရာ ကောင်းသည့် ပြစ်မှုတစ်ခုအဖြစ် လက်ခံထားကြသည်။ ယခု အခွင့်ကြုံလာသဖြင့် မပြောရဲမဆိုရဲသည့် မိဘများကလည်း သူတို့သားသမီးများ ခံစားထားရသည်များကို ရင်ဖွင့်လာကြတော့သည်။ ကလေးအခွင့်အရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Sahil သို့ လာရောက်တိုင်ကြားသည့် အမှုပေါင်းပင် ဒါဇင်နှင့်ချီပြီး ရှိလာခဲ့သည်။ 

“လူတွေရဲ့ ရင်ဖွင့်ပြောကြားလာမှုတွေဟာ အများကြီး သက်ရောက်မှုရှိပါတယ်။ သူတို့ ပွင့်လင်းစွာ ပြောဆိုလာကြတယ်။ လူတွေကစနစ်တွေကို ဘယ်လိုပြုပြင်သင့်တယ်၊ မိဘတွေနဲ့ ကလေးတွေကို ဘယ်လိုပညာပေးသင့်တယ် ဆိုတာတွေကအစ ပူးပေါင်းပါဝင် ဆွေးနွေးလာကြတယ်”ဟု Newswise ရုပ်သံအစီအစဉ်မှ ရာဟင်ရှမ်ဆီက ပြောကြားသည်။

ဇိုင်နက်၏ ရက်စက်စွာအသတ်ခံရမှုကို လေ့လာသုံးသပ်လျှင် ကလေးသူငယ်များအပေါ် ရဲတွေ၏ စောင့်ရှောက်နိုင်စွမ်း ကင်းနေသည်။ ရဲတွေက အကျင့်ပျက်လာဘ်စားပြီး မိမိတို့တာဝန်ယူနေရသည့် လူ့ဘောင်အဖွဲ့အစည်းအပေါ်တွင် ထိရောက်စွာ ကာကွယ်စောင့်ရှောက်မှုများ မပေးနိုင်ကြောင်းလည်း ထင်ရှားနေသည်။ 

“ရဲတွေက ယခင်ဖြစ်ပျက်ခဲ့တဲ့ ကလေးတွေပျောက်ဆုံးမှုမှာ သဲလွန်စမပြောနဲ့ အထောက်အထား တစ်ခုတလေတောင် ဖော်ထုတ်မပြနိုင်ဘူး”ဟု ဇိုင်နက်၏ ဖခင်ကပြောကြားသည်။ သူက

“တကယ်လို့သာ အဲဒီလိုအလုပ်ခံရတဲ့ သမီးဟာ ဝန်ကြီးတို့၊ ဝန်ကြီးချုပ်တို့ရဲ့ သမီးသာ ဖြစ်နေကြည့်ပါလား၊ အဲဒီကောင်တွေ ပျာနေကြမှာ”ဟု ဆိုသည်။ 

ကာဆာမြို့ရှိရဲတပ်ဖွဲ့ကို ယခင်ကလည်း ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်က ပါကစ္စတန်နိုင်ငံတွင် အကြီးကျယ်ဆုံးသော ကလေးမုဒိမ်းမှုကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ကာဆာမြို့မှ မိုင်အနည်းငယ်သာ ကွာဝေးသည့်မြို့တွင် ကလေးပေါင်း ၂၈၀ ကျော်သည် မုဒိမ်းမှုကို ကျူးလွန်ခြင်းခံခဲ့ရသည်။ ၂၀၁၆ ခုနှစ် ကာဆာမြို့၌ ပျောက်သွားသော ကလေးအလောင်းများကို အမှိုက်ပုံများ၊ ဆောက်လက်စ အဆောက်အအုံများနှင့် ပြောင်းခင်းများထဲတွင် တွေ့ခဲ့ကြရခြင်းဖြစ်သည်။ 

၂၀၁၆ ဧပြီလက ဆံပင်ညှပ်ဆရာ၏ သမီးဖြစ်သူ အသက် ၆ နှစ်အရွယ် နူးဖာတီမာဆိုသည့် မိန်းကလေးပျောက်သွားသည်။ ဆင်းရဲသည့် မိသားစုဖြစ်သဖြင့် လူမသိသူမသိ ကိစ္စပြီးသွားရသည်။ ကလေးက နွားနို့ဝယ်ရန် အိမ်ကထွက်သွားသည်။ ထိုညက မီးပျက်သည်။ နောက်တစ်နေ့ နံနက်တွင် ကလေးအလောင်းကို ဆောက်လုပ်ရေး ဆိုက်တစ်ခုတွင် တွေ့ကြရသည်။ 

ကလေးမလေး၏ ဖခင်ကတစ်လခန့်အကြာတွင် ရဲတပ်ဖွဲ့ကိုသွားပြီး သမီးအမှုလက်သည် တရားခံကို ဖမ်းမမိသေးဘူးလားဟု သွားမေးသည်။ ရဲတွေက ကလေး၏ဖခင်ကို “ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပေါ့ဗျာ”ဟု ပြောလွှတ်လိုက်သည်။ သူတို့ဘာမှ မတတ်နိုင်ကြောင်း ထုတ်ဖော်ပြောလိုက်သည့် သဘောပင်။

ကလေးမလေး၏ ဖခင်က သမီးလေး၏ ဓာတ်ပုံလေးကိုကိုင်ပြီး လျှောက်ပြနေရုံကလွဲပြီး ဘာမှမတတ်နိုင်။ သမီးလေးပုံကို သူ့ဖုန်းထဲတွင် ထည့်ထားပြီး အလွမ်းဖြေနေရုံသာ တတ်နိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သွားလျှင်လည်း သူတို့မတတ်နိုင် ဘုရားသခင်အပေါ် ပုံချကြပေလိမ့်မည်။ ရဲအရာရှိတစ်ဦးက -

“ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာ မိဘတာဝန်ပေါ့ဗျာ။ ကလေးတွေကို အပြင်တစ်ယောက်တည်း မလွှတ်ကြနဲ့ပေါ့”ဟု ဆိုသည်။ မှတ်သားလောက်သည့် စကားဖြစ်သည်။ ထိုစကားကို ပြောနေသည့် ရဲအရာရှိဝန်းကျင်ရှိ လက်ဖက်ရည်ဆိုင်တွင် ကလေးတွေက စားပွဲထိုးနေကြသည်။ 

ရဲတွေကလည်း အပြောမတတ်၊ ပြည်သူလူထုကလည်း ခံပြင်းလာသောကြောင့် တစ်နိုင်ငံလုံး ဆူပူအုံကြွမှုကြီး တစ်ခုဖြစ်လာစေရန် တွန်းအားပေးလိုက်သလို ဖြစ်သွားသည်။ ဆိုရှယ်မီဒီယာတွေပေါ်က တိုက်ပွဲမှာ ပိုပြီးပြင်းထန်သည်။ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စု၌လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို မခံရပ်နိုင်သောကြောင့် #MeToo ဆိုသည့် လူထုအုံကြွ လှုပ်ရှားမှုကြီးတစ်ခုကို လုပ်ဆောင်နေကြသည်။ ပါကစ္စတန် ပြည်သူတွေကလည်း သူတို့ကလေးတွေအတွက် တစ်ခုခု လုပ်ပေးရန်ဆုံးဖြတ်လိုက်ကြသည်။ 

ပါကစ္စတန်တွင် မုဒိမ်းမှုအတော်များများသည် ရှက်ကြောက်သဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း နှုတ်ပိတ်နေကြသည်ကများသည်။ ကာဆာကို မုဒိမ်းမြို့တော်အဖြစ် အပြစ်တင်ဝေဖန်မှုကို မခံနိုင်သည့်ဒေသခံများက လှုံ့ဆော်မှုများပြုကြသည်။ ကျောင်းများတွင် ဆရာတွေက ကျောင်းသားတွေကို မျက်စိအောက်က အပျောက်မခံ စောင့်ရှောက်နေကြရသည်။ ဈေးဆိုင်များကလည်း လူစိမ်းတစ်ယောက်ကိုတွေ့လျှင် သတိထားကြည့်နေကြရသည်။ 

ဇိုင်နက်မိဘတွေက သူတို့သမီးလေး၏ ပုံတွေကို နေရာအနှံ့လိုက်ကပ်သည်။ စာတွေလည်း လိုက်ကပ်သည်။

“ငါတို့မြို့မှာ လူသားချင်း စာနာထောက်ထားမှုတွေ မရှိတော့ဘူး” “ငါတို့မြို့ကြီး ကျိန်စာသင်နေပြီ” “ကလေးတွေဆိုတာတို့ရဲ့ ပန်းပွင့်လေးတွေပါ” ဆိုသည့်စာတွေကို လိုက်ကပ်ထားပြီး လှုံ့ဆော်မှုများပြုနေသည်။

ရဲတွေက ဘာဖြစ်ဖြစ် ဘုရားသခင်၏ အလိုတော်အတိုင်းပဲဟု ပြောနေချိန်တွင် ပြည်သူတွေက ပြည်သူ့ဆန္ဒ ပြည်သူ့အသံနှင့် ပြည်သူ့ခံစားချက်များကို ဖော်ထုတ်နိုင်စေရန် ကြိုးပမ်းနိုင်ခြင်းကြောင့်သာ ဇိုင်နက်ကို ရက်စက်စွာ ပြုကျင့်ခဲ့သူ မုဒိမ်းလူသတ်သမားကို ဖမ်းမိပြီး သေဒဏ်ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့နိုင်ငံက ရှေ့နေများက အလီကို သေဒဏ်ပေးခဲ့ခြင်းကြောင့် ပြည်သူကို ကျေနပ်ပြီလားဟု မစော်ကား။ ပြည်သူနှင့် မီဒီယာစွမ်းပကားကြောင့် အလီဆိုသည့် မုဒိမ်းသမားကို သေဒဏ်လေးခါနှင့် တစ်သက်တစ်ကျွန်းဒဏ်ပါ ပေးဆောင်နိုင်ခဲ့ခြင်းမှာ ပြည်သူ့တရားဟု ဆိုရမည်သာဖြစ်သည်။ 

ကျော်ဗလ
(Ref: Los Angeles Times, Reuters, AP, AFP)