News

POST TYPE

FEATURE

သူတို့ဘဝလေးတွေ ကယ်တင်ပေးပါ
15-Feb-2018


သူ့နာမည်က ဂျာဟာ ဒူကူရေဖြစ်သည်။ ဂျာဟာတစ်ယောက် တစ်လသမီးအရွယ်လောက်ကတည်းက FGM အလုပ်ခံခဲ့ရသည်။ အသက် ၁၅ နှစ် အရွယ်တွင် သူ့ကိုမိဘတွေက အတင်း ယောက်ျားပေးစားသည်။ ယောက်ျားယူပြီး ခင်ပွန်းသည်နှင့်အတူ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ကို လိုက်ခဲ့ရသည်။ 

လက်ထပ်သည့်ညတွင် ငယ်စဉ်ကတည်းက FGM အလုပ်ခံထားရသည်ကို ပြန်ပြီးအဖွင့်ခံရသည်။ ထိုအဖြစ်အပျက်၊ ထိုဝေဒနာများကို သူတို့ဒေသမှ အမျိုးသမီးတိုင်းလိုလို ခံစားခဲ့ကြရသည်သာ ဖြစ်သည်။ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာတွင် FGM အလုပ်ခံထားရသည့် အမျိုးသမီးပေါင်း သန်း ၂၀၀ ခန့် ရှိနေသည်။ ဂျာဟာတစ်ယောက် ယနေ့ FGM ဆန့်ကျင်ရေး လှုပ်ရှားသူတစ်ဦး ဖြစ်နေပြီ။

FGM ဆိုသည်မှာ Female Genital Mutilation ၏ အတိုကောက်ဖြစ်သည်။ အမျိုးသမီးများ၏ မအင်္ဂါကို ဖြတ်တောက်ခြင်း၊ ချုပ်ခြင်းများကို ပြုလုပ်ခြင်းဖြစ်ပြီး အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် ယနေ့တိုင် ကျူးလွန်နေကြသည့် လူမဆန်သော လုပ်ရပ်တစ်ခုဖြစ်သည်။ UNICEF၏ ခန့်မှန်း ချက်အရ ၂၀၁၆ ခုနှစ်အထိ FMG လုပ်ခြင်းကို ခံနေရသော အမျိုးသမီးပေါင်း သန်း ၂၀၀ ခန့်ရှိသည်။ ယနေ့အထိ FGM ဓလေ့ကို ပြုလုပ်နေသေးသည့် နိုင်ငံများမှာ အာဖရိကတွင် ၂၇ နိုင်ငံနှင့် အင်ဒိုနီးရှား၊ အီရတ် ကာဒစ္စတန်နှင့် ယီမင်နိုင်ငံများဖြစ်သည်။ 

အချို့သောနိုင်ငံများတွင် ဘာသာရေးနှင့် လူမှုရေး အယူအဆများအရ Circumciser ဆိုသည့် အမျိုးသားများကို လိင်အင်္ဂါ အရေပြား ဖြတ်တောက်သည့် အလေ့အထများရှိသည်။ ထို့ပြင် အမျိုးသမီးများကိုလည်း ဘလိတ်ဓားများ အသုံးပြုပြီး ပြင်ပကိုယ် အစိတ်အပိုင်းများကို ဖြတ်တောက်ပြုပြင်မှုများ လုပ်ဆောင်ခြင်းတို့ကိုလည်း လုပ်ဆောင်နေကြသေးသည်။ ရည်ရွယ်ချက်မှာ မွေးသည်မှ လက်ထပ်သည်အထိ အပျိုစင်ဖြစ်ကြောင်း ပြသလိုသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ မိန်းကလေးများကို ၅ နှစ်သမီး အရွယ်လောက်ကတည်းက FGM လုပ်ပြီး၊ မင်္ဂလာဦးညမှ ပြန်ဖွင့်ပေးသဖြင့် အလွန်စိတ်ပျက်စရာ ကောင်းသော အလေ့အထတစ်ခုဟုလည်း ဆိုနိုင်သည်။

အမေရိကန် ပြည်ထောင်စုတွင် ဂျာဟာသည် အမျိုးသမီးများအား FGM ပြုလုပ်ခြင်းမှ အကာအကွယ်ပေးရန် တိုက်ပွဲဝင်နေသည်မှာ သမ္မတအိုဘားမား လက်ထက်ကတည်းက ဖြစ်သည်။ သူ့ကို ကုလသမဂ္ဂကလည်း FGM ဆန့်ကျင်ရေး သံတမန်တစ်ဦးအဖြစ် အသိအမှတ်ပြုရုံမက Safe Hands for Girls ဆိုသည့် NGO အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူတစ်ဦးလည်း ဖြစ်လာသည်။ သူသည်ယခုအခါ ဂမ်ဘီယာတွင် နေထိုင်ပြီး အာဖရိကတိုက်တွင် FGM အလေ့အထဆိုးများ ပပျောက်စေရန် တိုက်ပွဲဝင်နေသည်။ 

သူက ယခင်သမ္မတဟောင်း ယာယာဂျမ်မေးနှင့်အတူ အမျိုးသမီးများအား FGM လုပ်ခြင်းကို ၂၀၁၅ ခုနှစ်ကတည်းက ဂမ်ဘီယာတွင် ဆန့်ကျင်လှုပ်ရှားနေခြင်းဖြစ်သည်။ သို့သော် သူတို့နှစ်ဦးစလုံးကို အကြမ်းဖက် ဖမ်းဆီးပြီး ဒဏ်ငွေ ဒေါ်လာ ၁၀၅၀ ပေးဆောင်ရန် သို့မဟုတ်ပါက ထောင်ဒဏ် ၃ နှစ်ကျခံစေရန် ပြစ်ဒဏ်ချခြင်းခံရသည်။ ဂျာဟာအကြောင်းကို ၂၀၁၆ ခုနှစ်တွင် Time မဂ္ဂဇင်း၌ ပါလာသောကြောင့် လူသိများလာသည်။ Time မဂ္ဂဇင်းလည်း ထင်ပေါ်ကျော်ကြား ၁၀၀ စာရင်းတွင် ဂုဏ်ပြုပြီး ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ သူက FGM ကိစ္စကိုသာမက ကလေးသူငယ်အရွယ်များကို လက်ထပ်ပေးခြင်းအားလည်း ဆန့်ကျင်နေသူတစ်ဦးအဖြစ် လူသိများလာခဲ့ရသည်။ 

FGM စနစ်ကို အာဖရိကတွင် ရိုးရာဓလေ့တစ်ခုအနေနှင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ကလေးအရွယ်ကတည်းက ဒေသခံ ဖြတ်တောက် ဆရာတွေနှင့်ဖြစ်သလို အခမ်းအနားလုပ်ကာ စီရင်နေကြခြင်းဖြစ်သည်။ ကျန်းမာရေး သဘောတရားအရကြည့်လျှင် အလွန် ကြောက်စရာ ကောင်းသည့် စီရင်ခြင်းဖြစ်နေသော်လည်း မိဘများ၏ အဓမ္မ ဆောင်ရွက်နေကြမှုများကြောင့် ကံကောင်းမှ အသက်ဆက်ကြရမည့် သဘောကိုလည်း သက်ရောက်နေတော့သည်။

FGM စနစ်ကို ပညာရှင်များက ကျန်းမာရေး အထောက်အကူပြုနိုင်စရာ မည်သည့်အချက်မှ မတွေ့ရကြောင်း ထုတ်ဖော်ပြကြသည်။ ယင်းသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် အပြင်းအထန် နာကျင်မှုကို ခံစားရခြင်း၊ သွေးထွက်လွန်ပြီး ဒုက္ခရောက်နိုင်ခြင်း၊ အနာဖြစ်ကာ ရောင်ရမ်းကိုက်ခဲနိုင်ခြင်း၊ အဖျားဝင်နိုင်ခြင်း၊ မေးခိုင်ပိုး ဝင်နိုင်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြင်း၊ ဒဏ်ရာက မကြာခဏ ဒုက္ခပေးတတ်ခြင်း၊ ထိတ်လန့်ခြင်း၊ သေဆုံးခြင်းစသည်တို့ကိုသာ ခံစားရနိုင်ကြောင်း UNICEFကလည်း ထုတ်ပြန်ထားသည်။ 

ထိုအလေ့အထများကို မွေးဖွားပြီးစနှင့် ကလေးအရွယ်များတွင် လုပ်ဆောင်နေကြသည့်အပြင် အချို့သော မိန်းကလေးများမှာ အရွယ်ရောက်ပြီးမှ အဓမ္မ လုပ်ဆောင်ခြင်းကို ခံနေကြရသည်။ နှစ်စဉ် FGM လုပ်ခြင်းကို ခံစားနေကြရသည့် မိန်းကလေးပေါင်း ၃ သန်းကျော် ယနေ့တိုင်ရှိနေဆဲဖြစ်သည်။

နိုင်ငံတကာက FGM ဆန့်ကျင်လှုပ်ရှားမှုများကို ၁၉၇၀ ပြည့်နှစ်လောက်ကတည်းက ပြုလုပ်လာကြသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကုလသမဂ္ဂကလည်း ပါဝင်လှုပ်ရှားလာကြောင်းတွေ့ရသည်။ လူ့အခွင့်အရေးကို ချိုးဖောက်သည့် ကိစ္စတစ်ခုအဖြစ် တစ်ကမ္ဘာလုံးကလည်း ဝိုင်းဝန်းကန့်ကွက်သံတွေ ဆူညံလာခဲ့ရသည်။

FGM ပြုလုပ်ခြင်းကို ခံထားရသည့် အမျိုးသမီးတိုင်းသည် စိတ်ပိုင်း၊ ရုပ်ပိုင်းနာကြည်းသော ခံစားချက်များကို သူတို့ဘဝ တစ်လျှောက်လုံး ဒဏ်ရာအဖြစ် ရရှိသွားတော့သည်။ သူတို့ဘဝတွင် မည်မျှ ခံစားနေသနည်းဆိုသည်မှာ FGM ကို ပြုလုပ်သည့် အလေ့အထ အမျိုးအစား လေးမျိုးအပေါ်တွင် မူတည်နေသည်။ အပျိုစင် ဘဝတစ်လျှောက်လုံး စိတ်ခံစားမှုများ သက်ရောက်နေရသည်မှာ လက်ထပ်သည့်ညတွင် ပါ ဒုက္ခဆိုးကြီးတစ်ခုကို ထပ်မံ ရင်ဆိုင်ရဦးမည်ဆိုသည့်အသိက သူတို့ဘဝကို ခြောက်လှန့်နေတော့သည်။

သုတေသနပြုချက်များအရ FGM ကိုပြုလုပ်နေသော လူမျိုးစုများသည် များသောအားဖြင့် ကျေးလက်ဒေသများတွင် အဆိုးဆုံးဖြစ်ပြီး၊ ဆင်းရဲသော မိသားစုများထဲတွင် အဖြစ်များကြောင်း၊ ပညာ မတတ်၊ အသိနည်းသည့်သူများသာ လုပ်ဆောင်လေ့ရှိကြောင်း၊ ချမ်းသာပြီး ပညာတတ်သည့်အုပ်စုများတွင် FGM လုပ်ပေးမှုများ နည်းပါးသွားပြီဖြစ်သောကြောင့် ပညာရေးနှင့် ပညာပေးရေးမှာ အလွန် အရေးကြီးနေကြောင်း ထောက်ပြကြသည်။ အချို့မှာ လူမျိုးစုအတွင်း အကျပ်ကိုင်မှုများနှင့် ရှေးလူကြီးများ၏ အရိုးစွဲနေသော အယူအဆများကို ဆန့်ကျင်နိုင်အား မရှိသောကြောင့် လိုက်ပြီး လုပ်ဆောင်ပေးနေရမှုများလည်း ရှိနေသေးကြောင်း တွေ့ရသည်။

ဆိုမာလီနိုင်ငံမှ ဒါဟာဘို မူဆာဆိုသည့် အမျိုးသမီးတစ်ဦးသည် ၁၉၈၈ ခုနှစ်က ကဗျာတစ်ပုဒ် ရေးခဲ့သည်။ သူ့ကဗျာက “အမျိုးသမီးတစ်ဦး၏ သောကသုံးမျိုး” ဖြစ်သည်။ ပထမ သောကမှာ မိန်းကလေးသည် လက်မထပ်မီ FGM အလုပ်ခံရမည့်သောကဖြစ်သည်။ ဒုတိယသောကမှာ လက်ထပ်သည့်ညတွင် FGM လုပ်ထားခြင်းကို ပြန်ဖွင့်ပေးရမည့် သောကဖြစ်သည်။ ယောက်ျားက အကုန်မဖွင့်ပေးလျှင် ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပါက နောက်တစ်ကြိမ် ထပ်ဖွင့်ပေးရပေလိမ့်ဦးမည်။ ထိုသောကကို အစွဲကြီးလွန်းသည့် လူမျိုးစုများအတွင်း လူဖြစ်လာကြရသော မိန်းကလေးတိုင်းလိုလို ခံစားနေကြရမည်သာ ဖြစ်သည်။ 

ဂျာဟာတစ်ယောက် အသက် ၁၅ နှစ်တွင် FGM ပြန်ဖွင့်ပေးရသည့် အဆင့်ကိုကြုံရသည်။ သူ့အဆင့်က Type 3 ဖြစ်နေသဖြင့်ပိုဆိုးသည်။ သူ့ကို တစ်လသမီးအရွယ်လောက်ကတည်းက FGM လုပ်ပေးခြင်း ခံခဲ့ရသည်။ လက်ထပ်ပေးရန် အသက် ၁၅ နှစ်တွင် မိဘများက ကြိုးစားကြသည်။ ထိုအရွယ်အထိ လိင်ကိစ္စ၊ ပညာပေး ဘာအကြောင်းမှ ကောင်းကောင်းမသိ။ လက်ထပ်လိုက်လျှင် ပြဿနာ ဖြစ်လာမည်ကိုလည်း နားမလည်။ မိဘများကလည်း ရှင်းပြထားခြင်းမရှိ။ လက်ထပ်ပြီးမှ ထိုညတွင် ငရဲကျလောက်အောင် ဖြစ်ခဲ့ရသည့်အဖြစ်များကို သူခံစားခဲ့ရပြီး သူ့လို သန်းပေါင်းများစွာသော မိန်းကလေးများဘဝကို စာနာထောက်ထားကာ FGM ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ 

၂၀၀၉ ခုနှစ်က ရေဘက်ကာ ချီလီမိုသည် အသက် ၁၂ နှစ်ခန့်သာ ရှိသေးသည်။ သူလည်း FGM ပြုလုပ်ခြင်းကို ခံထားရသူဖြစ်သည်။ 

“ကျွန်မတို့ မျိုးနွယ်စုက အရွယ်ရောက်လာတာနဲ့ လုပ်ချင်ချင် မလုပ်ချင်ချင် အတင်းလုပ်ခိုင်းတာ ခံကြရတယ်။ အဲဒီလို မလုပ်ပြန်ရင်လည်း ကျွန်မတို့ အုပ်စုထဲမှာ ရှက်စရာလို့ သတ်မှတ်ထားတယ်။ တကယ်လို့ ကျွန်မမှာ ဖြတ်တောက်ထားတာမျိုးတွေ လုပ်မထားရင် ဘယ်ယောက်ျားကမှ လက်မထပ်ကြတော့ဘူး။ ဒါကြောင့် ကျွန်မတို့ မိန်းကလေးတွေ မဖြစ်မနေ လုပ်ကြရတော့တာပဲ”ဟုဆိုသည်။ 

ယူဂန်ဒါနိုင်ငံသည် အာဖရိကတိုက်၏ FGM ပြုလုပ်နေသော နိုင်ငံ ၂၉ နိုင်ငံအတွင်း တစ်နိုင်ငံအဖြစ် ပါဝင်နေသည်။ ၂၀၁၀ ပြည့်နှစ်က နိုင်ငံအတွင်း FGM မပြုလုပ်ရေး ဥပဒေများ ထုတ်ထားသော်လည်း မသက်ရောက်နိုင်သေးသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ယူဂန်ဒါသည် အခြားနိုင်ငံများထက်ပင် FGM ပြုလုပ်မှု မလျှော့နိုင်သေးသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေသေးသည်။ ယူဂန်ဒါနိုင်ငံ၏ အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း အမျိုးသမီး ၁ ဒသမ ၄ ရာခိုင်နှုန်းခန့်မှာ FGM လုပ်ထားခြင်းကို ခံရသူများဖြစ်သည်။ ပိုကော့လူမျိုးစုများအတွင်း လုံးဝ ထိုဓလေ့ကိုပျောက်အောင် မဖျောက်နိုင်သေးပေ။ UNFPA အဖွဲ့၏ ထုတ်ပြန်ချက်အရ ပိုကော့လူမျိုးစုအတွင်းရှိ အမျိုးသမီး ၉၅ ရာခိုင်နှုန်းမှာ FGM ပြုလုပ်ခြင်း ခံထားရသူများဖြစ်သည်။

ယခုအခါ ချီလီမိုသည် အသက် ၂၁ နှစ်ရှိနေပြီး လက်ထပ်ထားသည်။ သူလည်း FGM မလုပ်ရေးအတွက် လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေသူ ဖြစ်သည်။ Yangat Youth Group ဆိုသည့် အဖွဲ့သည် ရွာတွေကိုလှည့်လည်ပြီး ပညာပေးမှုများ ပြုလုပ်ကြသည်။ လက်မထပ်မီ FGM လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို သူတို့ပြောကာ စည်းရုံး လှုပ်ရှားနေကြခြင်းဖြစ်သည်။ 

၂၀၀၈ ခုနှစ်ကစတင်ပြီး UNFPA နှင့် UNICEF အဖွဲ့တို့ ပူးပေါင်းပြီး အာဖရိကတိုက်ဒေသကြီး ၆ ခုတွင် FGM မပြုလုပ်ရေးကို စတင်လှုပ်ရှားခဲ့ကြသည်။ သူတို့အဖွဲ့များက ဒေသများတွင် FGM မပြုလုပ်ရေးကို သာမက အရွယ်မရောက်သေးသူများအား လက်မထပ်ပေးရေးတို့ကိုပါ ဥပဒေများ ထုတ်ပြန်ပေးရန် စည်းရုံးလှုပ်ရှားခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က စတင်ပြီး သူတို့ စည်းရုံးလုပ်ဆောင်နေသော ဒေသ ၆ ခုတွင် FGM လုပ်ပေးသည့် လူပေါင်း ၅၈ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ၃၂ မှုကို တရားရုံးသို့ပို့ကာ တရားစွဲဆိုနိုင်ခဲ့ပြီး ၁၄ ဦးကို ၃ နှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ်များ အပြစ်ပေးနိုင်ခဲ့သည်။

FGM ပြုလုပ်ခြင်း ဓလေ့သည် မာလီ၊ မော်ရီ တေးနီးယား၊ ဂီနီ၊ အီဂျစ်နိုင်ငံတို့တွင် ဘာသာရေး ဓလေ့ထုံးတမ်းအရ မဖြစ်မနေ လုပ်ဆောင်ရန် ဖိအားပေးခြင်းခံနေရသော နိုင်ငံများဖြစ်နေကြောင်း တွေ့ရသည်။ ထိုဓလေ့ကို လုပ်ဆောင်သူများသည် ဘာသာရေးနှင့် မကင်းကြောင်းလည်း တွေ့ရသည်။ ဘာသာရေး အယူအဆတွင် သန့်ရှင်းရန်ဆိုသည့် အကြောင်းပြချက်များဖြင့် အမျိုးသားများကို လှီးဖြတ်သည့် ဓလေ့လုပ်ရာက၊ အမျိုးသမီးများကိုပါ သန့်စင်မွန်မြတ်သူများ ဖြစ်စေရန် အကြောင်းပြပြီး လုပ်ဆောင်လာကြခြင်းဖြစ်သည်။ FGM လုပ်ခြင်းကို ဘာသာရေးဆိုင်ရာ ကျမ်းစာများတွင်လည်း မတွေ့ရပေ။ အာဖရိကတိုက်ရှိ ခရစ်ယာန်အုပ်စုသည် FGM လုပ်ခြင်းကို ပထမဆုံး ကန့်ကွက်ကြသူများဖြစ်ကြသည်။ 

FGM လုပ်ခြင်း အလေ့အထ မည်သည့်ခေတ်ကတည်းက ပေါ်ပေါက်လာသနည်းဆိုခြင်းကို ပညာရှင်များ ခြေရာကောက်ခဲ့ကြသည်။ သမိုင်းပညာရှင် မာရီနိုက်က ခရစ်တော်မပေါ်မီ ၁၉၉၁ - ၁၇၈၆ အတွင်းလောက်က ဖြစ်မည်ဟု ခန့်မှန်းသည်။ ရှေးဟောင်း အီဂျစ်ရုပ်အလောင်း ထည့်ထားသည့် အခေါင်းတစ်ခုတွင် တွေ့ရသောစာအရ ထိုအမျိုးသမီးကို FGM လုပ်ထားကြောင်း သက်သေပြခဲ့သည်။ 

ခရစ်ယာန် သာသနာပြုအဖွဲ့များက ဗြိတိသျှ အရှေ့အာဖရိက (ယခုကင်ညာနိုင်ငံ) တွင် FGM ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ၂၀ ရာစုအစောပိုင်းကတည်းက လှုပ်ရှားခဲ့ကြသည်။ သို့သော် ယနေ့တိုင် အာဖရိကတိုက်တွင် FGM စနစ်တိုက်ဖျက်ရေးမှာ အလှမ်းဝေးနေသေးသည်။ အမျိုးသမီးများကို အထင်သေးနှိမ့်ချသော ဘာသာရေးနှင့် လူမှုရေးအစွဲရှိသည့် လူမျိုးစုနှင့် အဖွဲ့အစည်းများအတွင်း FGM စနစ်က ဥပဒေဖြင့် မည်မျှ တားဆီးပိတ်ပင်သည်ဆိုစေ ဆက် လက်ရှင်သန်နေဆဲဖြစ်သည်။

(Ref: The Guardian, World Health Organization Report 2018)