News

POST TYPE

FEATURE

အက်ဆစ်အမုန်း
11-Sep-2016
အက်ဆစ်သည် ထိလေရာရာ လောင်မြိုက်ပျက်စီးစေသည်။ အမုန်းတရားသည်လည်း ထိုနည်းတူပင်။ အက်ဆစ်နှင့် အမုန်းတရား ပေါင်းဖက်မိချိန်တွင်တော့ ရက်စက်ကြမ်းကြုတ်သည့် လက်နက်တစ်ခု ဖြစ်လာခဲ့ရပြီ။

ဤသည်ကို မလပြည့်ဝိုင်း ကိုယ်တွေ့ကြုံခဲ့သည်။ 
“ကိုယ့်ကိုယ်ကိုယ် မြင်ရင် တခြားတစ်ယောက်ကို မြင်ရသလိုပဲ” ဟု မလပြည့်ဝိုင်းက ကြေကွဲဆို့နင့်စွာ ဆိုလိုက်သည်။ ပြီးတော့ ယခုလို…။
“နောက်တစ်ခါသာဆို အသက်မရှင်နိုင်တော့ဘူး”

လှသွေးကြွယ်သည့် အသက် ၂၃ နှစ်အရွယ်။ မလပြည့်ဝိုင်းမှာ ငယ်သည်။ လှသည်။ သေးသေးသွယ်သွယ် ကိုယ်နေဟန်ထားနှင့် သူမ၏ ဆံပင်ရှည်များက လိုက်ဖက်လွန်းသည်။ နှစ်ထပ်ကွမ်း နားပေါက်တို့က ခေတ်မီသူတစ်ဦးအဖြစ် သူမဟန်ကို ဖော်ညွှန်းနေသည်။ သို့သော် ယခုတော့ မလပြည့်ဝိုင်း၏ နုပျိုလှပခြင်းတို့ကို အက်ဆစ်တို့က ဝါးမျိုဖျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။ 

အလင်းပေးသည့် ဘက်ထရီအိုးများ၏ အဖြည့်ခံ အက်ဆစ်သည် မလပြည့်ဝိုင်း ဘဝကို အမှောင်ကျစေလိမ့်မည်။ ရွှေတို့ကို သန့်စင်လှပစေခဲ့သည့် အက်ဆစ်သည် သူမ အလှတရားတို့ကို ဝါးမျိုဖျက်ဆီးလိမ့်မည်ဟု မလပြည့်ဝိုင်း တစ်ယောက် တစ်ကြိမ်တခါမျှပင် မစဉ်းစားမတွေးတောမိခဲ့သည်က အမှန်။ 

သို့သော် ထိုအကျည်းတန် ဖြစ်ရပ်တို့ကို မလပြည့်ဝိုင်း တစ်ယောက် ဘဝနှင့်ရင်း၍ ကြုံခဲ့ဆုံခဲ့ရပြီ မဟုတ်ပါလား။

တက္ကသိုလ် အဝေးသင်တက်ရင်း သံဖြူဇရပ်မြို့၊ သေမင်းတမန်ပြတိုက်တွင် စာရင်းကိုင်အဖြစ် လုပ်ကိုင်နေသူ သူမမှာ ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ ရုံးဆင်းချိန်တွင် ဘဝတစ်ဆစ်ချိုးသည့် အဖြစ်ဆိုးကြုံရမည်ဟု မထင်ခဲ့။

“အဖေက ဆိုင်ကယ်မောင်းတာ တအားနှေးတယ်။ နွားလှည်းလိုပဲ။ အဲဒီအချိန်မှာ အနောက်က ဆိုင်ကယ်တစ်စီး လိုက်လာတာ” ဟု မလပြည့်ဝိုင်းက နာကျင်စရာ အတိတ်နေ့ရက်တို့ကို ပြန်လည်တူးဆွလိုက်သည်။

ထိုဆိုင်ကယ်သမားသည် သူမအတွက် ကြမ္မာဆိုးကို သယ်လာသူဟု မတွေးမိခဲ့ပေ။ ခရီးသွားဟန်လွှဲ တစ်ဦးဟုသာ မှတ်ယူလိုက်၍ လှည့်ပင်မကြည့်ဖြစ်။ ဖခင်ဖြစ်သူနှင့်သာ စကားပြောရင်း ဆိုင်ကယ်နောက်တွင် ထိုင်၍ လိုက်ပါလာခဲ့သည်။ 

အနားကပ်လာသည့် ဆိုင်ကယ်သမားက ရုတ်တရက် လှုပ်ရှားကာ သူမရှိရာဆီသို့ အရည်အချို့ကို လှမ်းပက်လိုက်သည်။ ထိုအရည်တို့က သူမ၏ မျက်နှာကိုမထိ။ ရင်ဘတ်ကို ထိလောင်ခဲ့သည်။ ထင်မှတ်မထားသည့် ဖြစ်စဉ်မို့ ကယောင်ကတမ်းဖြင့် လှည့်ကြည့်စဉ်မှာတော့ သူမ ထပ်မံ ကံမကောင်းနိုင်တော့ချေ။

“ဝတ်ထားတဲ့ ကုတ်အကျီတွေ ပြတ်ထွက်ကုန်တယ်။ အထဲခံအထိ ပေါက်ပြဲလောင်နေတာ။ တစ်ကိုယ်လုံး အငွေ့တွေ ထွက်ပြီး ပူတာ” ဟု မလပြည့်ဝိုင်း တစ်ယောက် ကံကြမ္မာငင်ခဲ့ရပုံကို ဝမ်းပန်းတနည်း ဆိုလာသည်။

လှမ်းပက်လိုက်သည့် အက်ဆစ်ရည်များက သူမ၏ မျက်နှာလှလှ၊ ထိုမှတစ်ဆင့် လည်ပင်းတို့ကို ဖြတ်သန်းစီးဆင်း လောင်မြိုက်ခဲ့တော့သည်။ သူမ၏ ဖခင်သည်ပင် ထိစင်ခဲ့သေးသည်။ 

မလပြည့်ဝိုင်း၏ အက်ဆစ်လောင် ဒဏ်ရာများမှာ ပြင်းထန်လွန်း၍ သံဖြူဇရပ်ဆေးရုံတွင် မကုသနိုင်။ ထိုမှ မော်လမြိုင်ဆေးရုံ။ မော်လမြိုင်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ အဆင့်ဆင့်လွှဲ၍ ကုသခဲ့ရသည်။

အက်ဆစ်နှင့် အမုန်းတရား ပေါင်းစပ်လိုက်သောအခါ- 
မလပြည့်ဝိုင်း၏ ဖြူနုနု ဘယ်ဘက်နားရွက်လေးမှာ အရည်ပျော်သွားခဲ့ရပြီ။ လျှာ၊ နှုတ်ခမ်း၊ နှာခေါင်းတို့သည်လည်း လောင်မြိုက်ခဲ့ရပြီ။ 

ထို့အတူ တစ်ချိန်က ရွှန်းရွှန်းစိုစို မျက်ဝန်း (ဘယ်ဘက်) သည် အပေါ်ယံ အရေပြားတို့ လောင်မြိုက်တွဲဆက်ကုန်ပြီ ဖြစ်၍ ဖွင့်ရုံသာ ဖွင့်နိုင်တော့သည်။ ပန်းသွေးရောင် ပါးမို့မို့တို့ နေရာတွင်လည်း ဆိုးရွားလှသည့် အသားမာကြမ်းတို့ နေရာယူခဲ့ပြီ ဖြစ်သည်။

ပေါင်သားတို့ဖြင့် အက်ဆစ်လောင် မျက်နှာကို အစားထိုးကုသခဲ့ရသော်လည်း သူမ မျက်နှာလှလှတို့ ပြန်မရနိုင်တော့ပါ။ အရေပြားအတွင်းပိုင်းတိုင် စိမ့်ဝင်နေသည့် အက်ဆစ်၏ အဆိပ်ရည်များက အစားထိုးထားသည့် ပေါင်သားကိုပါ လောင်မြိုက်ခဲ့၍ ခွဲစိတ်မှုကို သုံးကြိမ်တိုင် ပြုလုပ်ခဲ့ရသည်။

အက်ဆစ်လောင် မျက်နှာပြင်ကို မြင်ရတိုင်း မလပြည့်ဝိုင်း ရင်ကွဲမတတ်ပင်။ သို့သော် သူမ မငိုမိ။ သွေးတိုးရှိသည့် မိခင်ကို ပို၍ စိတ်ပူသဖြင့် စိတ်တို့ကို တင်းထားရသည်ဟု မလပြည့်ဝိုင်း ရင်ဖွင့်သည်။ သို့တိုင်အောင် စိတ်အားငယ်မှုတို့က ပြယ်လွင့်မသွား။

“သူက စိတ်ဓာတ်ကျနေတယ်။ ဘယ်သူပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် စိတ်ဓာတ်ကျမှာပဲလေ။ သူ့ကို Empower ဖြစ်ဖို့ စကားပြောပေးရတယ်” ဟု ဒေါ်နန်းထွေးက ဆိုလာသည်။ 

ဒေါ်နန်းထွေးသည်က မလပြည့်ဝိုင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ဆေးကုသရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် အခရာ အမျိုးသမီးအဖွဲ့၏ စီစဉ်ညှိနှိုင်းရေးမှူး ဖြစ်သည်။

ဆေးရုံပေါ်တွင် အချိန်နှစ်လကျော် ကုသပြီးနောက် မလပြည့်ဝိုင်း တစ်ယောက် ဆေးရုံက ဆင်းခွင့်ရလာခဲ့သည်။ သို့သော် လူမမြင်ဝံ့ မကြည့်ဝံ့သည့် အနာရွတ်တို့ကတော့ သူမမျက်နှာပြင်ထက်တွင် နေရာယူမြဲပင်။

ထို့ကြောင့် မျက်မှန်၊ ဦးထုပ်နှင့် တဘက်တို့က သူမ၏ အရှက်လုံ အဖော်များ ဖြစ်လာခဲ့ရပြီ။

“ကလေးတွေရှေ့ မျက်နှာမပြရဲဘူး။ လန့်သွားမှာစိုးတယ်။ လူတစ်ယောက်က မျက်လုံးမလွှဲဘဲ စိုက်ကြည့်ပြီဆိုရင် အဲဒီနေရာက ပျောက်သွားချင်တယ်” ဟု မလပြည့်ဝိုင်း တစ်ယောက် ရင်တွင်းဝေဒနာကို နင့်နင့်သီးသီး ဖွင့်အံလာသည်။

ထို့ကြောင့် သူမ အိမ်ပြင်မထွက်တော့။ အလုပ်ကိုပင် ထွက်စာတင်လိုက်ပြီ။ ထို့ထက်ဆိုးသည်က အနှစ်နှစ်အလလ ကြိုးစားတည်ဆောက်ခဲ့သည့် စိတ်ကူးအိပ်မက်တို့ကို စွန့်လွှတ်လိုက်ရခြင်းပင်။ 

မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကို မိသားစုလိုက် အားခဲတက်ကြမည်ဆိုသည့် နှစ်ရှည်သန္နိဋ္ဌာန်တို့သည် တစ်မုဟုတ်ချင်း လွင့်ပြယ်ပျက်စီးခဲ့ရပြီ ဖြစ်သည်။

ယုတ်စွအဆုံး ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများနှင့်ပင် မရောနှောဝံ့တော့။ လူမှုကွန်ရက်ပေါ်တွင် တက်လာသည့် သူငယ်ချင်းများ ပျော်နေကြသည့် ဓာတ်ပုံများကသာ သူ့အတွက်အဖော်များ ဖြစ်လာရသည်။

ထိုဓာတ်ပုံတို့ကို ကြည့်ရလျှင် သူပျော်သည်။ တစ်ဖန် ဝမ်းနည်းနေတတ်ပြန်သည်။ 
“အပြင်ထွက် အလုပ်လုပ်ဖို့က မဖြစ်နိုင်ဘူး။ လုပ်ချင်တဲ့စိတ် ရှိပေမယ့် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးလေ” ဟု မလပြည့်ဝိုင်းက ရင်ဖွင့်သည်။

ကြမ္မာဆိုးခဲ့သည့် မလပြည့်ဝိုင်း အတွက်မူ ကံကိုယိုးမယ်ဖွဲ့ အပြစ်ဆိုရမည်လော။ ထိလေရာ လောင်ကျွမ်းတတ်သည့် အက်ဆစ်ကို ပြစ်တင်ရမည်လော။ သို့တည်း မဟုတ် အက်ဆစ်ကို လက်နက်သဖွယ်အသုံးပြု ရက်စက်တတ်သူကိုပင် အပြစ်ဖွဲ့ရမည်လော။ ဝေခွဲမရ။ 

မလပြည့်ဝိုင်း ရင်ဆိုင်ခဲ့ရသည့် အက်ဆစ်ကို လက်နက်သဖွယ် အသုံးပြု ရက်စက်ယုတ်မာမှုသည် ကြားရသူကြုံရသူ မြန်မာတိုင်းအတွက် အထူးတဆန်း။ မြန်မာလူမှုဝန်းကျင်တွင် ထိုအကျည်းတန်လုပ်ရပ်က အစိမ်းသက်သက်မျှသာ။ အက်ဆစ်လက်နက်ကို အလိုမရှိကြ။ မြန်မာအားလုံး နှာခေါင်းရှုံ့ကြမည်က အမှန်။

ထိုအထဲတွင် ဒေါ်နန်းထွေးနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်မိုးထိုက်သည်လည်း အပါအဝင်။ 

“ကန့်ကွက်ရမှာပဲ။ စိတ်ကိုရိုက်ချိုးပြီး သိမ်ငယ်အောင် ဒဏ်ရာပေးတဲ့ လုပ်ရပ်ကို ဘယ်လိုလုပ်ပြီး လက်ခံလို့ရမှာလဲ။ ယောက်ျားတစ်ယောက် အနေနဲ့ ဒီလိုလုပ်ပြီး ဖြေရှင်းတဲ့ နည်းလမ်းကို လက်မခံဘူး” ဟု ဒေါ်ဇင်မိုးထိုက်ကတော့ ခပ်ပြင်းပြင်းပင် ရှုတ်ချလာသည်။

ထိုသို့ အက်ဆစ်ကို လက်နက်သဖွယ် အသုံးပြုမှုသည် မြန်မာလူမှုဝန်းကျင်နှင့် ဖီလာဆန့်ကျင်နေသေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်မူ မထူးဆန်းတော့သည့် အခြေအနေ။ 

အိန္ဒိယနိုင်ငံရှိ အက်ဆစ်ဖြင့် တိုက်ခိုက် မှုရပ်တန့်ရေး လှုပ်ရှားမှုအဖွဲ့များ၏ အဆိုအရ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ် အတွင်း၌ပင် ထိုနိုင်ငံတွင် အက်ဆစ်ဖြင့် တိုက်ခိုက်ခံရမှု ၃၈၆ မှု ရှိသည်ဟု သိရသည်။ 

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင်  အက်ဆစ်ဖြင့် တိုက်ခိုက်မှု အများဆုံးနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယဗဟို တရားရုံးချုပ်က အက်ဆစ်ရောင်းချမှုများကို ဗဟိုအစိုးရ အပါအဝင် ပြည်နယ်အစိုးရများကပါ စည်းမျည်းစည်းကမ်းများဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ထားသည်။ 

အက်ဆစ်ရောင်းချရာတွင် တရားဝင် မှတ်ပုံတင်ပြနိုင်သူများကိုသာ ရောင်းချရန်နှင့် ဝယ်ယူသူများ အနေနှင့်လည်း အက်ဆစ်ဝယ်ယူရသည့် အကြောင်းကို ရှင်းပြရမည်ဟု ပါရှိသည်။ 

သို့တိုင်အောင် အိန္ဒိယတွင်မူ အက်ဆစ်ကို လက်နက်လို သုံးစွဲနေကြဆဲ။ အလားတူ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် ကမ္ဘာ့နိုင်ငံ အချို့တွင်လည်း ထိုသို့ပင်။ ယခုအခါ မြန်မာလူမှုဝန်းကျင်သို့ပင် ထိုဆိုးယုတ်မှုက စိမ့်ဝင်စ ပြုလာပြီဟု ဆိုရမည်ပင်။  

ထိုသို့ဆိုလျှင် - မြန်မာလူမှုဝန်းကျင်တွင် အက်ဆစ်ကို လက်နက်သဖွယ် သုံးစပြုလာသည့် ဆိုးယုတ်မှုကို မည်သို့ တိုက်ထုတ်ကြမည်နည်း။ 

“အက်ဆစ်နဲ့ ပက်ခံရတယ်ဆိုတာ မခက်ဘူးလားကွယ်။ ဒါက မတရားမှုတွေထဲက ကိုယ်ခံရတဲ့ မတရားမှုတစ်ခုပေါ့” ဟု စာရေးဆရာမဂျူးက ပြစ်တင်လိုက်သည်။ ထို့အတူ အက်ဆစ်ကို လက်နက်သဖွယ် အသုံးပြုသည့် ကောက်ကျစ်ဆိုးယုတ်မှု လုပ်ရပ် မြန်မာ့လူမှုဝန်းကျင်သို့ စိမ့်မဝင်လာစေရန် အရေးလည်း ဤသို့ စကားဆက်၍ ဆိုပြန်သည်။

“လူ့စိတ်ယဉ်ကျေးမှု၊ နှလုံးသား၊ သည်းခံခြင်းတွေနဲ့ ဆိုင်တာပေါ့လေ။ သူ့စိတ်အခြေအနေ၊ ယဉ်ကျေးမှု မြင့်မားအောင် အသိုင်းအဝိုင်း တစ်ခုလုံးမှာ တာဝန်ရှိတယ်။ မိခင်၊ ဖခင်တွေမှာ တာဝန်ရှိတယ်။ ဗုဒ္ဓဘာသာမှာ သူတော်ကောင်းတရား ရှိတယ်။ ဒါလေးနဲ့ ပြည့်စုံအောင်လုပ်ရင် ဒါတွေဖြစ်လာစရာ အကြောင်းမရှိဘူး” ဟု တိုက်တွန်းပြန်သည်။

အက်ဆစ်ဖြင့် တိုက်ခိုက်မှု (အပြင်းအထန် ထိခိုက်နာကျင်စေမှု) ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ကို ကျူးလွန်လျှင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဖြစ်စေ၊ ထောင်ဒဏ်ဆယ်နှစ်ထိ ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ကိုပါ ချမှတ်နိုင်ပါသည်။ 

ထိုသို့ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍လည်း မလပြည့်ဝိုင်းကတော့ တစ်ချိန်က ချစ်ကျွမ်းဝင်ခဲ့ဖူးသူ ချစ်သူဟောင်းကို အမှုဖွင့်ထားလိုက်ပြီ ဖြစ်သည်။ ထိုသူက သူ၏ အချစ်ကို လက်မခံ ငြင်းပယ်လိုက်၍ အရှက်သည်းပြီး သူမကို ထိုသို့ အက်ဆစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်မိကြောင်း မလပြည့်ဝိုင်းကတော့ ဆိုလာသည်။

သို့တိုင်အောင် ဥပဒေသည် လည်းကောင်း၊ ဆေးပညာရပ်သည် လည်းကောင်း မလပြည့်ဝိုင်း၏ စိတ်ဒဏ်ရာကို ကုစွမ်းနိုင်မည်လော။

ရှင်လျက်နှင့် သေရသည့် စိတ်ဒဏ်ရာတို့ကသာ၍ ခက်နေမည်မှာ မငြင်းသာ။ မလပြည့်ဝိုင်း၏ စိတ်ဒဏ်ရာတို့သည်လည်း ထိုနည်းတူ။ 

“တစ်ယောက်ယောက်က ရေပက် လိုက်တာ၊ သွန်လိုက်တာ မြင်ရင်တောင် ကြောက်နေမိတယ်” 

မြတ်နိုးခင်


ABOUT AUTHOR

(မြတ်နိုးခင်)