News

POST TYPE

FEATURE

မြန်မာ- အိန္ဒိယ စုပေါင်းငြှိမ်းသတ်ရသည့် နန်းဖာလုံဈေးမီး
08-Feb-2018


မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် အဓိက အရေးပါလှသည့် ဈေးဖြစ်သည့် နန်းဖာလုံဈေးကြီးသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ခင်း၌ မီးလောင်ထားသည့် တစပြင်ဖြစ်နေပြီး အဆောက်အအုံ အပျက်အစီးများအကြား ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မငြိမ်းသေးသည့် မီးကြွင်းမီးကျန်များကို ဝိုင်းဝန်းကာ ငြှိမ်းသတ်နေကြသည်။ 

အဆိုပါဈေးမီးလောင်မှုကို တမူးမြို့ပေါ်ရှိ မီးသတ်ကား ၁၂ စီး အပါအဝင် အိန္ဒိယနိုင်ငံ မိုရေးမြို့ရှိ အိန္ဒိယ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးတို့ဖြင့် မြန်မာ- အိန္ဒိယပေါင်းကာ ငြှိမ်းသတ်ခဲ့ရသည်။ 

ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီကျော်မှစတင်ကာ နန်းဖာလုံဈေးတောင်ဘက် မြို့မ ၁၃ ရပ်ကွက်တွင်ရှိသော ဦးညို၏နေအိမ်မှစတင်ကာ လောင်ကျွမ်းခဲ့သည့်မီးသည် ယင်းအိမ်နှင့် ကပ်လျက်ရှိသော ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ သိမ်းဆည်းထားသည့် နန်းဖာလုံဈေးတောင်ဘက် ကပ်လျက်တွင်ရှိသော ဂိုဒေါင်များကိုပါ ကူးစက်ခဲ့ကာ နန်းဖာလုံဈေး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ည ၉ နာရီကျော်မှစတင်ကာ မီးညွန့်ကျိုးချိန် နံနက် ၄ နာရီအချိန်အထိ လောင်ကျွမ်းခဲ့သည့်မီးကြောင့် နန်းဖာလုံဈေးအတွင်းရှိ ဈေးဆိုင်ခန်း ၅၃ ခန်း၊ ဈေးနှင့်ကပ်လျက်ရှိသော လူနေအိမ်၊ ဂိုဒေါင် စုစုပေါင်း ခုနစ်လုံးအပြင် ဂိုဒေါင်များအတွင်း အိန္ဒိယနိုင်ငံသို့ ရောင်းချရန် သိုလှောင်ထားသည့်စောင်များ၊ အဝတ်အထည်များ၊ အဆောက်အအုံပစ္စည်းများနှင့် လူသုံးကုန်စည်များ စုစုပေါင်း ကျပ်သိန်း တစ်သောင်းခုနစ် ထောင်ငါးဆယ့်ရှစ်သိန်း ဆုံးရှုံးခဲ့ကြောင်း တမူးမြို့ မီးသတ်ဦးစီးဌာနထံမှ သိရသည်။ 

“အိန္ဒိယနိုင်ငံနဲ့ နီးတာဆိုတော့ ခါတိုင်းလည်း သူတို့ဘက်က သေနတ်သံတွေ ကြားရတာ။ ပထမဆုံး ကြားတာက ဗြောက် အဆက်မပြတ် ထွက်တဲ့အသံ။ အဲဒါကို ကျွန်တော်က တစ်ဖက်နိုင်ငံက တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီလိုယူဆတာ။ တစ်ဖက်နိုင်ငံ တိုက်ပွဲ ဖြစ်တိုင်းဖြစ်တိုင်း နန်းဖာလုံခြံစည်းရိုးကို လုံခြုံအောင်လို့ မီးရေးထင်းရေး အဆင်သင့်ဖြစ်အောင် ပိုက်တွေ သွယ်တန်းနေတဲ့အချိန်မှာပဲ ဈေးတောင်ဘက်ကနေ ကောင်းကင်ပေါ်ကို မီးရှူးမီးပန်းတွေ ထောင်ပြီးတော့ ထွက်ခဲ့တာ”ဟု နန်းဖာလုံဈေးတွင် ညစောင့် လုံခြုံရေးမှူးအဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်နေသည့် ကိုဟန်ဝင်းကျော်က ပြောဆိုသည်။ 

ည ၉ နာရီကျော်အချိန် မီးရှူးမီးပန်းများ မြင်ရသည့်နေရာသို့ ညစောင့်လုံခြုံရေးအဖွဲ့မှ လူငယ် ၁၀ ဦး သွားရောက်သည့်အခါတွင် ဈေးနှင့်ကပ်လျက် ဂိုဒေါင်တစ်လုံးမှာ မီးလောင်နေသည်ကို မြင်ရပြီး မီးငြှိမ်းသတ်ရန် ကြိုးစားနေစဉ် ဂိုဒေါင်အတွင်းမှ မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ ဗုံးကွဲသကဲ့သို့ ပေါက်ကွဲကာ လူများကို ထိမှန်တော့မည်ဖြစ်ရာမှ နောက်ပြန်ဆုတ်ခဲ့ပြီး တမူးမြို့ မီးသတ်ဦးစီးဌာနကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။ 

“မီးလောင်တဲ့နေရာက ဈေးဖြစ်တဲ့အတွက်ကြောင့် ဈေးရုံထဲကို မီးသတ်ကားတွေဝင်တဲ့အချိန် ဈေးပေါက်ကနေ လူတွေ ဝင်လာတဲ့အခါကျတော့ မီးသတ်ကား သွားဖို့တောင် အဆင်မပြေခဲ့ဘူး။ ရပ်ပြီးတော့ စောင့်နေခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်။ မီးကလည်း အရှိန်ကောင်းနေတာဆိုတော့ သူတို့ကို ရပ်စောင့်နေရတဲ့အချိန်မျိုးမှာ မီးငြှိမ်းသတ်ဖို့ အချိန်ကြန့်ကြာတဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်”ဟု တမူးမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်သူရကျော်က ဆိုသည်။ 

နန်းဖာလုံဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၉၈၂ ခန်း ရှိသည့်အနက် ဈေးဆိုင်ခန်း ၅၃ ခန်းသာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ခြင်းသည် မီးသတ်ကားများမှာ အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး မီးငြှိမ်းသတ်ရာတွင် တမူးမြို့ပေါ်ရှိ မီးသတ်ကား ၁၂ စီး အပါအဝင် အိန္ဒိယနိုင်ငံ မိုရေးမြို့ရှိ အိန္ဒိယ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီ ရောက်သည့်အချိန်တွင် လောင်ကျွမ်းထားပြီးသည့်နေရာအချို့တွင် မီးတောက်များ ဆက်လက် ရှိနေခြင်းကြောင့် ဆက်လက် မီးငြှိမ်းသတ်နေရကြောင်း ၎င်းက ပြောကြားသည်။ 

နန်းဖာလုံဈေးသည် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုအနက် အကြီးဆုံး အရောင်းအဝယ်ပြုလုပ်ရာ ဈေးလည်းဖြစ်သည်။ 

မီးလောင်မှုကြောင့် ဈေးကို ယာယီ ပိတ်ထားရကာ ဈေးပိတ်မှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားခဲ့ကြောင်း၊ မီးလောင်ကျွမ်းခဲ့သည့်ဈေးရုံ ပြန်လည် မတည်ဆောက်နိုင်ခင် ကာလအတွင်း ပုံမှန် အရောင်းအဝယ် ပြုလုပ်နိုင်ရေးအတွက် ယာယီ ဈေးဆိုင်ခန်းများ တည်ဆောက်ကာ ဈေးရောင်းချနိုင်ရေး တစ်ပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။ 

“ဈေးမီးလောင်လို့ ခဏ ပိတ်ထားရတယ် ဆိုတော့ နယ်စပ်ကုန်သွယ်ရေး ယာယီ ထိခိုက်တဲ့သဘောမျိုးတော့ ရှိပါတယ်။ ဈေးကလည်း တစ်ခြမ်းပြန်လည် ဖွင့်လို့ရပါတယ်။ လောင်သွားတဲ့ တစ်ခြမ်းကိုလည်း ယာယီနေရာပေးပြီး ပြန်ဖွင့်ဖို့ လုပ်သွားမှာပါ”ဟု တမူးမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောဆိုသည်။ 

နန်းဖာလုံဈေးကို နယ်စပ် တရားဝင်ဈေးအဖြစ် ၁၉၉၅-၉၆ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာလအတွင်းက ဈေးတစ်ဈေးလုံး မီးလောင်ခဲ့ဖူးပြီး တစ်ဈေးလုံး ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် ယခုအကြိမ် ဒုတိယအကြိမ်အဖြစ် ဈေးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း နန်းဖာလုံဈေးကော်မတီထံမှ သိရသည်။ 

ဈေးမီးလောင်ကျွမ်းမှုသည် ဈေးအနီး ဗြောက်အိုးများ ဂိုဒေါင်များဖြင့် သိုလှောင်ခြင်းကြောင့်လည်း ဆုံးရှုံးမှုများခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။ 

ယင်းကြောင့် ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် လစဉ် သတိပေး ကြေညာနေသကဲ့သို့ သိုလှောင်ထားခြင်း ရှိ မရှိကိုလည်း အမြဲမပြတ် စစ်ဆေးခဲ့သော်လည်း ခိုးဝှက်သိမ်းဆည်းမှုများ ရှိခဲ့သဖြင့် ယခုကဲ့သို့ ပျက်စီးဆုံးရှုံးခြင်းဖြစ်ကြောင်း မီးလောင်ကျွမ်းရာတွင် ဈေးဆိုင်ခန်း နှစ်ခန်းရှိ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံးခဲ့သူ နန်းဖာလုံဈေးမှ ဦးတာက ပြောဆိုသည်။ 

“နောက်နောင် ဒါမျိုးတွေ မဖြစ်စေဖို့ ဒီဟာကို သင်ခန်းစာယူပြီး ဒါမျိုးတွေ ရောင်းချမှုကို အဓိက ပိတ်ပင်ဖို့ လုပ်သင့်တာပေါ့” ဟု ၎င်းကဆိုသည်။ 

အဆိုပါ ဈေးမီးလောင်မှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းရင်းကြောင့် စတင်လောင်ကျွမ်းခဲ့သည်ကို အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စုံစမ်းမှု မပြီးသေးသဖြင့် အတိအကျပြောနိုင်ရန် ခက်ခဲနေသေးကြောင်း တမူးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“ကုန်ပြီဗျာ။ မရှိတော့ဘူး။ ကျွန်တော်တော့ မွဲပါပြီ”ဟု ပြာပုံဖြစ်နေသည့် ၎င်း၏ဆိုင်ခန်းကို ညွန်ပြရင်း အသက် ၅၀ အရွယ်ခန့် ဈေးဆိုင်ပိုင်ရှင် ဦးသိန်းအေးက ဆိုလိုက်သည်။

ငြိမ်းသူမင်း