News

POST TYPE

FEATURE

ရွှေလင်ပန်းစက်မှုဇုန် စက္ကူပုံးစက်ရုံ မီးလောင်၊ မော်တော်ယာဉ် ၁၇ စီးခန့် ပျက်စီး
04-Feb-2018


ရန်ကုန်၊ ဖေဖော်ဝါရီ ၄ 

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းရှိ Grand Harvest စက္ကူပုံးစက်ရုံတွင် ဖေဖော်ဝါရီလ ၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က စတင် မီးလောင်ခဲ့ကြောင်း၊ စက်ရုံအတွင်းရှိ ပစ္စည်းများအပြင် မော်တော်ယာဉ် ၁၇ စီးခန့် မီးလောင်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း ကနဦး သတင်းပေးပို့ချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် အစီး ၃၀ ကျော်တို့က ပတ်ဝန်းကျင်ကို မီးကူးစက်မှု မရှိစေရန် ဘက်ပေါင်းစုံမှ ငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၅၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ဆက်လက် လောင်ကျွမ်းနေသည့် မီးကြွင်းမီးကျန်များကို ည ၈ နာရီကျော်အထိ ဆက်လက်ငြှိမ်းသတ်လျက်ရှိကြောင်း ကနဦး သတင်းပေးပို့ ချက်အရသိရသည်။

“စလောင်ရတဲ့အကြောင်းရင်း မသိရသေးဘူး၊ အခုတွေ့ရှိ စစ်ဆေးချက်အရတော့ မော်တော်ယာဉ် ၁၇ စီးလောက် လောင်ထားတာ တွေ့တယ်။ ကားတွေက ဟိုနေရာ၊ ဒီနေရာ ရပ်ထားတာဆိုတော့ လိုက်စစ်ဆေးနေတယ်။ ဆုံးရှုံးမှု တန်ဖိုးကလည်း ဘယ်လောက်ဆိုတာ မတွက်ရသေးဘူး၊ လူထိခိုက် သေဆုံးမှုတော့ မရှိပါဘူး”ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အလားတူ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ရာဇသင်္ကြန်လမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ ၃ ရက် ည ၁၂ နာရီခန့်က ထမင်းချက် ထင်းမီးဖိုတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်မီးလောင်ခဲ့ရာ ဝါးဓနိကာ၊ သွပ်မိုး၊ ပျဉ်ခင်းနေအိမ် ၅ လုံး မီးလောင်ခဲ့ပြီး ပတ်ဝန်းကျင်နေထိုင်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နာရီဝက်ခန့်အကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးပေါ့ဆသုံးစွဲသည်ဟုဆိုသော အသက် ၄၀ အရွယ် အမျိုးသမီးကို ဒလမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16