News

POST TYPE

FEATURE

ကျောက်တန်းရှိ ကြက်ခြံတစ်ခြံ မီးလောင်၊ ကြက်ပေါက်အကောင်ရေ တစ်ထောင်ခန့် မီးလောင်သေဆုံး
01-Feb-2018 tagged as မီးလောင်မှု


ရန်ကုန်၊ ဖေဖော်ဝါရီ ၁ 

ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာ၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးရှိ ကြက်ခြံတစ်ခုတွင် ယနေ့(ဖေဖော်ဝါရီလ ၁ ရက်) နံနက် ၃ နာရီခန့်က မီးသွေးမီးဖိုဖြင့် ကြက်ပေါက်များကို အပူပေးရာမှ မီးစတင်လောင်ခဲ့ပြီး ကြက်ပေါက် အကောင်ရေ တစ်ထောင်ခန့် မီးလောင်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းမီးလောင်သည့် ကြက်ခြံနေရာကို အမှတ် (၇) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကပိုင်ဆိုင်ပြီး ကြက်ခြံလုပ်ငန်းပိုင်ရှင် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ငှားရမ်းထားကာ အလျားပေ ၁၀၀၊ အနံ ပေ ၂၀ ခန့်အကျယ်ရှိသော မြေကွက်လပ်ပေါ်တွင် အမြင့်ပေ ၃၀ ခန့်ရှိ ဝါးခင်း၊ ဝါးကာ၊ ဓနိမိုးထားကြောင်း၊ ယင်းကြက်ခြံ မီးလောင်ရာသို့ တောင်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာ ငြှိမ်းသတ်ခဲ့ရကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကြက်ခြံစောင့် အလုပ်သမားတွေက မီးသွေးမီးဖိုနဲ့ ကြက်ကလေးတွေ အပူပေးတာ။ အဲဒီကနေတစ်ဆင့် ဖွဲပုံပေါ်ကို မီးပွားကျပြီးလောင်တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းမီးလောင်မှုကြောင့် ကြက်ပေါက် အကောင်ရေ တစ်ထောင်ခန့် မွေးထားသည့် ကြက်ခြံတစ်ခြံနှင့် အနီးရှိ ကြက်ပေါက်များမရှိသော ကြက်ခြံတစ်ခြံတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆသုံးစွဲသည်ဟုဆိုသော ကြက်ခြံအလုပ်သမားခေါင်းဆောင် အသက် ၂၂ နှစ်အရွယ် အမျိုးသားကို ကျောက်တန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

J-16