News

POST TYPE

FEATURE

စွန့်လွှတ်မှုများကို အဖော်ပြု၍
30-Jan-2018 tagged as မီးလောင်မှု


ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်အတွင်း ၃ လကျော် သတိမေ့နေခဲ့သူ မီးသတ်အရာရှိ ဦးကျော်စွာလင်းသည် နောက်ဆုံး၌ သူ၏ရခဲလှသော ဘဝကိုလည်းကောင်း၊ သူချစ်ခင်မြတ်နိုးသောအလုပ်နှင့် မိသားစုပတ်ဝန်းကျင်ကိုလည်းကောင်း ဇန်နဝါရီလ ၂၈ ရက် ညက နှုတ်ဆက်သွားပြီဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက် ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှု ငြှိမ်းသတ်ရာတွင် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့အပြီး ရက်ပေါင်း ၁၀၀ နီးပါး ကုသမှုခံယူရင်း ဆုံးပါးခဲ့ခြင်းဖြစ်သည်။

“သူဟာ စိတ်ထားဖြူတယ်၊ သတ္တိလည်းရှိတယ်၊ နောက်ပြီး ဘာသာရေးလည်း လိုက်စားတယ်။ ကိုယ်နဲ့ အပတ်စဉ် မတူပေမယ့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ရော သူငယ်ချင်းတစ်ယောက်အနေနဲ့ သူဟာ စိတ်သဘောထား ပြည့်ဝတဲ့သူတစ်ယောက်ပါ။ တာဝန်ထမ်းဆောင်ရင်း အခုလိုဖြစ်သွားလို့ ဂုဏ်ယူရသလို၊ ဝမ်းလည်းနည်းတယ်”ဟု ကျောက်တံတား မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူထွန်းက ဆိုသည်။

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင် ရှေးဟောင်း ဗိသုကာများနှင့် နာမည်ကျော်ကြားသည့် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် မီးလောင်မှုဖြစ်စဉ်တွင် နိုင်ငံခြားသား နှစ်ဦး သေဆုံးခဲ့ပြီးနောက် ဦးကျော်စွာလင်း သေဆုံးမှုသည် သုံးဦးမြောက်ဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် ဦးကျော်စွာလင်းသည် ညီအစ်ကိုများ စုစည်းကာ ဘုန်းကြီးဝတ်ရန် စီစဉ်ထားပြီး ရက်ပိုင်းအတွင်း ကန်တော်ကြီး ပဲလေ့စ် မီးလောင်မှုဖြစ်စဉ်တွင် ထုပ်တန်းပြုတ်ကျရာမှ မီးသတ်ဝတ်စုံ အကာအကွယ်နှင့် အကာအကွယ်ဦးထုပ် ဝတ်ဆင်ထားသော်လည်း ဦးခေါင်းကွဲပြီး ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

သူဟာ မီးငြှိမ်းသတ်ချိန်တွင် ဦးခေါင်းဒဏ်ရာရ၍ ဆေးရုံတွင် သုံးလကျော်ကြာ သတိမေ့၍ ဆေးကုသမှု ခံယူနေရာမှ ဇန်နဝါရီလ ၂၈ ရက်၊ ည၈ နာရီ ၃၀ မိနစ်ခန့်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“သူရောက်တဲ့အချိန်က မီးလောင်မှုက Level - 4 အဆင့်ကို ရောက်နေပြီ၊ သူက အကူ အနေအထားမှာ ရှိရမှာ။ ဒါပေမဲ့ သူ့ရဲ့အတွင်းစိတ်က မီးကို မြန်မြန် ငြိမ်းချင်နေတော့ အထဲကို တိုးဝင်ငြှိမ်းရာကနေ ဖြစ်သွားခဲ့တာပဲ။ သူဟာ မီးလောင်မှုတွေကို ငြှိမ်းတဲ့နေရာမှာ ရှေ့တန်းမှာ ကိုယ်တိုင် ငြှိမ်းသတ်တဲ့ အရာရှိတစ်ဦးပါ”ဟု ကန်တော်ကြီးပဲလေစ့် မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် ဦးအောင်သူထွန်းက ပြန်လည်ပြောဆိုသည်။

သူငယ်ချင်းများအပေါ် စိတ်ထားကောင်းသော၊ လက်အောက်ငယ်သားများအပေါ် ငဲ့ညာတတ်သော၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး သူ့ဖခင်၊ အစ်ကိုနှင့် ညီတို့ကလည်း မီးသတ်တပ်ဖွဲ့ဝင်များပင် ဖြစ်သည်။

ဦးကျော်စွာလင်းသည် ၂၀၀၈ ခုနှစ်တွင် မီးသတ်တပ်စုမှူးလောင်း သင်တန်းအမှတ်စဉ် - ၁၁ ဆင်း တစ်ဦးလည်း ဖြစ်သည်။ သင်တန်းကာလအတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ခဲ့ပြီး သင်တန်းကာလအတွင်း တစ်နေ့တာ အကောင်းဆုံးဆုများကို မကြာခဏ ရရှိသူတစ်ဦးလည်းဖြစ်ကြောင်း ၎င်းနှင့် သင်တန်းအမှတ်စဉ်တူသည့် သူငယ်ချင်းများထံမှ သိရသည်။

“မှတ်မှတ်ရရ ပြောရရင် ပြီးခဲ့တဲ့နှစ်၂၀၁၆ လောက်က လေ့ကျင့်ရေးအပိုင်းနဲ့ပတ်သက်ပြီး ကိုအောင်သူထွန်းရယ်၊ ကျွန်တော်ရယ်၊ သူရယ် သုံးယောက်ကို လေ့ကျင့်ရေးအပိုင်းနဲ့ ပတ်သက်ပြီး တစ်ဦးချင်း စွမ်းရည်တွေ ပြိုင်တဲ့အခါမှာ သူက တော်တော်လေးကို သက်လုံကောင်းပြီး ပိုလုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့အတွက် သူက ဆိုးတူကောင်းဖက် သူငယ်ချင်းတစ်ဦးပါပဲ”ဟု တာမွေမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်းသင်္ဘောကျင်းအနီး ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် မီငြှိမ်းသတ်ရင်း သေဆုံးခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် ငါးဦးရှိခဲ့သည်။

ဒီဇင်ဘာလ ၂၇ ရက်က ၎င်း၏ ဇနီးဖြစ်သူ မသူသူကျော်က “သူသူရဲ့ ချစ်ဆုံးကြီး ဦးခေါင်းခွံ မူလနေရာသို့ ပြန်ထည့်ပေးသွားမယ်လို့ ဆရာဝန်ကြီးတွေက ပြောသွားပါတယ်၊ သတိမရသော်လည်း သက်သာမှု ရှိလာပါတယ်၊ ခွဲစိတ်မှု အောင်မြင်စွာရရှိပြီး သတိရပေးပါ၊ ယောက်ျားခံစားနေရတာ မိန်းမ မကြည့်ရက်ဘူး၊ မြန်မြန်သတိရပေးပါ၊ ကလေးလေးရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ တို့မိသားစု ပျော်စရာနေ့ရက်လေးကို မိန်းမ အမြန်ဆုံး မျှော်လင့်နေတယ်နော် ကြိုးစားပေးဦးနော် ချစ်ဆုံးကြီး”လို့ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

ဦးကျော်စွာလင်းကို ဦးခေါင်းထိခိုက်၍ ရန်ကုန် ဆေးရုံကြီးဦးနှောက်နှင့် အာရုံကြောအထူး ကြပ်မတ်ကုသဆောင်၌ ဆေးကုသစဉ် နှစ်လကျော်အကြာတွင် ဦးခေါင်းခွံ ပြန်လည်ထည့်ခဲ့၍ ကုသခဲ့သော်လည်း မိသားစုဝင်များနှင့် မိတ်ဆွေများက ကျန်းမာရေး ပြန်ကောင်းလာနိုး မျှော်လင့်ခဲ့သော်လည်း ဦးကျော်စွာလင်း ပြန်လည်နိုးထမှု မရှိခဲ့ပေ။

အောက်တိုဘာလ ၁၉ ရက်နေ့က နိုင်ငံခြားသား ကမ္ဘာလှည့်များအကြား ကျွန်းတွေနဲ့ ဆောက်ထားသော ဟိုတယ်ဟု နာမည်ကြီးသည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကြီးသည် နာရီပိုင်းအတွင်း မီးဟုန်းဟုန်း တောက်ပြီး ပျက်စီးသွားခဲ့သည်။

ရှေးမြန်မာမူ ဗိသုကာလက်ရာပေါင်း များစွာကို ကျွန်းသစ်များဖြင့် တည်ဆောက်ထားသည့် ထူးကုမ္ပဏီလုပ်ငန်းစု ဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သော ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မီးလောင်မှုမှာ ယခုနှစ်အတွင်း တန်ဖိုး အကြီးဆုံး မီးလောင်ဆုံးရှုံးမှု တစ်ခုအဖြစ် သမိုင်း မှတ်တမ်းဝင်ခဲ့သည်။

ကျပ်သန်း သုံးသောင်း ခုနစ်ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့သည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မှာ အောက်တိုဘာလ ၁၉ ရက် နံနက် ၃ နာရီက မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့မှ Level-4 အဆင့် သတ်မှတ်ကာ ငြှိမ်းသတ်ခဲ့သော်လည်း ဟိုတယ်တွင် တည်းခိုနေသည့် နိုင်ငံခြားသားနှစ်ဦး သေဆုံးခဲ့သည်။

မြန်မာ့အာမခံလုပ်ငန်းက မီးအာမခံ လျော်ကြေး ကျပ် ၆၉၂ သန်း ပေးလျော်ခဲ့ရသည့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မီးလောင်မှုမှာ ဝါယာရှော့ခ်မှ မီးလောင်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ယင်းဟိုတယ်ကြီးကို ဦးတေဇမှ ထိုင်းကုမ္ပဏီဖြစ်သော Baiyoke Group of Hotel လုပ်ငန်းထံမှ လွန်ခဲ့သည့် ၁၂ နှစ်က အမေရိကန် ဒေါ်လာ ၂၉ သန်းဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း မီးလောင်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်အမှန်ကို သိရှိခဲ့ကြသည်။

ဖိုက်စတားအဆင့်ရှိ ကန်တော်ကြီးပဲလေ့စ်တွင် မီးသတ်ယာဉ်များ ဝင်ထွက်နိုင်မည့်လမ်းကြောင်း မထားရှိသဖြင့် ဆိုးရွားလှသည့် မီးလောင်မှုအထိ ဖြစ်ခဲ့ ရသောကြောင့် မီးသတ်တပ်ဖွဲ့မှ ရန်ကုန်မြို့အတွင်း အသစ် ထပ်မံ ဆောက်လုပ်မည့် ဟိုတယ်များတွင် မီးသတ် ယာဉ် အဝင် အထွက် မထားရှိပါက ဟိုတယ် ဆောက်လုပ်ခွင့်ပေးတော့မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ရသည်။

မီးလောင်မှုသည် အမြင်အရ ပြောရလျှင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးကို ၅၀ ရာခိုင်နှုန်းထက်မနည်း လောင်ကျွမ်းပျက်စီးသွားသည်။

မီးသတ်ဘက်အဆိုအရ ရန်ကုန်မြို့တွင် လောင်ကျွမ်းခဲ့သော မီးလောင်မှုများတွင် ကြီးကျယ်သော မီးလောင်မှုဖြစ်သည်။

မီးလောင်မှုကြောင့် ဒဏ်ရာရသူကို ထူး ကုမ္ပဏီက ဆေးဝါးကုသမှုများအတွက် ထောက်ပံ့ခဲ့သည်။

ဦးကျော်စွာလင်းကို ရန်ကုန်ဆေးရုံကြီး ဦးနှောက်အာရုံကြောဌာန အထူးကြပ်မတ် ကုသဆောင်တွင် ကုသရင်း လက်လျှော့ခဲ့ရသည်။

လက်ရှိတွင် ၎င်း၏နာရေးကို ရေဝေးသုသာန်၌ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဖြစ်ပြီး ၎င်း၏သေဆုံးမှုအတွက် ဌာနအနေနှင့် ဆုတံဆိပ်ချီးမြှင့်ရန် အဆင့်ဆင့် တင်ပြထားမှုများရှိကြောင်း၊ ဦးကျော်စွာလင်း ထိခိုက်ဒဏ်ရာ ရရှိစဉ်မှစ၍ သေဆုံးသည့်အချိန်အထိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တာဝန်ရှိသူများက ကူညီစောင့်ရှောက်မှုများရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ဒုတိယ မီးသတ်ဦးစီးမှူး ဦးမြင့်စိုးထံမှ သိရသည်။

ဇေယျာဟိန်း