News

POST TYPE

FEATURE

ကရင်ပြည်နယ် အမြင့်ဆုံး မုလအိတောင်ကို ခြေလျင်တောင်တက်အဖွဲ့ တက်မည်
22-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

ကရင်ပြည်နယ်ရှိ အမြင့်ဆုံးတောင်ဖြစ်သည့် ပေ ၆၅၇၈ မြင့်သော မုလအိတောင်တက်ခရီးအပါအဝင် မြဝတီ၊ မဲဆောက် လေ့လာရေးခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် သွားရောက်ရန် စီစဉ်နေကြောင်း ရန်ကုန်ခြေလျင်နှင့် တောင်တက်ကလပ်ထံမှ သိရသည်။

ကရင်ပြည်နယ် မုလအိတောင် ခရီးစဉ်သည် တောင်တက်ဝါသနာပါသည့် လူငယ်များကို ရင်းနှီးစေရန် စေလွှတ်ခြင်းဖြစ်ပြီး ခရီးစဉ်အတွက် လိုအပ်သည့် လေ့ကျင့်ရေးရက်များကို ဇန်နဝါရီလ ၁၃ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ပြည်သူ့ရင်ပြင်တွင် နံနက် ၆ နာရီခွဲ၌ ခြေလျင်တောင်တက်ဝတ်စုံ ဝတ်ဆင်ကာ အလေးချိန်ပါ ကျောပိုးအိတ်အပါအဝင် တောင်တက်ဖိနပ်စီး၍ လေ့ကျင့်ပေးလျက်ရှိကြောင်း ရန်ကုန်ခြေလျင်နှင့် တောင်တက်ကလပ်ထံမှ သိရသည်။

“တောင်တက်ခရီးစဉ်လိုက်မယ့်လူတော့ များတယ်။ ထပ်တိုးလာမယ့် စာရင်းလည်း ရှိနိုင်တော့ ပမာဏ မပြောသေးဘူး။ မုလအိတောင်က အပျော်တမ်း တောင်တက်သမားနဲ့ တောင်တက်လေ့ကျင့်သမားတွေအတွက် အဆင်ပြေမယ့် နေရာတစ်ခုပါ”ဟု ရန်ကုန်ခြေလျင်နှင့် တောင်တက်ကလပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် ခရီးစဉ်ကာလအတွင်း မြဝတီနှင့် မဲဆောက်မြို့နှစ်ခုသို့ အလည်အပတ်ပို့ဆောင်ပေးမည်ဖြစ်ပြီး တောင်တက်ခရီးစရိတ်ကို ကျပ်တစ်သိန်းတစ်သောင်း သတ်မှတ်ထားပြီး အိပ်ရာ၊ ဂျက်ကက်၊ ဦးထုပ်၊ ခေါင်းစွပ်အပါအဝင် လိုအပ်သောတောင်တက်ပစ္စည်းများကို ကြိုတင်ယူဆောင်လာရမည်ဖြစ်ကြောင်း ရန်ကုန်ခြေလျင်နှင့် တောင်တက်ကလပ်ထံမှ သိရသည်။

“အခကြေးငွေ အဓိကမဟုတ်ဘူး။ တက္ကသိုလ်က လူငယ်လူရွယ်တွေ တောင်တက်အတွေ့အကြုံရလာမယ်။ နောက် ပြင်ပက ဝါသနာရှင်တွေနဲ့ လေ့ကျင့်နိုင်အောင် ကလပ်က စီစဉ်ပေးတာပါ”ဟု ရန်ကုန်ခြေလျင်နှင့် တောင်တက်ကလပ်၏ အသင်းဝင်ဖြစ်သူတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ ကရင်ပြည်နယ်၊ တောင်တက်ခရီးစဉ်ကို ရန်ကုန်ခြေလျင်နှင့် တောင်တက်ကလပ်က ပထမဆုံး စီစဉ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ သဘာဝရေမြေတောတောင်များကို လူငယ်များအနေနှင့် တန်ဖိုးထားစောင့်ရှောက်ရန် ပညာပေးစည်းရုံးသွားမည်ဖြစ်ကြောင်း အဆိုပါတောင်တက်ကလပ်ထံမှ သိရသည်။

J-17