News

POST TYPE

FEATURE

မရေရာသော ဖိလစ်ပိုင် ကလေးငယ်များဘဝ
18-Jan-2018


သူ့မိဘတွေက သူ့ကို ကောက်ကွေးဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆံပင်တွေက ကောက်ကွေးနေသောကြောင့် ဖြစ်သည်။ ကောက်ကွေးသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မြစ်ကမ်းအနီးရှိ အနတ်ပါဝစ်အရပ်တွင် နေထိုင်သည်။ မြစ်ကမ်းခြေ ပျံကျအိမ်များက ဝါးနှင့် စက္ကူကတ်ပြားများကို အဖီချပြီး တိုက်အိမ်များဘေးတွင် မှီခိုနေထိုင်ကြခြင်း ဖြစ်သည်။

မိုးတွင်းကာလတွင် မြစ်ကမ်းက ရေပြည့်လာပြီး သူတို့နေထိုင်သည့် ရပ်ကွက်ထဲကို ရေတွေဝင်လာတတ်သည်။ ထိုအချိန်တွင် ရေဆိုးမြောင်းများက ထုတ်လိုက်သည့် ရေပုပ်များကြောင့် တစ်ရပ်ကွက်လုံး အနံ့ဆိုးတွေက ဖုံးလွှမ်းနေတော့သည်။ 

ကောက်ကွေးနှင့် သူ့မိဘများသည် မောင်နှမလေးယောက်နှင့်အတူ အခန်းကျဉ်းလေးတစ်ခုအတွင်း နေထိုင်ကြသည်။ သူတို့အခန်းလေးတွင် လေဝင်ပေါက်ဆို၍ သံဆန်ခါအစုတ်လေး တပ်ထားသည့် ပြတင်းပေါက်တစ်ချပ်သာ ရှိသည်။ 

ကျောင်းဖွင့်သည့်နေ့တွင် ကောက်ကွေးသည် နေမထွက်မီ အိပ်ရာကထပြီး သူ့ညီနှင့်အတူ နှစ်ကီလိုမီတာခန့်ဝေးသော ကျောင်းသို့ ခြေလျင်လျှောက်ကြရသည်။ သူတို့ညီအစ်ကိုမှာ နေ့လယ်စာ ဝယ်စားစရာ ပိုက်ဆံမရှိသဖြင့် ကျောင်းသားကြီးများ၏ နောက်ပြောင်ခြင်းကိုပါ ခံကြရသည်။

ကျောင်းလွှတ်လျှင် ကောက်ကွေးသည် ငါးလိုက်ရောင်းပြီး ပိုက်ဆံရှာရသည်။ ကျောင်းပိတ်လျှင် သူက အနီးနားရှိ ဆောက်လုပ်ရေးဆိုက်တစ်ခုသို့သွားပြီး သဲနှင့် ကျောက်စရစ်များကို သယ်ပေးကာ ငွေရအောင် လုပ်ရသည်။ ရသမျှငွေများကိုလည်း မိခင်ကို ပြန်အပ်သည်သာဖြစ်သည်။ 

အိမ်နီးချင်းတွေက ကောက်ကွေးကို ချစ်ကြသည်။ ဘာခိုင်းခိုင်း အလွယ်တကူ လုပ်ပေးတတ်သောကြောင့် ဖြစ်သည်။ ဩဂုတ်လက ကောက်ကွေးတစ်ယောက် ပျောက်သွားသည်။ ထိုစဉ်က သူ့အသက်မှာ ၁၄ နှစ်သာ ရှိသေးသည်။ 

သူပျောက်သွားပြီး ၁၈ ရက်ကြာမှ သူ့အလောင်းကို သူ့အိမ်နှင့် ကီလိုမီတာ ၁၀၀ ကွာဝေးသည့် ကာဘာရိုဟုခေါ်သော ချောင်းလေးထဲတွင် တွေ့ကြရသည်။ သူ့မျက်နှာကို ပလတ်စတစ်အိတ် စွပ်ထားပြီး၊ တိပ်တွေနှင့် ပတ်ထားသည်။ ရဲထုတ်ပြန်ချက်အရ သူ့ကို နှိပ်စက်ညှဉ်းပန်းထားပြီး ဓားနှင့် ၂၆ ချက်ထိုးခြင်း ခံထားရသည်ဟုဆိုသည်။ ဓားဒဏ်ရာများက သူသေပြီးမှ ထိုးထားသည့် ဒဏ်ရာများဖြစ်ပြီး နှလုံးနှင့် အဆုပ်တိုင်အောင် နက်သည်။

ကောက်ကွေးသေဆုံးချိန်က အစိုးရကိုယ်တိုင် မူးယစ်ဆေးသမားများကို စစ်ကြေညာပြီး တိုက်ခိုက်နေချိန်ဖြစ်သည်။ ဖိလစ်ပိုင်တွင် ထိုစဉ်က လူငယ်ပေါင်းများစွာ အကြောင်းမဲ့ သေဆုံးနေကြရချိန်လည်း ဖြစ်သည်။ သေဆုံးတိုင်းလည်း မူးယစ်ဆေးကြောင့် ပစ်သတ်လိုက်သည်ဆိုသော အကြောင်းပြချက်များနှင့် နိဂုံးချုပ်သွားကြရသည်သာ ဖြစ်သည်။ 

သမ္မတ ဒူတာတေး၏ မူးယစ်စစ်ပွဲတွင် သူအာဏာရစဉ် ၂၀၁၆ ခုနှစ်ကတည်းက မူးယစ်ဆေးကြောင့်ဆိုကာ အသတ်ခံရသူပေါင်း ၁၄၀၀၀ ခန့်ရှိကြောင်း Global Post သတင်းတွင် ဖော်ပြထားသည်။ သို့သော် ဒူတာတေးအစိုးရအဖွဲ့က မူးယစ်ဆေးစစ်ပွဲတွင် သေဆုံးသူ ၃၄၅၁ ဦးသာရှိကြောင်း တရားဝင် ထုတ်ပြန်ထားသည်။ ထိုစာရင်းမှာ ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့အထိ ဖြစ်သည်။ အခြား မူးယစ်ဆေးနှင့် ဆက်နွှယ်နေသည့် လူသတ်မှုပေါင်း ၂၀၀၀ ကလည်း လက်သည်မပေါ်သေး။ စုံစမ်းနေဆဲကာလအတွင်း အသက်ပျောက်သွားရသူပေါင်းကလည်း ၈၂၀၀ ခန့် အနည်းဆုံး ရှိနေသည်။ အများစုမှာ လူငယ်များနှင့် ကလေးများဖြစ်ကြသည်။ 

လူ့အခွင့်အရေးအဖွဲ့က ဒူတာတေးသည် ရဲတပ်ဖွဲ့ကို တရားလက်လွတ် အခွင့်အရေးများ ပေးထားသည်ဟု စွပ်စွဲသည်။ မူးယစ်ဆေးကိစ္စနှင့် ပတ်သက်သည်ဆိုလျှင် ဥပဒေမဲ့စီရင်ပိုင်ခွင့် ပြုထားခြင်းကလည်း ပြည်သူပေါင်းများစွာ သေဆုံးနေရခြင်းဖြစ်စေသည့် အကြောင်းတရားတစ်ခု ဖြစ်သည်။

ကောက်ကွေးသည် မူးယစ်ဆေးဝါးနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိသူတစ်ယောက်ဟု သူ့အိမ်နီးချင်းတွေက ပြောဆိုကြသည်။ သူသေဆုံးကြောင်း သတင်းကြားလိုက်ရသဖြင့် အိမ်နီးချင်းတွေအားလုံး ပူဆွေးကြရသည်။ ကောက်ကွေးပျောက်သွားပြီး အလောင်းမတွေ့မီတစ်ရက်မှာ ရပ်ကွက်အတွင်းရှိ လူများက အသက် ၁၉ နှစ် အရွယ် ကားလ်အိန်ဂျလိုဆိုသည့် လူငယ်တစ်ယောက်၏အလောင်းကို သင်္ဂြိုဟ် ပေးခဲ့ရသေးသည်။ သူလည်း ကောက်ကွေးနှင့် သူငယ်ချင်းတွေဖြစ်သည်။

ရဲတွေက ကားလ်ကို တက္ကစီမောင်းသမားအား ဓားပြတိုက်ရန် ကြံစည်သဖြင့် ပစ်သတ်လိုက်ရကြောင်း ထုတ်ဖော်ပြောကြားသည်။ သို့သော် ကားလ်ကို သတ်လိုက်သူက ရဲတပ်ဖွဲ့ဝင်များဖြစ်နေကြောင်း နောက်ပိုင်းမှ သိကြရသည်။ ကားလ်နှင့် ကောက်ကွေးတို့ နှစ်ယောက်စလုံး ပျောက်ဆုံးကာ သေဆုံးရခြင်းသည် ဩဂုတ်လလယ်ခန့်က ဖြစ်သည်။ ထိုအချိန်တွင် မနီလာမြို့တွင်း၌ မူးယစ်စစ်ပွဲကို ဆင်နွှဲနေချိန်ဖြစ်ပြီး သုံးရက်အတွင်း လူပေါင်း ၈၀ ခန့် သေဆုံးနေချိန်လည်းဖြစ်သည်။ အိမ်နီးနားချင်းများက ထိုကလေးနှစ်ဦးကို တစ်ညတွင် မုန့်ဝယ်စားရန် ထွက်သွားပြီးနောက် ပြန်မတွေ့ရတော့ကြောင်း ပြောဆိုကြသည်။ 

ကားလ်နှင့် ကောက်ကွေးတို့ ပျောက်ဆုံးသွားချိန်တွင် နောက်ထပ် အသက် ၁၇ နှစ်သားတစ်ယောက် ထပ်ပျောက်ပြန်သည်။ ကီရန်ဆန်တို့စ်ဆိုသည့် ထိုကလေးမှာ မနီလာမြို့၊ ကာလူကန်ဆိုသည့် ရပ်ကွက်ကို ရဲတပ်ဖွဲ့က ဝင်စီးစဉ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ကီရန် အသတ်ခံရခြင်းကို CCTV မှတ်တမ်းကတစ်ဆင့် တွေ့ကြရသည်။ သူ့ကို ရဲတပ်ဖွဲ့က တရွတ်တိုက်ဆွဲခေါ်သွားသည်ကို မြင်ကြရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က ၁၁ တန်းတက်နေသည့် ထိုလူငယ်သည် ရဲတပ်ဖွဲ့ကို သေနတ်နှင့် ခုခံရန် ကြိုးစားသောကြောင့် ပစ်သတ်လိုက်ရကြောင်း အစီရင်ခံကြသည်။ 

သေနတ်ကျည်ဆန်ဒဏ်ရာများနှင့် ကီရန်၏အလောင်းကို ဝက်ခြံတစ်ခြံထဲရှိ အညစ်အကြေးများထဲတွင် တွေ့ရှိကြရခြင်းဖြစ်သည်။ မှုခင်းဆေးပညာရှင်များက သူ့ကို မှောက်ခိုင်းထားပြီး ပစ်သတ်ခြင်းခံထားရကြောင်း ထွက်ဆိုကြသည်။ တစ်နိုင်ငံလုံး ဆူပူပြီး မီဒီယာတွေကလည်း ဝေဖန်ရေးသားမှ အမှုကပေါ်သည်။ ရဲအရာရှိသုံးဦးသည် ထိုလူသတ်မှုတွင် ပတ်သက်နေသည်။ ကီရန်သေသည့် အဖြစ်မှန်ကိုသိပြီး ပေါက်ကွဲနေချိန်မှ ကားလ်၏ ဇာတ်လမ်းကို ပြန်ဖော်ကြသည်။ ကားလ်၏ မိခင်သည် ဒူဘိုင်းတွင် အိမ်ဖော်လုပ်နေသူဖြစ်သည်။ ဆိုရှယ်မီဒီယာပေါ်တွင်လည်း သူ့သားပျောက်ဆုံးရခြင်းနှင့် ပတ်သက်ပြီး အကူအညီပေးကြရန် တောင်းပန်လိုက်သည်။

ကားလ်ကို ပျောက်ဆုံးသွားပြီး ၁၀ ရက်အကြာမှ ကာလူကန်အရပ် ရင်ခွဲရုံတွင် အလောင်းကို ပြန်တွေ့ကြသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ကျည်ဆန်ရာငါးချက်ကို တွေ့ရှိကြရသည်။ မီဒီယာတွေက ဝိုင်းဝေဖန်တော့သည်။ ကားလ်၏အလောင်းသည် အဘယ်ကြောင့် သူ့နေသည့်နေရာမှ ကီလိုမီတာ ၂၀ ခန့်ကွာဝေးသည့် ရင်ခွဲရုံကို ရောက်နေရသနည်း။ ဤလူသတ်မှုတွင် ရဲတွေ ပါဝင်ပတ်သက်နေသလား မေးမြန်းလာကြသည်။ ရဲတွေ ဖြေကြားချက်က ပိုပေါက်ကွဲစရာဖြစ်လာသည်။ ကားလ်သည် ဓားပြတိုက်မှုတစ်မှုတွင် ပါဝင်ပတ်သက်နေသည် ဟူ၏။

၁၆ ရက်လောက်ပျောက်နေသည့် တက္ကစီမောင်းသူ သောမတ်ဘက်ကဲက ပြန်ပေါ်လာသည်။ ရဲတပ်ဖွဲ့က သူ့ကိုဓားပြတိုက်သောကြောင့် ပစ်သတ်လိုက်ရကြောင်း အတင်းခံဝန်လက်မှတ် ထိုးခိုင်းလိုက်သောကြောင့် ထိုးပေးလိုက်ရကြောင်း ထွက်ဆိုချက်ပေးသည်။ တက္ကစီမောင်းသူပြောချက်နှင့် ရဲထွက်ချက် ကွဲလွဲနေသည်။ ကားလ်က ဓားကိုင်ထားပြီး သေနတ်မကိုင်ကြောင်း ပြောသည်။ သူနှင့်အတူ ကောက်ကွေးလည်းပါသည်ဟု ဆိုပြန်သည်။ 

တက္ကစီမောင်းသမား ပြောပြချက်အရဆိုလျှင် ကားလ်နှင့် ကောက်ကွေးကို ရဲစခန်းခေါ်သွားစဉ်က နှစ်ဦးစလုံး အသက်ရှင်နေကြသည်။ သူကိုယ်တိုင် ရဲကားနောက်ကို လိုက်သွားခဲ့သည်ဟုဆိုသည်။ ဘက်ကဲကို စစ်ဆေးရာတွင် ကလေးနှစ်ယောက်ကို မှောင်မည်းနေသည့် နယ်မြေဘက်ကို ခေါ်သွားသည်။ ကာလူကန် အဝေးပြေးလမ်းမကြီး တစ်နေရာတွင်ဖြစ်သည်။ ရဲအရာရှိနှစ်ယောက်က ကားလ်ကို လက်ထိတ်ခတ်ထားသည့်အတိုင်း ဒူးထောက်ခိုင်းထားပြီး သေနတ်နှင့် ပစ်သတ်ကြောင်း လွှတ်တော်၌ ထွက်ဆိုသည်။ အခြား မျက်မြင်သက်သေနှစ်ဦးကလည်း ဤအတိုင်း ထွက်ဆိုကြလေသည်။ 

ကားလ်ကို စစ်ဆေးသည့် မှုခင်းတပ်ဖွဲ့ကလည်း ရည်ရွယ်ချက်ဖြင့်လုပ်သော အမှုဖြစ်ကြောင်း၊ မတော်တဆမဟုတ်ကြောင်း၊ လက်ထိတ်ခတ်ထားပြီး၊ တရွတ်တိုက်ဆွဲကာ သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။ သူ့အလောင်းတွင် ပွန်းပဲ့ရာများ ရှိနေသည့်အပြင်၊ မျက်လုံးကလည်း ညိုမည်းနေကာ၊ လက်တွင် လက်ထိတ်ခတ်ထားသည့်အရာများ တွေ့ရှိကြရသည်။

ကားလ်၏ အလောင်းကို သင်္ဂြိုဟ်သည့်နေ့မှာပင် ကောက်ကွေး၏အလောင်းကို ချောင်းထဲတွင် ပေါလောမျောနေသည်ကို တွေ့ရှိကြရခြင်းဖြစ်သည်။ ထိုနေရာက ကောက်ကွေးနေထိုင်သည့် ရပ်ကွက်နှင့် ကီလိုမီတာ ၁၀၀ ခန့်ဝေးသည်။ ရင်ခွဲရုံကလူတွေက ကောက်ကွေး၏အလောင်းတွင် တွေ့ရှိရသော မိုဘိုင်းလ်ဖုန်းနံပါတ်နှင့် အိမ်နီးချင်းတစ်ဦးကို ဆက်သွယ်မိသွားသည်။ အလောင်းက ပုံပျက်ပန်းပျက်ဖြစ်နေပြီ။ သို့သော် မိသားစုအားလုံးက သူတို့သား ကောက်ကွေးဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ ခြေထောက်တွင် ပါရှိသည့် မွေးရာပါအမှတ်ကြောင့် သူတို့သားမှန်း သိကြရခြင်းဖြစ်သည်။ 

ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် သေနတ်နှင့် ပစ်သတ်ခံနေရခြင်းနှင့်ပတ်သက်ပြီး ပြည်သူတွေက ပေါက်ကွဲကြသည်။ မီဒီယာတွေကလည်း ဝေဖန်ရေးသားကြသည်။ ဖိလစ်ပိုင်လွှတ်တော်ကလည်း ထိုကိစ္စကို တကျည်ကျည်လုပ်နေပြီ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏သား အသက် ၄၂ နှစ်အရွယ် ပေါ်လိုသည် မူးယစ်ဆေးဝါးကိစ္စများတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းတွေထွက်လာသည်။ ထိုကလေးများ သေဆုံးရခြင်းမှာ သမ္မတသားနှင့် ပတ်သက်နေမည်လားဟု မေးခွန်းတွေ ထုတ်လာကြသည်။ ပေါ်လိုသည် တရုတ်ကို ဒေါ်လာ ၁၂၅ သန်းတန် မူးယစ်ဆေးများ ပို့သည်ဆိုသည့် သတင်းတွေကလည်း တရုတ်ဘက်က ရထားသည်။ ပေါ်လို၏ ရှေ့နေများကလည်း အခြေအမြစ်မရှိသည့် သတင်းများဖြစ်သည်ဟု ဆိုသည်။

ရဲတွေကလည်း ကောက်ကွေးကို အသုဘချသည့်နေ့မှ သတင်းတစ်ခု ထုတ်ပြန်လိုက်သည်။ ကောက်ကွေးဆိုသည့် အလောင်းနှင့် သူ့မိသားစု၏ DNA တူညီခြင်းမရှိဟူ၍ ဖြစ်သည်။ ထို့ကြောင့် အလောင်းကို ပြန်ယူမည် ပြန်စစ်ဆေးမည်နှင့် အလုပ်တွေ ရှုပ်ကုန်ပြန်သည်။ ကောက်ကွေး၏ဖခင်က သူ့သားအလောင်းကို ပြန်ယူခွင့် မပြုနိုင်ကြောင်း ငြင်းဆိုကြသည်။ သူတို့၏ သားအလောင်းကို နောက်တစ်နေ့တွင် တားမြစ်ထားသည့်ကြားကရအောင် သင်္ဂြိုဟ်လိုက်ကြသည်။ 

ဖိလစ်ပိုင်တွင် လူသတ်မှုတွေက မရပ်မနားဖြစ်နေသည်။ အောက်တိုဘာလက အသက် ၁၅ နှစ်အရွယ် ကိုယ်ဝန်ရှိနေသည့် မိန်းကလေးတစ်ယောက် အသတ်ခံရပြန်သည်။ သူနှင့် သူ့ရည်းစားဖြစ်သူတို့ကို လက်နက်နှင့်တွေ့သောကြောင့် ပစ်သတ်လိုက်ကြောင်း ထုတ်ပြန်သည်။ နိုဝင်ဘာလကလည်း အသက် ၁၇ နှစ်အရွယ် အထက်တန်း ကျောင်းသားတစ်ယောက် ပစ်သတ်ခံလိုက်ရပြန်သည်။

နိုင်ငံတကာ လွတ်ငြိမ်းသာခွင့်အဖွဲ့မှ ဝီလ်နာပါပါက -

“လူသတ်မှုတွေက ဆက်ဖြစ်နေဦးမှာပဲ၊ ဒါပေမဲ့ ဘယ်သူက အမိန့်ပေးပြီး သတ်ခိုင်းနေသလဲဆိုတာ ဘယ်တော့မှ ပေါ်မှာမဟုတ်ဘူး”ဟု မနီလာတွင် ပြောကြားသည်။ 

ဖိလစ်ပိုင်နိုင်ငံ၏ လူငယ်တွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြရသည့် နောက်ကွယ်တွင် မည်သူတွေ ကြိုးကိုင်ထားသနည်း။ မေးခွန်းတွေကို ယနေ့တိုင် မည်သူမှ တိကျစွာ အဖြေမပေးနိုင်သေးပေ။

(Ref: When the police kill children, Ted Regencia)
ကျော်ဗလ