POST TYPE

FEATURE

မူးယစ်ဆေး၏ သားကောင်များ
12-Jan-2018


၂၀၁၆ ခုနှစ်ဆန်းစစ်ချက်အရ အမေရိကန် ပြည်သူတို့၏ သက်တမ်းမှာ ကျဆင်းနေကြောင်း၊ အထူးသဖြင့် ဆိုးရွားပြင်းထန်သည့် မူးယစ်ဆေးဝါးကဲ့သို့သော ဆေးများကို သုံးစွဲနေကြသောကြောင့်ဖြစ်ကြောင်း Centers for Disease Control and Prevention (CDC) အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အမေရိကန်ပြည်ထောင်စုမှ ပြည်သူတို့သည် သမိုင်းတွင် အဆိုးရွားဆုံး မူးယစ်ဆေး ပြဿနာများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ မျိုးဆက်တစ်ဆက် ကလေးများကို မျက်ကွယ်ပြုခြင်း ခံနေရပြီ။ မိဘများက ဆေးသမားများဖြစ်ပြီး သေဆုံးကုန်သဖြင့် ပစ်ထားခဲ့ရသော သားသမီးများအရေးကို လျစ်လျူရှုခြင်း ခံနေရပြီဖြစ်သည်။ 

မိဘများကိုယ်တိုင် ဆေးသမားတွေ ဖြစ်နေသောကြောင့် သားသမီးများကလည်း ဆေးသုံးစွဲပြီး ဆေးသမား သံသရာတွင် လည်ပြီးရင်း လည်နေကြတော့သည်။ အမေရိကန် လူငယ်များအတွင်း မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှု ကျဆင်းနေရာက ၂၀၁၅ ခုနှစ်ကစတင်ပြီး သိသာစွာ တိုးမြင့်လာကြောင်း National Center for Health Statistics အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

အဲလစ်လိုက်တယ်သည် အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်သည်။ သူက အိုဟိုင်းအိုး ပြည်နယ်၊ ချီလီကို့မြို့၌ နေထိုင်သည်။ သူ့မိဘနှစ်ဦးစလုံး မူးယစ်ဆေးသုံးစွဲပြီး ဘဝပျက်သွားကြသဖြင့် အဘွားဖြစ်သူနှင့် ကြီးပြင်းလာရသည်။ 

ယခုဇာတ်လမ်းသည် အဲလစ်ကိုယ်တိုင်ပြန် ပြောပြသည့် စိတ်ဝင်စားဖွယ်ရာ သူ့ဇာတ်ကြောင်းဖြစ်သည်။

သူ့ကလေးဘဝသည် ပီပြင်စွာဖြင့် ကြီးပြင်းခဲ့ရသည်မဟုတ်။ ကျောင်းနေခဲ့ရသည်ဆိုသော်လည်း သူများ သားသမီးတွေလို မိခင်နှင့် ဖခင်တို့က ကျောင်းပွဲများကို လာရောက်ခြင်း မပြုနိုင်သဖြင့် မျက်နှာငယ်၊ စိတ်အားငယ်ခဲ့ရသည်။ 

သူ့အဖေက ဘိန်းနှင့် ဆေးမျိုသူဖြစ်ပြီး မိခင်က ဘိန်းဖြူစွဲနေသည်။ သူတို့က မူးယစ်ဆေး၏ သားကောင်များ ဖြစ်နေသောကြောင့် ကလေးဘဝကတည်းက သမီးဖြစ်သူကို ဘွားအေထံ ထားခဲ့ပြီး လေလွင့်နေသူများ ဖြစ်သည်။ သူ့ဘဝအတွက် မိဘများကို ကလေးဘဝကတည်းက မွတ်သိပ်ခဲ့ရသည်။

သူ ၆ နှစ်သမီးလောက်ကတည်းက စီးကရက်က ပြဿနာတစ်ခုဖြစ်ကြောင်း သိနေသည်။ မိဘတွေ ကိုယ်တိုင်က ဆေးသမားတွေ ဖြစ်နေသောကြောင့် မပြောလည်း သိနေသည့် သဘောဖြစ်သည်။ တစ်နေ့တွင် အဘွားဖြစ်သူက သူ့သမီးဖြစ်သူ မိခင်အား “နင် ဆေးမူးနေလား”ဟု မေးသံကြားလိုက်ရသည်။ ၆ တန်းသာ ရှိသေးသည့် သူ့အနေနှင့် မူးယစ်ဆေးကို မသိသော်လည်း စီးကရက်ကို မကောင်းဟုသာ မြင်မိသည်။ သူ့မိဘတွေ မူးနေသည်မှာ ထိုစီးကရက်များကြောင့်ဖြစ်သည်ဟု ယူဆပြီး ဆေးလိပ်သောက်ခြင်းကို မုန်းတီးနေမိသည်။

သူ ၆ တန်းနှစ်၊ အသက် ၁၂ နှစ်အရွယ်တွင် မိခင်ဖြစ်သူက ခရစ္စမတ် ဘိုးဘိုးကြီး ဆန်တာကလော့စ်ဆိုသည်မှာ မရှိကြောင်း သူ့ကိုပြောသည်။ သူ့အတွက် ဆန်တာကလော့စ်သည် မူးယစ်ဆေးများကို တားဆီးပေးမည့် သူတော်စင်တစ်ပါးကဲ့သို့ မှတ်ယူထားသူဖြစ်သည်။ မိခင်ဖြစ်သူက သူအားထားသူကို အမှန်တကယ်မရှိဟု ဆိုလိုက်ခြင်းက မူးနေသူများကို အမှန်အတိုင်း ပြောသူတွေမဟုတ်၊ လူလိမ်တွေပဲဟု ပထမဆုံး သံသယကို စတင်ဖြစ်ပေါ်စေခဲ့သည်။ မူးယစ်ဆေးက သူ့ဘဝ သူ့ခံစားချက်များကိုပါ စတင်ဖျက်ဆီးနေသလို ခံစားလိုက်မိသည်။ 

မိဘတွေက မူးယစ်ဆေး သုံးစွဲနေကြောင်း အဲလစ်ကောင်းကောင်း သိသည်။ သို့သော် မည်သည့် မူးယစ်ဆေးများ သုံးစွဲနေမှန်းတော့ မသိ။ မူးယစ်ဆေး သုံးစွဲနေကြောင်း သိသည်က ကျောင်းတွင် ဆရာများက ပညာပေးသောကြောင့်ဖြစ်သည်။ ကျောင်းတွင် မူးယစ်ဆေး သုံးစွဲနေသူများ၏ ဆိုးရွားသည့်ဘဝများကို ဗီဒီယိုနှင့် ပညာပေးပြသသည်။ ထိုဗီဒီယိုထဲက မိခင်တစ်ယောက်၏ဘဝသည် သူ့မိခင်အတိုင်း ဖြစ်နေသဖြင့် အဲလစ်တစ်ယောက် ပိုပြီး ခံစားသွားရသည်။

ထိုနေ့ကစပြီး သူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ မိဘတွေကိုလည်း သူများမိဘတွေလို လူကောင်း သူကောင်းတွေ ဖြစ်စေချင်သည်။ သို့သော် သူကဘာများ တတ်နိုင်ပါမည်နည်း။ 

မိခင်က ထောင်ထဲဝင်သွားပြီး ပြန်ထွက်လာခါစတွင် သူတို့ သားအမိနှစ်ယောက် ဆက်ဆံရေးက ပြေလည်သွားပြန်သည်။ နောက်ပိုင်း မိခင်က သူ့ရည်းစားနှင့် ပြန်တွဲသဖြင့် အဲလစ် စိတ်ပျက်ရသည်။ သူ့အမေ ထိုကောင်နှင့် ပြန်တွဲလျှင် ဘဝဟောင်းကို ပြန်ရောက်သွားမည်အား သိနေသောကြောင့်ဖြစ်သည်။ နောက်ဆုံး အဲလစ်တစ်ယောက် ဆုံးဖြတ်ချက် ချရတော့သည်။ သူ့မိခင်နှင့်အတူ ဆက်နေလျှင် သူ့ဘဝပါ လုံခြုံမှု မရှိနိုင်သဖြင့် မိခင်ကို ရွေးချယ်မှုတစ်ခုခု လုပ်ခိုင်းရန်သာ ရှိတော့သည်။

သူက မိခင်ကို သူ့ရည်းစားနှင့် သူတို့မောင်နှမကို မည်သူ့အား ရွေးမည်နည်းဟု ဗြောင်ကျကျ ဖွင့်မေးလိုက်တော့သည်။ မိခင်က သူတို့ကိုမရွေး။ သူ့ရည်းစားကိုလည်း မစွန့်နိုင်၊ ဆေးလည်းထပ်စွဲပြီး မဖြတ်နိုင်လောက်အောင် ဖြစ်သွားပြန်သည်။ မိခင်အနေနှင့် သူတို့ကို ချစ်ကောင်း ချစ်နိုင်သော်လည်း မူးယစ်ဆေးကို မဖြတ်နိုင်သောကြောင့် သူ့ရည်းစားကို ဖြတ်ရန်လည်း မဖြစ်နိုင်တော့။ 

သူတို့အိမ်နှင့် လမ်းတစ်ဝက်လောက်သာ ကွာသောနေရာတွင် မူးယစ်ဆေးဖြတ်သည့် စခန်းတစ်ခုရှိသည်။ သို့သော် မိခင်က ထိုစခန်းကို လှည့်မကြည့်။ ထောင်လမ်းသို့ သွားသောလမ်းကိုသာ ရွေးချယ်နေခြင်းမှာ မူးယစ်ဆေးကြောင့်သာဖြစ်ကြောင်း အဲလစ် ကောင်းကောင်း သိနေသဖြင့် စိတ်ထဲတွင် နာကြည်းနေမိသည်။

သူမ၏ ဖခင်ဖြစ်သူသည် တစ်နေ့တွင် ဆေးလွန်ပြီး သေဆုံးခဲ့ရသူဖြစ်သည်။ တစ်နေ့ အဲလစ်တစ်ယောက် ကျောင်းတွင် ကျောင်းက ပွဲအတွက် ပြဇာတ်ထဲ၌ ပါဝင်ရန် ဇာတ်တိုက်နေစဉ် အဘွားဖြစ်သူ ကျောင်းကို ရောက်လာပြီး သူ့ကိုခေါ်သည်။ သူ့စိတ်ထဲတွင် မိခင်ကို ရဲစခန်းက ဆွဲသွားပြန်ပြီလားဟု ထင်မိသည်။ သို့မဟုတ် မိခင်နေမကောင်းဘဲ လဲနေပြန်ပြီလားဟုလည်း တွေးလိုက်သည်။ အဘွားက သူ့အဖေဆုံးပြီဟု ပြောလိုက်သည်။ 

ဖခင်ဖြစ်သူသည် သူ့ဘဝတစ်လျှောက်လုံး မူးယစ်ဆေး၏ သားကောင်ဘဝနှင့်နေထိုင်ပြီး သူတို့ကိုမေ့ထားသဖြင့် တွေးမိတိုင်း စိတ်နာနေမိသည်။ ဖခင်ကိုမေ့ထားပြီး မိခင်တစ်ဦးတည်းကိုသာ အားကိုးရာအဖြစ် နေထိုင်ခဲ့သော်လည်း မိခင်က နောက်ယောက်ျားနှင့်တွဲပြီး ဖြစ်ချင်တိုင်း ဖြစ်နေပြန်သည်။ 

အဲလစ်အခြေအနေက စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်သည်။ သူ့တွင် သူငယ်ချင်းတစ်ဦးသာ ရှိသည်။ သို့သော် သူ့မိခင်ကိုယ်တိုင်က သူ့သူငယ်ချင်းကို ဘိန်းဖြူရောင်းရန် ကြိုးစားသည်။ အဘွားဖြစ်သူက သူငယ်ချင်းကို အဝေးသို့ ခေါ်ထုတ်သွားသဖြင့် တော်သေးသည်။ အဲလစ်အရှက်ရသည်။ သို့သော် သူ့သူငယ်ချင်းက ထိုအကြောင်းကို ကျောင်းတွင် ပြန်မပြောသဖြင့် တော်သေးသည်။ 

သူ့ဘဝသည် ထိုသို့သော အဆင်မပြေမှုများ၊ အထင်သေးစရာ လုပ်ရပ်များကြားတွင် ကြီးပြင်းလာရသည်။ အသက် ၁၆ နှစ်မတိုင်မီ ဖခင်ဆုံးရှုံးခဲ့ရသည်။ မိခင်ကလည်း ဆေးစွဲပြီး နောက်တစ်ယောက်နှင့် တွဲနေသည်။ အဘွားကိုသာ အဖော်ပြုပြီး နေရသည့်ဘဝ ဖြစ်နေသည်။ သူ့တွင် မောင်လေးတစ်ယောက်လည်း ရှိသည်။ သူတို့ဘဝ သူတို့နောင်ရေးက အဘွားအပေါ်တွင်သာ မှီခိုနေရသောကြောင့် မရေရာသေးသောဘဝများဟု ဆိုရမည်။

သူ့ဘဝတွင် သက်တူရွယ်တူများ၏ တိုက်တွန်းမှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲရန် အကြိမ်ပေါင်းများစွာ အခွင့်အလမ်းတွေနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် သူ့ဘဝတွင် မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့ရသူများ မျက်စိအောက်တွင် ရှိနေသောကြောင့် စိတ်ပျက်ပြီး ရှောင်လွှဲခဲ့သည်ချည်းဖြစ်သည်။ 

ဖခင်ကသေ၊ မိခင်က လေလွင့်ပြီး အိမ်ပြန်မလာတော့။ သူတို့ဘဝ သူတို့အကြောင်းတွေက မကောင်း။ အမေရိကန် ပြည်ထောင်စု၌ သူတို့လို ကလေးတွေ ဘဝများက ထောင်သောင်းသိန်းသန်းမက မည်မျှ ရှိနေသနည်း။ မျိုးဆက်သစ်တို့ဘဝ ကိုယ်မထိန်းနိုင်လျှင် စောစီးစွာ ကြွေလွင့်ကြရမည့် အနေအထားသို့ရောက်နေသည်။

အမေရိကန် ပြည်ထောင်စုတွင် မူးယစ်ဆေးဝါး သုံးစွဲနေမှု ပြဿနာသည် အလွန်စိုးရိမ်ဖွယ်ရာ အနေအထား ဖြစ်နေသည်။ အမေရိကန် ၂ သန်းကျော်သည် လမ်းဘေးဆေးဝါး တစ်မျိုးဖြစ်သည့် Opioids များ ကို မှီဝဲနေသည်မှာ ကြာပြီ။ ခေါင်းကိုက်၊ ကိုယ်လက် ကိုက်ဝေဒနာများကို ပြေပျောက်စေရန် သုံးစွဲရာမှ ဘိန်းစွဲသလို စွဲနေကြခြင်းဖြစ်သည်။ Opioid ဆိုသည့်စကားမှာ Opium ဆိုသည့် စကားက ဆင်းသက်လာခြင်းဖြစ်ပြီး ဘိန်းနှင့် မူးယစ်ဆေးများပါဝင်သည့် Morphine, Oxycodone, Hxydrocodone ဆေးများကို ဆရာဝန်ညွှန်ကြားချက်များဖြင့် ရယူ သုံးစွဲနေကြခြင်းဖြစ်သည်။ 

၂၀၁၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံး သူပေါင်း ၅၂၄၀၄ ဦးရှိသည်။ ထိုအထဲတွင် ဥစငသငိ ဆိုသည့် ဆေးများသုံးစွဲမှုကြောင့် သေဆုံးသူ ၃၃၀၉၁ ဦးဟုဆိုသဖြင့် ၆၃ ဒသမ ၁ ရာခိုင်နှုန်းမှာ ဘိန်းစားပြီး သေနေကြရသည့် သဘောဖြစ်သည်။ ထိုနှုန်းအတိုင်း တွက်လျှင် အမေရိကတွင် တစ်ရက်လျှင် ၉၁ ဦးခန့် Opioid ဆိုသည့် ဆေးဝါးများကြောင့် သေဆုံးနေကြရသည့် သဘောဖြစ်သည်။

၁၉၉၂ ခုနှစ်က Opioid ဆေးများကို လူနာများအား ပေးဝေနေမှုမှာ ၁၁၂ သန်း ရှိသော်လည်း ၂၀၁၂ ခုနှစ်တွင် ၂၈၂ သန်းအထိ တိုးမြင့်လာကြောင်း IMS Health အဖွဲ့၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် ၂၃၆ အထိ လျော့ကျသွားပြန်သည်။ 

Morphine နှင့် Codeine ဆိုသည့် ဆေးဝါးများသည် ဘိန်းပင်များက တိုက်ရိုက် ထုတ်လုပ်သည့် ဆေးဝါးများဖြစ်ပြီး အာရှ၊ အမေရိက အလယ်ပိုင်းနှင့် တောင်အမေရိကတို့တွင် စိုက်ပျိုးသော ဘိန်းပန်းများက ထွက်ရှိသည့် ဆေးဝါးများဖြစ်သည်။ 

၂၀၁၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ဆေးလွန်ပြီး သေဆုံးသူပေါင်း ၅၉၀ဝ၀ ဖြစ်ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။ နှစ်စဉ် အရေအတွက်များက တိုးပွားလာခြင်းဖြစ်သည်။ ဥစငသငိ ဆေးစွဲနေသူ အရေအတွက်က လည်း များသည်ထက်ပိုများလာသည်။ အထူးသဖြင့် အသက် ၅၀ အောက် အမေရိကန်များကြားတွင် ဆေးမသောက်ရလျှင် မနေနိုင်သည့်အဆင့်ကို ရောက်နေသူတွေ များလာသည်။

အမေရိက၏ ဆေးလွန်သုံးစွဲပြီး သေဆုံးမှု အများဆုံး ပြည်နယ်များတွင် မေရီလန်း၊ ဖလော်ရီဒါ၊ ပင်ဆယ်ဗေးနီးယားနှင့် မိန်းပြည်နယ်တို့၌ အများဆုံးဖြစ်သည်။ အိုဟိုင်းအိုးပြည်နယ်တွင် ဆေးဝါး ရောင်းချသည့် ကုမ္ပဏီကြီး ငါးခုကို Opioid ဆေးများဖြန့်ချိမှုများ မတန်တဆလုပ်နေသောကြောင့် တရားစွဲ အရေးယူရသည့်အဖြစ်ကိုပင် ရောက်ရှိလာရတော့သည်။ 

၂၀၁၆ ခုနှစ်က ဆမ်မစ်ကောင်တီတွင် မူးယစ်ဆေးလွန်ပြီး ၃၁၂ ဦး သေဆုံးခဲ့သည်။ အိုဟိုင်းအိုးတွင် ဘိန်းဖြူကြောင့် သေဆုံးသည့် အရေအတွက် နည်းသွားသည်ဆိုသော်လည်း မောင်ဂိုမာရီနှင့် ဒေတန်စီ ရင်စုများတွင် သေဆုံးသူ ရာချီပြီး ရှိနေသေးသည်။ 

အမေရိက၏ စိုးရိမ်စရာကောင်းသည့် အနေအထားမှာ လမ်းဘေးတွင် မူးယစ်ဆေးဝါးများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း ဖြစ်သည်။ ယခုအခါ ဘိန်းဖြူထက် အဆ ၅၀ဝ၀ ပိုပြင်းသည်ဆိုသော Elephant Tranquilizer ဆိုသည့် ဆေးများလည်း ပေါ်နေသည်။ နည်းနည်းလေးနှင့်ထိသည်ဆိုပြီး သုံးစွဲမှု မြင့်တက်လျက်ရှိသည်။

ဘဝတွင် စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေလည်း များသည်။ တိုးတက်မှုလည်း များသလို စိတ်ဖိစီးမှုတွေလည်းများသည့် ထိုနိုင်ငံတွင် ဆေးဝါး အကူအညီဖြင့် ရပ်တည်နေကြရသည့်သူတွေ များလာသည်။ အလွန်အကျွံ သုံးစွဲသူတွေကြောင့်လည်း မျိုးဆက်သစ်တို့ကြားတွင် စိုးရိမ်စရာ ဖြစ်နေရသည်။ အမေရိကသည် မူးယစ်ဆေးဝါး ပြဿနာကို အလွန် စိုးရိမ်စွာဖြင့် ရင်ဆိုင်နေရသည်။ သို့သော် အချိန်မတိုင်မီ ကြွေလင့်နေကြရသူပေါင်း များစွာကတော့ ရှိနေဆဲဖြစ်သည်။ အဲလစ်တို့လို ကလေးငယ်များဘဝပေါင်း များစွာသည် အနာဂတ်ကို မရေမရာဖြင့် ဖြတ်သန်းနေကြသည်။ 

(Ref; The New York Times, CNN)