POST TYPE

FEATURE

အင်တာနက်ခေတ်၏ ဆန့်ကျင်ရေးသမီးပျို
09-Jan-2018


သူ့အသက်က ၁၆ နှစ်သာ ရှိသေးသည်။ အာဟက်တာမီမီတစ်ယောက် အစ္စရေးတရားရုံးကို အခေါက်ခေါက် ရောက်နေရပြီ။ တရားရုံးမတက်မီ စပ်ကြားတွင်လည်း အစ္စရေးအကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတွေထဲတွင် နေခဲ့ရသည်။ သူ့ကိုထားသည့် အခန်းများတွင် အခြားအကျဉ်းသားတွေ မရှိ။ သူတစ်ယောက်တည်းကို ကင်မရာတွေ ပတ်လည်ဝိုင်းပြီး ၂၄ နာရီ စောင့်ကြည့်ခြင်း ခံနေရသည်။ 

အစ္စရေးအာဏာပိုင်တို့က တာမီမီကို အမှုပေါင်း ၁၂ ခုဖြင့် တရားစွဲထားသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တာမီမီသည် အစ္စရေးတို့ သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေအပိုင်တွင် အစ္စရေးစစ်သားနှစ်ဦးကို ပါးရိုက်မှု၊ ကန်ကျောက်မှုတို့ဖြင့် တရားရုံးတွင် လာရောက်ရင်ဆိုင်ရန် ဖမ်းဆီးထားခြင်းဖြစ်သည်။

၂၀၁၇ ဒီဇင်ဘာလ ၁၉ ရက်နေ့က သူ့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။ အနောက်ဘက်ကမ်းရှိ နာဘီဆာလာကျေးရွာရှိ သူ့အိမ်ကိုရောက်လာသည့် အစ္စရေးစစ်သားများကို တာမီမီက သူ့အိမ်ရှေ့အရောက်တွင် အိမ်ပြင်ထွက်ပြီး ပါးရိုက်ခဲ့သဖြင့် လေးရက်အကြာတွင် လာရောက်ဖမ်းဆီးသွားပြီး တရားရုံးထုတ်ကာ အမှုများစွာ၊ ပုဒ်မများစွာကို ရင်ဆိုင်နေရသည်။

တာမီမီ အဘယ်ကြောင့် ပေါက်ကွဲပြီး အစ္စရေးစစ်သားတွေကို ပါးထွက်ရိုက်ရလောက်အောင် ဖြစ်ခဲ့ရသနည်း။ သူ့မောင်လေး အာဟက် (၁၅ နှစ်) ၏ မျက်နှာကို အစ္စရေးစစ်သားတွေက ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် မျက်နှာတစ်ခြမ်းပျက်ပြီး သေလုမြောပါးဖြစ်သည်ကို မချိတင်ကဲ မခံစားနိုင်သောကြောင့်ဖြစ်သည်။ မောင်လေး အာဟက်တစ်ယောက် ရော်ဘာကျည်နှင့် အပစ်ခံရပြီး ၇၂ နာရီကြာ မေ့မြောသွားခဲ့သည်။ သတိပြန်ရလာသည့်အခါတွင် ဦးခေါင်းအတွင်းပိုင်း သွေးယိုမှုများကို ခံစားနေရပြီး ဆေးကုသနေရသည်။ 

အာဟက်၏ အစ်မဝမ်းကွဲ နားတာမီမီဆိုသူက သူနှင့် တာမီမီအပါအဝင် မိခင်ဖြစ်သူတို့ အစ္စရေးစစ်သားနှစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အကြောင်းကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်သောကြောင့် မိခင်ဖြစ်သူ နရီမန်နှင့်အတူ အဖမ်းခံထားရသည်။ 

တာမီမီကို ရုံးထုတ်သည့်နေ့က အစ္စရေးစစ်ခုံရုံးအနေနှင့် အမှုပေါင်း ၁၂ ခုကို ဖတ်ပြကာ စွဲချက်တင်လိုက်သည်။ ယင်းတို့အထဲတွင် အစ္စရေးစစ်သားများကို ဝတ္တရားနှောင့်ယှက်မှု၊ တာဝန်ထမ်းဆောင်နေသူများကို ခဲဖြင့်ပေါက်မှု စသည်တို့လည်း ပါဝင်သည်။ တာမီမီကိုယ်တိုင် စစ်သားတွေကို ပါးရိုက်လိုက်သည့် ဗီဒီယိုက အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီး သူလည်း သူရဲကောင်းတစ်ယောက် ဖြစ်သွားခဲ့ရတော့သည်။

အစ္စရေးစစ်သားများနှင့် ပါလက်စတိုင်းအရပ်သားတို့ကြားတွင် ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ အထူးသဖြင့် အစ္စရေးတို့ သိမ်းပိုက်ထားသည့် ပါလက်စတိုင်းရပ်ကွက်များကြားတွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာပင် အသက် ၁၂ နှစ်မှ ၁၇ ကြား ပါလက်စတိုင်းလူငယ် ၃၇၅ ဦးကို အစ္စရေးစစ်သားများအား နှောင့်ယှက်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ များသောအားဖြင့် ခဲနှင့်ပစ်ပေါက်မှုများ ဖြစ်သည်။

ပါလက်စတိုင်း လူငယ်အများစုသည် အစ္စရေးစစ်သားများကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သူတို့အထဲက တာမီမီလို သူရဲကောင်းတစ်ယောက်အနေနှင့် အင်တာနက်ထဲတွင် နာမည်ကျော်သွားသူတွေ နည်းသည်။ တာမီမီ၏မောင်လို ပြန်လည်ပစ်ခတ်ခြင်း ခံရသောကြောင့် ဒဏ်ရာရလျှင်ရ၊ မရလည်း အသက်ဆုံးရှုံးသွားကြသူတွေက များသည်။ တာမီမီကတော့ အစ္စရေးစစ်သားများကို ပါးရိုက်ပြီး ကန်ကျောက်သည့် ဗီဒီယိုကြောင့် အင်တာနက်ခေတ်တွင် သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ရသလို အမှုများကိုလည်း ရင်ဆိုင်နေရပြီဖြစ်သည်။

အွန်လိုင်းပေါ်တွင် လူကြည့်များသွားခဲ့သော ဗီဒီယိုထဲ၌ တာမီမီသည် အသက် ၂၀ အရွယ် အစ်မဝမ်းကွဲဖြစ်သူနှင့်အတူ သူတို့အိမ်ဝင်းထဲမှ အစ္စရေးစစ်သားနှစ်ဦးကို တွန်းထုတ်နေသည်။ ပါးစပ်ကလည်း “ထွက်သွား”ဟု အော်ဟစ်နေသည်။ စစ်သားနှစ်ဦးက လက်နက်ကိုင်ထားပြီး တစ်ဦးက တာမီမီကို လက်မောင်းက တွန်းထုတ်လိုက်သည်။ တွန်းထုတ်လိုက်သည့် စစ်သားကို တာမီမီက ခြေထောက်နှင့်ကန်ပြီး ပါးလိုက်ရိုက်သည်။

စစ်သားတွေက ရှောင်တိမ်းပြီး အကြမ်းဖက်တုံ့ပြန်မှုများ မတွေ့ရပေ။ မကြာမီ မိခင်ဖြစ်သူ နရီမန်ကပါ ထွက်လာပြီး စစ်သားတွေကို ထွက်သွားရန်အော်ပြောကာ သမီးတွေကိုလည်းထိန်း စစ်သားတွေကိုလည်း တွန်းထုတ်နေသည်။ အမျိုးသမီးသုံးဦးစလုံးကို အစ္စရေးအာဏာပိုင်တွေက ဖမ်းဆီးပြီး တရားစွဲဆိုသည်။ အစ်မ နားတာမီမီက အခင်းဖြစ်နေသည်ကို ဖုန်းဖြင့် တိုက်ရိုက် ရိုက်ကူးပြီး Facebook ပေါ်တွင် Live လွှင့်တင်သောကြောင့် တရားမဝင် ရုပ်သံထုတ်လွှင့်မှုဖြင့် ဖမ်းထားသည်။ 

Facebook ပေါ်ရောက်သွားသည့် ဗီဒီယိုထုတ်လွှင့်ချက်က ချက်ချင်းလူကြိုက်များပြီး တာမီမီကို သူရဲကောင်းတစ်ယောက်အဖြစ် ရေးသားဂုဏ်ပြုကြတော့သည်။ တာမီမီ၏ ဖခင်ဘာ့စ်ဆမ်ကလည်း ယခင်တိုက်ပွဲဝင် ဆန့်ကျင်ရေးသမားဟောင်းတစ်ယောက် ဖြစ်သည်။ ၂၀၁၂ ခုနှစ်က အစ္စရေးစစ်သားများကို ဆန့်ကျင်မှုဖြင့် အဖမ်းခံရသည်။ သူက သမီးဖြစ်သူ တာမီမီကို 

“ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်၊ လွတ်လပ်ရေး တိုက်ပွဲဝင်သူရဲကောင်း”ဟု ချီးကျူးဂုဏ်ပြု ခေါ်ဝေါ်ခဲ့သည်။ အစ္စရေးသတင်းစာ Haaretz ထဲတွင် ဘာ့စ်ဆမ်က -

“ကျွန်တော့်သမီးဟာ နှစ်ပေါင်းများစွာ အစ္စရေးတို့ရဲ့အကျဉ်းထောင်ဆိုတဲ့ အရိပ်မည်းကြီးအောက်မှာ နေထိုင်ခဲ့ရသူပါ။ ခုတော့ သူ့အချိန်ကျလို့ အဖမ်းခံလိုက်ရပြီပေါ့။ ကျွန်တော်တို့မှာ ဒီလိုအဖြစ်ဆိုးကြီးက တစ်နေ့ဖြစ်လာတော့မယ်ဆိုတာ သိသိကြီးနဲ့ စောင့်နေရသလိုပါပဲ”ဟု ဆွေးနွေးခန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တာမီမီအရေးသည် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများတွင်ပါ စိတ်ဝင်စားစရာအရေး ဖြစ်လာသည်။ တစ်နည်းပြောရလျှင် ဂျေရုစလင်ကို အစ္စရေးတို့၏ မြို့တော်အဖြစ် အသိအမှတ်ပြုသည့် သတင်းတွေ ထွက်လာပြီးမှ ပါလက်စတိုင်းတို့ကို လူစိတ်ဝင်စားစရာကိစ္စများ ဖြစ်လာရသည်။ အစ္စရေးများအတွက် တာမီမီ ဗီဒီယိုက သူတို့စစ်သားတွေအပေါ် ပါလက်စတိုင်းသားတို့ တုံ့ပြန်နေပုံအား အထောက်အထားအဖြစ်ပြနိုင်သည့် မှတ်တမ်းတစ်ခုဟု ဆိုနိုင်သော်လည်း ပါလက်စတိုင်းတို့အတွက်မှာမူ သူရဲကောင်းအာဇာနည်တစ်ဦး ပေါ်လာသကဲ့သို့ဖြစ်ခဲ့ရသည်။ 

တာမီမီသည် ချက်ချင်း ထင်ရှားလာသူ တစ်ယောက်တော့မဟုတ်။ အစ္စရေးစစ်သားတို့ကို ဆန့်ကျင်ပါးရိုက်ရဲသောကြောင့် ထင်ရှားလာသူအဖြစ် လတ်တလော ကောက်ချက်ချရန်မသင့်ပေ။ သူ့ကို ပထမဆုံး လူတွေ သတိပြုလာမိသည်က ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်သည်။ ထိုအချိန်က တာမီမီ၏ အသက်မှာ ၁၁ နှစ်သာ ရှိသေးသည်။ သူ့အစ်ကိုဖြစ်သူကို ဖမ်းနေသည့် အစ္စရေးစစ်သားကို လက်သီးနှင့် ဝင်ထိုးသောကြောင့် သူ့ကို လိုက်ဖမ်းနေပုံများဖြင့် နာမည်စကြီးလာရသည်။ သူ့ကို ထိုစဉ်ကတည်းက တူရကီဝန်ကြီးချုပ် အာဒိုဂျန်က သဘောကျပြီး တူရကီသို့ ဖိတ်ခေါ်ခဲ့သည်။ ထိုမှသည် ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် သူ့မောင်ကို ဖမ်းဆီးသည့် စစ်သားတွေကို ပါးရိုက်သည့် ဗီဒီယိုတွင် တစ်ကြိမ် တွေ့လိုက်ကြရပြန်သည်။ 

ယခုတတိယအကြိမ် အစ္စရေးစစ်သားတွေနှင့် ပဋိပက္ခဖြစ်ရသည်မှာ သူ့အတွက်တော့ အဆန်းမဟုတ်။ သူ့မောင်၏ မျက်နှာကို ရော်ဘာကျည်နှင့် ပစ်ခတ်သည့် ခံစားချက်တွေက သူ့ထံတွင် ပေါက်ကွဲလောက်စရာ ဖြစ်နေသည်။ 

တာမီမီသည် ငယ်စဉ်ကတည်းက အတိုက်အခိုက်နှင့် ဆန့်ကျင်ရေးလှုပ်ရှားမှုများကြားတွင် ကြီးပြင်းလာသူဟု ဆိုနိုင်သည်။ အဘယ်ကြောင့် တိုက်ပွဲဝင်ကြားတွင် ကြီးပြင်းလာရသနည်းဆိုသော် သူတို့နယ်မြေကို အစ္စရေးတို့က ကျူးကျော်သိမ်းပိုက်ထားသည်ဟု ခံစားနေကြရသောကြောင့် ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှသည် မျက်မှောက်ကာလအထိ ပါလက်စတိုင်းသားတို့သည် အစ္စရေးတို့ကို အဆက်မပြတ် ဆန့်ကျင်တိုက်ခိုက်လာကြသည်။ သူတို့ကို အစ္စရေးစစ်သားတွေကလည်း မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များ၊ အနံ့ဆိုးသည့်ရေများ၊ သေနတ်အစစ်ကျည်များဖြင့် တုံ့ပြန်နှိမ်နင်းခဲ့ကြသည်သာ ဖြစ်သည်။ 

၂၀၁၂ ခုနှစ်တွင် တာမီမီ၏ ဖခင်ဖြစ်သူ ဘာ့စ်ဆမ်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် သူ့ဦးလေးသည် မျက်ရည်ယိုဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသည်။ မျက်ရည်ယိုဗုံးကျည်က ခေါင်းကို တည့်တည့်ထိပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် သူ့မိခင်ကိုလည်း ပွိုင့်တူးတူး ကာလီဘာသေနတ်နှင့် ခြေထောက်ကို အပစ်ခံလိုက်ရပြီး မသန်စွမ်းသူဘဝ ရောက်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် သူ့မောင်ဝမ်းကွဲနှင့် အစ်ကိုဖြစ်သူတို့ကို အစ္စရေးတို့က ထောင်ချခဲ့ပြန်သည်။ 

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှ သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနေ့မှာပင် တာမီမီ၏ မောင်ဖြစ်သူမျက်နှာကို ရော်ဘာကျည်နှင့် အပစ်ခံလိုက်ရသည်။ ဆေးရုံကို မောင်ဖြစ်သူအား အမြန်ခေါ်သွားပြီး ကုသမှုများ အရေးပေါ်ပြုလုပ်ကြသည်။ နာရီပေါင်းများစွာ ကိုမာဝင်ပြီး မလှုပ်မရှားနိုင်သည့်ဘဝကို ရောက်သွားခဲ့ရသည်။

မောင်ဖြစ်သူမျက်နှာကို အပစ်ခံရပြီးနောက် အစ္စရေးစစ်သားများက တာမီမီတို့ အိမ်ကိုရောက်လာသည်။ အိမ်ထဲကို ဝင်ခွင့်တောင်းကြသည်။ တာမီမီက အဝင်မခံဘဲ တွန်းထုတ်ခြင်း၊ ပါးရိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ အစ်မဝမ်းကွဲက ဗီဒီယိုရိုက်ပြီး Live ထုတ်လွှင့်သည်။ 

တာမီမီသည် အစ္စရေးတို့၏ အာဏာကို ခြိမ်းခြောက်သူတစ်ယောက်အဖြစ် တည်ရှိနေပြီဖြစ်သည်။ တာမီမီဆိုသည့် စကားလုံးသည် မိသားစုတစ်စုလုံး တက်ကြွလှုပ်ရှားကြသည့် သူပုန်မိသားစုတစ်ခုလို ဖြစ်နေသည်။ ပါလက်စတိုင်းတို့အနေနှင့် ဂျူးတို့၏ ကျူးကျော်စော်ကားမှုများကို မကျေနပ်သည့် ပြယုဂ်တစ်ခုဖြင့် ထင်ရှားလာသည့် ပုံရိပ်များဖြစ်လာသည်။ 

ပါလက်စတိုင်းတို့၏ ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တာမီမီသည် ကလေးသူရဲကောင်း အာဇာနည်မယ်တစ်ဦး ဖြစ်လာသည်။ ဆိုရှယ်မီဒီယာများတွင်လည်း ခြင်္သေ့မလေးတစ်ဦး ဖြစ်လာသည်။ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘက်စ်ကိုယ်တိုင်က သူ့ကို ချီးကျူးဂုဏ်ပြုခြင်း ခံရသူတစ်ဦးဖြစ်သည်။ 

အစ္စရေးတို့ဘက်ကမူ တာမီမီကို နိုင်ငံရေးမိသားစု၏ ကြိုးဆွဲရာကနေရသည့် ရုပ်သေးရုပ်လေးဟု ပြစ်တင်ဝေဖန်ခြင်းခံနေရသည်။ သူ့ကို အကြမ်းဖက်ရန်အတွက် လက်သပ်မွေးထားသည့် သူတစ်ဦးအဖြစ် သတ်မှတ်ပြီး ပြင်းထန်သည့် အရေးယူအပြစ်ပေးရန် ကြံဆောင်နေကြသည်။ 

တာမီမီ အဖမ်းမခံရမီ ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၂၆ ရက်နေ့တွင် ဥရောပ ပါလီမန်၌ကျင်းပသော အမျိုးသမီးညီလာခံသို့ ပါလက်စတိုင်းကိုယ်စားပြု တက်ခွင့်ရခဲ့သည်။ The Guardian သတင်းစာက သူ့ကို အင်တာဗျူးရာတွင် -

“မင်းအနေနဲ့ မျက်ရည်ယိုဗုံးတွေကို ဘယ်လောက်များ ရင်ဆိုင်ခဲ့ရသလဲ”ဟု မေးသည်။ သူက -

“မရေတွက်နိုင်လောက်အောင်ပါပဲရှင်”ဟု ပြန်ဖြေခဲ့သည်။ တာမီမီက -

“ကျွန်မတို့အနေနဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးကိုပဲ အလိုရှိတယ်။ ကျွန်မတို့ဟာ လွတ်လပ်တဲ့ လူမျိုးတစ်မျိုးအနေနဲ့ပဲ နေထိုင်ချင်တယ်။ အစ္စရေးစစ်သားတွေက ကျွန်မတို့ကို ကျွန်မတို့မြေထဲ ကျွန်မတို့ ပြန်မဝင်နိုင်အောင် ပိတ်ဆို့တားဆီးနေသူတွေပဲ”ဟု ထောက်ပြသည်။ 

ပါလက်စတိုင်းသား လူငယ်များအား အစ္စရေးတို့က အလိုအလျောက် တိုက်ခိုက်ရေးသမားများဖြစ်စေရန် လေ့ကျင့်ပေးနေသလားဟု ဝေဖန်ရေးသားမှုများကလည်း စဉ်းစားစရာဖြစ်သည်။

(Ref: The Atlantic, The Guardian, The TruthDig, The Haaretz)