News

POST TYPE

FEATURE

အိန္ဒိယက အမေ့ခံ မုဆိုးမများဘဝ
04-Jan-2018 tagged as

ခင်ပွန်းဖြစ်သူ လွန်ခဲ့သည့် ၈ နှစ်ခန့်က ကွယ်လွန်ပြီးနောက် မန်ဂျူရိုင်းကို မိသားစုက ဆက်ဆံရေးတွေ ပြောင်းလာသည်။ မန်ဂျူရိုင်းက -

“ကျွန်မက မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီး လိုဖြစ်နေပြီလားလို့ တွေးမိတယ်။ ကျွန်မသမီးနဲ့ ချွေးမတို့က ကျွန်မကိုသိပ်ပြီးတော့ မနှစ်သက်တော့ဘူးဆိုတာ သိနေတယ်။ ကျွန်မအရွယ်နဲ့လည်း သူတို့ကို ဘယ်လိုတုံ့ပြန်နိုင်စွမ်း ရှိတော့မှာလဲ”ဟုဆိုသည်။

၂၀၁၅ ခုနှစ်ကတည်းက မန်ဂျူရိုင်းတစ်ယောက် ဘုံပျောက်ခဲ့သည်ဟုဆိုရမည်။ သူ့ယခင် မုဆိုးမများ ဘဝလိုပင် ဟိုဟိုသည်သည် လှည့်လည်သွားလာရင်း ဖြစ်သလို နေထိုင်ခဲ့ရသည်။ ဗရင်ဒါဗန်တွင် ကယ်ဆယ်ရေးစခန်း ရှိသည်ဆိုသဖြင့် သူသွားရန် ဆုံးဖြတ်လိုက်သည်။ သူနေထိုင်သည့် အနောက် ဘင်ဂေါလ်မှ မိုင်ပေါင်း ၈၉၀ ကွာဝေးသော မြို့အထိ သွားခဲ့ခြင်းဖြစ်သည်။ သူ့ဘဝတွင် ဤမျှခရီးရှည်ကြီးကို တစ်ကြိမ်မှ မသွားခဲ့ဖူးပေ။

“ကျွန်မကတော့ ခရစ်ရှ်နား အရှင်မြတ်က ကျွန်မဘဝကို လမ်းပြပေးမယ်လို့ မျှော်လင့်ထားတယ်။ ကျွန်မ ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို လွတ်မြောက်အောင် အရှင်ကပဲ တတ်နိုင်တယ်လေ”ဟု မန်ဂျူရိုင်းက ပြောလိုက်သည်။ 

အူတာ ပရာဒက်ရှ်ပြည်နယ်၊ ယမုန်နာမြစ် ကမ်းပါးတွင် ဗရင်ဒါဗန်ဆိုသည့် ကယ်ဆယ်ရေးစခန်းတစ်ခု ရှိသည်။ အိန္ဒိယနိုင်ငံ လူများစုဖြစ်သော ဟိန္ဒူလူမျိုးများအတွက် ထိုစခန်းကို ရည်စူးကာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ထိုနေရာသည် အရှင်မြတ်ခရစ်ရှ်နား၏ မွေးရာဇာတိ တစ်ခုအဖြစ်လည်း သတ်မှတ်ထားသောကြောင့် မြင့်မြတ်သည့် နယ်မြေဟု ဟိန္ဒူအများစုက ယုံကြည်ထားကြသည်။ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင် လူမျိုးစုက အများဆုံးဖြစ်ပြီး ဘုရားကျောင်း ၅၀ဝ၀ ကျော်ရှိသည်။ ဘာသာရေးဆိုင်ရာ ဂုရုကြီးများ၊ ဂိုဏ်းပေါင်း များစွာလည်း ဤဒေသတွင် ရှိနေသည်။ ဖုန်ထူထပ်လှသည့် ဤနယ်မြေသည် အိန္ဒိယရှိ ဟိန္ဒူဘာသာဝင် အများစု ဘုရားဖူး လာရောက်ကြရာ မြို့တစ်မြို့လည်းဖြစ်သည်။

ဗရင်ဒါဗန်ဂေဟာတွင် မုဆိုးမပေါင်း ၁၀ဝ၀ ကျော် လာရောက် ခိုလှုံနေကြသည်။ အများစုမှာ ခိုကိုးရာမဲ့၊ စားရမဲ့ သောက်ရမဲ့ဘဝများဖြစ်ကာ ရောက်လာကြခြင်းဖြစ်သည်။ လမ်းပေါ်တွင် တောင်းစားနေကြရသဖြင့် ကယ်ဆယ်ပြီး လာပို့ထားခြင်း ခံရသူတွေလည်း ရှိသည်။

Loomba ဖောင်ဒေးရှင်း၏ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံတွင် မုဆိုးမပေါင်း ၄၆ သန်းကျော်ရှိနေသည်ဟုဆိုသည်။ စာရင်းအရဆိုလျှင် အိန္ဒိယလူဦးရေ၏ ၉ ရာခိုင်နှုန်းကျော်ဖြစ်နေသည်။ ဗရင်ဒါဗန်ဆိုသည့် အဖွဲ့အစည်းကလည်း ကယ်ဆယ်ရေးစခန်းသာဆိုသည် အားလုံးက လျစ်လျူရှုခြင်း ခံထားရသည့်နေရာ တစ်နေရာ ဖြစ်နေသည်။ National Commission for Women အဖွဲ့က ဗရင်ဒါဗန်ဂေဟာကို လာရောက်ပြီး သုတေသနပြုခဲ့ရာတွင် ဤဂေဟာ ရောက်လာသူ မုဆိုးမ အများစုမှာ စာမတတ်ကြောင်း တွေ့ရသည်။ အစိုးရထံက ထောက်ပံ့ကြေးရသူတွေလည်း မရှိ။ စားစရာလေး တစ်လုတ်လောက်ကိုပင် ထောက်ပံ့ခြင်း မခံရသူများဖြစ်နေကြောင်း တွေ့ရသည်။

မန်ဂျူရိုင်းတစ်ယောက် မရောက် ရောက်အောင် လာခဲ့ရသည့်ခရီးက ကံကောင်းသည်ဟု ဆိုရမည်။ ဗရင်ဒါဗန်တွင် အခန်းတစ်ခန်းရသည်။ သူနှင့်အတူ အခြား မုဆိုးမသုံးဦး ပူးတွဲနေထိုင်ကြရသည်။ လစဉ် ထောက်ပံ့ကြေးအဖြစ် ရူပီး ၃၀ဝ (၄ ဒသမ ၅၀ ဒေါ်လာ) ခန့် အထောက်အပံ့ ရသည်။ ဆေးကုသစရိတ်အဖြစ် နယူးဒေလီ အခြေစိုက် Sulabh International အဖွဲ့၏ ထောက်ပံ့ကြေး ရူပီး ၂၀ဝ၀ (ဒေါ်လာ ၃၀) ခန့် ထပ်ရသေးသည်။ ယခင်ကထက်တော့ အခြေအနေ အများကြီး ကောင်းလာသည်ဟုဆိုရမည်။

ပရမ်ဒါရှီဆိုသူ မုဆိုးမကလည်း အသက် ၆၂ နှစ်ရှိပြီဖြစ်သည်။ ဗရင်ဒါဗန်တွင် ရောက်နေသည်မှာ နှစ်ပေါင်း ၂၀ လောက်ရှိနေပြီ။ ယခု မန်ဂျူရိုင်းနှင့် တစ်ခန်းတည်း အတူနေရသည်။ 

“ကျွန်မ ဟိန္ဒူဘာသာရေးပွဲတွေမှာ ဘာသာရေးသီချင်းတွေ လိုက်ဆိုပေးရင် လေးနာရီလောက်မှ သုံးရူပီ (လေးဆင့်) လောက်ရတယ်။ ကျွန်မဘဝအတွက် အလှူပေးတဲ့ နေရာတွေကိုလိုက်ရှာပြီး စားသောက်နေထိုင်ခဲ့ရတယ်။ အလှူရှင်ကလည်း အမြဲမရှိနိုင်တော့ တောင်းစားခဲ့ရတဲ့နေ့တွေလည်း ရှိတယ်။ နေရတာက ညစ်ပတ်မှောင်မည်းနေတဲ့အခန်း၊ အိမ်သာလည်း မရှိတဲ့နေရာမှာ။ နေမကောင်းလို့တောင် ဆရာဝန် မပြနိုင်တဲ့ ဘဝတွေမှာ နေခဲ့ရတာပါရှင်”ဟုပြောပြသည်။

အစိုးရကလည်း မုဆိုးမများ ခိုလှုံရန် ဂေဟာတစ်ခု ဖွင့်ထားပြီး မုဆိုးမ ၅၁၅ ဦးလောက်သာ လက်ခံနိုင်သည်။ အမှန်တကယ် ရှိနေသည့် မုဆိုးမ အရေအတွက်၏ အစိတ်အပိုင်းလေးတစ်ခုသာ လက်ခံပေးနေခြင်းဖြစ်သည်။ အချို့သော မုဆိုးမတွေက အစိုးရဖွင့်ထားသည့် ဂေဟာများတွင် မနေလိုကြပေ။ ပုဂ္ဂလိကနှင့် ဘာသာရေး အဖွဲ့အစည်းများက ဖွင့်လှစ်ထားသော ဂေဟာများတွင်သာ နေထိုင်လိုကြသည်။ သို့သော် မုဆိုးမ အများစုမှာ လမ်းပေါ်တွင်သာ နေထိုင်ကြဆဲ ဖြစ်သည်။ သူတို့ဘဝတွေက လှူသူမျှော် ဘဝနှင့် နေထိုင်ကြရသည်။

ဒေသဆိုင်ရာ အရာရှိ အိုပီဆင်းသည် အစိုးရဖွင့်လှစ်ထားသည့် မုဆိုးမ ဂေဟာများကို ကြီးကြပ်ကွပ်ကဲပေးနေရသူဖြစ်သည်။ သူက -

“ဗရင်ဒါဗန်ဂေဟာကို နှစ်တိုင်း မုဆိုးမတွေ အများကြီး ရောက်လာကြပါတယ်။ အစိုးရကလည်း ဒီမှာ အမြဲတမ်း နေထိုင်မယ့်သူတွေကို အထောက်အပံ့ပေးပါတယ်။ သူတို့ပင်စင် ထောက်ပံ့ကြေးအဖြစ် အနည်းငယ် ရကြတယ်။ အစိုးရဘက်က ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးပါတယ်”ဟုဆိုသည်။ အစိုးရဘက်ကလည်း မုဆိုးမ ၁၀ဝ၀ ခန့် နေထိုင်နိုင်သည့် အဆောင်သစ်တစ်ခုကို ဆောက်လုပ်နေသည်ဟုပြောသည်။

အိန္ဒိယနိုင်ငံတွင် အိမ်ထောင်ရှင် အမျိုးသမီးများဘဝသည် ခင်ပွန်းဖြစ်သူ မရှိတော့လျှင် တန်ဖိုးမဲ့သည့်ဘဝသို့ အလိုအလျောက် လျှောကျသွားရသည်။ အိန္ဒိယ မုဆိုးမများဘဝကို အဆင့်လျှောချခဲ့သည့်အတွက် အမျိုးသမီး အခွင့်အရေး တစ်ခုအနေနှင့်လည်း နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉ ရာစုလောက်ကတည်းက အမျိုးသမီးများအတွက် တိုက်ပွဲဝင်ခဲ့သည့် အဖြစ်အပျက်တစ်ခုမှာ ထင်ရှားသည်။ ၁၉၅၆ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်လျှင် ဇနီးမယားကိုပါ မီးသင်္ဂြိုဟ်သည့် အလေ့အထများကို ဥပဒေထုတ်ပြီး တားမြစ်ပိတ်ပင်နိုင်ခဲ့သည်။ သို့သော် ကျေးလက်အစွန်အဖျား ဒေသများတွင် ထိုအယူအဆတွေက ကျန်နေသေးသည်။ ခင်ပွန်း သေလျှင် အတူ မီးရှို့မခံရသော်လည်း မုဆိုးမများကို အိမ်က မောင်းထုတ် သည့် အလေ့အထများ ရှိနေဆဲဖြစ်သည်။ ယောက်ျား သေလျှင် ယောက်ျားဘက်က ဆွေမျိုးများက ပိုင်ဆိုင်မှု မှန်သမျှ သိမ်းပိုက်လိုက်ပြီး ဇနီးကို နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။ 

ဗရင်ဒါဗန်ဂေဟာ၏ မှောင်မည်းနေသည့် ခန်းမကြီးတစ်ခုထဲတွင် အသက် ၉၄ နှစ်အရွယ် ကာနာကာလတာက အနောက် ဘင်ဂေါမှ သူထွက်လာခဲ့ရခြင်း အကြောင်းကို ပြောပြရှာသည်။ 

“ကျွန်မခင်ပွန်းက ပန်းရန်လုပ်တယ်။ ကျွန်မတို့ မှာ ကလေးမရှိဘူး။ ကလေးတွေရှိရင် ဒီနေရာကို ရောက်လာချင်မှ ရောက်လာမှာပေါ့”ဟု မျက်ရည်တွေကျရင်း ပြောပြရှာသည်။

ကာနာကာလတာ ဤဂေဟာသို့ ရောက်နေသည်မှာ ၂၅ နှစ်ခန့် ရှိနေပြီဖြစ်သည်။ သူ့ဘဝကို ဘုရားသွား၊ ကျောင်းတက်၊ တရားသီချင်း ဆိုခြင်းများဖြင့်သာ အချိန်ကုန်ပြီး သေမည့်အချိန်ကို စောင့်စားနေရရှာသည်။

ဗရင်ဒါဗန်ဂေဟာကို သူမရောက်လာမီက ဘုရားကျောင်းများတွင် လှည့်လည်ပြီး တောင်းစားရသည်။ ဤဒေသတစ်ဝိုက်တွင် ဘုရားကျောင်းပေါင်း ၈၄ ကျောင်းရှိနေသဖြင့် ငတ်တော့မငတ်။

“နေ့တိုင်း ဘုရားကျောင်းတစ်ခု ပြောင်းရတယ်။ လူတွေက ကျွန်မ မျက်နှာကို မမှတ်မိအောင်လို့ပေါ့။ ဆင်းရဲပြီး ဒုက္ခရောက်ပေမယ့် အရင်ကဆိုရင် ဘယ်သူ့ဆီကမှ အကူအညီ မတောင်းဖူးဘူး။ ဒီကို ဘင်ဂေါက ရောက်လာတာ။ ဘယ်သူ့ဆီကမှလည်း အကူအညီ မတောင်းချင်တာနဲ့ ဒီကိုရောက်လာတာ”ဟု သူကဆိုသည်။

ကာနာကာလတာကဲ့သို့ပင် မြင့်မြတ်သည့် ဤမြို့တော်ရှိ ဗရင်ဒါဗန်ကို ရောက်လာကြသူ မုဆိုးမပေါင်း များစွာရှိသည်။ သူတို့အတွက် နောက်ဆုံးခိုနားရာအဖြစ် အားထားကာ လာရောက်ကြခြင်း ဖြစ်သည်။ သူတို့ဘဝတွေက ခင်ပွန်းသေလျှင် အားကိုးရာမဲ့ ကယ်ရာမဲ့ ဘဝတွေ ဖြစ်ကုန်ကြသည်။ ဤနေရာက ဘာပြောပြော သူတို့ဘဝတွေကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုထားသည့် နယ်မြေဖြစ်နေသေးသည်။ 

အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကတည်းက အထူး ကော်မီတီတစ်ရပ်ကို ဖွဲ့စည်းပေးထားပြီး ဗရင်ဒါဗန်ဂေဟာမှ အမျိုးသမီးများ ဘဝကို အထောက်အကူပေးရန် ဆုံးဖြတ်ထားသည်။ ခိုကိုးရာမဲ့သည့် မုဆိုးမများ၊ အမျိုးသမီးများကို ဤဂေဟာတွင် လာရောက်ခိုလှုံ နေထိုင်ပိုင်ခွင့်များ ထုတ်ပြန်ပေးထားသည်။ သူတို့ဘဝတွေ အဘယ်ကြောင့် လမ်းပေါ် ရောက်ရသနည်းနှင့် ဂေဟာသို့ အဘယ်ကြောင့် ရောက်လာရသနည်းဆိုသည့် အချက်များကိုလည်း စနစ်တကျ မှတ်တမ်းများ ပြုစုပြီး စာရင်း ကောက်ထားစေသည်။ ၂၀၁၅ ခုနှစ်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ကော်မီတီဖွဲ့ပေးပြီး ထိုတာဝန်များကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေနှင့် မိသားစု ရှိနေသော်လည်း ဂေဟာတွင် ခိုလှုံနေကြသည့် အမျိုးသမီးများကို မိသားစုနှင့် ပြန်လည် နေထိုင်ခွင့်ရရေးအတွက် ကြားဝင်စေ့စပ်ပေးမှုကိုလည်း လုပ်ဆောင်ပေးလျက် ရှိသည်။ အသက် ၁၀၃ နှစ်အရွယ်ရှိ လာလီတာ အဒီကာရီဆိုသည့် အမျိုးသမီးကြီးကို သူမ၏သားများနှင့် ၂၀၁၅ ခုနှစ်တွင် ပြန်လည် ဆုံစည်းနိုင်စေရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ သို့သော် အဘွားကို ၂၀၁၆ ခုနှစ်တွင် ညဥ့်နက်သန်းခေါင်အချိန်တွင် အိမ်ပြင်၌ တစ်ယောက်တည်း ထွက်ထိုင်နေသည်ကို တွေ့ကြရသည်။

အဖြူရောင်ဆာရီကို ဝတ်ဆင်ထားသည့်အဘွား လာလီတာက သူ အဘယ်ကြောင့် ဂေဟာကို ပြန်ရောက်လာကြောင်း ပြောပြသည်။ 

သူ ပြန်လည်နေထိုင်သည့် သားများ၏အိမ်တွင် မျောက်တွေနှင့် ခွေးတွေက သောင်းကျန်းသည်။ သူ့မျက်မှန်ကို ယူပြေးရုံမက အစားအသောက်ပါမချန် ဆွဲတတ်သည်။ အမှန်တော့ လာလီတာ ကိုယ်တိုင်က မိသားစုနှင့်အတူ ပြန်နေရခြင်းကို မနှစ်သက်တော့။ သူ့တွင် မှတ်ဉာဏ်တွေကလည်း ပျောက်ဆုံးနေသည်။ သားတွေကလည်း သူ့ကို စိတ်ရှည်ချင်မှ စိတ်ရှည်သည်။ ထို့ကြောင့် ဂေဟာကိုသာ ပြန်လာပြီး နောက်ဆုံး အချိန်အထိ သူအသားကျနေသော နေရာတွင်သာ ဘဝနေဝင်ချိန်ကိုစောင့်ရန် ဆုံးဖြတ်ထားလိုက်သည်။ 

ဗရင်ဒါဗန်ဂေဟာသည် နံနက် ၄ နာရီဆိုလျှင် စတင် လည်ပတ်နေပြီ။ သူတို့ ဘုရားကျောင်းသွားရန် ပြင်ဆင်နေကြပြီ။ ဘုရားကျောင်းသို့ လာရောက်ပြီး ဆုတောင်းကြသူတွေက ၁၀ နာရီလောက်ဆိုလျှင် ပြန်ကုန်သည်။ မုဆိုးမများကလည်း ထိုအချိန်တွင် ဂေဟာကိုပြန်လာပြီး နေ့လယ်စာ စားကြသည်။ တီဗီကြည့်ရင်း နားကြသည်။ ဆုတောင်းသူ အိပ်စက်နေသူတွေလည်းရှိသည်။

နောက်ပိုင်းတွင် အစိုးရက ထောက်ပံ့ပေးသလို ဂေဟာရှိ အမျိုးသမီးများကို အိမ်တွင်းမှုနှင့် လက်မှုပညာများပါ သင်ပေးကြသည်။ 

၂၀၁၅ ခုနှစ်တွင် မာနူးဆိုသည့် မုဆိုးမတစ်ဦးသည် နယူးဒေလီကို ပြန်လာပြီး ဆွေမျိုးများနှင့် တွေ့ဆုံခြင်းကို ပြုလုပ်သည်။ မောင်နှမများ တွေ့ဆုံသည့်ပွဲကို ပြန်လာခြင်းဖြစ်သည်။ ခိုလ်ကတ္တားလေဆိပ်တွင် ခမ်းနားစွာ ကြိုဆိုကြသည်။ နယူးဒေလီတွင် ပထမဆုံး ဆွေမျိုးများထံ ပြန်လာသည့်ပွဲ ဖြစ်သည်။ မာနူးက -

“ကျွန်မ ဗရင်ဒါဗန်ဂေဟာကို ရောက်သွားတုန်းကတော့ ခရစ်ရှ်နား အရှင်မြတ်ကို မိသားစုလို သဘောထားခဲ့ပါတယ်။ ခုတော့ ကျွန်မ အစ်ကိုနဲ့ ပြန်တွေ့ရပြီ။ ဒီနေရာဟာ မိသားစုလို နွေးထွေးချစ်ခင်စရာ ကောင်းတဲ့ နေရာတစ်နေရာဆိုတာ ခံစားမိပါတယ်။ တစ်နေ့တော့ အိမ်ပြန်ခရီးဟာ ဒီလို နွေးထွေးဖွယ်ရာ ဖြစ်လိမ့်မယ်လို့ စိတ်ကူးမိခဲ့ပါတယ်”ဟုဆိုသည်။ မာနူးတစ်ယောက် ဗရင်ဒါဗန်ဂေဟာသို့ ပြန်မရောက်ပါစေနှင့်ဟု ဆုတောင်းရမည်သာဖြစ်သည်။

ကျော်ဗလ
(Ref: The Hindu, The Diplomat, News Deeply)

  • TAGS