News

POST TYPE

FEATURE

ခေတ်သစ်သူတော်စင်
06-Sep-2016

ဗာတီကန်မြို့တော်တွင် ကက်သလစ် သီလရှင် ဆရာကြီး မာသာထရီဆာကို သူတော်စင်အဖြစ် ချီးမြှောက်သည့် အခမ်းအနားအား စက်တင်ဘာလ ၄ ရက်နေ့ (တနင်္ဂနွေနေ့) က ကျင်းပသွားခဲ့သည်။ ဘဝတစ်လျှောက်လုံး ဆင်းရဲသားများကို အားပေးကူညီခြင်းဖြင့် နေထိုင်ခဲ့သော မာသာထရီဆာအား ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က သူတော်စင် သီလရှင်အဖြစ် အသိအမှတ်ပြုခဲ့ပြီ ဖြစ်သည်။

ယင်းအခမ်းအနားသို့ ပုပ်ရဟန်မင်းကြီး အစီအစဉ်ဖြင့် အီတလီနိုင်ငံ ရောမမြို့တွင်းရှိ အိုးမဲ့အိမ်မဲ့ပေါင်း ၁၅၀၀ ကို ဘတ်စ်ကားများဖြင့် ခေါ်လာကြသည်။ သူတို့ကို နေရာထိုင်ခင်းများ အကျအနပေးပြီး မာသာထရီဆာအား ဂုဏ်ပြုချီးမြှောက်သည့်ပွဲကို တက်ရောက်ခိုင်းခြင်း ဖြစ်သည်။ ခိုကိုးရာမဲ့သောသူများ၊ သေအံ့မူးမူး ဖြစ်နေခဲ့သူများကို မာသာထရီဆာ အကူအညီ ပေးခဲ့မှုများနှင့် ယှဉ်သော် ဤလုပ်ဆောင်ချက်များသည် ဘာမျှမပြောပလောက်သည့် အခမ်းအနားလေးသာ ဖြစ်ခဲ့ရသည်။ 

ဗာတီကန်တွင်လည်း နေပယ်မြို့သား ပီဇာမုန့် ဆိုင်ပိုင်ရှင်တစ်ဦးနှင့် သူ့အလုပ်သမား ၂၀ တို့သည် အိုးမဲ့အိမ်မဲ့ အမျိုးသား၊ အမျိုးသမီးများကို သူတို့ ဆိုင်သို့ဖိတ်ပြီး တစ်နေ့တာ အလှူဒါနပြုခဲ့ကြသည်။ အိုးမဲ့အိမ်မဲ့များအား ကျွေးမွေးမှု အစီအစဉ်တွင် သီလရှင် ဆရာကြီးများ၊ ဘုန်းတော်ကြီးများနှင့် စစ္စတာ ၂၅၀ တို့က စားပွဲထိုးကာ မာသာထရီဆာကို ဂုဏ်ပြုကြသည်။ 

စိန့်ပီတာ ရင်ပြင်တွင်လည်း လူထုကြီးက ချီတက်လာပြီး ဆရာကြီး မာသာထရီဆာနှင့် မာသာထရီဆာအား သူတော်စင်အဖြစ် သတ်မှတ်ပေးသည့် ပုပ်ရဟန်းမင်းကြီးတို့၏ ပုံများကို ကိုင်ထားကာ ဆုတောင်းပူဇော်ပေးနေကြသည်။ ပူဇော်ထိုက်သူများကို ပူဇော်ခြင်း၊ ချီးကျူးဂုဏ်ပြုထိုက်သူများကို ချီးကျူးဂုဏ်ပြုခြင်းအတွက် သူတို့အားလုံး၏ စိတ်နှလုံးတွင် ကြည်နူးဝမ်းသာနေကြသည်။

လူထုကြီးကို ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာစကား ပြောကြားပေးပါသည်။ ရဟန်းမင်းကြီးက သီလရှင် ဆရာကြီး၏ လုပ်ဆောင်သွားမှုများနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကမ္ဘာ့ခေါင်းဆောင်များသည် လူသားတစ်ရပ်လုံးအား ဆင်းရဲမွဲတေအောင် လုပ်ဆောင်နေကြသည်မှာ ရှက်စရာကောင်းလှကြောင်း မိန့်ကြားခဲ့သည်။

“သူ (မာသာထရီဆာ) ဟာ လမ်းဘေးမှာ စွန်ပစ်ခြင်း ခံထားရတဲ့ သေလုဆဲဆဲ ဝေဒနာရှင်တွေရဲ့ဘေးမှာ ဒူးထောက်ပြီး ဘုရားသခင်နဲ့ တွေ့ဆုံစေကြောင်း ဆုတောင်းပေးတယ်။ သူဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ တိုင်းပြည်ခေါင်းဆောင်တွေကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် တိုင်းသူပြည်သားတွေ ဆင်းရဲမွဲတေနေကြရပါလား ဆိုတာကို သိမြင်လာအောင် ကြံဆောင်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်”

ပုပ်ရဟန်းမင်းကြီး၏ မေတ္တာစကားမှာ စူးရှလှသည်။ သူက စိန့်ပီတာဘာဆီလီကာ ဘုရားကျောင်း လှေကားပေါ်မှ မိန့်ခွန်းစကားကို ပြောနေခြင်းဖြစ်ပြီး အောက်တွင် လူအပေါင်းက မာသာထရီဆာ၏ ပုံများကို ဝှေ့ယမ်းပြီး ဂုဏ်ပြုဆုတောင်းနေကြသည်။ 

မာသာထရီဆာအကြောင်း ယခုမှ ကမ္ဘာ့သတင်း စာမျက်နှာများပေါ်သို့ ရောက်လာပြီး အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသော်လည်း သီလရှင်ဆရာကြီး မာသာထရီဆာ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါးပင် ရှိတော့မည်။ ဆရာကြီးသည် အသက် ၈၇ နှစ်အရွယ် ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ဆင်းရဲသားများနှင့် အပယ်ခံများ ဘဝတို့အတွက် သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံလုပ်ဆောင်ခဲ့သောကြောင့် လူသေသော်လည်း နာမည်မသေခဲ့သူ ဖြစ်သည်။

ခရစ်ယာန်တို့က ကလကတ္တားမှ သူတော်စင်တစ်ပါးဟု ဂုဏ်ပြုသတ်မှတ်ထားသော ထရီဆာကို ၁၉၁၀ ပြည့်နှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အယ်ဘေးနီးယန်းနှင့် အိန္ဒိယ ရိုမင်ကက်သလစ် သီလရှင်တစ်ပါးအဖြစ် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သူဖြစ်သည်။ 

ထရီဆာကို စကိုပက် (ယခု မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ) တွင် မွေးဖွားခဲ့သည်။ မက်ဆီဒိုးနီးယားတွင် အသက် ၁၈ နှစ် သမီးလောက်အထိ နေထိုင်ခဲ့သည်။ နောက်ပိုင်း အိုင်ယာလန်နိုင်ငံ၊ ထိုမှ အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ကာ ကွယ်လွန်ချိန်အထိ အိန္ဒိယနိုင်ငံတွင် နေထိုင်ရင်း သာသနာပြု လူမှုကူညီရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။

ခိုလ်ကတ္တားမြို့တွင် ဖြစ်သည်။ မာသာထရီဆာ ထူထောင်ထားခဲ့သည့် သာသနာပြု အသင်းချုပ်ကြီး နေရာဖြစ်သော အမေ့အသင်းတိုက်တွင် မာသာထရီဆာကို ဂုဏ်ပြုချီးမြှောက်ခြင်းအား ရောမနှင့်အပြိုင် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့သည်။ ရာပေါင်းများစွာသော ပြည်သူလူထုကြီးသည် ဖယောင်းတိုင်များ ကိုင်လာကြပြီး မာသာထရီဆာ၏ အုတ်ဂူတွင် စုဝေးကြသည်။ သူတို့ ပန်းများကို အုတ်ဂူဘေးတွင် ချထားလိုက်ကြသည်။ မာသာထရီဆာ ဂုဏ်ပြုပူဇော်ပွဲကို အိန္ဒိယနိုင်ငံမှ သီလရှင်များ ပါဝင်ကြပြီး မာသာထရီဆာ၏ ရုပ်ပုံကားချပ်ကြီးထောင်ကာ ဂုဏ်ပြုချီးကျူးစကားများ ပြောကြားကြသည်။ ထိုပွဲတွင် ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းမေတ္တာစကား ပြောကြားမှုများကို တိုက်ရိုက်ရုပ်သံဖြင့် လွှင့်ထုတ်ပြသပေးထားသည်။

၁၉၅၀ တွင် မာသာထရီဆာသည် Missionaries of Charity ဆိုသည့် အသင်းတော်ကို ထူထောင်ခဲ့သည်။ ရိုမန်ကက်သလစ် ဘာသာရေး လူမှုကူညီရေး အသင်းအဖွဲ့တစ်ခု အနေနှင့် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ထိုလူမှုကူညီရေး အသင်းကြီးသည် ၂၀၁၂ ခုနှစ်တွင် စစ္စတာပေါင်း ၄၅၀၀ ဖြင့် နိုင်ငံပေါင်း ၁၃၃ နိုင်ငံတွင် လှုပ်ရှားကူညီဆောင်ရွက်နေသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာသည်။ 

အသင်းကြီးက HIV/ AIDS ရောဂါ၊ အနာကြီး ရောဂါဝေဒနာ ခံစားနေရသူများနှင့် တီဘီဝေဒနာရှင်များ နားခိုနိုင်မည့် ဂေဟာများ ဖွင့်လှစ်ပေးထားပြီး လူနာများကို ပြုစုကုသစောင့်ရှောက် ပေးနေကြသည်။ သူတို့အဖွဲ့သည် စားရသောက်ရမဲ့ နေသူများထံ အစားအစာတွေ လိုက်ဝေပေးသည်။ ရွေ့လျားဆေးခန်းများနှင့် ဆင်းရဲသား ရပ်ကွက်များကို သွားရောက်ကုသပေးသည်။ ဆေးခန်းတွေ ဖွင့်လှစ်ပေးသည်။ ကလေးများနှင့် မိသားစုများကို ဆွေးနွေးနှစ်သိမ့်ပေးသည်။ မိဘမဲ့များအတွက် ကျောင်းများဖွင့်ပေးသည်။ မာသာထရီဆာ အခြေချခဲ့သော လူသားကူညီမှု အသင်းအဖွဲ့များသည် တစ်ကမ္ဘာလုံးတွင် ရပ်တည်နိုင်ခဲ့ပြီ။ ထိုအသင်းအဖွဲ့များတွင် ကူညီလုပ်ကိုင်ပေးနေသူများသည် စေတနာ့ ဝန်ထမ်းများသာ ဖြစ်ကြသည်။ သူတော်စင်ဟု သတ်မှတ်ခြင်း ခံရသည့် မာသာထရီဆာ၏ လမ်းစဉ်နှင့် အကျင့်ကောင်း ညွှန်ပြမှုများကို ကျင့်ကြံလုပ်ဆောင်ရင်းက ယနေ့တိုင် ရပ်တည်ကာ သူ့ကို ဂုဏ်ပြုချီးမြှောက်နေကြသည့် အသင်းအဖွဲ့များလည်း ဖြစ်သည်။

မာသာထရီဆာ၏ ဖခင်သည် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူ့အသက် ၈ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ မိခင်ကလည်း သာမန်တောသူတောင်သား တစ်ဦးသာ ဖြစ်သည်။ မိခင်က ဆင်းရဲသောကြောင့် အသက် ၁၂ နှစ် သမီးအရွယ်တွင် သာသနာ့ဘောင်ကို ဝင်ခဲ့ရသည်။ အသက် ၁၈ နှစ် အရွယ်တွင် အိုင်ယာလန်နိုင်ငံသို့ ထွက်ခဲ့ရပြီး အင်္ဂလိပ်စကား သင်ခဲ့သည်။ သာသနာပြုရန် စတင်ခဲ့သော ခြေလှမ်းများပင်ဖြစ်သည်။ သာသနာပြုလုပ်ငန်းတွင် စာသင်ကြားခြင်းကို လုပ်ကိုင်ရန်အတွက် အင်္ဂလိပ်စာကို သင်ကြားခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် စာသင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။ မိခင်နှင့် ညီမတစ်ဦးကို စွန့်ခွာခဲ့သည့် အချိန်ကစပြီး နောက်မည်သည့် အချိန်မှ ပြန်ပြီးမတွေ့တော့ပေ။

၁၉၂၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ရောက်လာသည်။ ဟိမဝန္တာတောင်အနီးရှိ ဒါဂျီလင်တွင် သာသနာပြု လုပ်ငန်းများ စတင်လုပ်ဆောင်ရင်း ဘင်္ဂါလီ ဘာသာစကားကိုလည်း လေ့လာခဲ့သည်။ ၁၉၃၁ ခုနှစ် မေလ ၂၄ ရက်နေ့တွင် သီလရှင်ဆရာ ဘဝကို ခံယူခဲ့သည်။ ထိုအချိန်ကစပြီး ထရီဆာဆိုသည့်ဘွဲ့ကို ရရှိခဲ့သည်။ စာသင်သည့် ဆရာမဘဝကို ရွေးချယ်ရင်း ကလကတ္တား အရှေ့ပိုင်းရှိ ကွန်ဗင့်ကျောင်းတွင် စာသင်ကြားခဲ့သည်။ 

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထရီဆာတစ်ယောက် ကလကတ္တားမှ ဒါဂျီလင်ရှိ လိုရီတို ကွန်ဗင့်ကျောင်းကို ရောက်ခဲ့သည်။ သူ့ဘဝ အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ ၁၉၄၈ ခုနှစ်က စတင်ပြီး စာသင်ကြားရခြင်းထက် ဆင်းရဲသားများကို ကူညီစောင့်ရှောက်ရခြင်းအပေါ် စိတ်ထက်သန်ခဲ့သည်။ ထရီဆာကို အိန္ဒိယနိုင်ငံကလည်း နိုင်ငံသားတစ်ယောက် အဖြစ် အသိအမှတ်ပြုပေးခဲ့သည်။ ဆင်းရဲသားတို့၏ ဘဝများကို ကူညီကယ်တင်နိုင်ရန်အတွက် ဆင်းရဲသား ရပ်ကွက်တစ်ခု အနီးတွင် ဖွင့်လှစ်ထားသော Holy Faily ဆေးရုံတွင် ဆေးပညာများကို စတင်လေ့လာသင်ယူခဲ့သည်။

၁၉၄၉ ခုနှစ်က စတင်ပြီး အိန္ဒိယနိုင်ငံ ဆင်းရဲသည့် လူ့ဘောင်များအတွင်း ဝင်ရောက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်တော့သည်။ သူ့လုပ်ရပ်များကို အိန္ဒိယနိုင်ငံမှ ခေါင်းဆောင်များနှင့် ဝန်ကြီးချုပ် အဆင့်အထိ အသိအမှတ် ပြုလာခဲ့ကြရသည်။

၁၉၅၀ ခုနှစ်တွင် ဗာတီကန်ကလည်း ထရီဆာ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုခဲ့ပြီး Missionaries of Charity ဆိုသည့် အသင်းကို ထူထောင်ခွင့် ပေးလိုက်သည်။ ထရီဆာက သူ၏ လူမှုကယ်တင်ရေး လုပ်ငန်းတွင် ငတ်နေသူများ၊ အဝတ်အစားမဲ့နေသူများ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများ၊ မသန်စွမ်းသူများ၊ မျက်မမြင်များ၊ အနာကြီးရောဂါသည်များ၊ လူတိုင်းက မလိုချင်သောကြောင့် စွန့်ပယ်ထားသူများ၊ ချစ်ခင်နှစ်သက်ခြင်း မခံရသူများ၊ လူ့ဘောင်အဖွဲ့အစည်းက ပစ်ပယ်ခြင်း ခံထားရသူများ၊ လူတိုင်းက အမျိုးဇာတ် ခွဲခြားမှုကြောင့် အထင်သေးခြင်း ခံနေရသူများ အားလုံးကို စောင့်ရှောက်ပေးအံ့ဟု ကြွေးကြော်လိုက်သည်။

ကလကတ္တားတွင် အဖွဲ့ဝင် ၁၃ ဦးဖြင့် စတင်ခဲ့သော မာသာထရီဆာ၏ လုပ်ငန်းလေးသည် ၁၉၉၇ ခုနှစ်တွင် စစ္စတာပေါင်း  ၄၀၀၀ ကျော် ရှိလာသည်။ မိဘမဲ့ကလေးများကို စောင့်ရှောက်ခြင်း၊ AIDS ရောဂါဝေဒနာသည်များကို ဆေးကုသပေးခြင်း၊ ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးခြင်းတို့ကို ကမ္ဘာတစ်ဝန်းလုံးတွင် တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ 

သူတော်စင်ဟူ၍ အသိအမှတ်ပြုခြင်း ခံရမှုမှာ ခရစ်ယာန် ဘာသာဝင်များအတွက် အလွန်ထူးခြားသည့် ဂုဏ်ပြုချီးမြှောက်ခြင်းတစ်ခု ဖြစ်ပါသည်။ လက်ရှိ ပုပ်ရဟန်းမင်းကြီး၏ သူတော်စင်အဖြစ် ချီးမြှောက်ခြင်း ခံရမှုသည် မာသာထရီဆာအတွက် အလွန်ထိုက်တန်သော ချီးမြှင့်မှုတစ်ခု ဖြစ်ပါသည်။ သူ့ကို ၁၉၇၉ ခုနှစ်ကလည်း အလွန်သြဇာကြီးသော ငြိမ်းချမ်းရေး နိုဗယ်ဆုကြီးအား ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း လူသိနည်းလှသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်သည် ၂၀၁၃ ခုနှစ် မတ်လတွင် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ကတည်းက သူတော်စင်အဖြစ် ထုတ်ပြန်ကြေညာခဲ့သူပေါင်း ၂၉ ဦး ရှိခဲ့သည်။ ယခင်ပုပ်ရဟန်းမင်းကြီး ဘနဲဒစ် လက်ထက်တွင် ၇ နှစ်တာကာလ တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ၄၅ ဦးကိုသာ သူတော်စင်အဖြစ် သတ်မှတ်ပေးခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်လက်ထက်ကမူ သူတော်စင်အဖြစ် ကြေညာခြင်းခံရသူ ၄၈၂ ဦးအထိ ရှိခဲ့ပါသည်။ 

မာသာထရီဆာသည် နိုဗယ်ဆုကို လက်ခံရရှိပြီးနောက် အိန္ဒိယနိုင်ငံတွင် ခေတ်စားလာသည့် ကိုယ်ဝန်ဖျက်ချမှုများနှင့် သန္ဓေတားခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ကန့်ကွက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ လူမှုရေးအဖွဲ့များသည် အိန္ဒိယနိုင်ငံအတွင် သန္ဓေတားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း လုပ်ငန်းများဖြင့် လူဦးရေ ပေါက်ကွဲမှုကို ထိန်းသိမ်းရန် အကြောင်းပြပြီး ရန်ပုံငွေ ထူထောင်ရှာနေကြချိန်တွင် မာသာထရီဆာက လက်မခံဘဲ ကန့်ကွက်တိုက်ပွဲဝင်ခဲ့သည်။

မာသာထရီဆာသည် အသက်ရှင်ပြီး ဒုက္ခရောက်နေသူများအတွက် သာမက လူ့လောကသို့ ရောက်မလာသေးသည့် အပြစ်မဲ့သူများ အတွက်ပါ တိုက်ပွဲဝင်သည့် အနေနှင့် ဘေဂျင်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့သည်။ သူက -

“ကျွန်မတို့ဟာ မိခင်တွေရဲ့ဘဝ လက်ဆောင်ကောင်းတွေ ဖြစ်တဲ့ သန္ဓေသားတွေကို ဖျက်ဆီးဖို့ မကောင်းတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ပဲ စဉ်းစားနေကြတယ်။ မိခင်လောင်းတွေအတွက် မေတ္တာတွေ ပေးဖို့ဆိုတာထက် ပိုပြီးအရေးကြီးတဲ့ နေရာပေးဖို့ အလုပ်အကိုင်တွေ ပေးဖို့တော့ ဘယ်သူမှ မစဉ်းစားကြဘူး” ဟု ပြောကြားလိုက်သည်။ အမျိုးသမီး များအတွက် သန္ဓေတားခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းတို့မှာ အဖြေလားဟု သူက မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်ပါသည်။

(Ref : BBC, The Wall Street Journal, The Guardian)

ကျော်ဗလ