News

POST TYPE

FEATURE

အိန္ဒိယနိုင်ငံမှ ကယ်ရာမဲ့ဘဝများ
28-Dec-2017 tagged as


အိန္ဒိယနိုင်ငံမြို့တော်၊ ဂါစတင် ဘာ့ရှင်းလမ်းမကြီး၏ ညနေခင်းအချိန်တွင်ဖြစ်သည်။ အမှန်တော့ ထိုလမ်းမကြီးသည် နေ့ခင်းအချိန်တွင် အိမ်ဆိုင်များဖြစ်ပြီး ကုန်မာများ ရောင်းသည့်အတန်းဖြစ်သည်။ သို့သော် ညဘက်တွင် ဈေးကွက်က ပြောင်းသွားသည်။ နယူးဒေလီ၏ အကြီးကျယ်ဆုံးသော မီးအိမ်နီရပ်ကွက် (ပြည့်တန်ဆာတန်း) ဖြစ်သွားတော့သည်။ 

ထိုလမ်းမကြီးအတွင်း အမျိုးသမီးပေါင်း ၃၅၀ဝ ကျော်သည် သူတို့၏ ကလေးများနှင့်အတူ၊ ပျက်စီး စုတ်ပြတ်နေသည့် အခန်း ၉၀ ခန့်ထဲတွင် နေထိုင်ကြသည်။ အိန္ဒိယနိုင်ငံ၏ ဝါရှင်တန်မောလ်ဟု တင်စားခေါ်ဝေါ်သည့် အဆောက်အအုံကြီးရှိရာ ရာ့ဂ်ျပတ်မာ့သ်မှ မီးအိမ်နီလမ်းကို ကားမောင်းလာလျှင် မိနစ်ပိုင်းအတွင်း ရောက်သည်။

ကမ္ဘာပေါ်တွင် တိုက်ကျော်ကာ လူကုန်ကူးခြင်း ခံနေကြရသည့် အမျိုးသမီး၊ အမျိုးသားပေါင်း များစွာ နေ့စဉ် နေ့တိုင်း ရှိနေကြပါသည်။ ယမန်နှစ် Global Slavery Index စာရင်းအရ အိန္ဒိယနိုင်ငံတွင် ခေတ်သစ် ကျွန်ဇာတ်သွင်းခြင်း ခံနေရသူ ၁၈ သန်းကျော်ရှိနေကြောင်း ဖော်ပြထားသည်။ အများစုမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်း ခံနေရသလို၊ စက်ရုံ၊ အလုပ်ရုံများတွင်လည်း ပိတ်လှောင်ခိုင်းစေခြင်းများကို ခံနေရကြောင်း ယင်းအညွှန်းတွင် ရေးသားထားသည်။ သို့သော် လိင်ကုန်ကူးခြင်းခံရသည့် အမျိုးသမီးပေါင်း မည်မျှရှိနေမည်ကို စာရင်းကောက်ယူရန် ခက်ခဲလှသည်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၃ သန်းမှ ၉ သန်းကြားမှာ ပြည့်တန်ဆာများအဖြစ် ရောင်းစားခြင်း ခံနေကြရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ခန့်မှန်းကြသည်။ 

၂၀၁၇ တစ်နှစ်တည်းတွင် အိန္ဒိယနိုင်ငံအတွင်းသို့ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ရောက်လာကြသည့် အမျိုးသမီးနှင့် ကလေးဦးရေမှာ ၂၀,ဝ၀ဝ ခန့်ရှိကြောင်း၊ ထိုအရေအတွက်မှာ ၂၀၁၆ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည့် ဒေတာများအရလည်း သိရသည်။ သို့သော် တရားမဝင် လူမှောင်ခိုနှင့် ဘဝပျက်နေကြရသူများမှာ ယင်းအရေအတွက်ထက် ပိုများမည်ဟုဆိုသည်။ ၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာပင် နေ့စဉ် ပျောက်ဆုံးသွားသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ပျမ်းမျှ ၄၀ဝ ခန့်ရှိနေကြောင်း ထုတ်ပြန်ထားသည်။ လိင်လုပ်ငန်းအတွက် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုကြီး တစ်ခုအဖြစ် ကြောက်စရာ ကောင်းလောက်အောင် ဖြစ်တည်နေခြင်းပင်။

ဂါစတင် ဘာ့ရှင်းလမ်းမကြီးသည် အိန္ဒိယနိုင်ငံ၏ လိင်ကျွန်လုပ်ငန်းကို အထင်ရှားဆုံး ဖော်ထုတ်ပြနိုင်သည့် နေရာတစ်နေရာ ဖြစ်နေသည်ကတော့ အမှန်ဖြစ်သည်။

ထိုလမ်းကြီးပေါ်ရှိ ကုန်မာဆိုင်တွေက ညဆိုလျှင် ပိတ်ထားကြသည်။ သို့သော် အမှောင်ရိပ်ကျနေသည့် လူသွားလမ်းပေါ်တွင် အမျိုးသားတွေက တန်းစီနေကြသည်။ သူတို့ ပြည့်တန်ဆာခန်းကို ဝင်ရောက်ရန် တာစူနေကြခြင်းဖြစ်သည်။ ပြည့်တန်ဆာခန်း အဝတွင် ဆွယ်သူတွေက စုတ်ပြတ်သည့် အဝတ်အစားတွေနှင့် ပါးစပ်က -

“ငယ်ငယ်လေးတွေ ရမယ်၊ လှတယ်၊ ဈေးချိုတယ်”ဟု တစာစာ အော်နေကြသည်။ ဘာ့ရှင်း လမ်းမကြီးမှ နောက်ထပ် ခရီးတစ်ဝက်ခန့်ဆင်းသွားလျှင် အကြီးဆုံး ပြည့်တန်ဆာခန်း “ကိုသာ ၆၄”ကို ရောက်သည်။ ကိုသာ ၆၄ အိမ်ကြီးအတွင်း၌ မီးရောင်ကမှိန်မှိန်၊ ရေမွှေးနံ့တွေက လှိုင်နေသည်။ ကြမ်းပြင်ပေါ်တွင် သုံးပြီးသား ကွန်ဒုံးတွေနှင့် စီးကရက်တိုတွေက ပြန့်ကြဲနေသည်။ ပထမဆုံးအခန်းထဲတွင် LED မီးရောင်မှိန်မှိန် ထွန်းထားပြီး၊ ထိုခန်းမကြီး ပတ်လည်တွင်တော့ ဒါဇင်ပေါင်း များစွာသော အခန်းငယ်လေးတွေကို ကန့်ပြီးဖွဲ့ပေးထားသည်။

အမျိုးသမီး ၂၀ ခန့် ခုံတန်းရှည်ကြီးတွင် ထိုင်နေသည်။ သူတို့ပတ်လည်တွင် အမျိုးသားတွေက စားတော့ ဝါးတော့မလို ကြည့်နေကြသည်။ သူတို့ တစ်ယောက်ကြေးမှာ ရူပီး ၃၀ဝ (၅ ဒေါ်လာ) ခန့်သာ ဖြစ်သည်။ သို့သော် အမျိုးသမီးတစ်ဦး အမှန်တကယ် ရသည့် ပမာဏမှာတစ်ဦးနှင့် ပျော်ပါးပြီးလျှင် တစ်ဒေါ် လာခန့်သာဖြစ်သည်။ သူတို့အများစုမှာ ပြည့်တန်ဆာ အိမ်တွင် အကြွေးနစ်ပြီး သေသည်အထိ ခန္ဓာကိုယ်ဖြင့် ပေးဆပ်နေကြရသူတွေက များသည်။ သူတို့အထဲမှာ ၉၀ ရာခိုင်နှုန်းခန့်သည် လူကုန်အကူးခံရပြီး ဤဘဝကို ရောက်လာကြရသူများ ဖြစ်သည်။

အိန္ဒိယတွင် မိန်းကလေးများ လိင်ကျေးကျွန်ဖြစ်ခဲ့ရသည့် ပျမ်းမျှ အသက်များမှာ ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ်တွေ ဖြစ်နေသည်။ မိန်းကလေးတွေကို လိင်ကုန်ကူးခိုင်းသည့်လုပ်ငန်းမှာ အကျိုးအမြတ် များစွာဖြစ်သည့် လုပ်ငန်းကြီး ဖြစ်နေသည့်အတွက် ဂိုဏ်းဖွဲ့ကာ လုပ်ဆောင်နေမှုများပင် ရှိနေသည်။ အမျိုးသမီးများဘဝကို ကယ်တင်ပေးနေသည့် Rescue Foundation မှ ပရောဂျက် ဒါရိုက်တာ ဒီပက်ရှ်တင့်က -

“သာမန် မိန်းကလေးတစ်ယောက်ကို ရူပီး ငါးထောင်၊ တစ်သောင်း (၇၅ ဒေါ်လာမှ ဒေါ်လာ ၁၅၀) လောက်နဲ့ နီပေါနိုင်ငံနဲ့ မြောက်ပိုင်းတွေမှာ ဝယ်လို့ရတယ်။ သူတို့ကို မြို့ကြီးတွေခေါ်လာပြီး ပြန်ရောင်းရင် ရူပီးနှစ်သိန်း (ဒေါ်လာ ၃၃၀ဝ) လောက် ရတယ်။ ငယ်လေ ပိုပြီးတော့ ဈေးကောင်းလေပဲ။ အပျိုစစ်စစ်ဆိုရင် ဈေးပိုရတယ်”ဟုဆိုသည်။ 

နေရာဒေသ အသီးသီးက ခေါ်လာသည့် မိန်းကလေးများသည် ပြည့်တန်ဆာခန်းကို ရောက်လာပါက ပြည့်တန်ဆာခေါင်းတွေက အခန်းတစ်ခုထဲထည့်ပြီး ပိတ်ထားတတ်သည်။ သူတို့ကို “ပုံစံပေးသည့်ကာလ”တစ်ခု သတ်မှတ်ထားသည်။ အခန်းထဲလှောင်ပိတ်၊ အစာအငတ်ထား၊ နှိပ်စက်ညှဉ်းပန်းမှုတွေလုပ်ပြီးနောက် ဇာတ်သွင်းသည်ဆိုကာ မုဒိမ်းကျင့်ကြသည်။ ပြည့်တန်ဆာခေါင်းနှင့် မာမာကြီးခေါ် မိန်းမထိန်းများက သူတို့ကို ဟော်မုန်းဆေးတွေ တိုက်သည်။ ဖွင့်ထွား စွင့်ကားလာစေရန်ဟုဆိုသည်။ သို့မှဈေးခေါ်ကောင်းမည် မဟုတ်ပါလား။

“ကိုသာ ၆၄”မှ ဆက်လျှောက်လာလျှင် လမ်းတစ်ဆစ်ချိုး၌ အဆောက်အအုံတစ်ခုရှိသည်။ ထိုအဆောက်အအုံထဲတွင် Ipartner India ဆိုသည့် အခန်းတစ်ခန်းရှိသည်။ လိင်ကုန်ကူးသည့်သူများ၊ အမျိုးသမီးများနှင့် ကလေးများကို ကယ်တင်ပေးနေသည့်နေရာဖြစ်သည်။ ထိုအဆောက်အအုံကြီးထဲတွင် ထွက်ပြေးလာသည့် ကလေးပေါင်းများစွာကို ဝှက်ပေးထားဖူးသည်။ သူတို့ဘဝကို ကယ်တင်ချင်သူများက ကယ်ဆယ်ရေး စခန်းများဆီသို့ တိုက်ရိုက်လာပြီး ငွေများကို လှူဒါန်းလေ့ရှိကြသည်။ 

Kat Katha ဆိုသည့် NGO အဖွဲ့အစည်းတစ်ခုကလည်း GB လမ်းမကြီးပေါ်တွင် ရုံးခန်းတစ်ခု ဖွင့်ထားပြီး အမျိုးသမီးများကို ဆေးစစ်ပေးခြင်း၊ ကလေးများကိုခေါ်ပြီး စာသင်ပေးခြင်းများကို ပြုလုပ်ပေးနေသည်။ သို့သော် အလှူငွေများနှင့်သာ ရပ်တည်နေရပြီး အစိုးရက အထောက်အပံ့မပေး မျက်ကွယ်ပြုထားသောကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဒုက္ခရောက်နေကြရသည်။ 

ပြည့်တန်ဆာခန်းမှ အမျိုးသမီးတစ်ယောက်ကို ကယ်တင်ရသည်မှာ မလွယ်ပါ။ ကယ်လျှင်လည်း ပြဿနာ၊ ကယ်ပြီးလျှင်လည်း သူတို့ဘဝ ပြန်လည် ထူထောင်ရေးကို လုပ်ပေးရသည်ကလည်း ပြဿနာတစ်ခုဖြစ်သည်။

“ကျွန်တော်တို့ မိန်းကလေးတွေ အများကြီး ကယ်တင်ပေးဖူးတယ်။ သူတို့ဘဝတွေက အမည်းစက်တွေ စွန်းထင်းသွားပြီ။ မိဘတွေဆီကို ပြန်ပို့ပေးဖို့ လုပ်တော့လည်း ဘယ်သူကမှ လက်မခံချင်ကြတော့ဘူး”ဟု ဒီပက်ရှ်က ဆိုသည်။

အိန္ဒိယနိုင်ငံတွင် လူကုန်ကူးခြင်း၊ ကျွန်အဖြစ် စေခိုင်းခြင်း၊ တောင်းစားခိုင်းခြင်း၊ ဇိမ်ခန်းများတွင် စီမံခိုင်းခြင်းစသည့် အလုပ်များက တရားမဝင်လည်း တရားဝင်သလို လုပ်ကိုင်နေခဲ့ကြသည်မှာ နှစ်ပေါင်း များစွာ ကြာနေခဲ့ပြီဖြစ်သည်။ နိုင်ငံရေးသမားများနှင့် ရဲများက သိသိကြီးနှင့် ပြဿနာကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိသောကြောင့် မသိချင်ယောင်ဆောင် နေကြရသည်က များသည်။

ဒေသဆိုင်ရာ NGO အဖွဲ့အစည်းများ၏ အဆိုအရ ရဲများနှင့် ပြည့်တန်ဆာခန်းများသည် ပေါင်းစားနေကြသူများဖြစ်သည်။ ရဲများကို ဝင်မဖမ်းရေးနှင့် ပြဿနာ မရှာရေးအတွက် လိုင်းကြေးများပေးပြီး ဗြောင်ကျကျ လုပ်စားနေကြသည်။ 

နိုင်ငံရေးသမားတွေကလည်း ဤကိစ္စများကို မသိဘဲမနေ။ GB လမ်းမကြီးက အိန္ဒိယပါလီမန် အဆောက်အအုံကြီးနှင့် သုံးကီလိုမီတာခန့်အကွာသာဝေးသည်။ ငွေကြေးသန်းပေါင်း များစွာ လည်ပတ်နေသည့် လုပ်ငန်းကြီး တစ်ခု ဖြစ်နေပြီး ဆင်းရဲတွင်းက အထိုက်အလျောက် လွတ်ကင်းနေသောကြောင့် နိုင်ငံရေးသမားတွေကလည်း ပျားအုံကို တုတ်နှင့် သွားမထိုးရဲလောက်အောင် ဖြစ်နေသည်။ ၂၀၁၆ ခုနှစ် မေလကမှ အိန္ဒိယနိုင်ငံ အမျိုးသမီးများနှင့် ကလေးများဝန်ကြီးဌာနက လူကုန်ကူးမှု တားဆီးရေး ဥပဒေကြမ်းကို တင်သွင်းနိုင်ခဲ့သည်။ 

ပြည့်တန်ဆာလုပ်ငန်းကို အိန္ဒိယနိုင်ငံတွင် တရားဝင် လုပ်ခွင့်ရှိသလို ဥပဒေအရ လုပ်ခွင့်မရှိဘဲ အပြစ်ပေးနိုင်သည့် ဥပဒေများကလည်း ရှိနေသည်။ လူတစ်ယောက်သည် ပြည့်တန်ဆာ တစ်ယောက်ကို မိမိအိမ်ကို ခေါ်ယူပျော်ပါးနိုင်သည်။ သို့သော် အများပြည်သူပိုင်နေရာ ကိုက် ၂၀ဝ အတွင်း လုပ်မစားရဟူ၍လည်း ပြဋ္ဌာန်းချက်များက ရှိနေပြန်သည်။ ထို့ပြင် ပြည့်တန်ဆာအလုပ်ကို လုပ်စားနေသူများကို အလုပ်သမား ဥပဒေအရ ခံစားပိုင်ခွင့်များနှင့် အကျုံးမဝင်ဟု ဖယ်ထုတ်ထားသည်။ သို့သော် သူတို့၏ ကျန်းမာရေးနှင့် ဘဝလုံခြုံရေးကို အကာအကွယ် ပေးရမည်ဟု ဆိုထားပြန်သည်။ 

လိင်လုပ်သား သို့မဟုတ် ပြည့်တန်ဆာဟု ပြောလိုက်လျှင် အမျိုးသမီးများကိုသာ ရွံရှာဖွယ် ပြေးမြင်မိပေလိမ့်မည်။ သူတို့မှာလည်း မိသားစုရှိပြီး မိသားစုကို ဤလုပ်ငန်းဖြင့် ရှာဖွေကျွေးမွေးနေရသူများ ဖြစ်သည်။ သို့သော် ပြည့်တန်ဆာအပေါ် ပျော်ပါးရုံလောက် သဘောထား ပိုက်ဆံပေးပြီး နှိပ်စက်ကြသူတွေလည်း ရှိသေးသည်။ 

ပြည့်တန်ဆာဘဝ ရောက်လာကြသူများတွင် အကြောင်း အမျိုးမျိုး ပြစရာတွေ ရှိကြသည်။ မင်္ဂလာပွဲ ဖျက်သိမ်းလိုက်ခြင်းကြောင့်၊ ယောက်ျားဖြစ်သူ ကိုယ်တိုင်က ပြည့်တန်ဆာခေါင်း ဖြစ်နေသောကြောင့်၊ စီးပွားရေး အခက်အခဲကြောင့်၊ ဆင်းရဲမွဲတေမှုကြောင့်၊ မိဘများ ကိုယ်တိုင် ခိုင်းစားသောကြောင့်စသည့် အကြောင်းပြချက်ပေါင်း များစွာနှင့် ဤဘဝကို ရောက်လာကြခြင်းဖြစ်သည်။ 

သာမန် အမျိုးသမီး တစ်ယောက်အဖို့ ပြည့်တန်ဆာ ဘဝကို မည်သူမျှ ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။ နိမ့်ကျသည့် လုပ်ငန်းအဖြစ် အိန္ဒိယ လူ့ဘောင်တွင် ခံယူထားရုံမက လူရာသွင်းခြင်း မခံရသည့်လုပ်ငန်း တစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော် ယောက်ျား တစ်ယောက် အစော်ကားခံရသည့် မိန်းကလေးတစ်ယောက်ကလည်း ရဲတစ်ယောက်ကို အကူအညီ မတောင်းဝံ့သည်မှာ ထုံးစံလိုဖြစ်နေသည်။ ရဲအရစ်ကို မခံနိုင်သည့်အပြင် ရဲကိုယ်တိုင် ခြိမ်းခြောက်ငွေညှစ်မှုကို ခံရနိုင်သောကြောင့် အချိန်မတိုင်မီ အပျိုရည်ပျက်နေကြရသူတွေလည်း အများအပြား ရှိနေသည်။ 

ထိုနည်းအတိုင်းပင် ပြည့်တန်ဆာဘဝက ပိုဆိုးသည်။ လာပျော်ပါးသူက ရိုက်နှက် အကြမ်းဖက်လျှင် ရဲကို လုံးဝ မတိုင်ဝံ့။ သူ့ဆိုင်ရာ ပိုင်ရာတွေက ဘာတွေမှန်းမသိသဖြင့် ငြိမ်ခံလိုက်ရသည်များ ရှိနေသောကြောင့် နိမ့်ကျသည့် အဖြစ်ဆိုးကို သာမန် မည်သည့် မိန်းကလေးမှ တိုးချင်မည် မထင်ပေ။

မွမ်ဘိုင်းနှင့် ကိုလ်ကတ္တားမြို့ကြီးများသည် အိန္ဒိယနိုင်ငံတွင် လိင်ကျွန်လုပ်ငန်းနှင့် ပြည့်တန်ဆာ လုပ်ငန်းကို အများဆုံး လုပ်ကိုင်နေကြသည့် နေရာဒေသများ ဖြစ်သည်။ မွမ်ဘိုင်းတစ်မြို့တည်းတွင် ပြည့်တန်ဆာ တစ်သိန်းကျော်ရှိကြောင်း အိန္ဒိယနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ သို့သော် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းခြင်းကြောင့် လွန်ခဲ့သည် ၁၀ နှစ်အတွင်း HIV ဖြစ်ပွားမှု ကျဆင်းခဲ့သည် ဆိုထားသဖြင့် အစိုးရကလည်း မျက်စိမှိတ်ထားရသည်ဆိုခြင်းမှာ ပိုပြီးထင်ရှားသည်။ 

အိန္ဒိယနိုင်ငံတွင် အာရေးဗီးယား၊ ဂျပန်၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာတို့မှ လာရောက်ပြီး ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်နေကြသူများလည်း ရှိသည်။ ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံမှ ပြည့်တန်ဆာ ၁၀ ဦးကို အနှိပ်ခန်းဖွင့်ပြီး လာလုပ်စားနေမှုဖြင့် ဖမ်းဆီးခဲ့ရဖူးသည်။ အာဖဂန်နှင့် ဥဇဘတ်မှ ပြည့်တန်ဆာ လုပ်စားမည့်သူများ အိန္ဒိယ ပြည့်တန်ဆာ ဈေးကွက်တွင် ရှိနေခြင်းက မည်မျှကြီးထွားသည့် လုပ်ငန်းကြီးတစ်ခုဖြစ်နေကြောင်း စဉ်းစားသုံးသပ်နိုင်သည်။

(Ref: Vice News; FWD Premium Lifestyle Magazine)

  • VIA
  • TAGS