News

POST TYPE

FEATURE

တရုတ်ပြည်က အချစ်ဆေးရုံ
23-Dec-2017


Special Feature by NLM

တရုတ်နိုင်ငံတွင် အိမ်ထောင်ရှင် ဇနီးမောင်နှံများအား ၎င်းတို့၏ သစ္စာမဲ့သူ အိမ်ထောင်ဖက်ကို တိတ်တိတ်ပုန်းချစ်သူနှင့် ခွဲပစ်ရန် ကူညီသည့်လုပ်ငန်းသစ်တစ်ခု ပေါ်ပေါက်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ယင်းလုပ်ငန်းကို အငယ်အနှောင်း မောင်းထုတ်ခြင်းဟုခေါ်ပြီး အလုပ်အပ်သူများက ၎င်းတို့မလိုလားသော ပြိုင်ဘက်အငယ်ကို ဖယ်ထုတ်ရန်အတွက် ဒေါ်လာသောင်းဂဏန်း ပေးချေကြရသည်။

အချိုးမကျသော အနက်ရောင်ဝတ်စုံနှင့် ပြူးပြူးပြဲပြဲနေကာ မျက်မှန်ကို ဆင်မြန်းထားသူ သက်လတ်ပိုင်း အမျိုးသမီးသည် မီးရောင် မှိန်မှိန်ထွန်းထားသော ရုံးခန်းတွင်းသို့ ဝင်ရောက်လာသည်။ သူမက အမည်ကို လျှို့ဝှက်ထားလိုသောကြောင့် မစစ္စဌဟု ခေါ်ဝေါ်ရသော်လည်း သူမက ရှန်ဟိုင်း၏ လူသိများသော အငယ်အနှောင်း မောင်းထုတ်သည့် လုပ်ငန်းဖြစ်သည့် ဝေကျင်း အချစ်ဆေးရုံတွင် အလုပ်အပ်နှံခဲ့သော အတွေ့အကြုံကို ပြန်ပြောပြရသည့်အတွက် ပျော်ရွှင်နေပုံရသည်။

သူမက ခင်ပွန်းဖြစ်သူနှင့် ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုပြင်းထန်သော ပြဿနာတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု လေသံတိုးတိုးဖြင့် ပြောပြသည်။ “ဒါဟာ အိမ်ထောင်ပြုတာပဲလို့ အရင်က ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ပိုပြီး အကောင်းမြင်လာတယ်။ ဒါက တကယ့်ဘဝပဲ” ဟု သူမကဆိုသည်။

ဆေးရုံတွင် ပထမဦးစွာ ဝတ္တရား ပိုမိုကျေပွန်သော ဇနီးတစ်ယောက်ဖြစ်လာရေးအတွက် အကြံပြုဆွေးနွေးပေးသည့် သင်ခန်းစာကို သီတင်းပတ်များစွာ သင်ယူရသည်ဟု သူမက ဆိုသည်။ သူမကဲ့သို့ အကူအညီလိုအပ်နေသူများကို အောင်မြင်သည့် အိမ်ထောင်တစ်ခု၏ လျှို့ဝှက်ချက်များနှင့် ခင်ပွန်း၏ အာရုံထွေပြားမှုများကို မည်သို့တားဆီးရမည်ကို ဝေကျင်းဆေးရုံ ပူးတွဲတည်ထောင်သူ မင်လီက အကြံပြုဆွေးနွေးသည်။ သို့ရာတွင် ဖြစ်ရပ်အများစုတွင် အချိန်လွန်နေပြီဖြစ်ပြီး ခင်ပွန်း၏အာရုံမှာ အပြင်သို့ ရောက်နေပြီဖြစ်သည်။

“သူ အပြင်မှာ ပွေနေတဲ့ကိစ္စကို ကျွန်မ သိသိချင်း ထိပ်တိုက်တွေ့ပစ်လိုက်တယ်။ ကျွမတို့ ခါးခါးသီးသီး ရန်ဖြစ်ကြတယ်။ ရှင့်နောက်ကို ဘာကြောင့်များ နှစ်ပေါင်းများစွာ လိုက်ခဲ့မိပါလိမ့်လို့လည်း မေးခဲ့တယ်။ ပထမတော့ သူ့မှာ အပြစ်ရှိတယ်လို့ ဝန်ခံတယ်။ ဒါပေမဲ့ ရန်ဖြစ်ပြီးတဲ့အချိန်မှာ သူကျွန်မကို စကားကောင်းကောင်း မပြောချင်တော့ဘူး။ အဲဒီမှာ ကျွန်မ အကူအညီရှာရတော့တာပဲ” ဟု မစ္စဌက ပြောသည်။

သူမက အငယ်အနှောင်းကို မောင်းထုတ်ရန်အတွက် ဝေကျင်းဆေးရုံတွင် ငွေအကုန်ခံဖို့ ရွေးချယ်လိုက်သည်။ ကျွမ်းကျင်သော ဖြေရှင်းသူများက ဤအမှုတွင် ၂၄ နှစ်အရွယ် ကိုယ်ရေးအတွင်းရေးမှူးမလေးအား သူမသည် သူမထက် အသက်နှစ်ဆကြီးသူအနားတွင် တွယ်ကပ်နေခြင်းထက် ပိုမိုလုပ်ပြနိုင်သူဖြစ်ကြောင်း ပြောဆိုစည်းရုံးကြရသည်။ ဒေါ်လာ ထောင်ပေါင်းများစွာ ကုန်ကျခဲ့သော်လည်း ဤနည်းသည် သစ္စာမဲ့သောခင်ပွန်းကို ကွာရှင်းခြင်းထက် ပိုကောင်းသည်ဟု မစ္စဌက ယုံကြည်သည်။

“ကျွန်မတို့ အတူတကွ အများကြီးဖြတ်သန်းခဲ့ကြတယ်။ ဒါတွေအားလုံးကို ကျွန်မ လက်မလျှော့ချင်ဘူး။ ကွဲဖို့ဆိုတဲ့အတွေးကို ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ ပြီးတော့ ကျွန်မက အသက် ၅၀ နား ကပ်လာပြီဆိုတော့ ကိုယ့်လိုမိန်းမတွေအတွက် ဈေးကွက်က မရှိတော့ဘူးလေ” ဟု သူမက ဆိုသည်။

ဝေကျင်းဆေးရုံကို ပူးတွဲတည်ထောင်သူ မင်လီနှင့် ရှုရင်းတို့က သူတို့၏ အချစ်ဆေးရုံကို ၁၇ နှစ်ကြာ စီမံခန့်ခွဲခဲ့ကြပြီး အလုပ်အပ်နှံသူ အရေအတွက် တစ်သိန်းကျော်ရှိသွားပြီဟု ပြောကြားသည်။ နှစ်လိုဖွယ်ရာ ပြင်ဆင်ထားကြသူ နှစ်ဦးစလုံးက သူတို့၏ အိမ်ထောင်ရေးလမ်းညွှန် လုပ်ငန်းနှင့် အငယ်မောင်းထုတ်သည့် လျှို့ဝှက်အလုပ်တို့၏ အလားအလာများကို ရှင်းပြရန် စိတ်အားထက်သန်မှု ရှိကြသည်။

“ကျွန်တော်တို့မှာ အငယ်မောင်းထုတ်ဖို့ နည်းလမ်း ၃၃ မျိုး ရှိတယ်။ အိမ်ထောင်ရေးမှာ ပြဿနာ အမျိုးအစား ပေါင်းစုံရှိတယ်။ တစ်ခုက ပွေတဲ့ကိစ္စရှိလာတာပဲ။ ဒီပြဿနာက တော်တော်ဆိုးတယ်။ မိသားစုအတွက်ရော၊ အသိုင်းအဝိုင်းအတွက်ပါ မကောင်းဘူး” ဟု ရှုရင်းက ပြောသည်။

သူတို့ရှင်းပြသော အဓိကနည်းဗျူဟာ လေးခုစလုံးသည် အနိုင်ယူရေးအတွက် မုသားအမျိုးမျိုး သုံးစွဲမှု ပါဝင်နေပုံရသည်။ ဥပမာ- အငယ်ဖြစ်သူအား အခြားတစ်ယောက်နှင့် ချစ်ကြိုးသွယ်ရန် သွေးဆောင်ခြင်း၊ ခင်ပွန်းဖြစ်သူအား အခြားမြို့သို့ နေရာပြောင်းပေးရန် အလုပ်ရှင်ကို တောင်းဆိုခြင်း၊ မိဘများနှင့် မိတ်ဆွေများကို ကြားဝင်စွက်ဖက်စေခြင်း၊ ခင်ပွန်းဖြစ်သူ၏ လူသိမခံဝံ့သောစရိုက်များနှင့် မျိုးရိုးလိုက်သော ရောဂါများကို ပြောပြကာ အငယ်က မုန်းသွားစေရန် ကြိုးစားခြင်း စသည့်နည်းလမ်းများဖြစ်သည်။

နောက်ထပ် နည်းလမ်း ၂၉ မျိုး ကျန်သေးသည်ဟု ထောက်ပြသောအခါ ရှုရင်းက “ဟုတ်တယ်။ ဒါပေမဲ့ ဒါတွေက စီးပွားရေးလျှို့ဝှက်ချက်လေ။ မီဒီယာကို ပြောပြလို့ မဖြစ်ဘူး” ဟု ဆိုပါသည်။

တရုတ်မီဒီယာများတွင် အဓမ္မဖိအားပေးမှု၊ တံစိုးလက်ဆောင်ယူမှု၊ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများအကြောင်း ပြည့်နှက်နေသော်လည်း အချစ်ဆေးရုံကမူ ဥပဒေမဲ့လုပ်ရပ်တစ်ခုမှ ပါဝင်ပတ်ခြင်းမရှိဟု အခိုင်အမာ ပြောကြားသည်။

နောက်ထပ် အငယ်မောင်းထုတ်သည့် လုပ်ငန်းပိုင်ရှင် ဒိုင်ပင်ဂျွန်ကမူ ပိုမိုပွင့်လင်းစွာ ပြောဆိုသည်။ ၎င်းက ပုဂ္ဂလိက စုံထောက်လုပ်ငန်း၏ လုပ်ငန်းခွဲတစ်ခုအဖြစ် ရှန်ဟိုင်းတွင် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ပွင့်လင်းသော စရိုက်ရှိသူ ဒိုင်ပင်ဂျွန်သည် ခင်ပွန်းဖြစ်သူ၏ တိတ်တိတ်ပုန်းချစ်သူ သို့မဟုတ် အငယ်ကို မောင်းထုတ်လိုသော အမျိုးသမီးများအား ကူညီရန် တရုတ်နိုင်ငံတစ်လွှား သွားရောက်ဆောင်ရွက်ပေးသူ လျှို့ဝှက်ဝန်ထမ်းအဖွဲ့ကို စီမံကွပ်ကဲလျက်ရှိသည်။

အငယ်အနှောင်းသည် ကင်ဆာနှင့်တူသောကြောင့် ပထမဆုံး လုပ်ရမည့်ကိစ္စမှာ ဖယ်ရှားခြင်းဖြစ်သည်ဟု ဝေဂျင်းဆေးရုံမှ မင်လီက ပြောကြားသည်။

“အငယ်မောင်းထုတ်တဲ့ အဆုံးစွန်နည်းလမ်းကတော့ သူတို့နဲ့ ခင်အောင်ပေါင်းတယ်။ အတွင်းကျကျ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ရအောင်ဆင်ပြီး ရိုက်ယူတယ်။ ပြီးရင် အလုပ်အပ်တဲ့ ဖောက်သည်တွေဆီ ပို့ပေးတယ်” ဟု ၎င်းက ဆိုသည်။

တစ်နည်းအားဖြင့် ထောင်ချောက်ဆင်ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူသည် ၎င်း၏ တိတ်တိတ်ပုန်းချစ်သူက ၎င်းအပေါ် သစ္စာမရှိကြောင်း တွေ့ရှိသွားပါက များသောအားဖြင့် စွန့်ခွာသွားကြပြီး မိသားစုထံ ပြန်၍ ဦးလှည့်သွားလေ့ရှိသည်။ 

တရုတ်နိုင်ငံတွင် လူချမ်းသာအများစုသည် အငယ်အနှောင်းထားခြင်းကို သဘာဝဟု ယူဆကြသောကြောင့် အဆိုပါလုပ်ငန်းသည် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ဟု ဒိုင်ပင်ဂျွန်က ဆိုသည်။ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းလက်ထက်တွင် တရုတ်လူမျိုးတို့ အရိုးစွဲနေသော သူဌေးမှန်လျှင် အငယ်အနှောင်း ရှိရမည်ဟူသော ဓလေ့ကို ကိုယ်ကျင့်တရား ပျက်ပြားမှုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေတွင် အမျိုးသမီးများ၏ တန်းတူညီမျှ အခွင့်အရေးများကို ထည့်သွင်းပြဋ္ဌာန်းပေးခဲ့သည်။ သို့ရာတွင် ၁၉၇၆ ခုနှစ်တွင် မော်စီတုန်းကွယ်လွန်ပြီးနောက် တရုတ်နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများက ဆောင်ကြဉ်းပေးသော ကြွယ်ဝမှုများက အကျင့်ပျက်ပါတီလူကြီးများအပါအဝင် လူချမ်းသာများကို မွေးထုတ်ပေးခဲ့ရာ ၎င်းတို့က ယခင်ဓလေ့များကို ပြန်လည်ကျင့်သုံးလာခြင်း ဖြစ်သည်။

နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော လေ့လာမှုအစီရင်ခံစာတစ်ခုအရ လက်ရှိသမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် ပြုလုပ်သော အဂတိလိုက်စားမှု နှိမ်နင်းရေးစီမံချက်တွင် အရေးယူပြစ်ဒဏ်ပေးခံရသော တာဝန်ရှိသူများ၏ ၉၅ ရာခိုင်နှုန်းတွင် အငယ်အနှောင်း တစ်ဦးထက်မက ရှိနေကြသည်ဟု သိရှိရသည်။ လွန်ခဲ့သောသုံးနှစ်က မိန်းမလိုက်စားသူများ မည်သည့်နေရာများတွင် အများဆုံးစုဝေးကြသည်ကို ညွှန်ပြသည့် လမ်းညွှန်မြေပုံကို ပြည်သူ့နေ့စဉ်သတင်းစာက ထုတ်ပြန်ခဲ့ဖူးသည်။

ဒိုင်ပင်ဂျွန်က အငယ်အနှောင်းများကို သိမ်းသွင်းရာတွင် ကျွမ်းကျင်သည့် ၎င်း၏ ဝန်ထမ်းတစ်ဦးကို မိတ်ဆက်ပေးသည်။ ဒိုင်ဟုခေါ်သော ထိုဝန်ထမ်းသည် တည်ကြည်သောပုံစံနှင့် လေးနက်သော အသံပိုင်ရှင်တစ်ဦးဖြစ်သည်။ ဒိုင်က သူ့အလုပ်သည် ဆေးကုသမှုပေးသည့် ဆရာဝန်ဟု တင်စားသည်။

“ကျွန်တော်က ဖြားယောင်းသူတစ်ယောက်လို လုပ်ဆောင်ရတယ်။ တစ်ဖွဲ့လုံးက ကျွမ်းကျင်မှု အကူအညီပေးဖို့ အဆင်သင့်ရှိနေရတယ်။ အမျိုးသမီးတစ်ယောက်ကို ကျေနပ်သွားစေမယ့် ရှုထောင့်အမျိုးမျိုးကို နားလည်ထားရတယ်။ သူဘာလိုချင်သလဲ ဆိုတာမျိုးပေါ့။ ဥပမာ- သူက ခမ်းနားတဲ့ ဘဝနေမှုပုံစံကို နှစ်သက်တယ်၊ တန်ဖိုးကြီးတဲ့ပစ္စည်းနဲ့ စားသောက်ဆိုင်တွေကို နှစ်သက်တယ်ဆိုရင် သူကျေနပ်အောင် ကျွန်တော်တို့ လုပ်ရတယ်။ ကျွန်တော့် အတွေ့အကြုံအရ အငယ်တွေအများစုက ငွေကြေးလက်ဆောင်ပေးရင် ကျေနပ်သွားကြတာကို တွေ့ရတယ်” ဟု ဒိုင်က ပြောကြားသည်။

ပြဿနာဖြစ်ချိန်တွင် ငွေပစ်ပေးခြင်းသည် ၉၀ ရာခိုင်နှုန်း အလုပ်ဖြစ်မည့်ပုံရှိပါက ဒိုင်သည် အမျိုးသမီးနှင့် အပေးအယူညှိနှိုင်းသည့် အနေအထားကိုရောက်အောင် စီမံခွင့်ရသွားစေသည်။ အလုပ်တာဝန်ပြီးဆုံးလျှင် လိုအပ်သည့် ဓာတ်ပုံများကိုယူဆောင်ကာ ပြန်လာရုံပင် ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းအတွက် အမျိုးသမီးများကို လိမ်ညာရသည့်အပေါ် မည်သို့ခံစားရသနည်းဟု ဒိုင်ကို စူးစမ်းကြည့်သောအခါ “ကျွန်တော်တို့က လိုအပ်တဲ့အလုပ်ကို လုပ်တာပါ။ တရားဝင် ဇနီးမောင်နှံတွေရဲ့ ရပိုင်ခွင့်ကို ကိုယ်စားပြုတာပါ။ ဒီလိုလုပ်ဖို့ ကျွန်တော်တို့ကို အလုပ်အပ်သူတွေက တောင်းဆိုတာပါ။ အငယ်တွေကတော့ စည်းမျဉ်းချိုးဖောက်သူတွေသာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ အငယ်အနှောင်း မောင်းထုတ်သည့်ကိစ္စများ မည်မျှကျယ်ပြန့်နေသည်ကို တိုင်းတာရန် ခက်ခဲသည်။ ဝေကျင်းဆေးရုံကမူ ၁၇ နှစ်အတွင်း အမှုပေါင်း ၁၀၀,၀၀၀ ကျော်သည်ဟု ပြောကြားသည်။ ကုမ္ပဏီသည် မကြာမီအတွင်း ရှန်ဟိုင်းစတော့အိပ်ချိန်း၌ စာရင်းဝင်နိုင်ရန် မျှော်လင့်နေသည်။ အဆိုပါဖြစ်စဉ်ကို တရုတ်နိုင်ငံ ကွာရှင်းပြတ်စဲမှု ဥပဒေဖြင့် အနည်းအကျဉ်းရှင်းပြနိုင်သည်ဟု စာရေးဆရာနှင့် လူမှုဆိုင်ရာလေ့လာသူ ဇန်လီဂျီက ယူဆသည်။ ၂၀၁၁ နောက်ပိုင်းတွင် ကွာရှင်းခွင့် လျှောက်ထားသည့် ယောကျာ်းသည် လက်ထပ်စဉ်ကပါလာသော ပိုင်ဆိုင်မှုများအဖြစ် တင်ပြနိုင်သောပမာဏကို ဇနီးအား ခွဲပေးစရာမလိုပေ။ ထို့အပြင် အထူးသဖြင့် ကျေးလက်ဒေသများတွင် ကလေးများ၏ အုပ်ထိန်းခွင့်ကို ဖခင်ဖြစ်သူ၏ မိသားစုထံ တရားရုံးများက ပေးလေ့ရှိသည်။

“ကွာရှင်းပြတ်စဲမှု ဥပဒေတွေက ယောကျာ်းတွေရယ်ပြီး မိန်းမတွေငိုအောင် ရေးဆွဲထားတယ်။ ဒါ့အပြင် ကွာရှင်းတာဟာ မိန်းမတွေအတွက် ရှက်စရာကောင်းတယ်လို့ နယ်တွေမှာ ယူဆနေကြတုန်းပဲ” ဟု ဇန်လီဂျီက ပြောကြားသည်။

မစ္စဌက သူမခင်ပွန်း၏ အငယ်အနှောင်းကို မောင်းထုတ်ခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်းဖြစ်ပြီး ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျမှုသည် တန်သည်ဟု ယုံကြည်နေသည်။ “ခင်ပွန်းကို ချစ်သေးသလား။ ထွက်သွားသော အငယ်နေရာတွင် နောက်တစ်ယောက် အစားဝင်လာနိုင်ခြေရှိသလား” ဟု သူမကို မေးမြန်းသောအခါ “ချစ်နေတုန်းပဲလို့ ဆိုရမှာပေါ့။ သူ့ကိုချစ်ရတဲ့အကြောင်းရင်းတွေက အများကြီးပဲလေ။ အိမ်ထောင်ရေးမှာ ဘာက ပြဿနာလဲဆိုတာကို ကျွန်မသိသွားပြီ။ အိမ်ထောင်တစ်ခုကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကိုလည်း သိသွားပြီ” ဟု ပြောကြားသည်။

ထိုသို့ အကောင်းမြင်မှုမျိုးကို စိန်ခေါ်ဖို့ ခက်ပါသည်။ ထိုအတွက် အကြောင်းပြချက်မရှိဟု ဝေကျင်းအချစ်ဆေးရုံက ပြောကြားသည်။ ပူးတွဲတည်ထောင်သူ မင်လီက သူမ၏ လမ်းညွှန်မှုများက ဖောက်သည်များကို ထိုးထွင်းသိမြင်သွားစေသည်ဟု အာမခံပြောဆိုသည်။

“အငယ်ဆိုတာ ကင်ဆာလိုပဲ။ ဒီတော့ ပထမဆုံးလုပ်ရမှာက ကင်ဆာကို ဖယ်ရှားရမှာပေါ့။ ဒါပြီးရင် လင်မယားအကြား ဆက်ဆံရေး ကောင်းလာလိမ့်မယ်။ ကားမောင်း သင်သလိုပဲပေါ့။ ယာဉ်မောင်းလိုင်စင်  ရဖို့က ခက်တယ်မဟုတ်လား။ ဒါပေမဲ့ ၁၈ နှစ်ပြည့်သူတိုင်း လက်ထပ်ခွင့် ရှိတယ်လေ။ လမ်းကြောင်းအတိုင်း ဘေးကင်းအောင် မောင်းနိုင်အောင် သင်ပြပေးရပါတယ်” ဟု သူမက ပြောကြားသည်။ 

Ref: BBC

  • VIA