News

POST TYPE

FEATURE

မြောက်ကိုရီးယားနဲ့ ဘယ်သူတွေ အဆက်အဆံလုပ်နေကြသေးသလဲ
21-Dec-2017


Special Feature by ZWN

မြောက်ကိုရီးယားကို တစ်ကမ္ဘာလုံးနှင့် လုံးဝအဆက်ပြတ်နေသည့် နိုင်ငံအဖြစ် မကြာခဏ ပုံဖော်ကြသော်လည်း တကယ်တမ်းတွင် နိုင်ငံပေါင်း ၅၀ နီးပါးနှင့် သံတမန်ဆက်ဆံရေး ဆက်ရှိနေသည်။ 

မြောက်ကိုရီးယား၏ အထီးကျန်ဖြစ်မှုမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသော်လည်း ယင်းနောက်ကွယ်တွင် ထူးခြားသော ပုံမှန်မဟုတ်သည့် အံ့အားသင့်ဖွယ် တိုးချဲ့နေသော သံတမန်ရေး ကွန်ရက်တစ်ခု ရှိနေသည်။

၁၉၄၈ တွင် မြောက်ကိုရီးယားနိုင်ငံ စတင်ထူထောင်ပြီး နောက်ပိုင်း နိုင်ငံပေါင်း ၁၆၀ ကျော်နှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သလို နိုင်ငံ ၄၈ နိုင်ငံတွင် သံရုံးနှင့်ကောင်စစ်ဝန်ရုံး ၅၅ ရုံး ဆက်လက် ဖွင့်လှစ်ထားနိုင်ခဲ့သည်။

နည်းပါသော်လည်း မဆိုစလောက် ဆိုသည်ထက်ပိုသော နိုင်ငံအရေအတွက်၊ စုစုပေါင်း ၂၅ နိုင်ငံသည် မြောက်ကိုရီးယားတွင် သံတမန်မစ်ရှင်များ ရှိနေပြီး ထိုအထဲတွင် ဗြိတိန်၊ ဂျာမနီ၊ ဆွီဒင်တို့ပါ ပါဝင်နေသည်။ Lowy Institute က ရေးဆွဲပေးထားသော မြေပုံတွင် ကြည့်နိုင်သည်။ ကြက်သွေးရောင်မှာ မြောက်ကိုရီးယားတွင် သံတမန်မစ်ရှင် ရှိသလို မိမိနိုင်ငံတွင်လည်း မြောက်ကိုရီးယား သံတမန်မစ်ရှင် လက်ခံပေးထားသည့် နိုင်ငံများဖြစ်သည်။ အစိမ်းရောင်မှာ မြောက်ကိုရီးယား မစ်ရှင်ကို လက်ခံပေးထားသော်လည်း မြောက်ကိုရီးယားသို့ သံတမန်မစ်ရှင် စေလွှတ်ထားခြင်း မရှိသည့်နိုင်ငံများ ဖြစ်သည်။ မစ်ရှင်ဟုဆိုရာတွင် သံရုံးနှင့် ကောင်စစ်ဝန်ရုံး နှစ်မျိုးစလုံးကို ဆိုလိုသည်။

ကွန်မြူနစ် အိမ်နီးချင်းများဖြစ်ခဲ့သော တရုတ်နှင့်ဆိုဗီယက် (ယခု ရုရှား) သည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) စတင် ထူထောင်စဉ်ကတည်းက အစောဆုံး သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နိုင်ငံများ ဖြစ်သည်။ (တောင်ကိုရီးယားမှာ ကိုရီးယားသမ္မတနိုင်ငံ (ROK) ဟု သုံးသည်။ နှစ်နိုင်ငံလုံး၏ တရားဝင်အမည်များတွင် တောင်၊ မြောက် ရည်ညွှန်းသော အသုံးအနှုန်း မပါရှိပေ)

ယခုအခါတွင် အမေရိကန်က တစ်ကမ္ဘာလုံးနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေး ဖြတ်တောက်ရန် ဖိအားပေးနေသည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက “နိုင်ငံအားလုံး ဆက်ဆံရေး ဖြတ်တောက်ရန်” တရားဝင် တောင်းဆိုထားသည်။

ဆက်ဆံရေး လျှော့ချ၊ ဖြတ်တောက်မှု လုပ်ဆောင်လာသော နိုင်ငံများထဲတွင် စပိန်၊ ကူဝိတ်၊ ပီရူး၊ မက္ကဆီကို၊ အီတလီ၊ မြန်မာတို့ပါဝင်ကာ ယင်းနိုင်ငံများသည် ပြီးခဲ့သည့် လပိုင်းအတွင်း သံအမတ် သို့မဟုတ် သံအရာရှိများ ဖယ်ရှားမှု ဆောင်ရွက်ခဲ့သည်။ ပေါ်တူဂီ၊ ယူဂန္ဓာ၊ စင်ကာပူ၊ ယူအေအီး၊ ဖိလစ်ပိုင်တို့အားလုံးမှာ ဆက်ဆံရေး အားလုံးရပ်ဆိုင်း သို့မဟုတ် အဆက်အသွယ် ဖြတ်တောက်ခဲ့ကြသည်။

သို့သော်လည်း ကမ္ဘာတစ်ဝန်းရှိ မြောက်ကိုရီးယား မစ်ရှင်များနှင့် မြောက်ကိုရီးယားက လက်ခံထားသော မစ်ရှင်များ ဆက်ရှိနေဆဲဖြစ်သည်။ အချို့နိုင်ငံများဆိုလျှင် ဆက်ဆံရေးပင် စတင်ထူထောင်စ အခြေအနေတွင်ရှိပြီး မြောက်ကိုရီးယားသည် အာဖရိကနိုင်ငံ အများအပြားနှင့် ဆောက်လုပ်ရေးစီမံကိန်းများ လက်တွဲလုပ်ဆောင်ခြင်း၊ စွမ်းအင်နှင့်စိုက်ပျိုးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခြင်းများ ရှိနေသည်။ 

သို့သော်လည်း မြောက်ကိုရီးယားနှင့် သံတမန်ရေး ချိတ်ဆက်မှုမှာမူ အားနည်းချက်များစွာ ရှိနေသည်။

ကမ္ဘာ့အဖွံ့ဖြိုးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံများဖြင့် ဖွဲ့စည်းထားသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ၏ အဖွဲ့ဝင် ၃၅ နိုင်ငံအနက် ၆ နိုင်ငံကသာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် သံတမန်မစ်ရှင် ဆက်လက်ထားရှိသည်။
 
အမေရိကန်သည် မြောက်ကိုရီးယားနှင့် တစ်ခါမျှ သံတမန်ဆက်ဆံရေး မထူထောင်ခဲ့ဖူးသလို ဂျပန်၊ တောင်ကိုရီးယားနှင့် ပြင်သစ်တို့သည်လည်း အလားတူပင်ဖြစ်သည်။

သို့ဖြစ်ရာ အမေရိကန်နှင့် ၎င်း၏ အရင်းနှီးဆုံး အာရှမဟာမိတ်များသည် ပြုံယမ်းမှ ရှားရှားပါးပါး သတင်းရရန် အခြားနိုင်ငံများအပေါ် မှီခိုထားရသည်။

ယင်းအတွက် ပြုံယမ်းတွင် ပူးတွဲသံရုံးဝင်းရှိသော ဂျာမနီ၊ ဗြိတိန်၊ ဆွီဒင်တို့ကို အားကိုးနေရပြီး ယင်းနိုင်ငံများသည် လက်ရှိအချိန်အထိ ၎င်းတို့၏ သံအမတ်များ ဆက်လက်ထားရှိဆဲ ဖြစ်သလို ၎င်းတို့ မြို့တော်များတွင်လည်း မြောက်ကိုရီးယား သံမစ်ရှင်များ ဆက်လက်ဖွင့်ခွင့် ပေးထားသည်။

မြောက်ကိုရီးယား၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ သံတမန် မစ်ရှင်များမှာ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ တိုင်းပြည်၏ ဝင်ငွေရရှိရေးအတွက် အရေးပါနေပြီး ပိုမိုချဲ့ထွင် ပိတ်ဆို့လာနေသော ကုလသမဂ္ဂနှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများ၏ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများမှ ရှောင်လွှဲနိုင်ရန်လည်း အဓိကကျနေသည်။

မြောက်ကိုရီးယား သံရုံးများသည် ကိုယ့်ရန်ပုံငွေဖြင့် ကိုယ်လည်ပတ်ရခြင်းဖြစ်ပြီး တရားမဝင် လှုပ်ရှားမှုများအတွက် အကာအကွယ် ယူထားခြင်းသာ ဖြစ်သည်ဟုလည်း စွပ်စွဲမှုများ ရှိနေသည်။

ဥရောပမှ မြောက်ကိုရီးယားသံရုံး ဖွင့်ခွင့်ပေးထားသည့် နိုင်ငံများက အဆိုပါ သံရုံးအဆောက်အအုံများကို ပြည်တွင်း စီးပွားရေးလုပ်ငန်းများထံ တရားမဝင် ငှားရမ်းစားမှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

အစဉ်အလာအားဖြင့် မြောက်ကိုရီးယားအပေါ် စာနာပေးလေ့ရှိသော ပါကစ္စတန်တွင်ပင် မြောက်ကိုရီးယား သံတမန်နေအိမ် ဖောက်ထွင်းခံရပြီးနောက် အဆိုပါ သံတမန်ကိုယ်တိုင် တရားမဝင် အရက်ပုန်း ရောင်းချမှုကြီးတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိလာခဲ့သည်။

နှစ်ဖက်စလုံးတွင် ထောက်လှမ်းရေး အေဂျင်စီများ၏ သံအရာရှိများပေါ် သံသယဖြင့် ဆက်ဆံလေ့ရှိကြသည်။ သံအရာရှိများကို အနီးကပ်စောင့်ကြည့်ကြပြီး ခရီးသွားလာခွင့် ကန့်သတ်ခြင်းမျိုး လုပ်ထားလေ့ရှိသည်။ မြောက်ကိုရီးယားသည် သူ့သံတမန်များကိုပင် တန်ပြန်ထောက်လှမ်း စိစစ်မှုလုပ်လေ့ရှိပြီး အဓိကအားဖြင့် ဘက်ပြောင်းခိုလှုံသွားမည့် အခြေအနေမှ ကာကွယ်ရန်ဖြစ်သည်။

ယင်းသို့သော ပြဿနာမျိုးစုံကြားတွင် သံတမန်ရေးကို ဘယ်ပုံဘယ်နည်းဖြင့် အောင်မြင်အောင် လုပ်ဆောင်နေကြသနည်း ဆိုသည်မှာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်သည်။ ကျူးဘား၊ ဗင်နီဇွဲလား၊ လာအိုတို့ ကဲ့သို့သော ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်နိုင်ငံများအတွက်မူ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးမှာ နှစ်ဖက် အိုင်ဒီယိုလော်ဂျီရေးရာ ထောက်ပံ့မှု အသွင်ဆောင်သည်။ 

သို့သော်လည်း မျက်မှောက်ခေတ်တွင် ယင်းသံတမန် ဆက်ဆံရေးများမှာ အိုင်ဒီယိုလော်ဂျီထက် အမေရိကန်ဆန့်ကျင်ရေး ဘုံရပ်တည်ချက် အပေါ်တွင် အဓိကမှီခိုပြီး ဆီးရီးယားနှင့် အီရန်အရေးများတွင် သိသာသော ကိစ္စဖြစ်သည်။

မည်သည့်နိုင်ငံတွင် တာဝန်ကျသည်ဖြစ်စေ မြောက်ကိုရီးယား သံတမန်များမှာ အစိုးရထောက်ခံမှု မွေးမြူရန်နှင့် ရန်လိုကန့်ကွက်မှုများကို တုံ့ပြန်ရန် အဓိက တာဝန်ယူကြရသည်။ 

ယင်းမှာ တစ်ခါတစ်ရံတွင် မမျှော်လင့်သော အတိုင်းအတာအထိ  ကျယ်ပြန့်သွားတတ်လေ့ရှိသည်။ ဥပမာအားဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ ဆံပင်ပုံစံကို ဝေဖန်သော လန်ဒန်မှ ဆံသဆရာများကို တုံ့ပြန်ဝေဖန်ခြင်းမျိုး ဖြစ်သည်။

ဂျာမနီကဲ့သို့သော မြောက်ကိုရီးယား သံတမန်ကို လက်ခံပေးထားပြီး ပြုံယမ်းတွင် သံရုံးဆက်ဖွင့်ထားသည့် အနောက်နိုင်ငံများမှာမူ သံတမန်လမ်းကြောင်း ဆက်ဖွင့်ထားနိုင်ခြင်းကို တန်ဖိုးထားကြပြီး သံတမန်ရေးသည် မြောက်ကိုရီးယား ပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းနည်းဟု ယုံကြည်ထားကြသည်။

ယင်း သံတမန်များမှာ တန်ဖိုးမဖြတ်နိုင်သော ဝန်ဆောင်မှုမျိုးကိုပါ ပေးအပ်နိုင်ပြီး ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်က ပြုံယမ်းတွင် အဖမ်းခံရသော အမေရိကန်ကျောင်းသား အော့တိုဝမ်ဘီယာကို သွားရောက်ကြည့်ရှုခွင့် ရခြင်းကဲ့သို့သော ကိစ္စမျိုးဖြစ်သည်။ ဝမ်ဘီယာကို အမေရိကန်သို့ ပြန်ပို့ပေးခဲ့သော်လည်း ပြန်ရောက်ပြီး မကြာမီ ကွယ်လွန်သွားခဲ့သည်။

မတည်ငြိမ်သော အခြေအနေတစ်ရပ်တွင် သံရုံးတစ်ရုံး ရှိနေခြင်းသည် အကုန်အကျနည်းနည်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နားမျက်စိအဖြစ် ရပ်တည်ချက် ကောင်းကောင်းဖြင့် ဆောင်ရွက်ပေးနိုင်စေသည်ဟု ပြုံယမ်းတွင် တာဝန်ကျခဲ့ဖူးသော ဗြိတိန် သံအမတ်ဟောင်း တစ်ဦးက ဆိုသည်။                         

Ref : BBC

  • VIA