News

POST TYPE

FEATURE

ဇင်ဘာဘွေကို ဘယ်သူဖျက်ဆီးခဲ့သလဲ
09-Dec-2017


၂ဝ၁၆ ခုနှစ်က ဇင်ဘာဘွေနိုင်ငံ၏ မြို့တော် ဟာရာရီရှိ ဘဏ်များရှေ့တွင် လူတွေတန်းစီနေကြသည်။ သူတို့က သူတို့ငွေများကို ပြန်ထုတ်နိုင်ရေးအတွက် စိုးရိမ်စိတ်များနှင့် တန်းစီနေကြခြင်းဖြစ်သည်။ သူတို့က ထိုစဉ်ကတည်းက ရောဘတ်မူဂါဘီဟုခေါ်သည့် သူတို့နိုင်ငံခေါင်းဆောင် အာဏာရှင်အပေါ်တွင် ယုံကြည်စိတ် ကင်းမဲ့နေကြသည်။ မူဂါဘီက စီးပွားရေးစီမံချက်တွေကို ရွှမ်းရွှမ်းဝေအောင် ပြောသည်။ နိုဝင်ဘာလတွင် ဗဟိုဘဏ်က ငွေစက္ကူ အသစ်တွေကို ရိုက်ထုတ်လိုက်ပြန်သည်။ ငွေစက္ကူ ဆိုခြင်းထက် ချေးငွေစာချုပ် သဘောမျိုးဖြစ်နေသည့် ငွေစက္ကူများကို ပြည်သူတို့ သုံးစွဲကြရမည်ဖြစ်သည်။ 

မူဂါဘီအကြောင်းပြချက်ကတော့ သူတို့ ယခုထုတ်လိုက်သည့် ငွေစက္ကူသည် အမေရိကန်ဒေါ်လာနှင့် ညီမျှသည်ဟု ဆိုထားသည်။ ၂၀ဝ၉ ခုနှစ်ကတည်းက ဇင်ဘာဘွေတွင် ငွေကြေးဖောင်းပွမှုတွေက မတန်တဆ ဖြစ်နေသည်။ ပြည်သူတွေက အရူးလုပ်၍မရတော့။ မူဂါဘီဖန်တီးသမျှ စီးပွားရေးကပ်ဆိုးတွင် ပြည်သူတွေ အမျိုးမျိုး လှိမ့်ခံနေခဲ့ကြရသည်။ 

ဇင်ဘာဘွေနိုင်ငံသည် သဘာဝသယံဇာတ ပစ္စည်းများ အလျှံပယ်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် လူသားရင်းမြစ် ပေါများမှုတွင် ထင်ရှားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၃၇ နှစ်ကတည်းက ထိုနိုင်ငံ၏ သဘာဝသယံဇာတ ရင်းမြစ်မှန်သမျှကို မူဂါဘီက ထင်တိုင်းခြယ်လှယ်ပြီး လုပ်ချင်သလို လုပ်သွားခဲ့သည်။ 

ဇင်ဘာဘွေနိုင်ငံတွင် စုတ်ပြတ်ငတ်မွတ်ပြီး ကျန်ခဲ့ရုံမက နိုင်ငံလူဦးရေ၏ ၇၂ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေနေကြရသည့် အဖြစ်ဆိုးကို ရင်ဆိုင်နေကြရသည်။ သူ့လက်ထက်တစ်လျှောက်လုံး ဇင်ဘာဘွေနိုင်ငံကို ဦးစိုက်ပြောင်းပြန်ဖြစ်အောင် လုပ်ချင်တိုင်းလုပ်သည်။ သူကိုယ်တိုင် ဇင်ဘာဘွေကို မည်သို့ပျက်စီးအောင် စီမံခဲ့ပါသနည်း။

မူဂါဘီသည် မာ့စ်ဝါဒီ ပြောက်ကျားအဖြစ် ထင်ရှားသည်။ သူသည် ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက အာဏာရလာပြီး ဇင်ဘာဘွေကို ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သည်။ သူက ဇင်ဘာဘွေတွင် ကျန်နေခဲ့သည့် လူဖြူတွေနှင့် ပေါင်းစည်းညီညွတ်မှုရှိစေရမည်ဟု ကတိပေးခဲ့သည်။ ထို့ပြင် ပညာရေးနှင့် ကျန်းမာရေးကိုလည်း အထူးကောင်းမွန်အောင် စောင့်ရှောက်ပေးမည်ဟု ဆိုခဲ့သေးသည်။ သို့သော် သူချမှတ်သည့် မူဝါဒတွေက အတိတ်က အရိပ်တွေ လွှမ်းမိုးမှုအောက်တွင်သာ ရှိနေသည်။ သူအုပ်ချုပ်သည့်ခေတ်တွင် အကောင်းတွေ ဖြစ်စေရမည်ဆိုသည့် ကြွေးကြော်ချက်ဖြင့် ငွေတွေ ပုံအောပြီးသုံးရန် ကြံဆောင်ခဲ့ရှာသည်။

သို့သော် သူလုပ်ချင်သမျှ လုပ်နိုင်ရန်အတွက် ဒီမိုကရေစီနှင့် လုပ်ဆောင်၍မဖြစ်နိုင်မှန်း သူကောင်းကောင်းသိသည်။ ထို့ကြောင့် သူက အာဏာရှင်ဆန်ဆန် ဖိနှိပ်ချုပ်ချယ်ပြီး လုပ်ရန်မှတစ်ပါး အခြားရွေးစရာအကြောင်း မရှိ။ တိုင်းပြည်တိုးတက်အောင် လုပ်မည်ဆိုသည့် အကြောင်းပြချက်က ငါ့မြင်းငါစိုင်း ဘယ်ရောက်ရောက်ဆိုသည့် သဘောမျိုးဖြစ်ကာ သူ့ကို ထိန်းမနိုင် သိမ်းမရအဖြစ်သို့ ရောက်သွားခဲ့ရသည်။

၂၀၁၂ ခုနှစ် နိုင်ငံတကာ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် ဇင်ဘာဘွေနိုင်ငံက အဆင့် ၁၆၃ နေရာတွင်ရှိသည်။ အဆင့်သတ်မှတ်ချက် သုညမှ ၁၀ အတွင်းသာ အကျင့်ပျက်ခြစားမှုကင်းသည့် နိုင်ငံအဖြစ် သတ်မှတ်သောကြောင့် နှိုင်းယှဉ်လေ့လာကြည့်ရန်ဖြစ်သည်။ ၂၀ဝ၈ ခုနှစ် Transparency international ဒါရိုက်တာက ထုတ်ပြန်သည့်စာရင်းတွင် ဇင်ဘာဘွေနိုင်ငံ၌ နေ့စဉ် ဒေါ်လာ ၅ သန်းခန့် လာဘ်စားမှုတွေရှိနေကြောင်း သိရသည်။ 

၂၀၁၁ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ တန်ဒါရီဘီတီက စိန်ရောင်းချရမှုစာရင်းမှ ဒေါ်လာ ၁ ဘီလီယံခန့်ကို နိုင်ငံတော်က စာရင်းဖော်မရဟု ပြောထားသည်။ စိန်ရောင်းမှုကရသည့် အမြတ်ငွေများကို ထင်သလို မည်သူတွေ ချုပ်ကိုင်ပြီး လုပ်နိုင်သနည်း။ ဘီတီက စိန်များကို နိုင်ငံခြားသို့ မည်သူတွေ တင်ပို့ပြီး မည်သူတွေ လုပ်ကိုင်နေမှန်းပင် ကောင်းစွာမသိရဟု ဆိုခဲ့သည်။ စိန်တူးဖော်နိုင်သည့် နေရာများကို ဇင်ဘာဘွေစစ်တပ်က သိမ်းပိုက်အုပ်စိုးထားပြီး တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်နေသည်။ ထိုနေရာတွင် လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုပေါင်းများစွာရှိပြီး စိန်များကို အိမ်နီးချင်း မိုဇမ်းဘစ်နိုင်ငံသို့ ခိုးထုတ်ရောင်းချမှုများ ရှိနေသည်။ ထိုကိစ္စကို လွှတ်တော်တွင် ပါမူဂါဘီနှင့် အစိုးရအဖွဲ့ဝင်များသည် ဝေ့လည်ကြောင်ပတ်လုပ်ကာ ရှောင်နေခဲ့သည်။ 

၂၀ဝ၀ ပြည့်နှစ် ဇန်နဝါရီလတွင် ဇင်ဘာဘွေဘဏ် အဖွဲ့အစည်းကြီးကကြီးမှူးပြီး ကံစမ်းထီဖွင့်ပွဲကြီးတစ်ခု ကျင်းပပြုလုပ်ခဲ့သည်။ အလွန်ကံထူးသော သမ္မတ မူဂါဘီသည် ထိုထီဖွင့်ပွဲကြီးတွင် ဇင်ဘာဘွေဒေါ်လာ တစ်သိန်း ထီပေါက်သွားသည်။ အများဆုံးထီဆုကို နိုင်ငံ၏ အကြီးဆုံးသမ္မတက ကံကောင်းစွာဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ထိုထီက လူတိုင်းကိုဖောက်ပေးသည့် ထီမဟုတ်။ ဇင်ဘာဘွေဘဏ်စာရင်းတွင် ဒေါ်လာ ၅၀ဝ၀ နှင့်အထက် စုဆောင်းထားသူများကိုသာ ကံစမ်းမဲ ဖောက်ပေးခြင်းဖြစ်သည်။

ယခင်က အခြေအနေကောင်းနေသည့် နိုင်ငံတစ်နိုင်ငံ၏ ပျက်စီးခြင်းသည် နိုင်ငံကို စိုးမိုးနေသူအပေါ်တွင် များစွာတည်မှီသွားသည်။ အဘယ်ကြောင့်ဆိုသော် အာဏာနှင့်ဖိနှိပ်ပြီး အုပ်ချုပ်ထားသောကြောင့် ဖြစ်သည်။ ဇင်ဘာဘွေ ပျက်စီးရခြင်းအကြောင်းတရားတွင် ခေါင်ကစပြီး မိုးမလုံသောကြောင့် အောက်ခြေကစပြီး ဆွေးမြည့်ပျက်စီးသွားရခြင်း ဖြစ်သည်။ အကျင့်ပျက် ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူလုပ်မှုများသည် မူဂါဘီ ခေတ်တစ်လျှောက်လုံး ကပ်ပါလာသည်။ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံအတွင်း နိုင်ငံကို ပြုပြင်တည်ဆောက်ရမည့်အစား ထင်ရာဆိုင်းခဲ့သောကြောင့် ဆင်းရဲတွင်းနက်ခဲ့ရသလောက် ခေါင်းဆောင်တွေကတော့ ချမ်းသာမှု အလျှံပယ်ဖြစ်သွားခဲ့သည်။ 

ဇင်ဘာဘွေနိုင်ငံသည် ဘက်ပေါင်းစုံက ပျက်စီးယိုယွင်းနေသည့် နိုင်ငံဖြစ်သွားသည်။ အထူးသဖြင့် ဇင်ဘာဘွေတွင် ဖွင့်ထားသည့် ကုမ္ပဏီများတွင် လာဘ်ပေးလာဘ်ယူမှုနှင့် ကင်းသည့်ကုမ္ပဏီ မရှိသလောက် ဖြစ်သွားရသည်။ ရင်းနှီးမြှုပ်နှံရသည့် လုပ်ငန်းရှင်များသည် ဆိုင်ရာပိုင်ရာကို မကပ်နိုင်၊ မပေးကမ်းနိုင်လျှင် လုပ်ပိုင်ခွင့်များ မရနိုင်သလောက်ပင်။ ဆွေတော်မျိုးတော်များနှင့် ရင်းနှီးပြီး ပေးကမ်းနိုင်မှ လုပ်ပိုင်ခွင့် ရရှိကြသည်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥပဒေများထုတ်ကာ၊ အဖွဲ့အစည်းများနှင့် အရေးယူဆောင်ရွက်နေသည်ဆိုသော်လည်း အစိုးရလုပ်ငန်းသာမက ပုဂ္ဂလိကလုပ်ငန်းများတွင်ပါ အပိုင်းလေး (အပေးလိုင်း) ဖြင့်သာ အောင်မြင်စွာ လုပ်ဆောင်နိုင်ကြသည်။

ဥပဒေတွင် လာဘ်ပေးလာဘ်ယူသူ ထောင်ဒဏ် အနှစ် ၂၀ အပြင် ဒဏ်ငွေပါဆောင်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း အစိုးရက မိမိတို့၏ အတိုက်အခံ နိုင်ငံရေးပါတီအပေါ်လောက်တွင်သာ အာရုံထားပြီး စီးပွားရေးလုပ်ငန်းကြီးများတွင် မသိချင်ယောင်ဆောင်နေကြသည်က များသည်။

တရားရေးတွင်လည်း ဇင်ဘာဘွေက နာမည်ကျော်သည်။ တရားစီရင်ရေးတွင် ဥပဒေအထက်က ထိုင်နေသူတွေ များလှသည့် တိုင်းပြည်ဖြစ်နေသည်။ တရားစီရင်ရန် အထက်က အမိန့်ကိုစောင့်နေရသည်ဆိုသော အဖြစ်မျိုး ဇင်ဘာဘွေတွင်လည်း ရှိသည်။ တရားစီရင်ရေးကို နိုင်ငံရေးပါတီပိုင်းက ဝင်ရောက်စွက်ဖက်မှုများ မကြာခဏ တွေ့ရသည်။ တရားရုံးတွင်လည်း အမှုရင်ဆိုင်နေရသူ ၂၁ ရာခိုင်နှုန်းခန့်မှာ လာဘ်ပေးနေရကြောင်း Afrobarometer, 2015 တွင် ဖော်ပြထားသည်။ တရားသူကြီးများ၏ အထက်တွင် မည်သူတွေရှိနေမှန်းမသိ။ သိအောင်လုပ်ချင်လျှင် ဆိုင်ရာပိုင်ရာကို ငွေနှင့်ကိုင်ရသည်။ 

ရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှုများက ပိုဆိုးသည်။ အထူးသဖြင့် လုပ်ငန်းများလုပ်ဆောင်ရန် အောင်မြင်လိုလျှင် ရဲကလည်း တစ်ခန်းတစ်ကဏ္ဍ ဝင်လာသည်။ ရဲတွေ၏ အနေအထားကလည်း စုတ်ပြတ်စွာ ပစ်ထားခြင်းခံနေရသူများ ဖြစ်သည်။ သင်တန်းလည်းမရှိ၊ ခံစားခွင့်နှင့် အခွင့်အရေးတွေကလည်း နည်းပါးလှသည်။ လစာငွေ မဖြစ်စလောက်နှင့် ရပ်တည်နေကြရသူများ ဖြစ်သောကြောင့် ရာထူးမရှိလေ ပိုဆိုးလေဘဝမျိုးကို ရင်ဆိုင်နေကြရရှာသည်။ နိုင်ငံအတွင်း ရဲဟုဆိုလိုက်လျှင်ပင် နှာခေါင်းရှုံ့ချင်စရာ အဖွဲ့အစည်းဖြစ်သွားရသည်မှာ မူဂါဘီခေတ်တစ်ခေတ်လုံး၏ ပြယုဂ်ဖြစ် သွားရသည်။ ပုဒ်မလေး (ပေးမှလုပ်) သဘောတရားကို ဇင်ဘာဘွေရဲများက ဆောင်ပုဒ်တစ်ခုအနေဖြင့် ခံယူကျင့်သုံးနေကြကြောင်း Afrobarometer , 2015 အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံ့ဝန်ထမ်းများကလည်း နေရာတိုင်းတွင် လုပ်ပိုင်ခွင့်နှင့် အာဏာကို ထိုက်တန်သလို ရောင်းစားနေကြသူများ ဖြစ်နေသည်။ လိုင်စင်လုပ်ငန်း၊ ပါမစ်ထုတ်ပေးခြင်း သို့မဟုတ် ကုန်ထုတ်၊ ပစ္စည်းထုတ်၊ ဆောက်လုပ်ရေး၊ ခွင့်ပြုလက်မှတ်စသည့် မည်သည့်နေရာကိုမဆို မပေးလျှင် မအောင်မြင်လောက်အောင် ဖြစ်နေသည်။ ဝန်ထမ်းလောကတွင် မည်သည့်ဌာနကိုမဆို ရေလောင်းမှ အခြေအနေကောင်းမည်ဟု နားလည်ထားပြီး ဝင်ထွက်နေကြရသည်သာ ဖြစ်သည်။ ဒရိုင်ဘာလိုင်စင်၊ နိုင်ငံကူးလက်မှတ်၊ ပါမစ်စသည့် လိုင်းများသည် အပေးလိုင်းသက်သက်ဖြင့်သာ လုပ်ပေးနေသည့် နေရာများအဖြစ် နာမည်ကျော်သည်။ ရေပိုက်လိုင်း၊ လျှပ်စစ်နှင့် အိမ်သာ စသည်တို့ကို ဆက်သွယ်ချင်လျှင် ၁၀ ရာခိုင်နှုန်းအထိ လာဘ်ပေးမှ ရသည်။ လုပ်ငန်းတစ်ခုစတင်တော့မည်ဆိုလျှင် ဝန်ထမ်းကတစ်မျိုး၊ ရဲကတစ်မျိုး ရင်မဆိုင်နိုင်လျှင် မလုပ်ဘဲထိုင်နေရုံသာ ဖြစ်သည်။

မြေယာများကို စီမံခန့်ခွဲရေးကိစ္စများတွင်လည်း ပိုဆိုးသည်။ မြေယာခွဲဝေရေးကိစ္စများတွင် ဥပဒေ၊ ဒေသထုံးစံနှင့် ဘာသာရေးခေါင်းဆောင်များ၏ စွက်ဖက်မှုက ပိုဆိုးသည်။ သူတို့ကိုလာဘ်ထိုးမှ အဆင်ပြေသည်ကများသည်။ မြေယာကိစ္စများတွင် နိုင်ငံရေးသမားတွေကလည်း ခြေဝင်ရှုပ်နိုင်သဖြင့် မြေလိုချင်လျှင် သူတို့နှင့်လည်း အဆင်ပြေအောင် ပေါင်းရသည်။ ဇင်ဘာဘွေတွင် အဆင်ပြေရန်ဆိုသည်မှာ လာဘ်ထိုးသည့် နည်းကလွဲပြီး အခြားနည်းမရှိ။ လုပ်ပိုင်ခွင့်အာဏာကို ဒေသခံ နယ်ပိုင်အာဏာပိုင်များက ဆုပ်ကိုင်ထားသည့်အတွက် လုပ်ငန်းရှင်များကလည်း ဘက်စုံသူတို့ကို ကပ်ပေါင်းကြရသည်။ 

မူဂါဘီတက်လာပြီးကတည်းက ဆိုရှယ်လစ်ယောင်ယောင်၊ မျိုးချစ်ယောင်ယောင် အယူဝါဒများဖြန့်ကာ လူဖြူများ ပိုင်သည့်မြေယာများကို  ပြည်သူပိုင် သိမ်းထားလိုက်သည်။ လျော်ကြေးလည်း မပေးပေ။ မြေယာအများစုကို သူ့အားထောက်ခံသူများကို ခွဲဝေပေးထားပြီးဖြစ်သဖြင့် လုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် အားလုံးကို လိုက်ညှိပြီးမှသာ လုပ်ဆောင်နိုင်ခွင့်ရှိသည်။ ဇင်ဘာဘွေနိုင်ငံတွင် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ရရန်အရေးမှာ အခြားနိုင်ငံများထက် ပိုခက်သည်ဟုဆိုသည်။

ဇင်ဘာဘွေတွင် အခွန်ဆောင်သည့် လုပ်ငန်းများကလည်း အကျင့်ပျက်ခြစားမှုမကင်းဆုံး လုပ်ငန်းဌာနဖြစ်နေသည်။ အခွန်ကောက်ခံမှုတွင် နားလည်မှုတွေ စိုးမိုးနေသောကြောင့် လာဘ်စားမှုတွေကလည်း အလွန်များသည်။ အခွန်ဘက်တွင် တာဝန်ရှိသူ ၄၀ ရာခိုင်နှုန်းခန့်မှာ လာဘ်ယူပြီး အခွန်ရှောင် လုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း Afrobarometer, 2015 တွင် ဖော်ပြထားသည်။ အခွန်ကောက်ခံမှုစနစ်တွင် ပွင့်လင်းမြင်သာသည့် စည်းမျဉ်းဥပဒေများ မရှိသောကြောင့် လက်ညှိုးညွှန်ရာ ရေဖြစ်နေကြရသည့် သဘောတွေ များလှသည်။

အကောက်ခွန်ဘက်တွင်လည်း လာဘ်စားမှုတွေက ပိုဆိုးသည်။ မည်သည့်ကုန်ပစ္စည်းကိုမဆို မည်သည့်နေရာက ထုတ်သည်ဖြစ်စေ အပေးလိုင်းမပါလျှင် ကြာတတ်သည်။ အထောက်အထားစာရွက် စာတမ်းဆိုသည်မှာ လိုချင်လည်းလိုမည်၊ မလိုချင်လည်းမလို၊ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းစဉ်များတွင် ဆိုင်ရာ ပိုင်ရာတွေကို ချဉ်းကပ်နိုင်မှ အဆင်ပြေသည်။ ပို့ကုန် လုပ်ငန်းကို အစိုးရကသာ ထိန်းချုပ်ထားသဖြင့်လည်း သူ့နည်းသူ့ဟန်တွေကို ကျော်ဖြတ်နိုင်ရန်ဆိုသည်မှာ နားလည်မှုတွေကို အဆင့်ဆင့် တည်ဆောက်သွားရသည်။

ဘက်ပေါင်းစုံ ပျက်စီးယိုယွင်းနေသည့် နိုင်ငံကို မည်သူဖျက်ဆီးသွားသနည်း။ အဖြေကတော့ ရှင်းပါသည်။ အာဏာရှင် မူဂါဘီသည် သားစဉ်မြေးဆက် အုပ်ချုပ်နိုင်ရေးကို ထူထောင်နိုင်ရန် ကြိုးပမ်းရင်းက တိုင်းပြည်သူ လှော်ရင်းနစ်ခဲ့ရသည်။ ယခုတော့ ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ကို တည်ဆောက်ရမည့် အချိန်ရောက်လာပြီ။ စစ်တပ်က အာဏာသိမ်းပြီး နောက်သမ္မတတစ်ယောက်လက်ထဲကို အာဏာလွှဲကာ တိုင်းပြည်ကောင်းစားရေးကို ထူထောင်ရန် ပြင်ဆင်နေသည်။ နောက်လာသည့်သမ္မတသစ်နှင့် ဇင်ဘာဘွေနိုင်ငံ၏ ကံကြမ္မာကို စောင့်ကြည့်ရပေလိမ့်မည်။

(Ref: Zimbabwe Corruption Report, Zimbabwe Situation, Reuters, Zimbabwe Independent, The Economist)

  • VIA