POST TYPE

FEATURE

ရှေ့တန်းလက်သည်များ
09-Dec-2017 tagged as


မန်ရော်ဂျာသည် မက္ကဆီကို၊ တီယွာနာလမ်းများပေါ်တွင် ကားမောင်းနေသည်။ သူ့ကားလေးက စတေရှင်ဝက်ဂွန်ကားအိုလေး တစ်စီးဖြစ်ပြီး လိုအပ်လျှင် မိုဘိုင်းလ်လူနာတင်ကားလည်း ဖြစ်သွားတတ်သည်။ ရော်ဂျာသည် လမ်းမကြာမကြာ ပျောက်သွားတတ်သည်။ သို့သော် လိုအပ်သူများဆီသို့ သူရောက်သွားတတ်သည်သာ ဖြစ်သည်။

ရော်ဂျာသည် အသက် ၃၅ နှစ်အရွယ် ဝမ်းဆွဲဆရာမလေးဖြစ်သည်။ ဆံပင်ရှည်ကို ဖွတ်မီးထိုးထားသည့်ကြိုးဖြင့် စည်းနှောင်ထားတတ်ပြီး စကားပြောလျှင်လည်း တိုးတိုးညင်သာ ပြောတတ်သည်။ မက္ကဆီကို ပင်လယ်ကွေ့ ဆိပ်ကမ်းမြို့ဖြစ်သော ဗာရာကတ်ဇာတိဖြစ်ပြီး သူနာပြုသင်တန်းနှင့်သားဖွားအတတ်ကို UMAM (National University of Mexico City) တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး အိမ်များတွင် လှည့်လည်ပြီး ကလေးများကို မွေးဖွားပေးရသောတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ရော်ဂျာသည် မက္ကဆီကိုနှင့်အမေရိကန်ပြည်ထောင်စု၏ နယ်စပ်မြို့လေးဖြစ်သော ဘာဂျာကာလီဖိုးနီးယားကို ပြောင်းရွှေ့အမှုထမ်းရသည်။ ထိုမြို့တွင် လိင်ပညာရေးဆိုင်ရာ သဘောတရားများကို လေ့လာရန် ရောက်ရှိလာခြင်းဖြစ်သော်လည်း သူက ထိုမြို့တွင်ပင် နေထိုင်သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။ 

“နယ်စပ်က ကျွန်မကို ဆွဲဆောင်သွားတယ်။ ဒီနေရာတွေက အလွန်ရှုပ်ထွေးတဲ့ နေရာတွေပါ။ ဒီနေရာတွေမှာ ကျွန်မတို့လို သူနာပြုတွေကို အလွန်လိုအပ်နေတဲ့ နေရာလည်းဖြစ်ပါတယ်” ဟု သူက ဆိုသည်။ 

ရော်ဂျာကို ဒေသခံတွေက ပါတီရာဟု ခေါ်ကြသည်။ ပါတီရာဆိုသည်မှာ ဝမ်းဆွဲလက်သည်ဆရာမကို ဆိုလိုခြင်းဖြစ်သည်။ သူ့တာဝန်က ထိုဒေသတွင် ကိုယ်ဝန်ဆောင်များကို ကိုယ်ဝန်ဆောင်နေချိန်တွင် စောင့်ရှောက်ပေးရန်ဖြစ်သလို၊ မွေးဖွားချိန်တွင်လည်း အနားတွင်ရှိနေရန် ဖြစ်သည်။ 

ဝမ်းဆွဲဆရာမများကို မက္ကဆီကိုနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုခဲ့သည်မှာ ၂၀၁၁ ခုနှစ်ကမှ ဖြစ်သည်။ သို့သော် ရော်ဂျာစိတ်ဓာတ်ကတော့ တစ်မျိုးဖြစ်သည်။ ဝမ်းဆွဲလက်သည်အဖြစ်လုပ်နေကြသည့် ဆရာမများသည် မွေးဖွားခန်းထဲတွင်သာ တာဝန်ထမ်းဆောင်ရန်မဟုတ်ဟု ခံယူထားသည်။ အစိုးရဆေးရုံကြီးများတွင် မွေးဖွားမည့် လူနာအမျိုးသမီးများအနီးတွင် မည်သည့်ဆွေးမျိုးသားချင်းကိုမှလက်မခံဘဲ မောင်းထုတ်ထားတတ်သည်။ ရော်ဂျာကတော့ ဆွေမျိုးသားချင်းတွေကြား ပျော်ပျော်ပါးပါး မွေးဖွားပေးရသည်ကို သဘောကျသည်။

ယခုဆိုလျှင် ရော်ဂျာမွေးဖွားပေးသည့် အမျိုးသမီးပေါင်း ၃၅၀ ကျော်ရှိနေပြီဖြစ်သည်။ သူက ဆေးရုံသို့ မသွားရောက်နိုင်လောက်အောင် အခက်အခဲဖြစ်နေသည့် အမျိုးသမီးများကို အိမ်တွင်ပဲ မွေးဖွားပေးသည်။ သူနေသည့်နေရာ တီယွာနာဝန်းကျင်တွင် များသောအားဖြင့် အမျိုးသမီးကိုယ်ဝန်ဆောင်များသည် ဆေးရုံကိုသွားရန် အကျောက်အကန် ငြင်းဆန်တတ်ကြသည်။ ထိုဒေသတစ်ဝိုက်တွင် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ခွင့်ရရှိရေးအတွက် စောင့်ဆိုင်းနေကြသည့် ဟေတီအမျိုးသမီးပေါင်းများစွာတွင်လည်း သားဖွားပေးရန် လိုအပ်ချက်များစွာ ရှိနေသည်။ 

တီယွာနာရှိ ပြည်သူ့ဆေးရုံများတွင် အမျိုးသမီးများကို ကြီးမားသည့် အခန်းကျယ်ကြီးထဲတွင် ထည့်ထားလေ့ရှိသည်။ ခန်းမကြီးထဲတွင် အမျိုးသမီး ၁၁ ဦးအထိရှိသည်။ အလွန်လူများသောနေ့တွင် တစ်ခန်းတည်း၌ အယောက် ၂၀ အထိ ထည့်ထားတတ်သည်။

ထိုအမျိုးသမီးများသည် ရှေးဦးပြုစုခန်းတွင် နေကြရပြီးနောက် သားဖွားပြီးပါက နောက်ထပ်အခန်းတစ်ခန်းကို ပြောင်းကြရပြန်သည်။ မွေးဖွားပြီး ၆ နာရီကြာသည်အထိ မည်သည့် ကုသစောင့်ရှောက်မှုမှလည်း ရောက်မလာ။ မိခင်များသည် သူတို့သဘောနှင့်သူတို့ ဆေးရုံမှဆင်းသွားကြသည်က များသည်။ 

ရော်ဂျာကိုယ်တိုင်က အခက်အခဲများကြားမှ မွေးဖွားရခြင်းအတတ်ပညာများကို လေ့လာဆည်းပူးခဲ့သည်။ သူက အဘယ်ကြောင့် ထိုသို့ မွေးဖွားရခြင်းပေါ်တွင် စိတ်ဝင်စားရခြင်းကို -

“ကျွန်မ ၁၆ နှစ်သမီးဘဝက အရပ်လက်သည်နဲ့ ကလေးတစ်ယောက်ကို ကိုယ်တိုင်မွေးဖွားဖူးပါတယ်။ ကျွန်မကို မွေးဖွားပေးတဲ့သူတွေက ကျွန်မအနီးကို အမေ့ကိုတောင် လာခွင့်မပြုခဲ့ပါဘူး” ဟု ပြန်ပြောပြရှာသည်။

ယမန်နှစ်က ထုတ်ပြန်သည့် မက္ကဆီကိုနိုင်ငံ အမျိုးသားစစ်တမ်းတစ်ခုဖြစ်သော ENDIREH အစီရင်ခံစာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အသက် ၁၅ နှစ်မှ ၄၉ နှစ်အရွယ် အမျိုးသမီးများ၏ ၃၃ ဒသမ ၄ ရာခိုင်နှုန်းသည် အရပ်လက်သည်များနှင့်ပင် မွေးဖွားပေးနေမှုများကို တွေ့ကြုံခံစားနေရကြောင်း ဖော်ပြထားသည်။ 

ရော်ဂျာသည် သူတာဝန်ယူထားရသည့် ရပ်ကွက်များအတွင်းမှ အမျိုးသမီးများကို ဆေးရုံတွင် မွေးဖွားခြင်းနှင့် ဈေးကြီးသည့် ပုဂ္ဂလိကဆေးခန်းများတွင် မွေးဖွားခြင်းများကို ရှောင်ရှားခိုင်းသည်။ အဘယ်ကြောင့်ဆိုသော် ဆေးရုံနှင့်ဆေးခန်းများက မလိုအပ်ဘဲ မိခင်များကို ဗိုက်ခွဲပြီးမွေးဖွားရန် ပြောဆိုလေ့ရှိကြသောကြောင့် ဖြစ်သည်။ ထိုသို့ ဗိုက်ခွဲမွေးမှ ဆေးရုံဆေးခန်းများက ပိုက်ဆံအများကြီးရသည်။ လက်တင်အမေရိကတွင် ပုဂ္ဂလိကဆေးရုံများသို့ရောက်လာသည့် မွေးလူနာတိုင်းကို ခွဲမွေးမည်ဆိုခြင်းမှာ မထူးဆန်းသည့် ကိစ္စတစ်ခုလိုဖြစ်နေသောကြောင့် ရော်ဂျာက မလိုအပ်ဘဲ ငွေကုန်များနိုင်သည့်အဖြစ်ကို ရှောင်ရှားနိုင်ရန် အိမ်တွင်ပဲ မွေးဖွားပေးရခြင်းကို အားပေးနေခြင်း ဖြစ်သည်။ 

မက္ကဆီကိုနိုင်ငံသည် ကမ္ဘာပေါ်တွင် ဗိုက်ခွဲမွေးဖွားမှု အများဆုံးနိုင်ငံ ဖြစ်နေသည်။ အမျိုးသမီး ၁၀ဝ တွင် ၄၅ ဦးခန့်ကို ဗိုက်ခွဲမွေးဖွားပေးနေကြောင်း ၂၀၁၅ ခုနှစ် ကျန်းမာရေးစစ်တမ်းတွင် ဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့်နှုန်းထက်ပင် မက္ကဆီကိုနိုင်ငံသည် ပျမ်းမျှသုံးဆပိုပြီး ခွဲစိတ်မွေးဖွားနှုန်း မြင့်တက်နေသည့် နိုင်ငံဖြစ်နေသည်။ 

ခွဲစိတ်မွေးဖွားရန် လို၊ မလိုဆိုသည်မှာ မည်သူမှ တိကျစွာမသိနိုင်ပေ။ သို့သော် ရော်ဂျာကတော့ ဆရာဝန်ကြီးတွေကမွေးဖွားမည့် လူနာရောက်လာလျှင် ပုံမှန်အတိုင်းမမွေးဘဲ ခွဲစိတ်မွေးရမည်ဆိုသည့် အကြောင်းပြချက်ပေါင်းများစွာကိုပေးရန် အဖြေရှိနေသည်ဟုဆိုသည်။ ဥပမာ အဝလွန်၊ သွေးတိုး၊ ဆီးချို စသည့်ရောဂါများ ဖြစ်သည်။

၂၀၁၆ ခုနှစ်က ထုတ်ပြန်သည့် ENDIREH စစ်တမ်းတွင် မက္ကဆီကိုနိုင်ငံအတွင်း ဗိုက်ခွဲမွေးဖွားသည့် အမျိုးသမီးပေါင်း ၃ ဒသမ ၇ သန်းရှိကြောင်း သိရသည်။ သူတို့အထဲက ၁၀ ဒသမ ၃ ရာခိုင်နှုန်းခန့်မှာ အဘယ်ကြောင့် ခွဲစိတ်မွေးဖွားခဲ့သည်ကို မသိခဲ့ကြပေ။ 

မက္ကဆီကိုနိုင်ငံ၊ တီယွာနာရှိ Mexican Social  Institute တွင် တာဝန်ထမ်းဆောင်နေသော ကလေးအထူးကုဆရာဝန် မော်နီကာ မယ်ဒိုနာဒိုမီလန်ကလည်း နေ့စဉ်ဆေးခန်းများတွင် မွေးဖွားနေကြသူပေါင်း ၃၀ဝ ခန့်ရှိပြီး ယင်းတို့အနက် ၁၂၀ ခန့်မှာ ဗိုက်ခွဲကာ မွေးဖွားခြင်းခံနေရသူများဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုသို့ ဖြစ်နေရခြင်းမှာ ကိုယ်ဝန်ဆောင်နေချိန်ကတည်းက ကျွမ်းကျင်နားလည်သည့် ကျန်းမာရေးဝန်ထမ်းများ၏ အကြံပေးပြောစကားများကို မကြားရ၊ မခံယူရ၍ဖြစ်ကြောင်း သူကထောက် ပြထားသည်။ 

မက္ကဆီကိုနိုင်ငံတွင် အမျိုးသမီးကိုယ်ဝန်ဆောင်များအတွက် ကြိုတင်ဆွေးနွေးကုသခြင်းများကို ပြုလုပ်ပေးရန် လိုအပ်နေသော်လည်း ယနေ့အထိ မလုပ်ဆောင်ခဲ့ဟုလည်း ထောက်ပြဝေဖန်ထားသည်။ 

အသက် ၃၄ နှစ်အရွယ် ဝမ်းဆွဲဆရာမ မာကာဒိုသည်လည်း ဝမ်းဆွဲဆရာမတာဝန် ထမ်းဆောင်စဉ်ကတည်းက နယ်စပ်တွင် လုပ်ကိုင်ခဲ့ရသူဖြစ်သည်။ သူကလည်း တီယွာနာမှ ပုဂ္ဂလိကဆေးခန်းများသည် သူတို့ဆီရောက်လာသည့် ကိုယ်ဝန်ဆောင်များကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနေကြသူများဖြစ်ကြောင်းသာ လက်ခံထားကြသည်။ 

ဆရာဝန်များက ခွဲမွေးမည်ဟု ပြောလိုက်လျှင်လည်း သူတို့မှာ ငြင်းဆန်နိုင်သည့် အင်အားမရှိသူများပမာ ဖြစ်သွားကြသည်ကများကြောင်း မာကာဒိုကပြောပြသည်။ 

မာကာဒိုနှင့် ရော်ဂျာတို့က သူတို့ကိုယ်သူတို့ “ရှေ့တန်းလက်သည်များ” ဟု အမည်ပေးထားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နယ်စပ်ကိုဖြတ်သန်းကြမည့်သူများအတွက် နေ့စဉ် ဆောင်ရွက်ပေးနေသူများ ဖြစ်သောကြောင့်ပင်။ သူတို့နှစ်ယောက်တည်းနှင့် မက္ကဆီကိုမှအမျိုးသမီးများကို မကယ်တင်နိုင်သော်လည်း သူတို့နည်း သူတို့ဟန်နှင့် တတ်စွမ်းသလောက် ၂၀၁၆ ခုနှစ် မေလကတည်းက ဆောင်ရွက်ပေးနေကြသူများ ဖြစ်သည်။
 
လွန်ခဲ့သောနှစ်များကတည်းက ဟေတီလူမျိုးတို့သည် ဘရာဇီးမှတီယွာနာကို ရောက်လာခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ်ကတည်းက ငလျင်ဒဏ်ကို ခံစားရပြီးနောက် သူတို့သည် အမေရိကန်ပြည်ထောင်စုကို ဝင်ခွင့်ရရေးအတွက် မက္ကဆီကိုနိုင်ငံသို့ နည်းမျိုးစုံနှင့် ရောက်ရှိလာကြခြင်းဖြစ်သည်။ ဘရာဇီးနိုင်ငံကလည်း ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဖလားဘောလုံးပွဲနှင့် ၂၀၁၆ ခုနှစ် အိုလံပစ်ပွဲအတွက် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလုပ်သမားများစွာလိုနေသောကြောင့် ငြိမ်ပြီးလက်ခံနေခဲ့သည်။ ၂၀၁၆ ခုနှစ်က စတင်ပြီး ဘရာဇီးနိုင်ငံသည်ပွဲပြီးမီးသေ သဘောမျိုးဖြစ်ကာ စီးပွားရေးနှင့်နိုင်ငံရေး အကျပ်အတည်းများကို စတင်ရင်ဆိုင်လာခဲ့ရတော့သည်။ 

ထို့ကြောင့် ဟေတီလူမျိုးတွေက ပြန်လည်ထွက်ခွာရန် ပြင်ဆင်ပြီး နိုင်ငံပေါင်း ၇ နိုင်ငံသို့ ခြေလျင်တစ်မျိုး၊ ကားတွေနှင့်တစ်ဖုံ ထွက်ခွာလာခဲ့ကြသည်။ သူတို့အများဆုံး ဦးတည်လာသည်က အမေရိကန်ပြည်ထောင်စုဘက်သို့ဖြစ်ပြီး လူမှောင်ခိုများကို ငွေဒေါ်လာ ထောင်ပေါင်းများစွာပေးကာ လွတ်လမ်းရှာခဲ့ကြသည်။ 

၂၀၁၀ တွင်ဖြစ်ပွားခဲ့သည့် ဟေတီငလျင်ကြောင့် အမေရိကန်ပြည်ထောင်စုက Temporary Protected Status (TPS) စနစ်ဖြင့် ယာယီလက်ခံရန် ကတိပြုထားခဲ့သည်။ သို့သော် နယ်စပ်များတွင် လက်မခံရသေးသူတွေ များစွာကျန်နေသေးသည်။ သို့သော် သမ္မတဒေါ်နယ်ထရမ့်တက်လာပြီး TPS အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အဆုံးသတ်မည်ဟု ကြေညာလိုက်တော့သည်။ 

မက္ကဆီကိုသို့ရောက်လာကြသည့် ဟေတီများသည် နယ်စပ်များတွင်နေထိုင်ရင်းက အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့်ရမည့်အချိန်ကို ၂၀၁၆ ခုနှစ်ကတည်းက စောင့်စားနေကြသည်။ သူတို့ကို မက္ကဆီကိုနိုင်ငံတွင် အလုပ်လုပ်ခွင့်လည်း ပြုထားကြသည်။ ထိုရွှေ့ပြောင်းနေထိုင်သူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစကလေးငယ်ပေါင်းများစွာ ပါလာကြသည်။ ထိုကလေးနှင့်မိခင်များကိုလည်း လက်ရှိအနေအထားတွင် မက္ကဆီကိုနိုင်ငံကပင် တာဝန်ယူ စောင့်ရှောက်ပေးနေရသည့် အနေအထားတွင် ရှိနေသည်။ 

မာကာဒိုနှင့်ရော်ဂျာတို့လို ဆရာမလေးတွေရှိနေသဖြင့် တော်သေးသည်။ သူတို့က ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ၏ လိုအပ်ချက်များကို မနားတမ်းလိုက်ကာ ဖြည့်ဆည်းပေးဖော်ရသည်။ တီယွာနာတွင် ရောက်နေသည့် လူပေါင်းက စာရင်းအရ ၁၄၂၅ ဦး ရှိသည်။ ယင်းတို့အထဲတွင် ကိုယ်ဝန်ဆောင် ၁၂ ဦး ပါလာသည်။

သူတို့ကိုကူညီနေသူက မာရီဟုခေါ်သည့် ဟေတီအမျိုးသမီးတစ်ယောက် ဖြစ်သည်။ မာရီက စပိန်စကားလည်းပြောတတ်သဖြင့် အမျိုးသမီးများကို ပညာပေးရန် လှည့်လည်သည့်အခါတွင် လိုက်ပါပြီး စကားပြန် လုပ်ပေးနေသောကြောင့် ခရီးရောက်သည်။ 

တီယွာနာဒေသသည် အိုးမဲ့အိမ်မဲ့တွေ ပြည့်နေသည်။ ပြည့်တန်ဆာတွေနှင့် မူးယစ်ဆေးစွဲသူတွေလည်း ပြည့်နေသည်။ ထိုနေရာတွင် အနယ်နယ်ကရောက်လာသည့် ဟေတီနိုင်ငံသားတွေ ခိုလှုံနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် အခြားပြေးစရာ မြေမရှိဘဝကို ရောက်နေကြသောကြောင့် ဖြစ်သည်။ 

ထိုနေရာမျိုးတွင် ရော်ဂျာနှင့်မာကာဒိုတို့လို ဆရာမလေးတွေက “ရှေ့တန်းလက်သည်” လေးများအဖြစ် ရှိနေခြင်းကပင် သူတို့အတွက် ဘုရားမသလို ဖြစ်နေသည်။ 

“သူတို့ကို မွေးပေးလိုက်တဲ့ ကလေးတွေကြီးလာပြီး၊ သူတို့လည်း အမေရိကန်ပြည်ထောင်စုထဲကို ဝင်ချင်မှလည်း ဝင်ခွင့်ရမှာပါ။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ လက်ရှိအနေအထားမှာ သူတို့အတွက်တစ်ခုခုကို လုပ်ပေးလိုက်နိုင်တာက အကောင်းဆုံးစတင်မှု တစ်ခုပါ” ဟု မာကာဒိုက ပြောရှာသည်။

မရေရာမှု မသေချာမှုများတွင် ရှေ့တန်းလက်သည်လေးများကတော့ သူတို့တာဝန်ကို အကောင်းဆုံး ကျေပွန်အောင် လုပ်နေမည်ပင်။

(Ref: Frontier Midwives from Mexico, Claudia Bellante)

ကျော်ဗလ

  • VIA
  • TAGS