News

POST TYPE

FEATURE

အပြောင်းအလဲ နောက်ကွယ်က အိမ်ရှင်မတို့ မျှော်လင့်ချက်
06-Dec-2017 tagged as


ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တံခွန်တိုင်ဈေးအတွင်း ဆောင်းဦးနေရောင်ခြည်တို့ ပက်ဖျန်းနေပြီး ဈေးအတွင်း၌ လာကြဟေ့ . . . လာကြဟူသော ဈေးရောင်းသူများ၏ ဈေးခေါ်သံများနှင့် ဒါဘယ်ဈေးလဲ။ ဟင်-ဈေးများလိုက်တာ။ ဈေးတက်လိုက်တာလွန်ရော ဟူသော ဈေးဝယ်များ၏ အသံများ လွန်းထိုးနေသည်။

မမြင့်မြင့်သူ သူ့ရှေ့ရှိ ကြက်တစ်ကောင်ကို ကြည့်နေမိသည်။ ဒါဘယ်ဈေးလဲအစ်မ ဟူသော အမေးကို ဈေးသည်က တစ်ပိဿာ ၆၀ဝ၀ ဈေးဟု  တုံ့ပြန်သည်။ မမြင့်မြင့်သူ အိတ်ထဲပါလာသည့် ပိုက်ဆံကို အသာစမ်းလိုက်မိသည်။ သူ့အိတ်ထဲတွင် ပိုက်ဆံ ၁၅၀ဝ ခန့်သာပါသည်။

အိမ်မှာ ဆီကလည်း ကုန်နေပြီ၊ ကြက်သွန်ကလည်း မရှိတော့၊ ကြက်သားဝယ်လိုက်မည်ဆိုပါက မီးဖိုဆောင်အတွက် အဆင်မပြေနိုင်ဟူသော အတွေးဖြင့် မမြင့်မြင့်သူ ကြက်သားဆိုင်ရှေ့က လှည့်ထွက်လိုက်သည်။ ဈေးဗန်းထဲက ရင်ထွားထွားတင်ကားကား CB ကြက်ကြီးက မမြင်မြင့်သူကို လှောင်ပြောင်နေသလိုပင်။

မမြင့်မြင့်သူ ကုန်စိမ်းတန်းဘက် ရောက်လို့လာပြန်သည်။ ကြက်သွန်ဘယ်ဈေးလဲ ဟူသော အမေးကို တစ်ပိဿာ ၂၄၀ဝ ဟု ရောင်းသူက တုံ့ပြန်သည်။ ကြက်သွန်အဝက်သား ၃၀ဝ ဖိုးဝယ်လိုက်သည်။

“ဈေးတွေကတော့ တက်နေတာပါပဲ။ ကျွန်တော်တို့လည်း ချင့်ချိန်ပြီးရောင်းနေရတယ်။ အရောင်းအဝယ်ကလည်း ပါးတယ်။ ဈေးတွေတက်နေတော့ ဝယ်သူတွေကလည်း ရွေးချယ်ပြီးတော့ဝယ်လာကြတယ်။ ကြက်သွန်ဆိုရင် အခုရက်ပိုင်းတင် အနည်းဆုံး တစ်ပိဿာကို ၂၀ဝ လောက် တက်သွားတယ်” ဟု တံခွန်တိုင်ဈေးအတွင်း ကြက်သွန်ရောင်းသူ ဦးကိုလေးက ပြောသည်။

ငွေကြေးချမ်းသာသူများအတွက် ၁၀ဝ ၊ ၂၀ဝ တက်ခြင်းသည် အကြောင်းမဟုတ်သော်လည်း မမြင်မြင့်သူတို့ကဲ့သို့ သာမန်လူတန်းစားများအတွက်မူ အခက်အခဲတစ်ရပ်ပင်။ ဟိုဆိုင်ဈေးသက်သာနိုးနိုး၊  ဒီဆိုင်ဈေးကျနိုးနိုးဖြင့် ဈေးတစ်ပတ်လည်သည်အထိ ရှိနေသော်လည်း မည်သည့်ဆိုင်မှ ဈေးကျသည်မရှိ။

“ဈေးတွေကလည်း အကုန်တက်နေတော့တာပဲ။ ကျတာကတော့ စိတ်ဓာတ်ပဲရှိတယ်”ဟု ဈေးဝယ် အချို့ရေရွတ်နေကြသည်။

“ကုန်ဈေးနှုန်းတွေကလည်း အကုန်တက်နေတော့တာပဲ။ ရှိတဲ့ပိုက်ဆံက ပိုဖို့ကိုမစဉ်းစားအားဘူး။  လောက်အောင် ဘယ်လိုသုံးရမလဲ စဉ်းစားနေရတယ်။ တစ်ရက် ၁၅၀ဝ လောက်ပဲ ဟင်းဖိုးသုံးနိုင်တာဆိုတော့ အရင်က အစိတ်သားဝယ်ရမယ့်နေရာမှ ဆီ ၅၀ဝ ဖိုးလောက်ဝယ်ရတယ်။ ဟင်းချိုမှုန့် ၂၀ဝ ဖိုးနဲ့ ညမနက်စားလို့ရမယ့် အသီးအရွက်လေးတွေဝယ်ပြီး ခြိုးခြံရတာပေါ့။ ခရမ်းသီးလေးချက်ပြီးတော့ နှမ်းဖတ်ချဉ်လေးသုပ်ရင်လည်း ဟင်းဖြစ်တာပဲလေ။ ချွေတာရတာပေါ့” ဟု မမြင့်မြင့်သူ ညည်းတွားသည်။

မမြင့်မြင့်သူက တံခွန်တိုင်ဈေးတန်း ရပ်ကွက်အတွင်း အိမ်ငှားဘဝဖြင့်နေထိုင်သည်။ ၁၀ ပေ ပတ်လည်ခန့်ရှိသည့် ဒီအိမ်က သူတို့အတွက် ဘုံဗိမာန်ဖြစ်သည်။ သားလေးတစ်ယောက်ရှိသည်။ ခင်ပွန်းလုပ်သူက ကုမ္ပဏီတစ်ခုမှ ဝန်ထမ်း။ ခင်ပွန်း၏လစာက တစ်လမှ တစ်သိန်းခွဲလောက်ရသည်။ ဒီဝင်ငွေဖြင့် မိသားစုဘဝကို ရပ်တည်ရသည်။ ခင်ပွန်းသည် ရသည့်ဝင်ငွေကို စီမံခန့်ခွဲရသည့် မမြင်မြင့်သူအတွက် ခေါင်းခဲစရာဖြစ်သည်။

ကြက်သွန်ဈေး တက်သည်။ ဆန်ဈေး တက်သည်။ ဆားဈေး တက်သည်။ ဆီဈေး တက်သည်။ အကုန် တက်နေသည်။ မကျတမ်း တက်နေသည့် ကုန်ဈေးနှုန်းနှင့်အပြိုင် ခင်ပွန်းသည်၏ ဝင်ငွေက တိုးမလာ။ တစ်သိန်းခွဲသာ ဖြစ်သည်။ အိမ်၏ ဝင်ငွေနှင့် ထွက်ငွေ ကာမိစေရန် ပိုက်ဆံချေးရသည်။ အတိုးနှင့် ဖြစ်သည်။ တစ်လမဟုတ်၊ နှစ်လမဟုတ်၊ သုံးလလည်း မဟုတ်ပြန်။ လတိုင်းလိုလို ဖြစ်သည်။ အနည်းနှင့် အများသာကွာသည်။

“အကြွေးကတော့ တင်တယ်။ အနည်းနဲ့ အများပဲ။ ဒီလိုပဲ လည်ပတ်နေတာပေါ့ဗျာ။ တင်လိုက်၊ ဆပ်လိုက်၊ ချေးလိုက်ငှားလိုက်နဲ့ပေါ့။ ရတော့ပြန်ပေး လိုက်ပေါ့၊ ဒီလိုပါပဲ၊ အိမ်ငှားသမားတွေရဲ့ ဘဝကတော့။  မရှိလိုက်၊ ရှိလိုက်၊ ရှိလည်းခဏပဲ။ ဒီကြားထဲ ဖျားရေး နာရေး ဖြစ်ရင်ဒုက္ခ။ လူဆိုတာမဖျားဘူး၊ မနာဘူးဆိုတာ မရှိဘူးလေ။ ဆေးခန်း တစ်ခါပြရင် လေးငါးထောင်။ တစ်ခါတလေများ လခထုတ်ရင် တစ်ကျပ်မှကို မပိုဘူး”ဟု မမြင့်မြင့်သူက ရယ်လျက်ပြောသည်။  

နိုဝင်ဘာလ၏ နေရောင်က မမြင့်မြင့်သူမျက်နှာပေါ် ပြောက်ကျားကျနေသည်။ စကားပြောရင်း ပဲမြစ်များကို အခွံချွတ်လျက်ရှိသည်။ ၂ နှစ်ကျော်အရွယ် သူ့သားငယ်က ဘေးနားတွင် ကစားစရာများဖြင့် အလုပ်ရှုပ်နေပြီး သူ့အမေ၏ ဘဝအမောများက သူနဲ့ လားလားမျှမဆိုင်။ ဘာအပူအပင်မှမရှိ။ လိုချင်သည့် ကစားစရာအရုပ်၊ စားချင်သည့် အစားအစာမရသည့် အခါမျိုးတွင်သာ သူ့အတွက် အကြီးမားဆုံး ဒုက္ခဖြစ်သည်။

“ကလေးက လိုချင်တာတွေ ပူဆာတဲ့အခါမှာ ဝယ်မပေးနိုင်ဘူး။ ဒီအခါမှာ စိတ်မကောင်းဘူး။ ကိုယ့်သားသမီး မျက်နှာငယ်ရတာပေါ့။ စိတ်မကောင်းဘူး။ တစ်ခါတစ်ရံမှာ မျက်နှာငယ်မှာစိုးလို့ ကိုယ်လည်း လုပ်ငန်း လုပ်ချင်တာ။ ကလေးဆိုတော့ မရရင်တော့ ငိုတာပေါ့။ သူများဝယ်တာ ကြည့်ပြီး လိုချင်ရှာမှာပေါ့”ဟု မမြင့်မြင့်သူက တိုးတိတ်စွာပြောလိုက်သည်။  

မမြင့်မြင့်သူ၏ အမျိုးသားနာမည်က ကိုဝင်းဦး။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ် ခပ်ကိုင်းကိုင်းနှင့်ဖြစ်သည်။  ဘဝ၏ အထုအထောင်းများကို နေသားကျနေဟန်ဖြင့် အရာရာကို တိတ်တိတ်ဆိတ်ဆိတ် လက်ခံထားပုံရသည်။ ဒါကိုမမြင့်မြင့်သူက လက်ခံနိုင်ဟန်မတူ။

“တစ်လကို တစ်သိန်းခွဲရတယ်။ ဝင်ငွေနည်းတယ်။ အဆင်မပြေတဲ့အခါမျိုးတွေမှာ ပြောမိဆိုမိတာမျိုးတွေရှိတယ်။  တစ်ခါတစ်ရံတော့လည်း အလုပ်မလုပ်ဘဲနဲ့ နေတာမှမဟုတ်တာ။ သူလည်း တတ်နိုင်သလောက် ရှာကျွေးနေတာပဲ။ ဒီလိုပဲဖြေသိမ့်ရတယ်ပေါ့။ တိုင်တိုင်ပင်ပင်နေရတယ်။ တအားကြီး ကျပ်တည်းလာတဲ့အခါတွေမှာဆိုရင် ကြွေးတွေတင်လာတဲ့အခါမှာတော့ ပြောမိဆိုမိတာရှိတာပေါ့။ ဖြေသိမ့်ရတာပေါ့။ လုပ်ရဲ့သားနဲ့အဆင်မပြေတာတော့  ဘယ်တတ်နိုင်မှာလဲ” ဟု ညည်းတွားသည်။

အနားတွင်ရှိနေသော ကိုဝင်းဦး ဘာမှဝင်မပြော။ နာနာဖိဝါးနေသည့် ကွမ်းကိုသာ ထွေးထုတ်လိုက်သည်။ မမြင့်မြင့်သူတို့ မိသားစုတွင် ဆိုင်ကယ်တစ်စီးရှိသည်။ တီဗီတစ်လုံးရှိသည်။ ဖုန်းတစ်လုံး ရှိသည်။ ပြီးတော့ မမြင့်မြင့်သူလည်တွင် ဆွဲထားသည့် ဆွဲကြိုးတစ်ကုံး ရှိသည်။ သည်ဆွဲကြိုးက ကိုဝင်းဦးဝင်ငွေဖြင့် လုပ်ထားသည့် ဆွဲကြိုးမဟုတ်။ ဇွန်ပန်းများ လှိုင်လှိုင်ပေါ်သည့်အချိန်က ဇွန်ပန်းရောင်းရသည့် ဝင်ငွေဖြင့် လုပ်ထားသည့်ဆွဲကြိုး။

မမြင့်မြင့်သူ စကားပြောတိုင်း အနှီဆွဲကြိုးက တလှုပ်လှုပ်။ မမြင့်မြင့်သူ ဇွန်ပန်း ရောင်းခဲ့ရသည်။ ဘဝတွင် ဒီလိုလုပ်ရမည်ဟု ဘယ်တုံးကမှ တွေးမထင်ထား။

“ကိုဝင်းဦးဝင်ငွေနဲ့ ဒီခေတ်ကုန်ဈေးနှုန်းနဲ့က ဘယ်လိုမှအဆင်မပြေဘူး။ နောက်ပြီး ကလေးနောင်ရေးကလည်း ရှိသေးတယ်။ ဒါကြောင့် ကျွန်မဇွန်ပန်း ရောင်းခဲ့တယ်။ အခုရာသီက ဇွန်ပန်းရာသီမဟုတ်တော့ဘူး။ လက်ရှိတော့ ဘာအလုပ်မှမရှိသေးဘူး။ ရာသီပေါ်ပန်းတွေ ရောင်းမလားလို့ စဉ်းစားနေတယ်”ဟု သူလုပ်မည့် အစီအစဉ်များကို ပြောပြသည်။

မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများက အများဆုံးဖြစ်သည်။ တစ်နေ့လုပ်မှ တစ်နေ့စားဘဝဖြင့်၊ လစာဝင်ငွေ နည်းနည်းဖြင့် ဘဝကို ရုန်းကန်နေရသည့်သူတွေသာ များသည်။ ကုန်ဈေးနှုန်း အပါအဝင် အထွေထွေ ကုန်ကျစရိတ်များ ကြီးမြင့်နေသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း လူဦးရေ ၆၁ သိန်းကျော်ရှိရာ ယင်းတို့အနက် အလုပ်လုပ်နိုင်သည့် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း ၆၇ ဒသမ ၉ ရာခိုင် နှုန်းရှိကြောင်း၊ အလုပ်အကိုင်ရရှိမှုအနေနှင့် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း ၆၅ ဒသမ ၇ ရာခိုင်နှုန်း၊ အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့်ပတ်သက်၍ ၂ နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရန် ဥပဒေပြဋ္ဌာန်းထားပြီး လက်ရှိ သတ်မှတ်နှုန်းထားအရ တစ်ရက်လုပ်ခ ၃၆၀ဝ ကျပ် ဖြစ်နေရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်နှင့် မန္တလေးမြို့တို့၌ အနည်းဆုံး တစ်ရက်လုပ်ခ  ၅၆၀ဝ သတ်မှတ်ပေးရန် အလုပ်သမားများ အဖွဲ့အစည်းများက တောင်းဆိုမှုများ ပြုပ်လုပ်ခဲ့ကြသည်။

Myanmar Insider စီးပွားရေးဂျာနယ်က  သုံးလတစ်ကြိမ်ပြုလုပ်သည့် စီးပွားရေးဆိုင်ရာယုံကြည်မှု ညွှန်းကိန်းအရ အန်အယ်ဒီအစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှုသည် ပြီးခဲ့သည့်အစိုးရနှင့် နှိုင်းယှဉ်ပါက နိမ့်ပါးသွားသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဖြေဆိုခဲ့ကြသည်။ 

Myanmar Insider စီးပွားရေးဂျာနယ်အနေနှင့် အလုပ်သမားဆယ်ဂဏန်းမှ ထောင်ဂဏန်းအထိရှိသော လုပ်ငန်းရှင် ၅၀ ကျော်ကို မေးမြန်းထားခြင်းဖြစ်ပြီး ဖြေဆိုသူများကိုလည်း မှတ်တမ်းတင်ထားသည်ဟု Myanmar Insider ဂျာနယ်ကဆိုသည်။ ယင်းဂျာနယ်၏ စစ်တမ်းအရ လက်ရှိအစိုးရအဖွဲ့၏ စီးပွားရေးစီမံခန့်ခွဲမှု လက်ခံသူ ၁၂ ရာခိုင်နှုန်းရှိပြီး ၅၈ ရာခိုင်နှုန်းက လက်ခံနိုင်ဖွယ်မရှိကြောင်း ဖြေကြားခဲ့သည်ဟု ဖော်ပြထားသည်။

မမြင့်မြင့်သူတို့ အိမ်ရှေ့မှ ရေခဲချောင်းသည်တစ်ဦး ဖြတ်သွားသည်။ သူ့ကလေးက သူ့အမေကို ပူဆာသည်။ အငိုနှင့်ပြောသည်။ အမေကို ခြေကန်ပြသည်။ သို့သော် မမြင့်မြင့်သူ စိတ်မဝင်စားအား။ သူ့စကားကိုသာ ဆက်သည်။

“အစိုးရက လုပ်နေတယ်လို့ ထင်တယ်။ သူတို့ပဲ တက်လိုက်ကျလိုက် မြင့်လိုက်နဲ့ တစ်နေ့လုပ်မှ တစ်နေ့စားသူတွေက မပိုတော့ဘူးပေါ့။ မရှိတဲ့သူတွေက ဒီဟာလုပ်မှ ဒီဟာစားရပါတယ်ဆိုပါမှ ဒီကုန်ဈေးနှုန်းကြီးသွားတော့ ဘယ်လိုလုပ်ကြမလဲ။ ဒါနဲ့ပဲ ရင်ဆိုင်နေရတယ်။ မပိုတော့ဘူး။ ကုန်ဈေးနှုန်းကြီးအောင် လုပ်တဲ့သူတွေအနေနဲ့ သက်သာအောင် လုပ်ပေးစေချင်တယ်။ ထိန်းချုပ်ပေးစေချင်တယ်။ သူတို့က တက်တက်၊ ကျကျဆိုတာ ဆိုတော့ သူတို့တက်သမျှကို ပြည်သူတွေက ဝယ်စားနေရတာ” ဟု ဒေါသသံနှင့် ဆိုသည်။

ငှက်တစ်အုပ် ပျံသန်းသွားသည်ကို နှစ်ချို့ ကန္တရရွက်တွေအကြားမှ တွေ့ရသည်။ နံနက်ပိုင်းက အေးသလောက် အချိန်မြင့်လာသည့်နှင့်အမျှ ရာသီဥတုက ပူလောင်စပြုလာပြီဖြစ်သည်။ မမြင့်မြင့်သူ ပဲမြစ်အခွံများကို ခပ်နာနာဖိချေနေသည်။ ကုန်ဈေးနှုန်းကြီးအောင်လုပ်သည့် အစိုးရကို ပဲမြစ်နှင့်အတူ ရောချေနေသလားမသိ။

“သူတို့ပြောတဲ့ဈေး ပြည်သူတွေက ဝယ်စားနေရတာ။ ရှိတဲ့သူတွေကတော့ ကိစ္စမရှိဘူး။ မရှိဆင်းရဲသားသူတွေအတွက်ကျတော့ ဘဝတက်လမ်း မရှိတော့ဘူး။ သူတို့ကိုပဲ လုပ်ကျွေးနေရသလိုဖြစ်နေတယ်။ ကိုယ်မစားရတော့ဘူး။ ပိုက်ဆံပိုဖို့ မစဉ်းစားအားဘူး။ ပိုက်ဆံလောက်ဖို့ကိုပဲ အရင်းဆုံး စဉ်းစားနေရတယ်”ဟု ပဲမြစ်အခွံများကို ကြည့်ရင်းပြောသည်။

စကားပြောနေရင်းနှင့် ရီဝေသော မျက်ဝန်းက တစ်ဖက်သို့ လှည့်သွားသည်။

ယောက်ျားလစာကို လစာထုတ်ရက်တိုင်း လက်ထဲနွေးအောင်ပင်မကိုင်ရ။ တစ်ခါတစ်ရံများ နွေးအောင်ကိုင်ချင်စမ်းပါဘိဟု တွေးနေဟန်တူသည်။ ရေခဲချောင်းသည်ကလည်း အဝေးသို့ရောက်သွားပြီဖြစ်၍ သူ့သားငယ်၏ ရေခဲချောင်းစားချင်သည့် မျှော်လင့်ချက်လည်း နိဋ္ဌိတံခဲ့သည်။

အစိုးရသစ်ဖြစ်လာမည့် ပါတီက ပြောင်းလဲချိန်တန်ပြီဟု ကျွေးကျော်ကာ မဲဆွယ်ခဲ့သည်။ ပြည်သူများကလည်း အပြောင်းအလဲကို မျှော်လင့်ခဲ့ကြသည်။ မမြင့်မြင့်သူလည်း အပြောင်းအလဲရေစီးတွင် မျောပါသည်။ အပြောင်းအလဲရေစီးတွင် မျောပါရင်း မမြင့်မြင့်သူလက်ထဲက ပိုက်ဆံ ၁၅၀ဝ က ဘာမှသုံးမရတော့။ ငွေကြေးတန်ဖိုးမရှိတော့။

ပြီးခဲ့သည့် ရက်ပိုင်းက အာဏာရပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက သူတို့ပါတီ အာဏာရလာခြင်းသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တပ်မတော်ခေါင်းဆောင်များက တိုင်းပြည်ကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သည့် အစိုးရအဖွဲ့မှ အရပ်သား အစိုးရအဖြစ် ပြောင်းလဲတာဝန်ယူနိုင်မှုက သမိုင်းတစ်လျှောက်တွင် အကြီးကျယ်ဆုံး ပြောင်းလဲမှုဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။

ဘာတွေပြောင်းလဲသွားသည်ကို မမြင့်မြင့်သူ မသိ။ သူသိသည်က ကုန်ဈေးနှုန်းများ ဆက်တိုက်တက်နေတာ သူသိသည်။ အထွေထွေကုန်ကျစရိတ်များ တက်ပြီး ပြန်မကျတာ သူသိသည်။ သူ့အမျိုးသား ဝင်ငွေတိုးမလာတာ သူသိသည်။ သားငယ်လိုချင်တာ မရရင် ငိုမှာသူသိသည်။ လကုန်ရက်တိုင်း အိမ်ပိုင်ရှင်က လစာတိုးမတောင်းဖို့အရေး ဆုတောင်းရသည်။ ကိုဝင်းဦး လစာတိုးပေးဖို့အရေး အလုပ်ရှင်များကို မေတ္တာပို့ရသည်။ ဘုရားမှာ ဆုတောင်းရသည်။ 

သို့သော် ဂေါတမဘုရားရှင်လည်း ကယ်တင်နိုင်မည်မထင်။ စားဝတ်နေရေးအတွက် အပူ၊ ကလေးရှေ့ရေးအတွက် အပူ၊ အပူ၊ အပူများနှင့် ဘဝဖြစ်သည်။ 

ဘဝ၏ ပူပင်သောကများကြားတွင် အိုအေစစ် နေ့ရက်များလည်းရှိသည်။ လစာထုတ်ရက် ကနဦး နေ့ရက်များဖြစ်သည်။

“ပျော်စရာကောင်းတဲ့ အချိန်တွေလည်း ရှိတာပေါ့။ လစာထုတ်တဲ့အခါကျရင် သူက (ကိုဝင်းဦး) ဆိုင်တွေမှာ လိုက်ကျွေးတယ်။ ပျော်တာပေါ့။ ပါရမီဖြည့်တာပေါ့။ မရှိအတူတူ ရှိအတူတူပေါ့” ဟု ကိုဝင်းဦးကိုကြည့်ရင်း ပြုံးတုန့်တုန့်ဖြင့် ဆိုသည်။

ကိုဝင်းဦးကတော့ ကွမ်းကိုသာ ဖိဝါးနေသည်။ ဈေးဝယ်ထွက်တိုင်း ပါလာသည့်ပိုက်ဆံဖြင့် ချင့်ချိန်ဝယ်ရသည့်ဘဝကို မမြင့်မြင့်သူ မလိုချင်။ ခင်ပွန်းကို လက်ဖက်သုပ်ဖြင့် ကျွေးရသည့်ဘဝကို မမြင့်မြင့်သူ မုန်းသည်။

“တော်သေးတယ်။ ယောက်ျားက ဟင်းကောင်းမမက်လို့။ တစ်ခါတစ်ရံတော့လည်း သူစားချင်တာလေး ချက်ကျွေးရတာပေါ့။ တစ်ခါတစ်ရံလည်း လက်ဖက်သုပ်နဲ့ ပြီးရတာပါပဲ။ သူက လက်ဖက်သုပ် ကြိုက်တယ်”ဟု ခပ်လေးလေး ပြောသည်။

ဘဝတွင် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံဖြင့် နေချင်သည်။ သားကို ကျောင်းကောင်းကောင်းမှာ ထားချင်သည်ဟုဆိုလာသူ မမြင့်မြင့်သူ၏ မျှော်လင့်ချက်များ ဘယ်တော့ပြည့်မည်မသိ။

မြတ်မင်း

  • VIA
  • TAGS