News

POST TYPE

FEATURE

ချင်းတောင်တန်းပေါ်က ခွာဒိုပွဲ
06-Nov-2017 tagged as

ဇိုမီးဘာသာဖြင့် (ခွာဒို) ဟုခေါ်ဆိုသည့် ကောက်သစ်စားပွဲတော် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဇိုမီးလူမျိုးများ၏ ရိုးရာဓလေ့များကို ဖော်ထုတ်ပြသသည့် ပွဲတော်တစ်ခုဖြစ်သည်။ ယင်းပွဲတော်ကို ယခင်က ကြီးကျယ်ခမ်းနားစွာ ကျင်းပခွင့် မရရှိခဲ့ဘဲ မှေးမှိန်ပျောက်ကွယ်နေခဲ့ရာမှ ယခုအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှစတင်၍ ခမ်းနားကြီးကျယ်စွာ ကျင်းပခွင့် ရရှိလျက်ရှိသည်။ တစ်ကျော့ပြန်လည် လှုပ်ရှားသက်ဝင်လာသည့် ခွာဒိုပွဲတော်သမိုင်းနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတို့အကြောင်း သတင်းထောက် ငြိမ်းသူမင်းက  ကွင်းဆင်းလေ့လာပြီး ရေးသား တင်ပြထားပါသည်။ 
အယ်ဒီတာ

ချင်းတောင်တန်းပေါ်က တီးတိန်ဆိုသည့် မြို့လေးတွင် ဇိုမီးလူမျိုးတို့၏ ရိုးရာပွဲတော် တစ်ခုဖြစ်သည့် ကောက်သစ်စားပွဲတော် (ခွာဒိုပွဲတော်) ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ဆိုင်းဇန်ကျေးရွာရှိ လူအများက ခပ်သွက်သွက် ပြင်ဆင်နေကြသည်။ 

ယင်းနေ့သည် နိုဝင်ဘာလ ၃ ရက် ညနေခင်း ဖြစ်သည်။ နေလုံးသည် အနောက်ဘက် တောင်တန်းမှတစ်ဆင့် နိမ့်ဆင်း ပျောက်ကွယ်သွားချိန်တွင် ခွာဒိုပွဲ ကျင်းပနေသည့် တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာ ဘောလုံးကွင်း အတွင်း၌ စိုက်ထူထားသည့် မီးတုတ်များနှင့် လျှပ်စစ်မီးတို့၏ အရောင်သည် ချင်းတောင်တန်း၏ အမှောင်ထုကို ဖြိုခွင်းလိုက်သည်။

ထင်းရှူးပင်များကြားမှ တိုးဝှေ့တိုက်ခတ်လာသည့် ဆောင်းလေအေးစိမ့်စိမ့်ကို အန်တုရင်း ဆိုင်းဇန် ကျေးရွာသားများ အပါအဝင် တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသည့် ခွာဒိုပွဲသို့ ရပ်ဝေးရပ်နီးမှ ရောက်လာသူများက စည်ကားသိုက်မြိုက်စွာ ဆင်နွှဲရန် ပြင်ဆင်နေကြသည်။ 

ခွာဒို (Khuado) ဟူသည်က တီးတိန်မြို့နယ်အတွင်း နေထိုင်သည့် ဇိုမီးလူမျိုးတို့၏ ရိုးရာပွဲတော် တစ်ခုလည်းဖြစ်ပြီး ရိုးရာနတ် ပူဇော်ပသသည့် ပွဲလည်းဖြစ်ကာ ရပ်ရွာတစ်ခုလုံး လက်ဆုံ စားသောက်ကြသည့်ပွဲလည်း ဖြစ်သည်။ 

ဇိုမီးလူမျိုးတို့သည် နှစ်ကာလ ရေတွက်ရာ၌ စိုက်ပျိုးရာသီစက်ဝန်းပေါ် မူတည်လေ့ ရှိကြသောကြောင့် စင်စစ်ခွာဒို ပွဲတော်ဟူသည် ရောက်လာသည့် စိုက်ပျိုးရာသီသစ်အတွက် တင်ကူးပြင်ဆင်သည့်ပွဲ တစ်ခုလည်းဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။

အချို့ကလည်း နှစ်သစ်ကူးပွဲတော်ဟု ခေါ်ဝေါ်ကြသည်။

ပွဲတော်၏ အဓိက အကျဆုံးတစ်ခုမှာ လာမည့် စိုက်ပျိုးရာသီသစ်၌ တောင်ယာမြေ ရွေးချယ်ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ခွာဒိုပွဲသည် ဇိုမီးမျိုးနွယ်စု၏ အရေးပါသည့် ပွဲတော်ဖြစ်သည်နှင့်အညီ သုံးရက်မှ ငါးရက်ကြာအထိ ကျင်းပတတ်ကြသည်။

ပွဲတော်တွင် ရိုးရာတူရိယာဖြစ်သည့် Khuang (ဗုံ)၊ Zam (မောင်း)၊ Dakbu (မောင်းငယ်အစုံ)၊ Silaki (နွာနောက် ဦးချို)၊ Gawsem (ဝါးခရာတစ်မျိုး)၊ Phit (ပုလွေတစ်မျိုး)၊ Salang (တယောတစ်မျိုး) စသည်များဖြင့် တီးခတ်ကာ ပွဲတော် ကျင်းပသည့်ညတိုင်း လူအများစု ဝိုင်းဖွဲ့ကာ တီးမှုတ်သီဆိုကခုန်ကြသည်။

“ခွာ”၏ အဓိပ္ပာယ်မှာ “ရပ်ရွာ”ဖြစ်ပြီး “ဒို”ဆိုသည်မှာ “ဧည့်ခံကျွေးမွေးခြင်း”ဖြစ်သည်။ ခွာဒိုဟူသည် သီးနှံအောင်ခြင်း အထိမ်းအမှတ်ပွဲ နှစ်သစ်အတွက် ပြင်ဆင်သည့်အနေနှင့် ဧည့်ခံကျွေးမွေးခြင်း၊ ခုခံတိုက်ထုတ်ခြင်း၊ နှစ်မျိုးစလုံး ပါဝင်သော ပွဲဖြစ်သည်။ ယခင်က ဇိုမီးလူမျိုးတို့၏ ကောက်ရိတ်ချိန်မှာ ခေတ်သစ်ပြက္ခဒိန်အရ ဩဂုတ်လအတွင်းဖြစ်ရာ ပွဲတော်ကျင်းပသည့် ကာလမှာလည်း ဩဂုတ်လအတွင်း ဖြစ်သည်။

သို့သော် ပြောင်းလဲလာသည့် ခေတ်သစ် လူနေမှုစနစ်နှင့်အတူ စိုက်ပျိုးသည့် အဓိက သီးနှံများမှာလည်း လိုက်လျောညီထွေ ပြောင်းလဲခဲ့ရာမှ ကောက်ရိတ်ချိန်မှာလည်း တစ်လတည်း မရိတ်တော့ဘဲ နိုဝင်ဘာလအထိ ကြာညောင်းလာခဲ့သည်။ သို့ဖြင့် တောင်ယာစပါး စိုက်ပျိုးသော ဒေသများ၏ ကောက်ရိတ်ချိန်ကိုလည်း အတည်ထားလျက် ပွဲတော်ကို အောက်တိုဘာလဝန်းကျင်၌ ကျင်းပခဲ့ကြပြန်သည်။

“အရင်တုန်းက ပွဲလုပ်ဖို့ စာတင်တယ်ဆိုရင် ခရိုင်တင်ခိုင်းလိုက် ပြည်နယ်တင်လိုက်နဲ့ ခွင့်ပြုချက် မရတာနဲ့ မလုပ်ခဲ့ရဘူး။ လုပ်ဖြစ်ရင်လဲ ညကိုးနာရီ နောက်ပိုင်း လုပ်လို့ မရဘူး။ နေ့ခင်းဘက်ပဲ လုပ်ကြရတာ”ဟု တီးတိန်လူငယ် မိတ်သဟာယ ဥက္ကဋ္ဌ (ဟောင်း) ဦးနုံးရှန်းတွောင်က ပြောဆိုသည်။ 

ယခုအခါ ခွာဒိုပွဲတော်ကို မြို့နယ်လုံးကျွတ် ပြည်နယ်အစိုးရအဖွဲ့ တက်ရောက်သည့်ပွဲတော်အဖြစ် ကျင်းပနိုင်သည်မှာ ယခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့ နှစ်ရက်အကြာ ပြုလုပ်သည့် ပွဲနှင့်ပါလျှင် ၂ နှစ်ကြာရှိပြီဖြစ်သည်။ 

ခွာဒိုပွဲသည် တစ်ရွာလုံး ပါဝင်ဆင်နွှဲသော ပွဲဖြစ်သည်။ ပွဲတော် ကျင်းပရာ၌ ဦးစွာ ဆွေမျိုးတော်စပ်မှု၊ ခင်မင်မှု၊ အိမ်နီးချင်း ဖြစ်မှုစသည်တို့အပေါ် အခြေခံလျက် အိမ်ထောင်စု အနည်းဆုံး သုံးလေးစုမှ အများဆုံး ၁၀ စု၊ ၁၅ စုအထိ အုပ်စုဖွဲ့၍ သင့်တော်ရာ အိမ်များ၌ အုပ်စုလိုက် အစားအသောက် ပြင်ဆင်ကြရသည်။

ယင်းသို့ဖြင့် ခွာဒိုပွဲ မဆင်နွှဲရသူဟူ၍ တစ်စုံတစ်ယောက်မှ မရှိတော့ဘဲ တစ်ရွာလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသော ပွဲတော်ဖြစ်လာသည်။ ပွဲတော် ပထမနေ့တွင် အမျိုးသားများက ရွာတွင်းရွာပြင်ရှိ လမ်းများကို မြေဖို့ပြုပြင်ကြခြင်းနှင့် အမျိုးသမီးများက အိမ်သုံးပစ္စည်းများ ဆေးကြော သန့်စင်ခြင်း၊ ကလေးများက နောက်တစ်နေ့ အသားကင်ရန်အတွက် ထင်းခြောက်ထင်းစများ သွားကောက်ခြင်း၊ ရွာရှိလူအချို့က သင်္ချိုင်းသို့သွား၍ သေလွန်သောသူများကို ပွဲတော်သို့ လာရောက် ဆင်နွှဲကြရန် ဖိတ်ခေါ်ကြခြင်း စသည်ဖြင့် တစ်ရွာလုံး အလုပ်ရှုပ်ကြရသည်။ 

ပွဲတော် ဒုတိယနေ့တွင် နတ်ဆရာ ဦးဆောင်၍ နတ်ကွန်းလူကြီး၏ အိမ်မှအစပြု၍ အိမ်တိုင်းစေ့ သွားရောက်ကာ မီးတုတ်များ ကိုင်မြှောက်၍ အော်ဟစ် ခြိမ်းခြောက်ခြင်း၊ ထင်းချောင်း တုတ်ချောင်းများဖြင့် ပစ်ပေါက်ခြင်း၊ ဒန်အိုးဖုံးများ တီးခေါက်၍ အသံပြု ခြောက်လှန့်ခြင်းဖြင့် နတ်ဆိုးများကို နှင်ထုတ်ကြသည်။ 

ယင်းနောက် ရွာလယ်တွင် မီးပုံပြုလုပ်ကာ မီးပုံမှထွက်လာသော မီးခိုးများ အရပ်လေးမျက်နှာ ဝေ့ဝဲလွှင့်တတ်ပုံကိုကြည့်၍ ရာသီသစ်၌ သီးနှံအောင်မည့်အရပ်ကို ခန့်မှန်း တွက်ချက်ကြသည်။ ညရောက်သောအခါ နတ်ကွန်းလူကြီး ဦးဆောင်သော လက်ရွေးစင် ရွာသားအချို့က တောထဲရှိ တင်ကူးမှတ်သားထားခဲ့သော ပျားအုံမှ ပျားသလက်ကို ယူဆောင်ကြသည်။ ပျားသလက် သွားယူသည့်အဖွဲ့ ရွာထိပ်သို့ ရောက်သောအခါ သေနတ် ပစ်ဖောက်ခြင်း၊ မီးတုတ်များဖြင့် မီးစတလက်လက် တောက်စေခြင်းတို့ဖြင့် အောင်ပွဲခံ သီချင်းများ သီဆိုကြသည်။ ယင်းနောက် ရွာထဲရှိ မအိပ်ဘဲ စောင့်နေသော ရွာသားများက ရွာထိပ် ထွက်လာပြီး ခေါင်ရည်နှင့် စားစရာများ အတူတူ စားကြပြီးနောက် ပျားအုံကို နတ်ဆရာထံသို့ အပ်နှံလိုက်ကြသည်။

“ပျားနို့တွေ အပြည့်ရှိလို့ရှိရင် နောင်နှစ်အတွက်ကို နိမိတ်ကောင်းတယ်။ စိုက်ပျိုးတဲ့နေရာမှာရော မွေးမြူတဲ့နေရာမှာရော အားလုံး ငွေရေးကြေးရေး ရှာတဲ့နေရာမှာရော အစစ အရာရာ ကောင်းချီးမင်္ဂလာ ပေးတယ်လို့ အယူအဆ ရှိတယ်။ ပျားအုံက ပျားနို့ လုံးဝ မရှိဘူး ထင်သလောက် မရှိဘူးဆိုရင် နောင်နှစ်အတွက်ကို စိုးရိမ်စရာရှိတယ်”ဟု နတ်ဆရာ ဦးဗန်ဇကျင်က ပြောဆိုသည်။ 

ပွဲတော် တတိယနေ့သည် ပွဲတော် နောက်ဆုံးနေ့ ဖြစ်သကဲ့သို့ မည်သူမျှ ရွာအပြင် မထွက်ရဘဲ အစားအသောက်အတွက် ရွာရှိ တိရစ္ဆာန်များကို သတ်ကြသည်။ ယင်းသို့ပြုလုပ်ပါက သေသည့်အခါ မိမိအလောင်းပေါ်၌ ယင်ကောင်များ မနားရန် ပျားများက အကူအညီ ပေးကြသည်ဟုလည်း အယူရှိကြသည်။ 

ယင်းနေ့ မွန်းလွဲတွင် နတ်ဆရာက ဒုတိယနေ့က ယူဆောင်လာသည့် ပျားသလက်ကိုကြည့်ကာ နတ်ဆရာ ဦးဗန်ဇကျင်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။ 

“ဒီနှစ်မှာတော့ ပျားအုံက ပျားနို့ အပြည့်ရှိတယ်။ ရှိတော့ နောင်နှစ်အတွက်ကို နိမိတ် ကောင်းတယ်”

ယင်းနောက် ၎င်းက ခေါင်အိုးထဲမှ ခေါင်ရည် စုတ်၍ ရွာဘက်သို့ မှုတ်ထုတ်လိုက်ကာ ဂါထာပန်းများ ရွတ်၍ ရွာအတွက် ကောင်းဦးတောင်းခံလေသည်။ 

ထို့ပြင် ယင်းနေ့ ည၌ ရွာသားအားလုံး ရွာလယ်ကွင်းပြင်သို့ ခေါင်ရည်များ၊ တူရိယာပစ္စည်းများနှင့် စုဝေးရောက်ရှိကြကာ တစ်ညလုံး ပျော်ရွှင်စွာ တီးမှုတ်သီဆို ကခုန်ကြသည်။

ယင်းပွဲတော်နှင့် ပတ်သက်၍ ရိုးရာခွာဒိုပွဲ ကျင်းပရေး ကော်မတီ သဘာပတိအဖြစ် ဆောင်ရွက်သူ ဦးတွာလ်ကျင်ပေါင်က ခွာဒိုပွဲတော်သည် ဇိုမီးလူမျိုးနွယ်စုတို့၏ မေတ္တာ အခြေခံသော လူမှုဖွဲ့စည်းပုံကို ထင်ဟပ်ပြနေသည့် ပွဲတော် အနှစ်သာရနှင့် ပြည့်ဝလှသောကြောင့် ရိုးရာအမွေအနှစ်ကို ကမ္ဘာတည်သရွေ့ ထိန်းသိမ်းကျင့်သုံးမည်ဖြစ်ကြောင်း ပြောဆိုသည်။

“နှစ်သစ်ရာသီ ပြောင်းလို့ ဖိုးလမင်းလည်း ပြည့် ခဲ့ပြီ။ နတ်ဆိုးထွက်လို့ နတ်မြတ်ပင့်ခဲ့ပြီ။ ရပ်ရွာလည်း သန့်သုံးရေလည်း သန့်ပြီ။ ရာသီပြောင်းလို့ ကောက်သစ်စားခဲ့ပြီ။ ခေါင်ရည်ချိုပြီး အသားလည်း နုပြီ။ ခေါင်ရည်ချိုနဲ့ ဗျစ်ရည်ကြားမှာ ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့”ဟု ခွာဒိုပွဲအကြောင်း ရေးစပ်ထားသည့်ကဗျာကို တီးတိန်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဂိုဆွမ်းခိုင်က ခွာဒိုပွဲ စင့်မြင့်ထက်မှ ဟန်ပါပါ ရွတ်ဆိုလိုက်သံသည် ချင်းတောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ငြိမ်းသူမင်း

  • VIA
  • TAGS