News

POST TYPE

FEATURE

နိုင်ငံတကာမှ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများ
30-Aug-2016

ပြင်သစ်

အမျိုးသမီးများသည် ပင်လယ်ကမ်းခြေတွင် ဘီကီနီဝတ်စုံ မပေါ်တပေါ်လေးများဖြင့် ဝတ်ဆင်ကာ ရေကူးကြခြင်းကို တားမြစ်ထားသည့် နိုင်ငံများ ရှိပါသည်။ သို့သော် ပြင်သစ်နိုင်ငံတွင် အမျိုးသမီးများကို ဝတ်စုံအပြည့် လုံခြုံစွာဖြင့် ရေကူးခြင်းကို အမျိုးသမီးများ အခွင့်အရေးအား ပိတ်ပင်ရာရောက်သည်ဟု ယူဆပြီး ပင်လယ်ကမ်းခြေတွင် ဝတ်စုံပြည့်ဖြင့် ရေဆင်းမကူးရန် တားမြစ်ခဲ့သည်။

ပြင်သစ် ဝန်ကြီးချုပ် မန်နျူရယ်ဗောလ် ကိုယ်တိုင်က အမျိုးသမီးများဝတ်သည့် ရေကူးဝတ်စုံသည် ‘အမျိုးသမီးများကို ကျေးကျွန်ဘဝဖြင့် တုတ်နှောင်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုရာ ရောက်သည်’ ဆိုသည့် အယူအဆ သဘောထားကို ထုတ်ဖော်ပြောကြားခဲ့သူ ဖြစ်သည်။

ပြင်သစ်နိုင်ငံ နိစ်ကမ်းခြေတွင် ဖြစ်သည်။ လူအများကြားတွင် ထူးခြားစွာဖြင့် ခေါင်းစည်းအပြာကို ပေါင်းထားပြီး တစ်ကိုယ်လုံး လုံခြုံစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအသွင်က ထူးခြားနေသည်။ ထိုအမျိုးသမီးထံသို့ ရဲလေးယောက်က လျှောက်လာသည်။ သူ့ကို ရဲတွေက ခေါင်းဆောင်းကို ချွတ်မည်လော၊ အိမ်ပြန်သွားမည်လောဟု လာပြီး သတိပေးသည်။ ပြင်သစ်နိုင်ငံတွင် အမျိုးသမီးများကို ဝတ်ရုံကဲ့သို့ လုံခြုံသည့် အဝတ်ကြီးကို ခြုံလာပြီး လမ်းထွက်လျှင် ဥပဒေအရ အရေးယူမည်ဟု အမိန့်ထုတ်ထားပြီးဖြစ်သည်။ အမျိုးသမီးကြီးက အပေါ်ဝတ်ရုံကြီးကို ချွတ်ပေးလိုက်သည်။

နိစ်ကမ်းခြေမှ ၁၈ မိုင်ခန့်ကွာဝေးသည့် ကန်းစ် ပင်လယ်ကမ်းခြေတွင်လည်း အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဝတ်ရုံဝတ်ပြီး ထိုင်နေသည်။ သူမသည် ကလေးနှစ်ယောက် မိခင်ဖြစ်သည်။ သူတို့ မိသားစုအားလုံး ပြင်သစ်နိုင်ငံသားများအဖြစ် ခံယူထားကြပြီးသား ဖြစ်သည်။ သူမသည် ယခင်က လေယာဉ်မယ်တစ်ယောက် လုပ်ဖူးပြီး ယခုကလေးများနှင့် ကမ်းခြေတွင် လာရောက်အပန်းဖြေနေခြင်း ဖြစ်သည်။

သူ့ကိုလည်း ရဲများက ဝတ်ရုံကို ချွတ်ပေးရန် လာရောက်သတိပေးသည်။ သူက နေပူဒဏ်ခံနိုင်စေရန် ဝတ်ထားသဖြင့် မချွတ်ပေးနိုင်ကြောင်း ပြောကာ ရဲများကို အော်ဟစ်ဆန့်ကျင်သည်။ ဝိုင်းကြည့်နေကြသူများကလည်း သူ့ကိုမချွတ်နိုင်လျှင် အိမ်ပြန်ရန် ဝိုင်းအော်ကြသည်။

ပြင်သစ်တွင် အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ၊ ဗုံးခွဲမှုများကို ခံရပြီးကတည်းက ရဲများသည် လုံခြုံရေးအတွက် မျက်စိဒေါက်ထောက် ကြည့်နေသည်။ အထူးသဖြင့် ဘာသာရေးအရ ဝတ်ရုံများဖြင့် လမ်းထွက်ခြင်းကို တားမြစ်ထားသောကြောင့် ရဲများကလည်း စောင့်ကြည့်နေသည်။ ကမ်းခြေတွင် ဖြစ်ပွားသွားခဲ့ရသည့် ရဲများနှင့် အမျိုးသမီးတို့ ရန်ပွဲကို အွန်လိုင်းပေါ် ရိုက်ပြီး တင်သူတွေက တင်လိုက်ကြသည်။ အငြင်းပွားစရာ ပြဿနာများ ဖြစ်လာခဲ့သည်။ ပြင်သစ်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဘာသာရေးအရ မည်သူမဆို လွတ်လပ်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။ သို့သော် လုံခြုံရေးနှင့် ဘာသာရေး ထိပ်တိုက်တိုးနေမှုများကို အမျိုးသမီးများက စတင်ရင်ဆိုင် ခံစားနေကြရသည်။

မော်ရိုကို


မော်ရိုကိုနိုင်ငံတွင် အမျိုးသမီးငယ်လေး တစ်ဦးသည် သူ့ကိုယ်သူ မီးရှို့သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့သည်။ လူတစ်စုက သူမကို ဝိုင်းပြီး မုဒိမ်းကျင့်သည့်အပြင် ရိုက်ကူးထားသည့် ဗီဒီယိုကိုလည်း အွန်လိုင်းတင်မည်ဟု ခြိမ်းခြောက်ခံရသဖြင့် ရှက်ရှက်နှင့် သတ်သေသွားခြင်းဖြစ်သည်။

လူငယ် ၈ ဦးသည် ဘင်ဂူရီယန်မြို့မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မာရာကက်ခ်ျမြို့ မြောက်ပိုင်းတွင် ဝိုင်းပြီး မုဒိမ်းကျင့်ကြကြောင်း မော်ရိုကို လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ပြစ်မှုကျူးလွန်သူ ၈ ဦးအနက် ၇ ဦးကို ဖမ်းမိထားသည်။ ထိုအမှုသည် ယမန်နှစ်ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားသူများကို အရေးမယူနိုင်သည့်အပြင် လွတ်သွားသူများက ကောင်မလေးကို အွန်လိုင်းပေါ် ဗီဒီယို တင်လိုက်မည်ဟု ခြိမ်းခြောက်သောကြောင့် ရှက်သဖြင့် ကောင်မလေးက မီးရှို့သတ်သေသွားသည်။

ကောင်မလေးသည် ဘင်ဂူရီယန် လမ်းတစ်လမ်းပေါ်တွင် ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှု အဆင့်သုံးဟု သတ်မှတ်သည်။ ဆေးရုံပို့ပြီး နောက်တစ်နေ့တွင် သေဆုံးသွားခဲ့ရသည်။ ကောင်မလေး သေဆုံးပြီးမှ သက်သေမခိုင်လုံဟု ဆိုကာ လွှတ်ပေးထားသူများကို ပြန်ဖမ်းရာ ၆ ဦးသာ ဖမ်းမိသေးသည်။

၂၀၁၄ ခုနှစ်ကလည်း မော်ရိုကို ပါလီမန်တွင် မုဒိမ်းကျင့်ပြီးနောက် ပြဿနာ မတက်ချင်သောကြောင့် လက်ထပ်ယူခြင်းကို ဥပဒေကြောင်းအရ ခွင့်ပြုရန်သင့်၊ မသင့် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၂ ခုနှစ်က အသက် ၁၆ နှစ်အရွယ် အမီနာဖီလာလီဆိုသူ ကောင်မလေးတစ်ယောက် ကြွက်သတ်ဆေးသောက်ကာ သတ်သေမှု ဖြစ်ပွားခဲ့သည်။ ကြွက်ဆေးသောက်ရခြင်းကလည်း သူ့ကို မုဒိမ်းကျင့်သူအား အတင်းဖိအားပေးပြီး လက်ထပ်ခိုင်းသောကြောင့် ဖြစ်သည်။

ထိုအမှုသည် မော်ရိုကိုနိုင်ငံသားများကို တုန်လှုပ်သွားစေခဲ့သည်။ ထို့ပြင် တစ်ကမ္ဘာလုံးရှိ မီဒီယာများကလည်း မုဒိမ်းကျင့်ခံရသူကို လက်ထပ်လျှင် ဥပဒေကြောင်းအရ အရေးယူရန်သင့်၊ မသင့် ဆွေးနွေးလာသည်အထိ ဖြစ်ခဲ့ရသည်။ အစဉ်အလာဟောင်းတွေကလည်း မုဒိမ်းကျင့်ခြင်း ခံရသူကို လက်ထပ်လိုက်ခြင်းသည် ထိုအကျင့်ခံရသူ၏  မိသားစုကို ဂုဏ်ပြုရာ ရောက်သည်ဟု ထင်မှတ်ကာ ဂုဏ်ယူကြသည်။ သို့သော် အမျိုးသမီးများဘက်က သိက္ခာကိုမူ မည်သူမျှ အရေးတယူ စဉ်းစားမှု မပြုခဲ့ကြပေ။

တူရကီ

တူရကီနိုင်ငံတွင်လည်း ထောင်ပေါင်းများစွာသော မုဒိမ်းသမားများနှင့် အကြမ်းဖက်သူများသည် ပြစ်မှုကိုရှောင်လွှဲရန် လက်ထပ်ခြင်းဖြင့် ထောင်မကျအောင် ကြံဆောင်နေကြသည်။ မော်ရိုကိုနိုင်ငံတွင် ဥပဒေကြောင်းအရ အရေးယူရန် ပါလီမန်တွင် ဆွေးနွေးမှ တူရကီ တရားရုံးချုပ်ကလည်း ထိုအမှုများကို ပြန်လည်စဉ်းစားရန်လိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရားလွှတ်တော်ချုပ် အကြီးအကဲ မူစတာဖာဒီမီဒက်က တူရကီနိုင်ငံတွင် တရားဝင် လက်ထပ်ခွင့်ကို မှတ်ပုံတင်ထားသူပေါင်း ၃,၀၀၀ ခန့်သာ ရှိသည်ဟု ဆိုသည်။ အချို့သော တရားရုံး ရောက်လာသည့် အမှုများတွင် အသက် ၅ နှစ်သမီးကို မုဒိမ်းကျင့်ထားသည်များ ပါပြီး၊ ၅ နှစ်သမီးကို ပြန်ယူထားသည်ကိုပင် တွေ့ရကြောင်း မီဒီဒက်က ဆိုသည်။
အမှုတစ်ခုတွင် ကောင်မလေးတစ်ယောက်သည် ပြန်ပေးဆွဲခြင်း ခံရသည်။ ပြန်ပေးဆွဲထားစဉ် လူသုံးဦးက ကောင်မလေးကို မုဒိမ်းကျင့်ကြသည်။ ထိုအမှုတွင်လည်း မုဒိမ်းသမား သုံးယောက်ထဲမှ တစ်ဦးသည် ကောင်မလေးကို လက်ထပ်လိုက်ရာ ကျန်နှစ်ဦးပါ အမှုက အလိုလိုလွတ်သွားခဲ့ရသည်။

ယင်းသို့သော ဥပဒေအပေါ် လက်တစ်လုံးခြားဖြင့် လှည့်ပတ်မှုကို လက်မခံနိုင်ကြောင်း ဒီမီဒက်က ဆိုသည်။ မိန်းကလေးတစ်ယောက်သည် သူ့ကို စော်ကားထားသူ တစ်ဦးအား၊ တစ်သက်လုံး မကျေမနပ်ဖြင့် ပေါင်းသင်းနေရမည် ဆိုခြင်းမှာ သဘာဝမကျကြောင်း သူက ပြောကြားသည်။ သူကစံပြအဖြစ် သူ့လက်ထက်တွင် မုဒိမ်းသမားတစ်ဦးကို ထောင်ဒဏ် ၁၆ နှစ်နှင့် ၈ လ ချပစ်လိုက်သည်။

ဆော်ဒီအာရေးဗီးယား

ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် ဗြိတိသျှနိုင်ငံသားအဖြစ် ခံယူထားသော အမျိုးသမီးတစ်ဦးကို သူမ၏ ဖခင်ဖြစ်သူက လှောင်အိမ်တစ်ခုထဲတွင် ထည့်ပိတ်ထားမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဆွမ်းစီးတွင် မွေးဖွားသည့် အသက် ၂၁ နှစ်အရွယ် အမီနာအယ်လ်ဂျက်ဖရီသည် ဗြိတိန်-ဆော်ဒီနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။ သူမ၏ ဖခင်ဖြစ်သူ အသက် ၆၂ နှစ် အရွယ်ရှိ မိုဟာမက်အယ်လ်ဂျက်ဖရီက အင်္ဂလန်၊ ဝေးလ်စ်မှ လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက သူ့ကို ပြန်ခေါ်သွားခဲ့သည်။ ဆော်ဒီတွင် ဗြိတိန်နိုင်ငံ ဓလေ့စရိုက်များအတိုင်း နေထိုင်သည့် သမီးကို ဖခင်ဖြစ်သူက သဘောမကျသောကြောင့် လှောင်အိမ်ထဲထည့်ကာ သော့ခတ်ပိတ်ထားခဲ့သည်။

အမီနာသည် တစ်နေ့ သူ့ဖခင် အိမ်တွင်မရှိခိုက် လှောင်အိမ်ထဲက ရအောင်ထွက်လာပြီး ရဲစခန်းကို ရောက်လာသည်။ သူမတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများ ရှိနေသည့်အပြင် ထမင်းမကျွေးဘဲ ထားသည်မှာ ကြာပြီဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သူ့ကို လှောင်အိမ်အတွင်း ထည့်သွင်းထားရသည့် အကြောင်းမှာ မိမိချစ်သူနှင့် လက်မထပ်ရန် တားမြစ်ခြင်းက စတင်ခဲ့သည်။ နိုင်ငံခြားရေးဌာနကတော့ သူ့ဖခင်က လုံခြုံရေးအတွက် အာမခံချက် မပေးလျှင် ဗြိတိန်ပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

အမီနာ၏ ဗြိတိန်နိုင်ငံသားဖြစ်မှုကို ဆော်ဒီအစိုးရက အသိအမှတ်မပြုပေ။ ဖခင်ဖြစ်သူကလည်း သမီးဖြစ်သူကို ဗြိတိန်သို့ ပြန်ပို့မည့်အရေးကို ကန့်ကွက်နေသည်။ အမီနာ၏ ရှေ့နေက ‘‘သမီးဆိုပြီးတော့ မိန်းကလေး တစ်ယောက်ရဲ့ အခွင့်အရေးကို ပိတ်ပင်တားဆီးဖို့ လုပ်နေတယ်။ ကြည့်ကြသေးတာပေါ့’’ ဟု ကြိမ်းဝါးထားသည်။

ဆီးရီးယား

ဆီးရီးယားနိုင်ငံတွင် အမျိုးသမီးများသည် ISIS တို့က ဝတ်ဆင်ခိုင်းထားသော ဝတ်ရုံရှည်များကို မီးရှို့ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဝတ်ရုံရှည်များကို မီးရှို့ဆန္ဒပြသည့် ဗီဒီယိုမှတ်တမ်း အွန်လိုင်းပေါ်တက်လာသည်။ အမျိုးသမီးတစ်ဦးက -

“ကျွန်မတို့ကို ဒီလိုဟာကြီးတွေ ဝတ်ရမယ်လို့ တီထွင်ခဲ့တာ တော်တော်အသုံးမကျတာပဲ။ ကျွန်မတို့ဟာ လူသားတွေ။ ကျွန်မတို့မှာ လွတ်လပ်ခွင့် ရှိတယ်” ဟု အဝတ်ကို မီးရှို့ရင်းက ပြောကြားခဲ့သည်။

ယင်းဗီဒီယိုမှတ်တမ်းကို ကာဒစ်ရှ်မှ Anha သတင်းအေဂျင်စီကလည်း ထုတ်ပြန်ခဲ့သည်။ မန်ဘစ်မြို့တော်တွင် ဝတ်ရုံကြီးများကို အမျိုးသမီးများက မီးရှို့ခြင်းအား ကလေးများနှင့် အမျိုးသမီးများက ပျော်ရွှင်စွာ လက်ခုပ်သြဘာ ပေးနေကြသည်။

အခြားအမျိုးသမီး တစ်ယောက်ကလည်း မီးရှို့ပွဲတွင် အစ္စလာမ္မစ် စစ်သွေးကြွ အကြမ်းဖက်သမားတို့သည် ပြည်သူများအပေါ် မည်မျှ နှိပ်စက်စော်ကား နေကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“သူတို့(ISIS) တွေဟာ ရုပ်မြင်သံကြားကို မကြည့်ရ ဆိုပြီးတော့လည်း တားမြစ်ကြတယ်။ တယ်လီဖုန်းလည်း မပြောရ၊ ကျွန်မတို့ဆီက အသားတွေလည်းယူ၊ ပေါင်မုန့်တွေလည်းယူ၊ ခုတော့ ကျွန်မတော့ အငတ်နေကြရတယ်” ဟုလည်း အခြားအမျိုးသမီးတစ်ဦးက ပြောဆိုခဲ့သည်။

မန်ဘစ်မြို့ကို ဇူလိုင်လက စစ်သွေးကြွများ သိမ်းပိုက်ပြီးနောက် အမျိုးသမီးတိုင်းကို ဝတ်ရုံရှည်ကြီးများ ဝတ်ထားရန် အမိန့်ထုတ်ထားခဲ့သည်။ အမျိုးသမီးများသည် လမ်းထွက်လျှင် မျက်လုံးလောက်သာ ဖော်ထားပြီး အားလုံး လုံခြုံနေရမည်ဟုလည်း စည်းကမ်းချက်များ ချမှတ်ထားခဲ့သည်။

အကြမ်းဖက်သမားများသည် ဘာသာရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရန် အထူးရဲများကို ခန့်အပ်ထားပြီး အမျိုးသမီးများအား လမ်းပေါ်သို့ အုပ်ထိန်းသူ အမျိုးသားများ မပါဘဲ မထွက်ရန်၊ လုံခြုံစွာ မဝတ်ဘဲ မထွက်ရန် အမိန့်များကို အမျိုးသမီးထုက ခေတ်မမီသော အတွေးအမြင်များဖြစ်သည် ဆိုကာ ဆန့်ကျင်နေကြခြင်း ဖြစ်သည်။

(Ref: AFP, Times, Independent, Mail Online, ANHA)