News

POST TYPE

FEATURE

မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ် ၁၁ ခု အပါအဝင် ဆုတံဆိပ် လေးဆယ်ကျော်ရရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၃

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် နဝမအကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေနှင့် ရွှေတံဆိပ် ၁၁ ခု အပါအဝင်  ဆုတံဆိပ် လေးဆယ်ကျော် ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ ၁၇ ရက်မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံအနေနှင့် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၅ ခု၊ ကြေးတံဆိပ် ၁၆ ခုဖြင့် ဆုတံဆိပ်ပေါင်း ၄၂ ခုရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့များအနက် ရေကူးအားကစားအဖွဲ့ဖြစ်သည် ရွှေတံဆိပ် ခုနှစ်ခု၊ ငွေတံဆိပ် ခုနှစ်ခု၊ ကြေးတံဆိပ် ခြောက်ခုအထိ ရယူပေးခဲ့ကာ အအောင်မြင်ဆုံး အားကစားအဖွဲ့အဖြစ်  ရပ်တည်ခဲ့သည်။

ပြေးခုန်ပစ်အဖွဲ့သည် ဒုတိယ အအောင်မြင်ဆုံး အားကစားအဖွဲ့ဖြစ်ပြီး ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ် လေးခု ရယူပေးခဲ့ကာ ထိုင်လျက် ဘောလီဘောအဖွဲ့က ရွှေတံဆိပ် တစ်ခု၊ စစ်တုရင်အဖွဲ့က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် ခြောက်ခု၊ အလေးမအဖွဲ့က ငွေတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့သည်။

နဝမအကြိမ်မြောက် အရှေ့တောင် အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ (ASEAN Para games) တွင် မြန်မာနိုင်ငံ အနေနှင့် ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ ထိုင်ရက် ဘော်လီဘော၊ ဘိုစီယာ၊ အလေးမ၊ စားပွဲ တင်တင်းနစ်၊ ခုနှစ်ယောက် ဘောလုံး၊ မြှားပစ်၊ Goal Ball ၊ ဘိုးလင်း၊ ဝှီးချဲ ဘတ်စကတ်ဘောတို့ကို အားကစား သမား ၁၂၄ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ မသန်စွမ်း အားကစားအဖွဲ့အနေနှင့် ၂၀၁၅ ခုနှစ်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက်  အရှေ့တောင်အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲအောက် ဆုတံဆိပ် နည်းပါးခဲ့သည်။ 

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားသမား ၁၀၂ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ကာ ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၂၉ ခု ရယူနိုင်ခဲ့သည်။

J-04