News

POST TYPE

FEATURE

အကြမ်းဖက်မှုများ ပတ်လည်ဝိုင်းနေသော ဒူတာတေး
ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက စက်တင်ဘာလ ၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ပြောဆိုလိုက်သည့် အစ္စလာမ္မစ်အစွန်းရောက် သူပုန်များနှင့် မည်သို့မှ အပေးအယူလုပ်ရန် အကြောင်း မရှိဆိုသည့် စကားကြောင့် ဓားစာခံများကို အကြောင်းပြပြီး အလဲအလှယ် လုပ်ချင်နေသော သူပုန်တို့ နှုတ်ပိတ်ကုန်ကြသည်။ 

စစ်သွေးကြွ အစွန်းရောက်သမားတွေက မင်ဒါနာအိုကျွန်းရှိ မာရာဝီမြို့ကို မေလကတည်းက သိမ်းပိုက်ထားကြသည်။ ဖိလစ်ပိုင်အစိုးရကလည်း လေကြောင်းတိုက်ခိုက်မှုကို ရက်ပေါင်း ၁၀၀ ခန့် ပြုလုပ်ခဲ့ပြီး၊ ခြေလျင်တပ်ကလည်း ဆက်တိုက်တိုက်ပွဲတွေ ဆင်နေကြရသည်။

“စေ့စပ်ညှိနှိုင်းစရာအကြောင်း မရှိဘူး”

သမ္မတ ဒူတာတေးက သတင်းထောက်များကို ယတိပြတ်ပြောသည်။ သတင်းထောက်တွေက သူပုန်ခေါင်းဆောင် အိုမာခရမ် မော်တီက ကမ်းလှမ်းချင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်၊ သူတို့ဖမ်းဆီး ပြန်ပေးဆွဲထားသူများနှင့် အစိုးရ ဖမ်းထားသူများကို အပေးအယူ လုပ်ချင်ကြောင်း ကောလာဟလတွေ ထွက်နေသည် ဟုတ်ပါသလားဆိုသည့် မေးခွန်းကို သမ္မတက အပြတ်ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

မာရာဝီမြို့သည် လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် ဖွတ်ဖွတ်ကြေနေပြီ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကို အီရတ်နှင့် ဆီးရီးယားကဲ့သို့ အစ္စလာမ္မစ်နိုင်ငံတော်အဖြစ် ထူထောင်ရန် အစွန်းရောက်တွေက တပ်ဖြန့်ပြီး တိုက်ခိုက်နေကြသည်။ ဖိလစ်ပိုင်စစ်တပ်ကလည်း မာရာဝီကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားနေကြသည်။ မာရာဝီသည် မြို့ပျက်ကြီးလို ဖြစ်နေသည်။ အစွန်းရောက် သေနတ်သမားများ၏ မိုင်းများ၊ ထောင်ချောက်ဗုံးများက မြို့အနှံ့တွင် ရှိနေသည်။ 

စစ်တပ်က သူပုန်ဓားစာခံ ၃၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းထားသည်။ ဖမ်းဆီးခံထားရသူများက မိမိတို့ကို အစိုးရအား ဆန့်ကျင်ရန် အတင်းအကျပ် ခိုင်းစေသောကြောင့်ဟု ပြောကြသည်။ ဒူတာတေးကတော့ ပြတ်သည်။ ဓားစာခံတစ်ယောက် လွှတ်ပေးလိုက်လျှင် ဤနယ်မြေကို ပြန်သိမ်းရန် နောက်ထပ် တစ်နှစ်စောင့်ရလိမ့်မည်ဟု ဆိုသည်။

မင်ဒါနာအိုကျွန်းပေါ်တွင် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ထားသည်။ ထိုကျွန်းပေါ်တွင် ပြည်သူပေါင်း ၂၂ သန်းခန့် ရှိသည်။ အစ္စလာမ္မစ်အစွန်းရောက် စစ်သွေးကြွ သူပုန်များကို ထောက်ခံနေသူ မှန်သမျှ ဒူတာတေးကတော့ အမြစ်ဖြုတ်မည်သာ ဖြစ်သည်။ 

ဖိလစ်ပိုင်စစ်တပ်သည် တစ်ဖက်ကလည်း ကွန်မြူနစ်သူပုန်များ ဖြစ်သည့် ပြည်သစ်တပ်မတော် (NPA) ကို ရင်ဆိုင်နေရသည်။ သူတို့ကလည်း အစိုးရကို ငြိမ်းချမ်းရေးစကား ဆွေးနွေးမည်ဆိုပြီး အကြိမ်ကြိမ် ချိုးဖောက်နေသည်။ ဒူတာတေးက စက်တင်ဘာ ၉ ရက် နေ့တွင် မာရာဝီမြို့မှ နာရီအနည်းငယ်သာ သွားရသည့် ကာဂါယန်ဒီ အိုယိုမြို့ကို ရောက်စဉ် ဖိလစ်ပိုင်နိုင်ငံရှိ တရားမဝင် အဖွဲ့အစည်းများနှင့် သူပုန်များကို တိုက်ရန်အတွက် ကျန်ဒေသများတွင်လည်း စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်သင့်ထုတ်ရမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့သည်။

စက်တင်ဘာ ၉ ရက်နေ့က မီဒီယာနှင့် တွေ့ဆုံစဉ် သမ္မတ ဒူတာတေးသည် ကွန်မြူနစ်သူပုန်များ လမ်းပေါ်ထွက်လာပြီး ဆူပူမှုများကို လုပ်ဆောင်မည်ဆိုလျှင် သူ့အနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ရန် ဝန်မလေးကြောင်း ပြောဆိုခဲ့သည်။ ကွန်မြူနစ်သူပုန်များကို အကြမ်းဖက်မှုများ လုပ်ဆောင်လာလျှင် သူ့ဘက်က သည်းခံမည် မဟုတ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ကွန်မြူနစ်တွေကလည်း ထစ်ခနဲရှိ လမ်းပေါ်ထွက်လာပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို တပ်ထဲမှာပဲနေဟု ကြွေးကြော်နေကြသည်။ တစ်နည်းပြောရလျှင် အစိုးရကို နည်းမျိုးစုံဖြင့် အနှောင့်အယှက်ပေးလာမှုအပေါ် ဒူတာတေး အနေနှင့် စစ်မျက်နှာတစ်ခုဖွင့်ပြီး ရင်ဆိုင်လာရသည့် သဘောဖြစ်သည်။ 

တစ်ချိန်က ဒူတာတေးကိုယ်တိုင် ရဲတပ်ဖွဲ့ကို ငတုံးတွေဟု ခေါ်ခဲ့သူဖြစ်သည်။ သို့သော် ယခုရဲတပ်ဖွဲ့နှင့် စစ်တပ်အပေါ် တိုက်ခိုက်ထိုးနှက်ချက်များကို သူက ပြန်ပြီး ကာကွယ်နေရသည်။ သူ့ဘက်က အစ္စလာမ္မစ် အစွန်းရောက် သူပုန်များကို ရင်ဆိုင်တိုက်ပွဲဝင်နေရချိန်တွင် ကွန်မြူနစ်တွေကလည်း တစ်စခန်းထလာခြင်းအပေါ် လုံးဝ ခွင့်မလွှတ်နိုင်လောက်အောင် ဖြစ်လာသောကြောင့် လမ်းပေါ်ကို ထွက်ရဲထွက်လာကြည့်ဟု ခြိမ်းခြောက်နေရခြင်း ဖြစ်သည်။ ကွန်မြူနစ်တွေ ထကြွပြီး လှုပ်ရှားလာလျှင် ဖမ်းမည်ဟု သူက ကြေညာပြီး ဖြစ်သည်။ 

“ဒီကောင်တွေ ပုန်းမနေနိုင်ဘူး။ သူတို့ အစည်းအဝေးတွေကို ပြည်သူတွေ ကြားထဲမှာပဲ လုပ်နေကြတယ်။ လုပ်ပါစေ လွှတ်ထားလိုက်မယ်။ အဖွဲ့အစည်းအနေနဲ့ အစည်းအဝေးတွေ လုပ်နေတယ် ကြားတယ်။ လုပ်ပါစေ လွှတ်ထားလိုက်မယ်။ အေး ဒါပေမဲ့ တစ်ချက်တော့ မမှားလိုက်နဲ့” ဟု သူက ကာဂါယန်ဒီ အိုယိုမြို့တွင် ပြောကြားခဲ့သည်။

“မင်းတို့ကို ငါကကြောက်နေမယ် မထင်နဲ့။ သူပုန်ထမယ်လည်း မကြံနဲ့။ လမ်းပေါ်ထွက်ကြည့်။ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြီးတော့ အားလုံးကို ဖမ်းပစ်လိုက်မယ်” ဟုလည်း ဆိုလိုက်သည်။ 

ဒူတာတေးသည် မေလ ၂၃ ရက်နေ့က မင်ဒါနာအိုကျွန်းကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်လိုက်ခြင်း ဖြစ်သည်။ အစ္စလာမ္မစ် အစွန်းရောက်သမားများက အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရန် ကြွေးကြော်ပြီး မာရာဝီမြို့ကို သိမ်းပိုက်တိုက်ခိုက်လာသဖြင့် မော်တီစစ်သွေးကြွအုပ်စုကို သူက တန်ပြန်နှိမ်နင်းနေခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်သည်။

မာရာဝီတွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စစ်သွေးကြွ အစွန်းရောက် သူပုန် ၆၅၅ ဦး၊ အရပ်သား ၄၅ ဦးနှင့် အစိုးရဘက်မှ စစ်သား ၁၄၅ ဦး ကျဆုံးခဲ့ရပြီး ဖြစ်သည်။ အစိုးရဘက်က ပြောကြားချက်အရ အရပ်သား ၁၇၂၈ ဦးကို ထိုဒေသမှ ကယ်ဆယ်နိုင်ခဲ့ပြီး၊ အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရသူပေါင်း ၄၀၀၀၀ ခန့် ရှိကြောင်း သိရသည်။ 

စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ကာနယ် အက် ဂတ် အေရီဗာလိုက ဓားစာခံများကို ကယ်တင်ရေးသည် မိမိတို့ စစ်ဆင်ရေးတွင် အဓိက ဦးစားပေး လုပ်ဆောင်ရသည့်လုပ်ငန်း ဖြစ်ကြောင်း ပြောကြားသည်။ သူက အရပ်သားများကို သူပုန်တွေက ခေါင်းကို သေနတ်နှင့် ချိန်ထားသောကြောင့် စိုးရိမ်ရသည့် အနေအထားကို ရောက်နေပြီး သူတို့လည်း သတိထား လုပ်ဆောင်နေရကြောင်း၊ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွများသည် ဖမ်းဆီးထားသူများကို လူသားတံတိုင်းအဖြစ် လုပ်ခိုင်းခြင်း၊ သေနတ်နှင့် လက်နက်ကြီးများ ပစ်ခတ်နေချိန်တွင် အတင်းရှေ့ကို တက်ခိုင်းခြင်းများ ပြုလုပ်နေသောကြောင့် မိမိတို့စစ်တပ်က သူတို့ကို နှိမ်နင်းရာတွင် အခက်အခဲများ ရှိနေသည် ဟုဆိုသည်။ 

ကုလသမဂ္ဂကလည်း မာရာဝီရှိ သူပုန်များကို အစိုးရက တိုက်ခိုက်ရန်အတွက် နည်းပညာ အထောက်အကူများပေးလျက် ရှိသည်။ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးကလည်း ဖိလစ်ပိုင်တပ်ဖွဲ့ကို စစ်ရေးသင်တန်းများပေးရန် ကမ်းလှမ်းထားသည်။ 

စက်တင်ဘာ ၁၂ ရက်နေ့က သမ္မတ ဒူတာတေးသည် တိုက်ပွဲများ ဖြစ်ပွားနေသည့် မာရာဝီမြို့ကို စတုတ္ထအကြိမ်မြောက် ရောက်လာသည်။ စက်တင်ဘာ ၁၁ ညဥ့်သန်းခေါင်ယံအချိန်တွင် အစိုးရစစ်တပ်နှင့် သူပုန်တပ်ဖွဲ့တို့ အကြီးအကျယ် တိုက်ပွဲဖြစ်သည်။ သူပုန်ငါးယောက် ကျဆုံးခဲ့သည်။ သူပုန်များထံက ညကြည့်မျက်မှန်များ၊ စွမ်းအားမြင့် လက်နက်များကို သိမ်းဆည်းရမိခဲ့သည်။ 

ထိုညက အစိုးရတပ်နှင့် သူပုန်များ မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစိုးရစစ်တပ်ဘက်က စနိုက်ပါ သေနတ်သမားကြောင့် ရန်သူလေးယောက်ကို အသေပစ်ခတ် ဖမ်းမိခြင်း ဖြစ်သည်။ ကျန်တစ်ယောက်မှာ ရန်သူတို့ စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ အစိုးရဘက်က ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ကြောင်း ကာနယ် ရိုမီရို ဘရောနားက ထုတ်ပြန်ကြေညာခဲ့သည်။ 

ဒူတာတေး စက်တင်ဘာ ၁၂ ရက်နေ့တွင် မာရာဝီကို လာမည်အား သူပုန်တွေက ကြိုသိနေသဖြင့် ညကတည်းက သွေးတိုးစမ်းကြခြင်း ဖြစ်သည်။ နောက်တစ်နေ့တွင် သမ္မတက ရောက်လာပြီး စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် တိုက်တွန်းပြောကြားကာ စစ်တပ်ကို အားပေးသွားခဲ့သည်။ 

လက်ရှိစစ်တပ်က ရင်ဆိုင်ပြီး တိုက်ပွဲဆင်နေသည့်အကျယ်အဝန်းမှာ ဟက်တာ ၂၀ ဝန်းကျင်ခန့်ရှိသည်။ ထိုနယ်မြေအတွင်း သူပုန်တို့က အဆောက်အအုံ ၂၃ ခုကို သိမ်းပိုက်ထားပြီး အဆောက်အအုံတစ်ခုမှာ ငါးထပ်မြင့်သည်။ ထိုနယ်မြေအတွင်း အမျိုးသမီးများနှင့် ကလေးများကို စစ်သွေးကြွများက ဓားစာခံများ လုပ်ထားပြီး အသေခံခိုင်းခြင်းများ မပြုလုပ်စေရန် အစိုးရတပ်ဘက်ကလည်း မျှော်လင့်နေကြသည်။ 

ဖိလစ်ပိုင်ရေဒီယို အသံလွှင့်ဌာနတစ်ခု ဖြစ်သည့် Radio dzBB က ထုတ်ပြန်ချက်တွင် အဆောက်အအုံများကို အစိုးရတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ပြီး မော်တီသူပုန်များ သိမ်းပိုက်ထားသော အဆောက်အအုံများကို ပြန်လည်သိမ်းပိုက်မိကြောင်း ဖော်ပြထားသည်။ သူပုန်တပ်တွေက ထိုအဆောက်အအုံများကို အခိုင်အမာ တပ်စွဲကာ သိမ်းပိုက်ထားသည်မှာ ကြာခဲ့ပြီ။ 

မာရာဝီမြို့ကို သိမ်းပိုက်ရာတွင် မော်တီသူပုန် ၆၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး ဖြစ်သည်။ မော်တီသူပုန်တို့သည် အရပ်သားပေါင်းများစွာကို ဓားစာခံများအဖြစ် ဖမ်းဆီးထားဆဲဖြစ်သည်။ 

ဖိလစ်ပိုင်စစ်တပ် အနေနှင့် အဓိက ရင်ဆိုင်နေရသူများမှာ မွတ်ဆလင် အစွန်းရောက်သူပုန်များ ဖြစ်သည်။ သူတို့ကလည်း ဖိလစ်ပိုင်ကို နှစ်ပေါင်းများစွာ အစ္စလာမ္မစ်နိုင်ငံတော်အဖြစ် ထူထောင်မည်ဆိုကာ ကြွေးကြော်နေသူများ ဖြစ်သည်။ မင်ဒါနာအိုကျွန်းတွင် အဓိကစိုးမိုးနေသည့် အစွန်းရောက်အုပ်စုမှာ MILF (Moro Islamic Liberation Front) ဖြစ်သည်။ 

MILF အဖွဲ့ဝင် သူပုန်ပေါင်း သိန်းကျော်ရှိမည်ဟု အစိုးရတပ်များက ခန့်မှန်းထားသည်။ သို့သော် လက်နက်ကိုင်သူပုန်အဖြစ် အစိုးရ ရင်ဆိုင်နေရသည်မှာ သောင်းချီဖြစ်နေသည်။ ၂၀၁၄ ခုနှစ်က အစိုးရနှင့် MILF အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးဖူးသည်။ သို့သော် တိုက်ပွဲလေးတွေကတော့ မပြတ်ဖြစ်နေသည်။ 

နိုင်ငံရေးလေ့လာဆန်းစစ်သူ ရစ်ချတ် ဟေဒါရီ ယန်က ဒူတာတေးခေတ်သည် မူးယစ်ဆေးဝါး ပြဿနာ သာမက MILF ပြဿနာကိုပါ နှိမ်နင်းနေရသည့်ခေတ် ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ယခုတစ်ဖန် အရူးမီးဝိုင်းလို ဖြစ်နေသော အစိုးရမှာ ကွန်မြူနစ်တွေ၏ စိန်ခေါ်မှုကိုပါ ရင်ဆိုင်နေရသည်။ ရစ်ချတ်က မာရာဝီ ပြဿနာသည် ISIS ဆိုသည့် အုပ်စုကို တိုက်ခိုက်နှိမ်နင်းနေရသည့် အသွင်ဆောင်လာပြီး အစိုးရအနေနှင့် အပြတ်ဖြတ်နိုင်ရန် အရေးကြီးသည်ဟု ဆိုသည်။ 

စစ်တပ်ကလည်း သူပုန်တွေဘက်က စိတ်ဓာတ်ကျပြီး လက်နက်ချရန် ပြင်ဆင်နေကြကြောင်း ပြောကြားသည်။ သို့သော် ခေါင်းဆောင်များကိုယ်တိုင်က လက်နက်ချ အညံ့ခံလိုသူများကို ပစ်သတ်ပြနေသည်မှာလည်း မရေတွက်နိုင်လောက်အောင် ရှိနေကြောင်း ထုတ်ပြန်ထားသည်။ 

မူးယစ်ဆေး ပြဿနာကို ကိုင်တွယ်ပြီး ကြမ်းပြရမ်းပြခဲ့သော သမ္မတဒူတာတေး တစ်ယောက် ယခုစစ်မြေပြင် ရှေ့တန်းများသို့ စစ်ဝတ်စုံဝတ်ပြီး တက်ကြွစွာ လှုပ်ရှားပြနေသလို သေနတ်တွေလည်း စမ်းပြနေသည်။ နိုင်ငံအတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူများကို သတ်ချင်သလိုသတ် အရေးမယူဟု အမိန့်ထုတ်ခဲ့သည့် လူကြမ်းသမ္မတတစ်ယောက် အကြမ်းဖက် MILF သူပုန်တွေကို မည်သို့နှိမ်နင်းမည် ဆိုသည်ကို စောင့်ကြည့်ကြရမည်သာ ဖြစ်သည်။ သူ့ဘက်ကတော့ ရှင်းသည်။ သူပုန်တွေကို ဘယ်တော့မှ “စေ့စပ်ညှိနှိုင်းစရာအကြောင်း မရှိဘူး” ဟု ဆိုထားသည်။

(Ref : Inquirer.net, PhilStar Global, South China Morning Post, Reuters, AFP)

ကျော်ဗလ