News

POST TYPE

FEATURE

မြန်မာ့ အသက်အငယ်ဆုံး ဆိုင်းသမ
04-Sep-2017 tagged as မန္တလေး

အသက်ခြောက်နှစ် အရွယ်ကတည်းက ဆိုင်းတီးလာသူ ဇူးဇူးစံသည် ယခုအခါ အသက် ၁၀ နှစ် ကျော်အရွယ် ရောက်ရှိလာပြီ ဖြစ်သည်။ လက်ရှိအချိန်ထိ သူသည် မြန်မာ့ဆိုင်းလောကတွင် အသက်အငယ်ဆုံး ဆိုင်းသမဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၁၉၈၈ အရေးအခင်းမတိုင်မီက ပထမဆုံး အမျိုးသမီး ဆိုင်းဆရာ ပေါ်ထွက်ခဲ့ဖူးသည်။ ရန်ကုန်မြို့တော်မှ ယဉ်ယဉ်နု ဖြစ်သည်။ ဆိုင်းဝိုင်းအတွင်း စတင်ဝင်ရောက်လာသည့် အရွယ်မှာ အပျိုပေါက်အရွယ် ၁၆ နှစ် ဝန်းကျင်ခန့် ဖြစ်သည်။ ယင်းနောက် ၂၀၀၀ ခုနှစ် ဝန်းကျင်တွင် အသက်ငယ်သည့် အမျိုးသမီး ဆိုင်းဝိုင်းတီးတစ်ဦး ထွက်ပေါ်လာခဲ့သေးသည်။ သူ့အမည်က ဝင့်သဉ္ဇာစတန်းဖြစ်ကာ ရန်ကုန်မြို့တော်ရှိ နာမည်ကျော် စိန်စတန်း၏ မြေးမလေးဖြစ်သည်။ စတင်တီးခဲ့သည့် အရွယ်က အသက် ၁၀ နှစ်ခန့်ရှိပြီ ဖြစ်ရာ ယခုလက်ရှိတွင် အသက်မှာ ၂၀ ဝန်းကျင်ခန့် ရှိနေလေပြီ။

မြန်မာဆန်ဆန်ဝတ်ပြီး သူ၏ပတ်ဝိုင်းအတွင်း မတ်တတ်ရပ်ပြီး မမီ့တမီ ဆိုင်းတီးဟန်က မြင်သူတကာ အသည်းကို ဆွဲကိုင်လှုပ်ရှားစေသည်။ 
“ဆိုင်းတီးရတာ ပျော်လည်းပျော်တယ်။ ကျေလည်းကျေနပ်တယ်” ဟု အသံချိုချိုဖြင့် ပြောလိုက်သည်က ဆိုင်သမလေး ဇူးဇူးစံ။

ချစ်စဖွယ်မျက်နှာပေး၊ အတီးလက်ရာ၊ လက်အကျလက်နကောင်းသည့် တီးဟန်များကြောင့် မြင်ရသူ ဘဝင်အေးအောင် ဆွဲဆောင်နိုင်သော ပါရမီရှိသူလည်း ဖြစ်သည်။ 

သူနှင့်ခေတ်ပြိုင် သက်ငယ်ဆိုင်းဝိုင်း တီးသူများ ပေါ်ထွက်လာသော်လည်း သူ၏ဆိုင်းသံနှင့် ချစ်စဖွယ် မျက်နှာပေး တေးဆိုသံတို့ကို ယှဉ်ပြိုင်နိုင်သည့်သူ မရှိသေးသောကြောင့် မန္တလေးမြို့တော်၌ ဆင်ဗေဒါ၏ ရင်သွေး ဇူးဇူးစံဟု ကျော်စောလာခဲ့သည်။

ဇူးဇူးစံ၏ မိဘ၊ ဘိုးဘွားများသည် ဆိုင်းဆရာကြီးများ ဖြစ်ကြပြီး သူ့ခေတ်သူ့အခါက နိုင်ငံကျော် ဆိုင်းဆရာကြီးများ ဖြစ်ခဲ့ကြသည်။ ဇူးဇူးစံ၏ ဖခင်က ဆိုင်းဆရာ ဆင်ဗေဒါ။ ဆင်ဗေဒါ၏ ဖခင်က ပီကင်းပြန် ဆိုင်းဆရာကြီး ဆင်မြရှင်။ ဆင်မြရှင်၏ ဖခင်က စိန်ကြာပေါ် ဖြစ်ကာ ဆိုင်းဆရာ စိန်ဗေဒါတို့နှင့် ခေတ်ပြိုင်ပေါ်ထွက်လာသည့် ဆိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်သည်။

ဇူးဇူးစံသည်လည်း ဆိုင်းပညာမျိုးဆက်ကို လက်ဆင့်ကမ်း အမွေခံခဲ့သူ ဖြစ်သည်။ 

ထိုသို့ လက်ဆင့်ကမ်းခဲ့သော်လည်း အလွယ်တကူတော့ မဟုတ်ခဲ့။ ဖခင်ဖြစ်သူကိုယ်တိုင် စစ်သည့် စာမေးပွဲ ဖြေခဲ့ရသည်။ 

သူ၏ ပထမဦးဆုံးပွဲက မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အတွင်းရှိ အလှူတော် မင်္ဂလာပွဲ။ ပွဲဦးထွက်တွင် အမှားအယွင်းမရှိဘဲ သင်ကြားပြသပေးခဲ့သည့်အတိုင်း တစ်သဝေမတိမ်း တီးပြနိုင်ခဲ့ကြောင်း သူ၏ဖခင်က ဆင်ဗေဒါက ဆိုသည်။

“သူက အမှားအယွင်း မရှိအောင် လုပ်ပြနိုင်ခဲ့တယ်။ လူရွှင်တော်တွေကတောင် မှားသေးတယ်။ သူက မမှားဘူးဗျ။ သူ စာမေးပွဲ အောင်သွားခဲ့တယ်” ဟု ဆိုင်းဆရာ ဆင်ဗေဒါက ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ထုတ်ဖော်လိုက်သည်။

မန္တလေးတွင် နာမည်ကျော်သော်လည်း သူ့ဇာတိသည် မန္တလေးကတော့ မဟုတ်။ 

ဇူးဇူးစံကို စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတစ်ထောင်ဘုရားအနီးရှိ ခံတက်ကန်ကျေးရွာတွင် မွေးဖွားသည်။  

“သူ့ကိုမွေးပြီး တောက်လျှောက်အလုပ်အကိုင် အဆင်ပြေတော့တာပဲ။ မန္တလေးကို ရောက်လာပြီး ကတည်းက မုံရွာမပြန်ဖြစ်တော့ဘဲ ဒီမှာပဲ အခြေချလိုက်တယ်”ဟု ဆင်ဗေဒါက ရှင်းပြသည်။

ဇူးဇူးစံ မွေးပြီးနောက် ဆိုင်းဆရာ ဆင်ဗေဒါ အနေနှင့် ကိုယ်ပိုင်ဆိုင်းဝိုင်းဖြင့် လုပ်ငန်းခွဲနိုင်ခဲ့သည်အထိ ဖြစ်လာခဲသည်။

မန္တလေးမြို့တွင် အခြေချပြီး ဆိုင်းပညာဖြင့် အသက်မွေးနေစဉ် ဆိုင်းဆရာ ညီရဲရင့်က ဇူးဇူးစံကို ပွဲထုတ်၍ ရနိုင်သည်ဟု အကြံပြုသည်။ ယင်းအကြံပြုချက်အရ ဇူးဇူးစံ ဆိုင်းပညာ သင်ကြားခွင့် ရခဲ့သည်။

ဆိုင်းပညာရပ်ကို ကိုးရက်အတွင်း သင်ကြားတတ်မြောက်ခဲ့ပြီး ပွဲထွက်ခွင့်ရခဲ့သည်အထိ ပါရမီကောင်းသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။

“သားသမီးကို ခိုင်းစားတယ်လို့ မြင်မှာလည်း စိုးတယ်။ အဖေဖြစ်တဲ့သူက လုပ်ကျွေးရမှာလေ။ အဲ့ဒီတော့ သူ့ကို ဆိုင်းပညာ မသင်ပေးချင်ခဲ့ဘူး။ ပညာအမွေ လက်ဆင့်ကမ်းတာပဲလေ ဆိုပြီး တိုက်တွန်းကြလို့သာ သင်ပေးခဲ့ရတာ” ဟု ဆင်ဗေဒါက မျက်ရည်ရစ်ဝိုင်းနေသည့် မျက်ဝန်းများဖြင့် တီးတိုးညည်းတွားသည်။ 

“ဇူးဇူးစံလေး ဆိုင်းတီးတာ မြင်ရကြားရတာ ကြက်တီးတောင် ထမိတယ်” ဟု မန္တလေးမြို့ခံ ပရိသတ် ဒေါ်နုရည်က ဆိုသည်။

“သမီးကို ပရိသတ်တွေ အားပေးတော့ ပျော်တယ်။ အမှားမရှိအောင် ဖေဖေ သင်ပေးတဲ့အတိုင်း ကြိုးစားတီးတယ်” ဟု ဇူးဇူးစံက ဆိုသည်။

ပွဲဦးထွက်ပွဲ၌ပင် ပရိသတ်ကို ကြောက်လန့်ခြင်း တစ်စုံတစ်ရာမရှိခဲ့ဘဲ မှန်ကန်စွာ ဆိုင်းတီးဖျော်ဖြေ ပေးနိုင်ခဲ့သည်။

ဇူးဇူးစံ တီးသည့် ဆိုင်းအမျိုးအစားမှာ ဗလာဆိုင်းအမျိုးအစားဖြစ်ပြီး အလှူတော်မင်္ဂလာ၊ ဘုရားထီးတင်ပွဲ အခမ်းအနားများတွင် တီးခတ်ရသည့် အမျိုးအစား။ ယင်းသို့ တီးခတ်ရာတွင် ဆိုင်းဝိုင်းတီး၊ ဆိုင်းနောက်ထ၊ လူရွှင်တော်နှစ်ဦး၊ လင်းကွင်းတီး၊ ဗုံလေး၊ ဗုံကြီး၊ ခြောက်လုံးပတ်၊ ကြေးတီး၊ စည်းတီး၊ နောက်ခံ အဆိုတော်နှစ်ဦး အစရှိသည်ဖြင့် ပြည့်စုံစွာ ပါဝင်သည်။ လူရွှင်တော်က ဆိုင်းဆရာကို ဆိုင်းဆင့်စကားဆိုကာ ဆိုင်းအတီး တစ်ခုနှင့်တစ်ခုကြား ချောမွေ့ပြေပြစ်စေရန် စကားစဉ် ပေးရသည်။ 

ဇူးဇူးစံ၏ လက်ရှိဆိုင်ပညာမှာ အခြေခံအဆင့်၊ ဝါသနာရှင် အဆင့်တွင်သာ ရှိသေးသော်လည်း ပရိသတ် အခိုင်အမာ ရရှိနေပြီ။ “ဇူးဇူးစံရဲ့ ဆိုင်းလက်ရာက အခြေခံအဆင့်ပါပဲ။ ဒါပေမဲ့ ပရိသတ်ချစ်အောင် ဟန်အမူအရာတွေ လုပ်တတ်တယ်။ သီချင်းလည်း ကောင်းကောင်းဆိုပြနိုင်တယ်။ ဒါက သူရဲ့ ပင်ကိုပါရမီပေါ့” ဟု မန္တလေးတိုင်း သဘင်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မော်က မှတ်ချက်ပြုသည်။

ဇူးဇူးစံ ဆိုင်းတီး၍ ရရှိသော ငွေများထဲမှ ‘သမီး၏ ဆန္ဒ’ အမည်ဖြင့် ၂၀၁၄ ခုနှစ်က တေးစီးရီးတစ်ခွေ ထုတ်ဝေခဲ့သည်။ ယင်းနှစ်က ဘိသိက်ဆရာ၊ ဆိုင်းဆရာ၊ သဘင်ပညာရှင်များ၏ တေးစီးရီး ၈၀ ခန့် ထွက်ရှိခဲ့သော်လည်း သူ၏တေးစီးရီးခွေ ပေါက်ခဲ့သည်။ ထိုအခွေ၌ပင် သူဖြစ်ချင်သည့်ဆန္ဒကို တွေ့ရသည်။

‘ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန်မနက်... ကျောင်းထွက်မယ်...
တို့လည်းလိုက်မယ်...ချန်မထားနဲ့... အမေသွားတော့ ပျင်းလှတယ်...
x x x x x x x x x x x x
ဒီလိုကဗျာလေးတွေ ဆိုချင်ပေမယ့် ဖေဖေ၊ မေမေတို့ကို လုပ်ကျွေးပြုစုချင်စိတ်ကလေး နိုးထလာ...’

သူ၏ဆန္ဒများအတိုင်း လက်တွေ့ဖြစ်လာကာ အသက်ငယ်ငယ်နှင့်ပင် မိဘကို လုပ်ကျွေးပြုစုနိုင်သူ ဖြစ်လာခဲ့သည်။ ဇူးဇူးစံတို့ မိသားစုသည် ဆိုင်းဝိုင်းလုပ်ငန်း တစ်ခုတည်းသာရှိရာ မိဘနှင့် သားသမီးအကြား ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ်လာခဲ့သည်။

ဇူးဇူးစံအနေနှင့် ယခုပညာသင်နှစ်တွင် စတုတ္ထတန်းကျောင်းသူ ဖြစ်လာသောကြောင့် ပညာရေး မလှစ်ဟင်းရစေရန် မိဘများက အချိန်စီမံခန့်ခွဲ ပေးနေရသည်။ 

ယခုပညာသင်နှစ်တွင် အစိုးရစစ် စာမေးပွဲဖြေဆိုရမည့်နှစ် ဖြစ်သောကြောင့် ဆိုင်းပညာထက် အတန်းပညာကိုသာ အလေးထား သင်ယူစေရန် မိခင်ဖြစ်သူက ဆန္ဒရှိနေသည်။

“သူ့သူငယ်ချင်းတွေ တစ်နှစ်တစ်တန်းအောင် သွားပြီး သူကျန်နေခဲ့ရင် မျက်နှာငယ်ပြီး စိတ်ထိခိုက်မှာစိုးလို့ စာဘက်ကို တွန်းထားရတယ်” ဟု မိခင်ဖြစ်သူ ဒေါ်ဇာခြည်မွန်က ဆိုသည်။ 

ကျောင်းဖွင့်သည့် ရက်များတွင် နံနက် ၈ နာရီခွဲမှ ည ၇ နာရီအထိ ကျောင်းနှင့်ကျူရှင် အချိန်ပြည့် သင်ကြားစေပြီး အိမ်ပြန်ချိန်တွင် အပြည့်အဝ အနားယူနိုင်ရန် စီစဉ်ပေးထားပြီး ကျောင်းပိတ်သည့် နေ့များတွင်သာ ဆိုင်းပညာ သင်ကြားစေသည်ဟု ရှင်းပြသည်။ 

ဆိုင်းပညာတွင် ပါရမီပါသကဲ့သို့ ကျောင်းပညာတွင်လည်း တစ်နှစ်တစ်တန်း အောင်မြင်ခဲ့ကာ ဘာသာရပ်တိုင်းတွင် အေအဆင့်ဖြင့် အောင်မြင်ခဲ့သည်။

“ကလေးဆိုတော့ ဆော့ချင်တယ်၊ နားချင်တာလေးတွေ ရှိတယ်။ အဲ့ဒီတော့ သူစိတ်ပါမယ့် အချိန်လေးတွေ သင်ပေးရတယ်” ဟု ဆင်ဗေဒါက ဆိုသည်။

“သမီးရေ ဒါလေးကို တီးလိုက်၊ သမီးလိုချင်တာ ဝယ်ပေးမယ်ဆိုပြီး သူလိုချင်တာလေးတွေနဲ့ ချော့သင်ပေးရတာတွေလည်း ရှိတာပေါ့” ဟု သူ၏ မိခင်က ပွင့်လင်းစွာ ဆိုသည်။

ဆိုင်းဆိုသည်မှာ ဗုံများကို ပတ်စာညှိပြီး အားထည့်၍ အသံမြည်အောင် တီးခတ်ရခြင်းဖြစ်ရာ ဆိုင်းတီးသူများ၏လက်မှာ အသားမာများတက်ကာ ပွဲဆက်များပါက သွေးစို့သည်အထိ ဖြစ်လာတတ်သည်။ ဇူးဇူးစံ၏ လက်များမှာလည်း အသားမာတက်စ ပြုနေလေပြီ။

“ဆောင်းရာသီဆို ပိုဆိုးတယ် လက်တွေကွဲတယ်။ ပလတ်စတာ ကပ်ရတယ်။ ပရုတ်ဆီလိမ်းပြီး ဆက်တီးတယ်။ လက်နာတယ်ဆိုပြီး တီးတာကို အားမလျှော့ပါဘူး” ဟု ဆိုင်းသမလေး ဇူးဇူးစံက သူ၏လက်ချောင်းလေးများကို ဆုတ်ချည်ဖြန့်ချည် လုပ်ကာ ပြောဆိုသည်။ 

နာမည်ရလာသည့်အတွက် အချိန်ကို စနစ်တကျ စီမံခန့်ခွဲပေးရသည့်အပြင် အစားအသောက်၊ အနေအထိုင် ကျန်းမာရေးကအစ မိဘများက ဂရုစိုက်ပေးနေရသည်။ 

“သီချင်းဆိုတဲ့သူတွေ တော်တော်များများ ဝက်သားမစားကြဘူး။ အသံပျက်မှာ စိုးလို့လေ။ အလှူပွဲတွေမှာက ဝက်သားပဲ ကျွေးကြတာများတယ်။ ဒါပေမဲ့ သူ့အသိစိတ်ကလေးနဲ့သူ ဝက်သားမြင်ရင် ကြည့်ပဲ ကြည့်တယ် မစားတော့ဘူး။ ထမင်းဆီဆမ်း ငရုတ်သီး ကြော်လေးနဲ့ ဖြစ်အောင်စားသွားတာပဲ” ဟု ဇူးဇူးစံ၏ မိခင်က ပြောသည်။

ဇူးဇူးစံ၏ ပင်တိုင်မိတ်ကပ်ဆရာမှာ သူ၏ မိခင် ဒေါ်ဇာခြည်မွန်။ ပွဲတိုင်းလိုက်သည်။ အနီးကပ် ပြင်ဆင်ပေးသည်။ ဆိုင်းတီးနေချိန်တွင်လည်း အားပေးလေ့ ရှိသည်။

“သူ ဆိုင်းဝိုင်းထဲ ရောက်တာမြင်ရင်ကို မျက်ရည်ဝိုင်းတယ်။ သူ့နောက်မှာ အဖေ ဒါမှမဟုတ်၊ အမေ တစ်ယောက်ယောက် အမြဲရှိနေပေးရတယ်။ သူကလည်း လှည့်လှည့်ကြည့်တယ်” ဟု ဇူးဇူးစံမိခင် ဒေါ်ဇာခြည်မွန်က ဆိုသည်။

ဆိုင်းဝိုင်းဖျော်ဖြေရာတွင် ဇူးဇူးစံက ရှေ့ပိုင်းတီးရသည်။ တီးချိန်က ၂ နာရီခန့်ကြာသည်။ သူတီးပြီးနောက် သူ၏ဖခင် ဆင်ဗေဒါက ဆက်၍တီးသည်။ တစ်ခါတစ်ရံ အလှူရှင်များ၏ တောင်းဆိုချက်အရ ဇူးဇူးစံချည်းသာ တီးသွားရသည့် ပွဲများလည်း ရှိသည်။

“ဆိုင်းဝိုင်းကို လက်စုံတီးရင် မမီလို့ မတ်တတ်ရပ်ပြီး တီးရတယ်။ ၂ နာရီ ၃ နာရီလောက်တီးပြီးလို့ သူ ထွက်လာရင် ခြေထောက်တွေ တောင့်နေလို့ နှိပ်ပေးရတယ်” ဟု ဇူးဇူးစံ၏ဖခင် ဆင်ဗေဒါက ရှင်းပြသည်။

ဇူးဇူးစံက ပရိသတ်များချစ်အောင် လုပ်တတ်ရုံမျှမက မိဘများ၏ ချစ်ခြင်းမေတ္တာကိုလည်း ပိုင်ဆိုင်ထားသည်။ နာကျင်ပင်ပန်းမှုအတွက် ညည်းတွားခြင်း မရှိဘဲ ဆိုင်းတီးရသည်ကိုပင် ပျော်နေသည့်ကလေး တစ်ဦး။

ဇူးဇူးစံတို့ မိသားစုသည် ဝန်ထမ်းအိမ်ရာ တိုက်ခန်းတစ်ခုတွင် နေထိုင်သူများဖြစ်ပြီး ထိုတိုက်ခန်းတွင် အခန်းသုံးခန်း ဖွဲ့ထားသည်။ တစ်ခန်းတွင် ဆိုင်းဝိုင်း ဆင်ထားပြီး ထိုခန်းအတွင်းပင် ဆိုင်းပညာ သင်ယူရသည်။ ဆိုင်းဝိုင်းအတွင်း ဖခင်ဖြစ်သူ ဆင်ဗေဒါနှင့် သမီးဖြစ်သူ ဇူးဇူးစံတို့၏ ဆိုင်းသံများကို ကြားနေရသည်။

ဇူးဇူးစံ၏ ဆိုင်းတီးသည့် သက်တမ်းမှာ လေးနှစ်ကျော် ရှိနေပြီး လက်ခံခဲ့သည့်ပွဲပေါင်း ၂၀၀ ခန့် တီးခဲ့ပြီး ဖြစ်သည်။ ဆိုင်းတီးတေးသီချင်းများကိုလည်း တစ်နှစ်လျှင် ၁၀ ပုဒ်နှုန်းဖြင့် တေးအသစ်များကို သင်ကြားပေးလျက်ရှိသည်။

ဇူးဇူးစံ၏ မိသားစုများ အသိုင်းအဝိုင်းတွင် ဆရာဝန် မျိုးရိုးများလည်း ရှိရာ ဆွေမျိုးနီးစပ်တို့က ပညာရေးတွင်သာ ထူးချွန်စေလိုပြီး ဆိုင်းပညာနှင့် ပတ်သက်၍ အားမပေး။

“ဇူးဇူးစံလို့တောင် ဖြစ်လာပြီဆိုမှတော့ ဆက်လုပ်ရတော့မှာပေါ့” ဟု သူ၏ မိခင်က ဆိုသည်။

ဆိုင်းပညာရပ်သည် သင်ကြားရခက်ခဲပြီး အသံကို လိုက်မှတ်၍ တီးခတ်ရသည့် တူရိယာတစ်ခုဖြစ်သည်။ ရှေးအခါက ဆိုင်းပညာရပ် မသင်ကြားမီ ပညာသင်များကို ၃ နှစ်ခန့် ရေနွေးအိုး အရင်တည်ခိုင်းလေ့ ရှိသည်။ ရေနွေးအိုးဆူသံကို မှတ်နိုင်စွမ်း ရှိလာစေရန် လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးမြို့ခံ ဆိုင်းပညာရှင်များက ဆိုသည်။ ယခုခေတ်တွင်မူ ဆိုင်းပညာကို ကာလတစ်ခုအတွင်း သင်ကြားတတ်မြောက်လာကြရာ နာမည်ကြီး မြန်သကဲ့သို့ အကျမြန်လေ့ ရှိသည်ဟု ဆိုသည်။

“ခုခေတ်ကြီးက ပညာနဲ့ လုပ်စားလို့ မရတော့ဘူး။ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု တတ်ထားမှ တော်ကာကျမယ်။ ဒီတော့ ကိုယ်တွေရဲ့ ဆိုင်းအမွေကို သမီးကို ပေးခဲ့ချင်တယ်” ဟု ဇူးဇူးစံ၏ဖခင် ဆင်ဗေဒါက ဆိုသည်။

“အခုတော့ ဇူးဇူးစံက အခြေခံအဆင့်ပေါ့။ နောင် ဘယ်လိုဖြစ်လာမယ် ဆိုတာ သင်ကြားပေးတဲ့ ဆရာအပေါ်မှာပဲ မူတည်တယ်” ဟု မန္တလေးတိုင်း သဘင်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဇာတိမာန် ဦးမောင်မော်က အကြံပြု ပြောဆိုသည်။

ဇူးဇူးစံ၏ အနာဂတ်အိပ်မက်မှာ ရွှေရောင်ဖိတ် ဖိတ်တောက်နေသည့် ဆိုင်းဝိုင်းကြီး၏ ပဲ့ကိုင်ရှင် ဆိုင်းဝိုင်းတီးဆရာမကြီး။

“ဖေဖေ့လိုပဲ ဆိုင်းဆရာကြီး ဖြစ်ချင်တယ်” ဟု ဇူးဇူးစံက ပြောသည်။         

ဝင်းရွှေရည်ဦး