News

POST TYPE

FEATURE

ပဲခူးရိုးမအနီးမှ လေလွင့်တို့၏ ဂေဟာ
28-Jul-2017 tagged as ပဲခူး

ရန်ကုန်မြို့နှင့် မိုင်ပေါင်း ၅၀ ကျော် ဝေးကွာ၍ လူသူမနီးသော ပဲခူးရိုးမတောစပ် ဆင်ခြေလျှောတောင်ကုန်း တစ်ခုတွင် လေလွင့်ခွေးများအတွက် နေရာတစ်ခု ရှိနေသည်။

သို့သော် လေလွင့်အားလုံး အတွက်တော့ မဟုတ် ကံထူးသည့် ခွေးအချို့သာ နေခွင့်ရသော နေရာလည်း ဖြစ်သည်။

သွပ်အမိုး၊ သံဆန်ခါကွက်ကျား၊ သစ်သားအခင်းနှင့် ဆောက်လုပ်ထားသော အလျား ပေ ၁၁၀၊ အနံ ပေ ၆၀ ရှိ လေလုံမိုးလုံ မြေစိုက်အဆောက်အအုံ တစ်လုံးတည်းတွင် မြို့ပြလမ်းမများပေါ်၌ ကျက်စားသွားလာနေသော ခွေးလေခွေးလွင့် ရာဂဏန်းကျော်က တစီစီညံကာ အစာတောင်းလျက် ရှိသည်။

အမြင့် နှစ်ပေနီးပါး၊ အဝအကျယ် တစ်ပေခန့် ပုံးခုနစ်လုံးအတွင်း၌ ဆန်၊ ငါးခြောက်မှုန့်၊ ငါးသတ္တာ၊ Dog Food (ခွေးများအတွက် သီးသန့်ထုတ်ထားသည့် အစာ) ရောနှောကျိုထားသော အစာများပါ သောပုံးများကို လူသုံးယောက်က ဆွဲလာကြသည်။

မြေပြင်တွင် စီတန်းခင်းထားသည့် စတီးခွက် ၅၀ ကျော်ထဲသို့ အစာတွေ ဝေမျှထည့်နေရင်း ခွေးအုပ်က အတင်းလုယက်ကာ အချင်းချင်းကိုက်ကြ မာန်ဖီကြနှင့် အစာထည့်သူ လက်မလည်အောင် ဖြစ်နေရသည်။ 

ထိုနေရာကား လှည်းကူးမြို့နယ်၊ မင်းကွန်းနှင့် သစ်နီပင်ကျေးရွာအနားတွင် ဖွင့်လှစ်ထားသော Myat Thet Mon's ခွေးကလေးများ နားခိုရာဂေဟာ ဖြစ်သည်။

လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) လမ်းခွဲမှတစ်ဆင့် ညာဘက်လမ်းသွယ်ထဲသို့ ချိုးကွေ့ကာ ၁၀ မိုင်ကျော်ခန့် ကားဆက်လက်မောင်းနှင် ဝင်ရောက်ကာ ရွှံ့ဗွက်ထနေသော လမ်းဆိုးတစ်လျှောက်ရှိ ၁၀ ပေအမြင့်ခန့် ဆင်ခြေလျှောတောင် ကုန်းငါးခုကို ကျော်ဖြတ်ရမည် ဖြစ်သည်။ 
အဆိုပါ လမ်းအဆုံးတွင် ၃ ပေပတ်လည်ရှိ ကြေမွပျက်စီးနေသော ဗီနိုင်းဆိုင်းဘုတ်ဖြင့် မြေစိုက်ထူထောင်သည့် Myat Thet Mon's ခွေးကလေးများ နားခိုရာဂေဟာကို တွေ့ရှိရမည် ဖြစ်သည်။

“ခွေးဂေဟာက ဝေးတော့ အစောင့်ရှိပေမယ့် တစ်ပတ်ကို ၂ ရက် ၃ ရက်တော့ ပုံမှန်သွားကြည့်တယ်၊ တစ်ခါသွားရင် ဒီဇယ်ဆီဖိုးက အနိမ့်ဆုံး လေးသောင်းလောက် ကုန်တယ်၊ အိမ်ကထွက်ရင် ခွေးဂေဟာအရောက် ၅၁ မိုင် ရှိတယ်၊ အသွားအပြန် မိုင် ၁၀၂ မိုင်ရှိတဲ့ အကွာအဝေးလေ”  ဟု ခွေးဂေဟာ တည်ထောင်သူ မမြတ်သက်မွန်က ပြောဆိုသည်။

အသက် ၃၈ နှစ်အရွယ် အရပ်ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ပြည့်ပြည့် ယောက်ျားဆန်ဆန် နေထိုင်တတ်သော ရန်ကင်းသူတစ်ယောက် ဖြစ်သူ မမြတ်သက်မွန်သည် မွေးချင်းမောင်နှမများထဲတွင် တစ်ဦးတည်းသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူ့အနေအထိုင် အပြောအဆိုတွေ ဖျတ်ဖျတ်လတ်လတ် ရှိနေသလို သူ့ဂေဟာမှ ခွေးများအကြောင်းကို ပြောပြနေသောအခါ သူ့မျက်လုံးတွေက အရောင်တောက်ပနေတတ်သည်။

“ငယ်ငယ်တည်းက ကျွန်မအာရုံထဲမှာ ခွေးကလေးတွေ အော်သံကြားရင် ဗိုက်ဆာလို့ အော်တာလား၊ ရိုက်နှက်ခံရလို့ အော်တာလားဆိုတာ မမြင်ရဘဲ ကြားရုံနဲ့ ကောင်းကောင်းသိနေခဲ့တယ်၊ အခုအချိန်အထိလည်း ဒီအတိုင်းပါပဲ၊ သူတို့နဲ့ပတ်သက်လို့ပဲ ကျွန်မက ပရဟိတသမား တစ်ယောက် ဖြစ်လာတာလို့ ခံယူထားတယ်” ဟု မမြတ်သက်မွန်က ဆိုသည်။

အသက်သုံးနှစ်အရွယ်တည်းက ရန်ကင်း TTC ကျောင်းနှင့် နီးကပ်သည့် ကျောက်ကုန်းရပ်ကွက်တွင် မွေးဖွားခဲ့သူမို့ ကျောင်းသွားကျောင်းပြန် တစ်လျှောက်လုံး ခွေးတွေတရုန်းရုန်း ကြီးပြင်းခဲ့သည့် အကြောင်းကို သူက ရှင်းပြသည်။

ထိုအရွယ်ကတည်းက သူ့အိမ်မှာ ခွေးခုနစ်ကောင်လောက် မွေးထားပြီး မိဘတွေက ကြီးကြပ်မွေးပေးထားရတဲ့အထိ ခွေးချစ်တတ်သူတစ်ယောက် ဖြစ်ခဲ့သည်။

ကူရာကယ်ရာမဲ့၍ လမ်းတကာအသီးသီးတွင် ညစ်ပတ်စုတ်ပြတ်ကာ စားရတစ်လှည့် မစားရတစ်လှည့် လေလွင့်ခွေးလေးများကို ကယ်ဆယ်ရန် ၂၀၁၃ ခုနှစ် သြဂုတ်လလောက်တွင် မမြတ်သက်မွန်အတွက် အကြောင်းတစ်ခု ဖန်လာခဲ့သည်။

 မန္တလေး၊ ပုလိပ်မြို့ တောတွင်းနေရာတစ်ခုတွင် ခွေးများလှောင်ထားပြီး တရုတ်ပြည်ပို့နေသည့်ဂိုဏ်းကို ရဲတပ်ဖွဲ့၊ စည်ပင်အဖွဲ့များနှင့် ပူးပေါင်းဖော်ထုတ်ခဲ့စဉ် ထိုသို့ ပိုင်ရှင်လက်မဲ့ ဖြစ်သွားသည့် ခွေးကောင်ရေ ၁၈၀ လောက်ကို တာဝန်ယူမွေးမည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် မရှိခဲ့။

မသေမရှင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာဗရပွနှင့် ခွေးလေးများကို မြင်ရသည်တွင် ကရုဏာသက်ကာ ခွေးများကို ရန်ကုန်သယ်ယူမွေးရန် မမြတ်သက်မွန် ဆုံးဖြတ်လိုက်သည်။

သို့သော် မမြတ်သက်မွန်အတွက် အကြီးဆုံး အဟန့်အတားတစ်ခုက ခွေးကောင်ရေ တစ်ရာကျော်ကို ထားရှိနိုင်မည့် ခြံမြေနေရာကျယ်ကျယ် ဖြစ်သည်။ သူ့တွင် ကျယ်ဝန်းသည့် မြေနေရာ မရှိ။

ခွေးမွေးခွင့်ရရန် စည်ပင်အဖွဲ့၏ တောင်းဆိုမှုများထဲတွင် မြေနေရာအထောက်အထားကို မပြနိုင်ခဲ့။ 

သို့နှင့် ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က သန်လျင် ရွှေပျောက်ရွာတွင် ပေ ၈၀ x ပေ ၆၀ ကျယ်သည့် ခြံတစ်ကွက်ကို ယာယီမွေးခွင့်ရရန် ကူညီပေးခဲ့သည်။

သို့နှင့် သြဂုတ်လ ၁၄ ရက်နေ့တွင်ပင် ခွေးကောင်ရေ ၁၀၀ ကျော်ကို ရန်ကုန်မြို့သို့ တင်ဆောင်လာခဲ့သည်။

“ခွေးဂေဟာ စတင်ဖွင့်ကတည်းက အခက်အခဲတွေ အများကြီး ကြုံခဲ့တာ အခုအချိန်အထိပဲ၊ ခွေးတွေကို ဗန်းပြအကျိုးစီးပွား ရှာနေတယ်လို့ စွပ်စွဲခံရတဲ့ စကားတွေက ရင်အနာရဆုံးပဲ” ဟု မမြတ်သက်မွန်က စိတ်မကောင်းဟန်ဖြင့် ညည်းတွားရှင်းပြသည်။

ခွေးဂေဟာ ဖွင့်ဖြစ်ခဲ့သော လေးနှစ်တာကာလအတွင်း သန်လျင် ရွှေပျောက်ရွာတွင် နှစ်လခွဲ၊ သန်လျင်ထမံလုံကျေးရွာရှိ သုံးဧကအကျယ် သူငယ်ချင်းတစ်ဦးပိုင် မြေကွက်ပေါ်တွင် သုံးနှစ်နီးပါးဖြင့် ခွေးကောင်ရေ ၂၀၀ ကျော်အထိ စောင့်ရှောက်ကျွေးမွေးခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ်တွင် ဒေသခံကျေးရွာသားများက လာဘ်တိတ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းပေးရမည်ဟု သတိပေးခဲ့၍ သန်လျင်မြို့ သဘာဝ တရားရိပ်သာ ဆရာတော်၏ အကူအညီပေးမှုဖြင့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် အကျော်ရှိ ငါးဧက အကျယ်ရှိသော မင်းကွန်းကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“လှည်းကူးဂေဟာက အထိုင်မကျသေးတော့ ခွေးတွေအကုန် မရွှေ့ပြောင်းနိုင်သေးဘူး၊ ရန်ကင်းခြံ မှာ လေးဆယ်ကျော်နဲ့ သန်လျင်ခြံမှာ နည်းနည်းစီ ခွဲထားရတုန်းပဲ၊ ဒီကြားထဲ သဘာဝ တရားရိပ်သာ ဆရာတော် လှူထားတဲ့ ခြံထဲမှာ မြေနေရာ မသန့်လို့ ဘူဒိုဇာနဲ့ မြေညှိရှင်းလင်းရင်း သုံးလေးလလောက် အကြီးအကျယ် ကျန်းမာရေး ထိခိုက်ခဲ့တယ်၊ အဓိကတော့ မြေနေရာမရှင်းခင် ဆိုင်ရာပိုင်ရာကို မေတ္တာရပ်ခံတာ မလုပ်လို့ မြေကိုင်ခံရတယ် ပြောကြတယ်” ဟု မမြတ်သက်မွန်က အခက်အခဲကို ရှင်းလင်းပြသည်။

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ရန်ကုန်မြို့သည် လေလွင့်ခွေးပမာဏ ကောင်ရေ တစ်သိန်းရှစ်သောင်းကျော် ကျက်စားနေထိုင်ကာ သားပေါက်ဖွားနှုန်း အမြင့်ဆုံး နေရာတစ်ခုအဖြစ် စာရင်းဝင်နေခြင်း ဖြစ်သည်။

ထို့အပြင် နှစ်စဉ် ခွေးကောင်ရေ သုံးသောင်းနှင့် ငါးသောင်းကြားမှာ ပုံမှန်တိုးပွားနေသော ရန်ကုန်နယ်နိမိတ် ၄၅ မြို့နယ်တွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ စမ်းချောင်းနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များမှာ လေလွင့်ခွေး ပေါက်ဖွားမှုနှုန်း မြင့်တက်သည့် နေရာဒေသများ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှတ်တမ်းများ၌ ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် လေလွင့်ခွေးများ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ ခုနစ်ခုကို အရပ်ဘက် ပရဟိတ အသင်းအဖွဲ့များက ကိုယ်ပိုင်ရပ်တည်မှုဖြင့် ဖွင့်လှစ်ထားသော်လည်း ခွေးများ၏ နေ့စဉ်စားစရိတ်၊ ဆေးဝါးကုသစရိတ်၊ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်များကိုမူ အစိုးရ၏ ထောက်ပံ့ကူညီမှု မရခြင်းကြောင့် ခွေးဂေဟာများ အနေနှင့် အလှူငွေ ကောက်ခံရရှိမှုအပေါ် မူတည်ဖြေရှင်းနေရကာ ဂေဟာအချို့သည် မိမိကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ရပ်တည်နေရဆဲ ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ဘတ်ဂျက်စိုက်ထုတ်၍ လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်း မြို့နယ်သုံးမြို့နယ်ရှိ လေလွင့်ခွေးများကို မျိုးပွားနှုန်း လျှော့ချသည့် အနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်း၊ သားဆက်ခြားခြင်း၊ သင်းကွပ်ခွဲစိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ခွေးရူးကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားပြီ ဖြစ်သည်။

“စည်ပင်က ခွေးဂေဟာ လာဖွင့်လာရင် လေလွင့် ခွေးတွေအတွက် ပိုကောင်းလာမှာပေါ့၊ အစိုးရ အဖွဲ့အစည်း ဆိုတော့ ဘတ်ဂျက်နိုင်နိုင်နင်းနင်းနဲ့ ကူညီကယ်ဆယ်နိုင်လာမယ်” ဟု မမြတ်သက်မွန်က မှတ်ချက်ပြုသည်။

ခွေးကောင်ရေး တိုးပွားနှုန်းကို လျှော့ချမည် ဆိုပါက မျိုးပွားထိန်းချုပ်ရေးကဏ္ဍကို မြို့နယ်ပေါင်း ၄၅ မြို့နယ်၌ လွှမ်းခြုံလုပ်ကိုင်မည့် စီမံချက်များ ရေးဆွဲရန် စီစဉ်ရမည်ဖြစ်ပြီး သန္ဓေတားဆေးထိုးနှံခြင်း၊ သင်းကွပ်ခြင်းတို့ကို တိရစ္ဆာန် ရောဂါကုသရေးဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များဖြင့် ပိုက်စိပ်တိုက် ဆောင်ရွက်လျှင် သားပေါက်နှုန်း လျော့ကျသွားမည် ဖြစ်သည်။

“ရန်ကုန်မြို့ရဲ့ လေလွင့်ခွေး တိုးပွားမှုနှုန်းက နောက်ပိုင်းနှစ်တွေမှာ ပိုဆိုးလာတယ်လို့ မြင်တယ်” ဟု မမြတ်သက်မွန်က ပြောဆိုသည်။

ရန်ကုန်မြို့၏ အကြီးဆုံး လေလွင့်ခွေး ထိန်းသိမ်းရေး နေရာတစ်ခု ဖြစ်လာမည့် ခွေးဂေဟာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီးတွင် ယခုနှစ် အောက်တိုဘာလ၌ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ခွေးကောင်ရေ တစ်ထောင်ခန့် ထိန်းသိမ်းထားရှိမည် ဖြစ်သည်။

မမြတ်သက်မွန်အတွက် ခွေးများ၏ ကျွေးမွေးစရိတ်သည် တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ခန့် ကုန်ကျနေသော်လည်း အလှူငွေ ပြတ်လပ်သော ရက်များတွင် အိတ်စိုက်ပုံစံဖြင့် ဖြေရှင်းနေရသည့်ရက်များ ခပ်စိပ်စိပ် ရှိလာခဲ့ပြီ ဖြစ်သည်။

ခွေးဂေဟာ၏ နေ့စဉ် စားသောက်စရိတ် ကုန်ကျမှုအပြင် ဂေဟာကို ထိန်းချုပ်စောင့်ရှောက်ပေးသော မိသားစုလေးဦးအတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးရသဖြင့် လစဉ် ငါးသိန်းခန့် ကုန်ကျနေခဲ့ပြီး ခွေးဂေဟာအနီး၌ စောင့်ကြပ်နေထိုင်နိုင်ရန် နေအိမ်တစ်လုံး ဆောက်လုပ်ပေးထားရသည်။

“ကျွန်မ တစ်ခေါက်သွားတိုင်း သူတို့မိသားစုအတွက် အသား၊ ငါးတွေ ဝယ်ဝယ်သွားဖြစ်တယ်၊ ခွေးတွေအချင်းချင်းကိုက်လို့ ဒဏ်ရာရလည်း သူတို့ပဲ လုပ်ကိုင်ပေးတယ်၊ ခွေးစာဆိုလည်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဒိုင်ခံကျွေးပေးနေတယ်၊ အမှန်တိုင်းဆို တောထဲတောင်ထဲမှာ ကျွန်မကိုယ်တိုင် အမြဲလုပ်ကိုင်ပေးဖို့က မလွယ်ဘူးလေ” ဟု မမြတ်သက်မွန်က ပြောဆိုသည်။

တစ်ကိုယ်တော် ပရဟိတသမားဟု တင်စားရမည့် မမြတ်သက်မွန်တွင် သားသမီးနှစ်ဦး ထွန်းကားပြီး ၅ နှစ်အရွယ် သမီးငယ်နှင့် ၈ နှစ်ကျော်အရွယ်သမီးကြီးတို့ကို အသက် ၆၀ ကျော်ခန့် ဖခင်နှင့် မိခင်ဖြစ်သူက TTC  ကျောင်း၌ နေ့စဉ်ကျောင်းပို့ကျောင်း ကြိုနှင့် နေထိုင်စားသောက်မှုတို့ကို ဒိုင်ခံပြုလုပ်ပေးနေရပြီး ၎င်းအားလပ်သော အချိန်များမှသာ သားသမီးများ၏ ဝေယျာဝစ္စကို ကိုယ်တိုင် စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးနိုင်သည်။

လေလွင့်ခွေးများ အတွက်မူ ရက်သတ်မှတ်၍ မပျက်မကွက် သွားရောက်ကြည့်ရှုလေ့ ရှိသည့်အပြင် သူကိုယ်တိုင်လည်း အစာကျွေးလေ့ရှိသည်။

ဂေဟာရှိခွေးများကို သီးခြားနာမည်ပေးထားလေ့ ရှိသည်။

“ဒီခွေးက ညိုကြီးလို့ ခေါ်တယ်၊ သူက အဆိုးဆုံး၊ ဗိုလ်အကျဆုံး၊ ဒီမှာ သူခေါင်းဆောင်ပေါ့” ဟုလည်း ညိုညိုထောင်ထောင်မောင်းမောင်း ခွေးတစ်ကောင်ကို ညွှန်ပြရင်း ပြောသည်။

အမျိုးသားက အားမပေးသော်လည်း ငွေကြေးထောက်ပံ့ပေးနေသည်။ သို့သော် ငွေကြေးမှာ ရေရှည်အိတ်စိုက်သုံးစွဲရန် အတွက်မူ စိန်ခေါ်မှု ဖြစ်နေဆဲ။

“ခွေးဂေဟာတွေ ရေရှည်ရပ်တည်ဖို့အတွက် အစိုးရက ဘတ်ဂျက်တစ်ခု အနေနဲ့ ထောက်ပံ့ပေးရင် ပိုရပ်တည်နိုင်တာပေါ့၊ အခုဆို တချို့ခွေးဂေဟာတွေ ရပ်တည်ဖို့ ခက်ခဲလာတာတော့ ကြားရတယ်” ဟု မမြတ်သက်မွန်က ရှင်းပြသည်။

နေ့စဉ်ရက်ဆက် ခွေးဂေဟာနှင့် အိမ်တွင် ကျွေးမွေးစောင့်ရှောက်ထားသော ခွေးကလေးများ၏ နိစ္စဓူဝ အလုပ်ဖြင့် အလုပ်ရှုပ်နေသူ တစ်ယောက်အဖြစ် သူ့ကို မြင်တွေ့ရမည် ဖြစ်သည်။      

ခွေးများ၏ ကျွေးမွေးစရိတ်သည် တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ခန့် ကုန်ကျနေသော်လည်း အလှူငွေ ပြတ်လပ်သော ရက်များတွင် အိတ်စိုက်ပုံစံဖြင့် ဖြေရှင်းနေရသည့်ရက်များ ခပ်စိပ်စိပ် ရှိလာခဲ့ပြီ ဖြစ်သည်။

“အခုထိတော့ ခွေးတွေအတွက် သိန်း ၅၀ လောက် ရန်ပုံငွေ ရှိသေးတယ်။ နောက်ပိုင်းတော့ အကောင်ရေ အများကြီး လက်မခံနိုင်တော့ဘူး၊ ဒုက္ခိတဖြစ်နေတဲ့ ခွေးလေးတွေပဲ လက်ခံနိုင်တော့မယ်” ဟု မမြတ်သက်မွန်က ပြောသည်။

အောင်ဇော်ထူး