News

POST TYPE

EXTRA

မနက်ဖြန်အတွက် . . . ရေ
12-Mar-2017 tagged as


နှစ်စဉ် ရေဂါလန် သန်းပေါင်းများစွာကို အလဟဿ သုံးဖြုန်းနေသော ပွဲတော်တွင် ရေအသုံးပြုမှုကို လျှော့ချနိုင်ရန်အတွက် အစိုးရသစ် လက်ထက်တွင် ပညာရှင်တို့ အကြံပေးကြဖူးသည်။ ထို့နောက် လူငယ်များဘက်က ဝေဖန်သံများ ထွက်လာပြီး နောက် ယင်းအစီအစဉ်သည် အစိုးရသစ်က မည်သို့ လုပ်ဆောင်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲ ပျောက်ကွယ်သွားရသည်။ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာတော့ ထိုအစီအစဉ်ကို အကောင်အထည် ဖော်ဖွယ်ရာရှိကြောင်း စကားဦးသန်းမှုများ အုပ်ချုပ်သူများထံမှ ကြားလာရသည်။ သို့သော် မရှေးမနှောင်းမှာပင် အချက်ပေးသံတွေ နိုင်ငံအနှံ့တွင် စကြားလာရပြီဖြစ်သည်။ ထိုအသံကား သင်္ကြန်ပွဲတော် မတိုင်မီ မြန်မာနိုင်ငံတစ်ဝန်းမှ ကျေးရွာ အများစုတွင် သောက်သုံးရေရှားပါး ပြတ်လပ်မှု ပြဿနာကို ကြုံတွေ့နေရမှုပင်ဖြစ်သည်။ 

“အခုကိုပဲ စမ်းတွေ ခန်းလာတဲ့အတွက် ရွာမှာ ရေက သုံးလောက်အောင်ကို အခြေအနေ မရှိတော့ဘူး။ တချို့ရွာတွေဆို ကျွဲ၊ နွားတွေ အတွက်ပါ အခက်အခဲ ရှိနေတယ်”ဟု မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ဒေသခံ ဦးလွင်မောင်က ဆိုသည်။

တရားမဝင် သစ်ခုတ်မှုများကြောင့် ရေထိန်းတောများ ပျက်စီးခဲ့ရသည့် အကျိုးဆက်ကို မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့နှင့် တောင်တန်းဒေသ ကျေးရွာအများစုတွင် ယခု နွေရာသီကာလတွင် ရင်ဆိုင်နေရသည်လည်း ဖြစ်သည်။

ယင်းသို့ တောင်ပေါ်ဒေသ ကျေးရွာများတွင် သောက်သုံးရေ ရှားပါးမှုကို ဒေသခံများသည် နှစ်စဉ် ရင်ဆိုင်နေရသော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက ယင်းပြဿနာကို ထိရောက်စွာ မဖြေရှင်းပေးနိုင်သေးဘဲ နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့ပါက လာရောက် လှူဒါန်းသည့် အလှူရှင်များကိုသာ အားကိုးနေရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

“အစိုးရဌာနဆိုင်ရာက ပံ့ပိုးပေးတဲ့အပိုင်းမှာ ထင်သလောက် ခရီးမပေါက်သေးဘူး”ဟု ဦးလွင်မောင်က ဆိုသည်။

သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ရေလိုအပ်မှု အခက်အခဲကို ဖြေရှင်းပေးနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ရေပေးဝေရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသည့်အတွက် ယခုနှစ် နွေရာသီတွင် အထိုက်အလျောက် ရေရှားပါးသည့်ဒေသများ လျော့နည်းသွားနိုင်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောကြားသည်။

မကွေးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်း ငဖဲမြို့နယ်အတွင်းရှိ ချင်းလူမျိုးများ နေထိုင်သည့် တောင်ပေါ်ဒေသ ကျေးရွာ အများစုတွင်လည်း သောက်သုံးရေ ရှားပါးစ ပြုလာနေပြီဖြစ်ရာ နွေရာသီတွင် ရေပြတ်လပ်မှု အန္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောကြားသည်။

“မင်းလှနဲ့ ပဒါန်းအဆက်ရွာတွေဆိုရင် ရေကန်တွေ ထားသုံးတဲ့အတွက် အခုဆို စပြီး ခန်းနေကြပြီ”ဟု ယင်းဒေသခံတစ်ဦးက ဆိုသည်။

တရားမဝင် သစ်ခုတ်မှုများကြောင့် ရေထိန်းတောများ ပျက်စီးမှုသည် တောင်ပေါ်ကျေးရွာ အများစု မှီခိုနေသည့် စိမ့်စမ်းရေထွက် ရရှိမှုကို လျော့နည်းလာစေပြီး နွေရာသီ ရောက်ရှိပါက ရေခန်းခြောက်မှုကို ရင်ဆိုင်နေရပြီဖြစ်သည်။

ရာသီဥတု ပြောင်းလဲမှုနှင့်အတူ သစ်တောများ ပြုန်းတီးမှုကြောင့် တောင်ပေါ် စိမ့်စမ်းရေထွက်များ လျော့နည်းလာသည့် ဒေသတစ်ခုမှာ ပုပ္ပားဒေသပင် ဖြစ်သည်။ 

“ပုပ္ပားတောင်မကြီးက ရေထွက်တွေရဲ့ ထွက်အားက တဖြည်းဖြည်း ကျလာနေပြီ။ နွေရာသီမှာ မလုံလောက်နိုင်တော့ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ် ဒေသခံ ဦးမင်းဆန်က ဆိုသည်။

ယင်းရေထွက်များမှ ရေထွက်နှုန်း ကျဆင်းလာခြင်းသည် အညာမြေ၏ အိုအေစစ်ဟု တင်စားထားသည့် ပုပ္ပားတောင်မကြီး၏ ရေထွက်များကိုသာ ရှေးဘိုးဘွား အစဉ်အဆက် မှီခိုအားထားနေရသည့် ကျောက်ပန်းတောင်းမြို့အတွက် ရေအခက်အခဲကို ဆိုးရွားစွာ ရင်ဆိုင်ရနိုင်သည်ဟု ဒေသခံများကလည်း စိုးရိမ်နေကြသည်။

ပုပ္ပားတောင်မကြီးမှ ငဝသန်း၊ ငဝ၊ ကျူးချောင်း၊ သရက်ပင်ကျိုး၊ မောင်တော်၊ နှမတော် စသည့် ရေထွက်များမှရေကို ပိုက်ဖြင့် သွယ်တန်း၍ ဆည်ပေါက်ကျေးရွာတွင် သိုလှောင်ကန်ဖြင့် လှောင်ကာ မြို့ပေါ်သို့ နှစ်စဉ် ရေဖြန့်ဝေပေးရာတွင် ယခုအခါ ရေထွက်များ ပျက်စီးလာသည့်အတွက် ရေလိုအပ်ချက် ရှိလာနိုင်ကြောင်း ပုပ္ပားတောင် ချစ်သူများအသင်း တာဝန်ရှိသူများက သုံးသပ် ပြောဆိုသည်။

ကျောက်ပန်းတောင်းမြို့၏ ရေလိုအပ်ချက်သည် ဂါလန် ၁၃ သိန်း ၇ သောင်းကျော် ရှိနေရာ ယခုရေထွက်နှုန်းသည် နေ့စဉ် ရေထွက်နှင့် မြေအောက် အဝီစိရေတွင်းများ ပေါင်းပါက ခန့်မှန်း တွက်ချက်မှုများအရ ဂါလန် ၁၁ သိန်းခန့်သာ ရရှိနိုင်သည့်အတွက် လုံလောက်မှုမရှိဘဲ ရေရှားပါးမှုကို ကြုံတွေ့ရနိုင်ကြောင်း အဆိုပါ အသင်းမှ ဦးမင်းဆန်က ယူဆထားသည်။

“သစ်ပင်သစ်တော မရှိတော့တာနဲ့ ရေထွက်တွေက ထွက်အား လျော့နည်းလာတယ်။ ဒေသမှာဆို ရေတအား ရှားလာတယ်”ဟု ၎င်းက ဆိုသည်။

ပုပ္ပားတောင်ဝန်းကျင်တွင် ကျေးရွာ ၄၄ ရွာခန့်ရှိရာ ယင်းကျေးရွာ ဒေသခံများ၏ အဓိက ထင်းလိုအပ်ချက်ကို ပုပ္ပားတောင်မကြီးမှ ရယူသုံးစွဲမှုများ ရှိနေပြီး  နွေရာသီတွင် တောမီး လောင်ကျွမ်းမှုကြောင့် သစ်တောဖုံးလွှမ်းမှုမှာ တဖြည်းဖြည်း ကျဆင်းလာသည်။

ယင်းအချက်များကြောင့် သဘာဝ ရေထွက်များ လျော့နည်းကာ ပုပ္ပားဒေသ ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးမှုကို ရင်ဆိုင်နေရသည်။

သောက်သုံးရေ ရှားပါးမှုကို ယခင်က အလယ်ပိုင်းဒေသ အပူပိုင်း ဇုန်ဒေသများတွင်သာ ကြုံတွေ့နေရသော်လည်း ယခုအခါ ဒေသအနှံ့အပြား မြို့နယ်အများစုတွင် နွေရာသီကာလ ရောက်ပါက ရေရှားပါးမှုကို သိသာစွာ ရင်ဆိုင်နေရသည်ဖြစ်သည်။

ယင်းသို့ ရေရှားပါးမှုကို ရင်ဆိုင်နေရသည့် ဧရိယာ ကျယ်ပြန့်လာခြင်းသည် စိုက်ပျိုးရေး လုပ်ငန်းများအတွက် ပျက်စီးဆုံးရှုံးမှုကို ပိုလာစေပြီး တောင်သူများအတွက် နှစ်စဉ်ဆုံးရှုံးမှုနှင့် အကြွေးနွံဒုက္ခသာ ပိုစေခဲ့ရသည်။

အပူပိုင်းဇုန်ဖြစ်သည့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ အများစုတွင် နှစ်စဉ် သောက်သုံးရေ ရှားပါးမှု အခက်အခဲကို ရင်ဆိုင်နေရပြီး ယခု နွေရာသီတွင်လည်း မကွေး အပါအဝင် မြို့ကြီးအချို့၌ ရာသီဥတု ပူပြင်းခြောက်သွေ့ လာခြင်းကြောင့် ကန်ရေ လျော့နည်းကာ ရေရှားပါးမှုကို ရင်ဆိုင်ရလျက် ရှိသည်။

လက်ရှိအချိန်တွင် မကွေးမြို့နယ်အတွင်း ဘုရားချောင်၊ ကြာကန်ဘိုတွဲ၊ ညောင်ပင်သာ၊ အောင်သာကုန်း၊ ဆုံကုန်း၊ ကြာကန် ကြားကုန်း၊ ကန်နှစ်ဆင့် စသည့် တဲတိုက်များနှင့် ကျေးရွာငယ် အချို့မှ အိမ်ထောင်စုများအတွက် သောက်သုံးရေ လိုအပ်ချက်ကို အကူအညီပေးနေရပြီး ရေအတွက် မဖြစ်မနေ ကူညီပေးရမည့် ကျေးရွာနှင့် တဲတိုက် စုစုပေါင်း ၁၆ နေရာခန့် ရှိနိုင်ကြောင်း အကူအညီ ပေးနေသူ ဦးဇော်မင်းထိုက်က ပြောကြားသည်။

ထို့ပြင် လာမည့်နွေကာလ၌ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၁၄၀ ကျော်သည် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ရနိုင်ဖွယ် ရှိနေသည်။

အလားတူ ရေရှားပါးမှုကို တောင်သာမြို့နယ်အတွင်း ဇဂျမ်းကျေးရွာ အုပ်စုအတွင်း ကျေးရွာ ၁၃ ရွာရှိသည့်အနက် ကျေးရွာ သုံးရွာသည် သောက်သုံးရေ ရရှိရေး နှစ်စဉ် အခက်အခဲ ရှိနေပြီး ကျောင်းစုကျေးရွာရှိ စက်ရေတွင်း တစ်တွင်းမှသာ သောက်ရေကိုဝိုင်း၍ ခပ်ယူနေရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

“ရေက တအားလိုနေတာ။ ဒါ့အပြင် စက်ရေတွင်းက ပျက်သွားရင် ဒီတစ်တွင်းကိုပဲ မှီခိုနေရလို့ ဒေသခံတွေအတွက် ပိုအခက်အခဲရှိတယ်”ဟု ကျောင်းစုကျေးရွာ ဒေသခံ ဦးကျော်စိန်ဝင်းက ဆိုသည်။

ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးရွာရက်သည် ရက် ၄၀ ကျော် လျော့နည်းခဲ့ရာ အလယ်ပိုင်းဒေသအတွက် မိုးရရှိမှု လျော့နည်းခဲ့ပြီး စိုက်ပျိုးရေ မရ၍ သီးနှံထွက်နှုန်း ကျဆင်းမှု ပြဿနာ ရှိလာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးအတွက် ရေအသုံးချမှုမှာ ၇၀ ရာခိုင်နှုန်းကျော် ရှိနေပြီး အိမ်သုံးနှင့် စက်မှုဇုန် လုပ်ငန်းသုံးအတွက် ၃၀ ရာခိုင်နှုန်းခန့် ရှိနေရာ ရေရရှိနိုင်ရေးနှင့် ချွေတာရေးအတွက် မဟာဗျူဟာ ချမှတ် ဆောင်ရွက်သင့်ကြောင်း ရေသုတေသန ပညာရှင်များက ပြောဆိုသည်။

လက်ရှိ သောက်သုံးရေ ရှားပါးသည့် ပြဿနာ အရင်းအမြစ်မှာ သစ်တော ပြုန်းတီးခြင်းကြောင့် မြေအောက်ရေ ခန်းခြောက်လာမှု ပြဿနာပင် ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ပမာဏမှာ နှစ်စဉ် တိုးတက်လာခြင်း မရှိဘဲ လျော့နည်းနေသည့်အပြင် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများ စာရင်းတွင်လည်း စတုတ္ထနေရာမှ တတိယနေရာသို့ ခုန်ကျော်တက်လာခဲ့ပေသည်။

ထို့ပြင် လူဦးရေ များပြားပြီး မြေအောက်ရေချို အရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းနှင့် စနစ်တကျ ထုတ်ယူခြင်း မရှိသည့် အချက်ကလည်း ရေရှားပါး ပြတ်လပ်မှုကို ရင်ဆိုင်နေရသည့်အတွက် ရေချို အရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲ၍ ထုတ်ယူ သုံးစွဲသင့်ကြောင်း ရေသုတေသန ပညာရှင် ဒေါက်တာ ခင်နီနီသိန်းက သုံးသပ် ပြောဆိုသည်။

နေထိုင်မှုလူဦးရေ ထူထပ်ပြွတ်သိပ်လာသည့် ရန်ကုန်မြို့တော်တွင်လည်း သောက်သုံးရေ ရှားပါးပြတ်လပ်မှု ပြဿနာကို အချို့သော မြို့နယ်များတွင် လက်ရှိ ရင်ဆိုင်နေရသည်။

ကန်ရေကိုသာ အဓိက အားထား အသုံးပြုနေရသည့် ရန်ကုန်တိုင်းဒေသကြီး ဒလနှင့် ဆိတ်ကြီးခနောင်တို မြို့နယ်တို့တွင်လည်း ယခုအခါ နွေကာလ အပူချိန် မြင့်တက်လာသည်နှင့်အမျှ သောက်သုံးရေကန်များတွင် ရေ စတင်ခန်းခြောက်လာနေပြီဖြစ်သည်။

ယင်းမြို့နယ်များတွင် ရေတွင်းများ တူးဖော်ထားသော်လည်း သံဓာတ်နှင့် အခြားသော ဓာတ်များ ပါဝင်မှု မြင့်နေခြင်းကြောင့် သောက်သုံး၍ မရသဖြင့် ကန်ရေကိုသာ မှီခိုအားထားနေရကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ထို့ပြင် ယခင်က ရေရှားပါးသည့် ဒေသထဲတွင် မပါဝင်သည့် ရှမ်းပြည်နယ်မှာလည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက စတင်၍ ကျေးရွာအချို့တွင် သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့လာနေရသည်။

ယင်းသို့ကြုံတွေ့ရမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း လူငယ် အထောက်အကူပြုအဖွဲ့ တာဝန်ခံ ဦးအောင်ဆန်းက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

“သစ်တော ပြုန်းတီးမှုက အဆိုးရွားဆုံးအချက် ဖြစ်နေတယ်။ နောက် ရွှေ့ပြောင်း တောင်ယာခုတ်တဲ့ ကိစ္စကလည်း အဆိုးရွားဆုံးပဲ။ ဒါကြောင့် ရေရှားမှု ပြဿနာကို ရင်ဆိုင်နေရတာ”ဟု ၎င်းက ဆိုသည်။

နှစ်စဉ် နွေရာသီ၌ သောက်သုံးရေ ရှားပါးမှုကို ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း၊ ပင်းတယနှင့် ညောင်ရွှေမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှာ ၂၀၁၆ ခုနှစ်ကလည်း အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရပြီး ယခု လာမည့်ဧပြီလတွင်လည်း သောက်သုံးရေ ရှားပါးမှုကို အဆိုးရွားဆုံး ဆက်လက် ကြုံတွေ့ရနိုင်ဖွယ် ရှိနေသည်။

မြေအောက်ရေ အရင်းအမြစ်များ လျော့နည်းမှု မရှိစေရန်အတွက် ရေကို ချွေတာ သုံးစွဲသင့်ရာ ရန်ကုန်နှင့် မန္တလေးမြို့ အပါအဝင် မြို့ကြီးများ၌ ဧပြီလအတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်၌ ရေမဖြုန်းဘဲ သုံးစွဲမှု စနစ်တကျ ရှိစေရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က အကြုံပြု ပြောဆိုသည်။ 

ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလအတွင်း ရေသုံးစွဲမှုမှာ ဂါလန်ပေါင်း သိန်း ၂၄၀ ကျော်ရှိပြီး မန္တလေးမြို့တွင် သင်္ကြန် ငါးရက်တာ ကာလအတွင်း ရေသုံးစွဲမှုမှာ ဂါလန် ၄၅ ဒသမ ၈ သန်း ရှိခဲ့ကြောင်း စည်ပင်သာယာရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

၂၀ဝ၅ ခုနှစ် မတိုင်မီက ရန်ကုန်မြို့တော်တွင် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး ရေလှောင်ကန်များနှင့် အဝီစိတွင်းများမှ တစ်နေ့လျှင် သောက်သုံးရေ ဂါလန် ၈၅ သန်း ပေးဝေခဲ့ရာမှ ယင်းနှစ် နောက်ပိုင်း ရေပေးဝေရေး စခန်းများ တည်ဆောက်ခြင်းနှင့် အဝီစိတွင်းများ တူးဖော်ခြင်းတို့ကြောင့် တစ်နေ့လျှင် ရေဂါလန် သန်း ၁၆၀ အထိ တိုးမြှင့် ဖြန့်ဝေနိုင်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်က ပြီးစီးခဲ့သည့် ငမိုးရိပ် ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) စီမံကိန်းမှလည်း တစ်နေ့လျှင် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက် ရှိသော်လည်း ရန်ကုန်မြို့ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသာ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး ၂၀၄၀ ပြည့်နှစ်တွင် ထပ်မံ တိုးမြှင့်လာမည့် ရန်ကုန်မြို့ လူဦးရေ ၁၀ သန်းကျော်၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

“ရေက ကမ္ဘာမှာ သိပ်ကို တန်ဖိုးရှိလာပြီ။ သုံးစွဲတဲ့နေရာမှာ ဂရုစိုက်ဖို့ လိုတယ်”ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

ယင်းသို့ နှစ်စဉ် ရင်ဆိုင်နေရသည့် ပြဿနာသည် သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်းလာသည်နှင့်အမျှ တစ်နှစ်ထက်တစ်နှစ် မပြေလည်နိုင်ဘဲ ပို၍သာ ဆိုးရွားလာသည်ဟုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။

လက်ရှိ နွေရာသီကာလ မတိုင်မီ ဆောင်းရာသီ ကုန်ဆုံးခါနီးကပင်စ၍ နေ့အပူချိန်များ မြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ အများစုတွင် သောက်သုံးရေ ခန်းခြောက်မှုများက စတင်လာပြီဖြစ်သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် နှစ်စဉ် အပူချိန်မှာ တိုးလျက်ရှိနေပြီး ၂၀၁၇ ခုနှစ်သည်လည်း ယခင်နှစ်များကကဲ့သို့ အပူဆုံးနှစ် တစ်နှစ်ဖြစ်လာနိုင်ရာ ပူပြင်း ခြောက်သွေ့မှု၊ အပူဒဏ်နှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုတို့ကို ရင်ဆိုင်ရဖွယ် ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုသည်။

“နှစ်စဉ်လည်း ရေရှားနေတယ်ဆိုတော့ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသကတော့ အဓိကပါပဲ”ဟု ၎င်းက ဆိုသည်။

ယခုအခါ ရာသီစက်ဝန်း တစ်ပတ်လည်ပြီး ပူပြင်း ခြောက်သွေ့သည့် နွေရာသီကို ရောက်လာသည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းမှ ကျေးရွာပေါင်း ၂၀ဝ၀ ကျော်တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးပြတ်လပ်မှု ပြဿနာကို ကြုံတွေ့ရနိုင်ပြီး တူးပို့ ... တူးပို့သံနှင့်အတူ နှစ်စဉ် ကြားနေကျ အသံများကို ကျယ်လောင်စွာ ကြားရတော့မည်ဖြစ်သည်။

ရေရှားပါးမှုက နှစ်စဉ် မြန်မာနိုင်ငံအနှံ့တွင် တိုးမြင့်လာလျက် ရှိသည်။ သို့သော် ထို့အတွက် အစိုးရ အဆက်ဆက် အရေးယူ ဆောင်ရွက်ပေးမှု အပိုင်းတွင်မူ သိသိသာသာ တိုးတက်လာခြင်း မရှိသေးကြောင်း ရေအခက်အခဲ ကြုံတွေ့နေသူများက ပြောဆိုသည်။

“နွေဆိုရင် ရေပြဿနာပဲ။ နောက်တစ်နေ့သုံးဖို့ ရေရှိပါမလား ဆိုပြီး တွေးပူနေရတယ်”ဟု မကွေးဒေသခံ ဦးလွင်မောင်က ဆိုသည်။

The Voice သတင်းအဖွဲ့

  • TAGS