News

POST TYPE

EXTRA

မြန်မာ့ငြိမ်းချမ်းရေးအပေါ် ဦးစိုင်းကျော်ညွန့်၏ သုံးသပ်ချက်
၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုနောက်ဆုံးအဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သုံးသပ်ချက်ကို ဖော်ပြအပ်ပါသည်။  
အယ်ဒီတာ

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများ မည်သည့်အခြေအနေအထိ ခရီးပေါက်နေပြီး လာမည့် ၂၀၁၇ ခုနှစ်တွင် မည်ကဲ့သို့ အခင်းအကျင်းအသစ်များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဖော်ဆောင်လာမည်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးမှု ပြုလုပ်နေပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူးလည်း ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ရသည်။

Voice : လက်ရှိ ငြိမ်းချမ်းရေး အခင်းအကျင်းက ဘယ်လိုပုံစံနဲ့ သွားနေတယ်လို့ သုံးသပ်မိသလဲ ခင်ဗျ။

USKN : လက်ရှိ ငြိမ်းချမ်းရေး အခင်းအကျင်းကတော့ အစိုးရကတော့ ဒါကို ဖော်ဆောင်ချင်နေတဲ့ သဘော ရှိတယ်။ အစိုးရလို့ ကျွန်တော်တို့ သုံးနှုန်းရတာက တပ်မတော်က သတ်သတ်စဉ်းစားရမယ့် ကိစ္စ ဖြစ်တယ်။ အစိုးရက NCA နှစ်ပတ်လည် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မူဝါဒ ဆိုပြီးတော့ အစိုးရကလုပ်မယ့် လုပ်ငန်းစဉ်များ ဆိုပြီးတော့ ချခဲ့တဲ့အထဲမှာ နံပါတ်စဉ် ငါး၊ ခြောက်၊ ခုနစ်လောက်မှာ ထူးခြားချက် ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မယ်ဆိုပြီးတော့ ပြောပါတယ်။ ပြီးရင် အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲလုပ်မယ်။ ပြီးရင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ထူထောင်မယ် ဆိုတာပေါ့ ဒါကတော့ အစိုးရရဲ့ မူဝါဒပေါ့။ ဒီလိုဖြစ်ပြီးတော့ ပြန်ကြည့်တဲ့အခါမှာ NCA နှစ်ပတ်လည် ပြီးလည်းပြီးရော တိုက်ပွဲတွေက ပြန်ပြီးပြင်းထန်လာတယ်။ ကချင်ဘက်မှာ သာမကပဲနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပြန်ဖြစ်လာတယ်။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ် ပြုမယ်ဆိုရင် တပ်ဘက်က သိပ်ကြိုက်ပုံ မပေါ်ဘူး။ တိုက်ပွဲတွေများ ဖန်တီးသလားပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ နိုင်ငံက ငြိမ်းချမ်းရေးကို ရှေ့ဆက်ဖော်ဆောင်ချင်တဲ့ အုပ်စုတွေ ရှိသလို၊ ငြိမ်းချမ်းရေးကို ချက်ချင်းမဖော်ဆောင်ဘဲနဲ့၊ မဖော်ဆောင်ဘူးလို့တော့ မဆိုလိုဘူး။ ဖော်တော့ ဖော်ဆောင်တယ်။ ဒါပေမဲ့ သူတို့က အသာစီးရသော ဖော်ဆောင်တဲ့ ပုံစံမျိုးနဲ့ပဲ သွားချင်တဲ့ အုပ်စုတွေလည်း ရှိတယ်ပေါ့လေ။ အဲဒီတော့ ငြိမ်းချမ်းရေးကို မလုပ်ဘူးလား ဆိုတော့ လူတိုင်းက ငြိမ်းချမ်းရေးကို လုပ်နေပေမယ့် ဖော်ဆောင်ပုံ ဖော်ဆောင်နည်းက နည်းနည်းလေး ကွဲလွဲနေတယ်။ ပြောချင်တာက အစိုးရ အဖွဲ့အစည်းမှာရှိတဲ့ အစိုးရနဲ့ တပ်မတော်က တကယ်တမ်း ဒီအချိန်မှာ ကောင်းကောင်းမွန်မွန် ညှိနှိုင်းသင့်တယ်လို့ ထင်ပါတယ်။ အချို့ကိစ္စတွေမှာ အစိုးရက ဖော်ဆောင်မယ် လုပ်လိုက်၊ တပ်မတော်က သဘောထားတစ်မျိုး ဖြစ်လိုက်၊ တပ်မတော်က လုပ်ချင်တာတွေကိုလည်း အစိုးရက သဘောထား မတိုက်ဆိုင်တာ ရှိတော့ တကယ်တမ်း အဖြစ်သင့်ဆုံးက အစိုးရနဲ့ တပ်မတော်နဲ့ အစိုးရ အစုအဖွဲ့ကြီး တစ်ခုလုံးက တစ်သဘောထားတည်း ဖြစ်မယ်ဆိုရင် ပိုမြန်ဆန်လိမ့်မယ်လို့ မြင်တယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင်ရမလဲ။ တိုင်းပြည်ကို ဘယ်လိုသွားမလဲ ဆိုတာ တကယ့်ဘုံသဘောတူညီချက်ပေါ့။ အဲဒီပုံစံပေါ်မှာသာ တိုင်းရင်းသား လက်နက်ကိုင်ကိစ္စတင်မက ပြည်တွင်းမှာရှိတဲ့ အခြားကိစ္စတွေ အကုန်လုံးကို ဘယ်လိုသွားကြမလဲဆိုတဲ့ ဘုံသဘောတူညီချက် ရှိမှသာ အဆင်ပြေလိမ့်မယ်။

Voice : ဆရာ့အနေနဲ့ UPDJC မှာလည်း ပါတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ အရင်တုန်းက အစိုးရနဲ့ အခုအစိုးရသစ် လက်ထက် ဘယ်လို အဓိက ကွာခြားလဲ ခင်ဗျ။

USKN : အစိုးရပိုင်းကို ပြောရရင်တော့ အခုအစိုးရက ငြိမ်းချမ်းရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ တခြားကဏ္ဍပေါင်း များစွာမှာပေါ့ အကြံပေးတွေ မခန့်ဘူး။ အခုမှစပြီး လုံခြုံရေးဆိုင်ရာ အကြံပေးဆိုပြီး အခုမှ စပြီး ခန့်တာ။ ပြီးခဲ့တဲ့အစိုးရကို ကြည့်ပြီးပြောရရင် မှန်ခြင်း မှားခြင်းကို မပြောဘူး။ အိုင်ဒီယော်လော်ဂျီ တွေးခေါ်မှုက မှန်ခြင်း မှားခြင်းကို မပြောဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေးအပိုင်းမှာ ဆိုရင်လည်း နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဘယ်နှယောက်ပေါ့။ စီးပွားရေးပိုင်းမှာ ဆိုရင်လည်း ဦးမြင့်တို့၊ ဒေါက်တာအောင်ထွန်းသက်တို့လိုမျိုး စီးပွားရေး အကြံပေးက ဘယ်နှယောက်ပေါ့။ အဲဒီလိုမျိုး ပညာရှင်တွေကို သုံးတာတွေ ရှိတယ်။ အခု အစိုးရကကျတော့ နိုင်ငံရေးမှာ အကြံပေးဆိုပြီးတော့ မမြင်ဘူးပေါ့။ မမြင်ဘူး ဆိုတာကလည်း အကြံပေးလောက်အောင် ဘယ်သူမှ မတော်ဘူးလို့ ထင်တာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့လေ။ အစိုးရအနေနဲ့ အကြံပေး မလိုအပ်ဘူးလို့ မြင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုက စီးပွားရေးပိုင်း ဆိုရင်လည်း သိပ်မတွေ့ရဘူး။ မတွေ့ရဘူး ဆိုတာ ကျွန်တော်တို့ မျက်မြင်မှာ မြင်ကွင်းမှာ ရှိမနေတာပေါ့လေ။ မြင်ကွင်းရဲ့ နောက်ကွယ်မှာ ဘာတွေလဲဆိုတာတော့ မပြောတတ်ဘူးပေါ့။ အဲဒီလိုမျိုး ကွဲလွဲမှုလေးတွေ ရှိတယ်ပေါ့။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ဖွဲ့စည်းပေးထားတဲ့ ပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍတွေမှာတော့ လူတော်တွေပါပဲ။ ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ Subject မှာတော့ ဒီဘာသာရပ်က သူတို့ရဲ့ ဘာသာရပ် သိပ်မဟုတ်ဘူးလို့ နည်းနည်းမြင်ရတယ်ပေါ့။ ပြောရရင် ငြိမ်းချမ်းရေး ကိစ္စတွေမှာ တိုင်းရင်းသား လက်နက်ကိုင်ကိစ္စတွေ ရှိတယ်။ နှစ်ပေါင်းမြောက်မြားစွာ အခြေတည်ခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးတွေ ရှိတယ်။ အဲဒီအပေါ်မှာ ထဲထဲဝင်ဝင် နားလည်သဘောပေါက်တဲ့သူကို ခေါ်တယ်ပြုတယ်၊ ဦးဆောင်ခိုင်းတယ် ဆိုရင်တော့ Key ပိုတည့်မယ်လို့ မြင်မိတယ်။ အခုဟာက ဖွဲ့စည်းပေးထားတဲ့သူက သူ့ဘာသာရပ်မှာတော့ ကျွမ်းကျင်ပေမယ့် ဒီငြိမ်းချမ်းရေး ကိစ္စမှာတော့ Expert တွေ မဟုတ်ဘူး။ အဲဒါ အခက်အခဲတွေ ရှိတယ်။

Voice : အဲဒါဆိုရင် ဆရာ အရင်အစိုးရက လူတွေထက်စာရင် အခုငြိမ်းချမ်းရေးကို ဦးဆောင်တဲ့ သူတွေက ပိုနှောင့်နှေးနေတဲ့ ပုံစံမျိုး ဖြစ်နေတာလား ခင်ဗျ။

USKN : ဒီအပိုင်းကို ပြောရမယ် ဆိုရင်တော့ အစိုးရ အနေနဲ့ ဘယ်လိုစဉ်းစားလဲတော့ မသိဘူး။ ပြီးခဲ့တဲ့ အခေါက်တွေမှာတော့ ဦးအောင်မင်းပေါ့။ သူကိုယ်တိုင် ဗိုလ်ချုပ်ဟောင်းလည်း ဖြစ်တယ်၊ အဲဒီမတိုင်ခင်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြောက်မြားစွာ ညှိနှိုင်းခဲ့ဖူးတယ် ဆိုတော့ တိုင်းရင်းသားတွေ အကြောင်းလည်း အတိုင်းအတာတစ်ခုထိ နားလည်တယ်။ သူ့အောက်မှာလည်း သက်ဆိုင်ရာ ကဏ္ဍတွေမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ခေါ်တယ်။ ပြီးတော့ သူက အုံနဲ့ကျင်းနဲ့ အလုပ်လုပ်တယ်ပေါ့။ သူကတော့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဆိုပေမယ့် သူ့ရဲ့ အလုပ်လုပ်ပုံ ကိုင်ပုံတွေက လုပ်ရင်းလုပ်ရင်းနဲ့ နိုင်ငံရေးသမား ဖြစ်လာတဲ့ သဘောကို တွေ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်ရှိအစိုးရကလည်း အပြစ်တင်စရာ ဘာမှတော့ မရှိဘူး။ အချိန်ကလည်း ခဏလေးပဲ ရှိသေးတယ်။ ပြီးခဲ့တဲ့ အစိုးရဆိုတာ နှစ်ပေါင်းမြောက်မြားစွာ နှစ်ပေါင်းဆယ်ချီ ယူပြီးမှ သူတို့စဉ်းစားခဲ့ပြီးမှ ဖော်ဆောင်တာကိုး။ သူတို့အတွက်က မြန်တယ်လေ။ အခုအစိုးရက အခုမှ တက်လာတယ်။ အခုအစိုးရ အနေနဲ့တော့ သူလည်း ပုံစံတစ်မျိုးနဲ့ ဖော်နေတာပါပဲ။ ဒါပေမဲ့ အရှိန်ရနေတဲ့ အရာတစ်ခုက အစိုးရအသစ် ချိန်းလိုက်တဲ့ အချိန်မှာ နည်းနည်းလေးတော့ အရှိန်လေး တန့်သွားတာလေးတော့ ရှိတယ်။ ဒါပေမဲ့ အစိုးရကလည်း အတတ်နိုင်ဆုံးတော့ ဆိုင်ရာဆိုင်ရာ နယ်ပယ်တွေမှာ ငြိမ်းချမ်းရေးမှာ ကြိုးစားနေတာပါပဲ။ အကြံပြုလိုတာက ငြိမ်းချမ်းရေးကော်မရှင်၊ NRPC တို့က အဓိက လုပ်သင့်တာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အဲဒီအကြောင်းတွေကို ဂဃနဏသိတဲ့သူတွေ ပြီးတော့ ဆိုင်ရာဆိုင်ရာမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အခန်းကဏ္ဍတွေ၊ နိုင်ငံရေးနဲ့ သက်ဆိုင်တာ၊ ဖွဲ့စည်းပုံနဲ့ သက်ဆိုင်တာ၊ တိုင်းရင်းသားအရေးကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များ၊ နယ်စပ်မှာ တိုင်းရင်းသားတွေနဲ့ အတူတကွ နေထိုင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်များကို စုစည်းပြီးတော့ သူတို့အကြံဉာဏ်ကို ယူပြီးတော့ Peace Commission ကို ထပ်ချဲ့လိုက်မယ် ဆိုရင်တော့ အလုပ်ပိုတွင်မယ်လို့ မြင်မိတယ်။

Voice : ဒီဘက် အစိုးရသစ် လက်ထက်မှာ အရင်အစိုးရနဲ့ မတူဘဲ ၂၁ ရာစု ပင်လုံညီလာခံ ဆိုပြီးတော့ အားလုံးပါဝင်တဲ့ ညီလာခံ ကျင်းပခဲ့တယ်။ ဒီညီလာခံ အပြီးမှာ တိုင်းရင်းသားတွေရဲ့ သဘောထားက ဘယ်လိုပုံစံမျိုး ဖြစ်လာတယ်လို့ မြင်မိလဲ ခင်ဗျ။ 

USKN : ခါတိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလို့ သုံးတယ်ပေါ့။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံလို့ ထည့်လိုက်ခြင်းအားဖြင့် ဘယ်လိုဖြစ်လာသလဲ ဆိုတော့ ပင်လုံဆိုတဲ့ စကားလုံးက ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန် အရေးကြီးပါတယ်။ ဒီနိုင်ငံက ဖြစ်ခဲ့တယ် ဆိုတာကလည်း ပင်လုံကြောင့် ဖြစ်ခဲ့တယ်။ ပင်လုံမြို့လေးမှာ တည်ပြီးတော့ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေကြောင့် ပင်လုံစာချုပ် ဆိုပြီးတော့ ဖြစ်ခဲ့တယ်။ အဲဒီစာချုပ်သာ မဖြစ်ခဲ့ရင် မရှိခဲ့ရင် ဒီနိုင်ငံက မဖြစ်ခဲ့ပါဘူး။ အခြားပုံစံ တစ်ခုခုနဲ့တော့ ရှိကောင်းရှိလိမ့်မယ်။ တိုင်းရင်းသားတွေလည်း ပါချင်မှ ပါလိမ့်မယ်ပေါ့လေ။ အဲဒီလို ပင်လုံလို့ ပြောခြင်းအားဖြင့်၊ ဒီစကားလုံးကို သုံးတာက ဘာရည်ရွယ်ချက်လဲပေါ့။ ဘယ်လိုများ စဉ်းစားချက် ရှိလဲပေါ့။ သေချာတာက ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက် ဖြစ်တယ်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့တဲ့ ကတိကဝတ်တွေ ရှိတယ်ပေါ့။ ပင်လုံမှာ မဖော်ဆောင်ခဲ့တဲ့ ကတိကဝတ်တွေ အများကြီး ရှိတယ်။ အဲဒီမပြီးဆုံးသေးတဲ့ Mission တစ်ခုကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြီးအောင်၊ သူ့အဖေရဲ့ မပြီးဆုံးသေးတဲ့ အလုပ်ကို ပြီးအောင်လုပ်မယ် ဆိုတဲ့ သဘောမျိုးလည်း ရှိနိုင်တာပေါ့။ ပြီးတော့ ဒီပင်လုံလို့ ပြောလိုက်ခြင်းဖြင့် တိုင်းရင်းသားတွေရဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ အားလုံးကို ဒီပင်လုံဆိုတာနဲ့ အကုန်လုံး နိုင်ငံရေးအရ နိုးကြွလာတယ်ပေါ့။ အဲဒီအချက်တွေကြောင့် ဒီစကားလုံး သုံးတယ်လို့ မြင်တယ်ပေါ့။ တစ်ခုပဲ စဉ်းစားစရာ ရှိတာက ဒီစကားလုံးကို သုံးပြီးတော့ ဒီစကားလုံးရဲ့ အနက်အဓိပ္ပာယ်အတိုင်း မဖော်ဆောင်ဘူး ဆိုရင်တော့ အဲဒါကျရှုံးတာ ဖြစ်မှာပဲ။

Voice : လက်ရှိအစိုးရက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အများဆုံး ပြောခဲ့တယ်ပေါ့။ တိုင်းရင်းသားတွေရဲ့ အမြင်တွေက ပြောင်းလာတာ တွေ့ရလား ခင်ဗျ။

USKN : ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောတာက နိုင်ငံထူထောင်ကတည်းက စခဲ့တဲ့ အိပ်မက်ပဲ။ အဲဒီအိပ်မက်နဲ့တူတူ အတူတကွ နေထိုင်ကြမယ် ဆိုပြီးတော့ ပင်လုံစာချုပ် ချုပ်ခဲ့တယ်ပေါ့လေ။ တကယ်တမ်း ပြန်ကြည့်လိုက်ရင် ၄၇ အခြေခံဥပဒေအရ ဖြစ်စေ၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးစားတဲ့ ၆၁ မှာ တောင်ကြီးမှာ ပြည်နယ်ပေါင်းစုံ ညီလာခံပြီးတော့ ၇၄ အခြေခံဥပဒေ ဖြစ်လာတယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ဖြစ်လာတယ်။ အဲဒီတော့ ပြောရရင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ချင်စိတ်နဲ့ အတူတကွ လာပြီးတော့ ပေါင်းစုပြီးတော့ ပြည်ထောင်စုတောင် ခေါ်ခဲ့တာပဲ။ ဒါပေမဲ့ တကယ်တမ်း သူ့ရဲ့လက္ခဏာတွေ ဘာမှမရှိခဲ့ဘူး။ အသွင်သဏ္ဌာန်အားဖြင့် အနည်းငယ် ရှိပေမယ့် အနှစ်သာရအားဖြင့် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အဲဒီတော့ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တမ်း တည်ဆောက်မယ်ဆိုရင် စစ်မှန်တဲ့ တကယ့်အနှစ်သာရ အရကော ပြည့်စုံတဲ့ ဖက်ဒရယ်ကို တည်ဆောက်မယ် ဆိုရင်တော့ အားလုံးက ကြိုက်ကြမှာပဲ။ အားလုံးက သဘောတူကြမှာပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံတည်ကတည်းက ဒီကိုသွားမယ် ဆိုပြီးတော့ လုပ်ခဲ့ကြတာပဲ။

Voice : လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်ဆွဲနေပြီလို့ တချို့ကလည်း ပြောနေကြပြီ။ ဆရာတို့အနေနဲ့ကော လက်ရှိအခြေအနေကို ဘယ်လိုမြင်မိသလဲ။

USKN : တိုက်ပွဲတွေကတော့ ဖြစ်တာက ဖြစ်တာပဲပေါ့။ အစက ကျွန်တော်ပြောသလိုပဲ။ အစိုးရမှာ သဘောထားက တူတဲ့နေရာ တူတယ်၊ မတူတဲ့နေရာက မတူဘူး။ တိုက်ပွဲဆိုတာကလည်း စဉ်းစားတဲ့နေရာမှာ စစ်ရေးရှုထောင့်ကနေ စဉ်းစားပြီးတော့ ငြိမ်းချမ်းရေးကို လုပ်နေသလားပေါ့။ အဲဒီလို ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့တော့ သဘောမကျပါဘူး။ နိုင်ငံရေးနည်းအရပဲ စဉ်းစားသင့်တယ်။ နိုင်ငံရေးကို ဖြေရှင်းဖို့ နိုင်ငံရေး နည်းလမ်းကပဲ စဉ်းစားသင့်တယ်။ စစ်ရေးနည်းလမ်းကို အသားပေးတယ်ဆိုတဲ့ တချို့ဘက်က ယူဆတာတွေ ရှိနေပါတယ်။ တကယ်တမ်းက အဲဒါတွေက မကောင်းပါဘူး။ စစ်ရေးအရ ဖြေရှင်းလေလေ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ယုံကြည်မှုကျလေပဲ။ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အခက်အခဲ ရှိတာပေါ့။ စစ်ပွဲတွေနဲ့ ဖြေရှင်းနေတာတော့ ကျွန်တော်တော့ လုံးဝမကြိုက်ပါဘူး။

Voice : လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို လက်မှတ်ထိုးဖို့ အစိုးရက တိုက်တွန်းနေတယ်ပေါ့။ သူတို့အခြေအနေကကော ဘယ်လိုရှိပါသလဲ။

USKN : NCA ထိုးရေးနဲ့ ပတ်သက်ပြီးတော့ အခုကျန်နေသေးတာ UNFC အဖွဲ့တွေ ကျန်တယ်။ မြောက်ပိုင်းအဖွဲ့တွေ ကျန်ပါတယ်။ နောက်ပြီးတော့ ‘ဝ’၊ မိုင်းလားပေါ့။ ဒါပေမဲ့ သေချာတာတစ်ခုက ငြိမ်းချမ်းရေး ညီလာခံကို မတက်ဘူးလို့ ပြောတာတော့ ဘယ်အဖွဲ့မှ မရှိဘူး။ UNFC အဖွဲ့တွေ ဆိုရင်လည်း NCA ကို လုံးဝငြင်းပယ်တာမျိုးတော့ မဟုတ်ဘူး။ NCA  မှာ ပါတဲ့ ဟာကွက်လေးတွေ သိပ်မခိုင်မာတာလေးတွေကို ခိုင်မာအောင်လုပ်မယ် ဆိုတဲ့ သူတို့ရဲ့ စဉ်းစားချက်ပေါ့ အဲဒါသာရမယ် ဆိုရင်တော့ သူတို့က လက်မှတ်ထိုးမှာပဲ။ သူတို့တောင်းဆိုထားတဲ့ အချက်ရှစ်ချက်ကို ကြည့်ရင်လည်း NCA မှာ ပါဝင်တဲ့ အချက်တွေပါပဲ။ နည်းနည်းလေး မတိကျတာကို တိကျအောင် လုပ်ဖို့လောက်ပဲ ရှိတယ်ဆိုတော့ တကယ်တမ်း ကျေကျေလည်လည် ညှိနှိုင်းရင်UNFC အနေနဲ့ NCA ထိုးနိုင်မယ်လို့ မြင်တယ်။ တစ်ဖက်နဲ့တစ်ဖက် အကျေအလည် ညှိနှိုင်းဖို့ပဲ လိုတယ်။ မြေပြင်မှာလည်း စစ်ပွဲတွေရပ်ဖို့ လိုတယ်။ ဒီမှာက ဆွေးနွေးနေပြီး ဟိုဘက်မှာ တိုက်နေတယ်ဆိုရင် ယုံကြည်မှုက ကျတယ်ပေါ့။

Voice : NCA စာချုပ်က ဘာဖြစ်လို့ အဓိက ကျနေတာလဲဆိုတာ နည်းနည်းလောက် ရှင်းပြပေးပါ ခင်ဗျ။

USKN : NCA စာချုပ်ကတော့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတစ်လျှောက်မှာ တပ်မတော်ကနေပြီး တိုင်းရင်းသားများနဲ့ လက်မှတ်ထိုးတဲ့ အဆင့်ပေါ့။ တပ်ချုပ်အဆင့်ထိ ထိုးတယ်ပေါ့။ ဒါက ရှားရှားပါးပါး စာချုပ်ပေါ့။ သူ့ကို ပြီးပြည့်စုံတယ်ရယ်လို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ အခြေတည်ပြီးတော့ အလုပ်တွေ အများကြီး လုပ်သွားလို့ ရတယ်။

Voice : အခုလာမယ့် ၂၀၁၇ ခုနှစ်ပေါ့။ နှစ်သစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ဘယ်လိုအခင်းအကျင်းမျိုးနဲ့ သွားမယ်လို့ မြင်မိပါသလဲ။

USKN : ငြိမ်းချမ်းရေးကတော့ အဓိက Key Stakeholder (အဓိကကျတဲ့ တိုင်းပြည်ခေါင်းဆောင်) ဖြစ်တဲ့ အစိုးရရဲ့ ကိုင်တွယ်မှုပေါ်မှာပဲ မူတည်တယ်။ အစိုးရရဲ့ ကိုင်တွယ်မှုသာကောင်းရင် သူက အကောင်းဘက်ကို ရွေ့ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ မြန်လိမ့်မယ်။ အစိုးရရဲ့ကိုင်တွယ်မှုသာ နည်းလမ်းက သိပ်မကျဘူး ဆိုရင်ဖြင့် ပိုဆိုးလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ယုံကြည်မှု တည်ဆောက်တာက ခဏလေးနဲ့ မရဘူး။ အခုလက်ရှိ အစိုးရအပေါ်မှာ တိုင်းရင်းသားအပေါင်းတို့က နှစ်ပေါင်းမြောက်မြားစွာနဲ့  မျှော်လင့်ခဲ့ကြတယ်။ မျှော်လင့်ခဲ့တဲ့ အတွက်ကြောင့်မို့ အစိုးရက အဲဒါကို အခွင့်ကောင်းယူပြီးတော့ နည်းမှန်လမ်းမှန်နဲ့ ချဉ်းကပ်လိုက်တယ် ဆိုရင်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်က အကုန်လုံး အဆင်ပြေသွားမယ်။ အဲဒါအဆင်ပြေရင် နိုင်ငံရေး တည်ငြိမ်ရင် သူ့ရဲ့ နောက်ဆက်တွဲ ကဏ္ဍတွေ ဖြစ်တဲ့  စီးပွားရေး ကဏ္ဍတွေမှာလည်း အကုန်လုံး အဆင်ပြေမယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အမြစ်ပြတ်ချေမှုန်းရေး ပုံစံနဲ့  စဉ်းစားမယ်။ ဒါမှမဟုတ် ကစားမယ်ပေါ့။ ကစားတယ်ဆိုတာ ဟိုဘက်ကိုတိုက်ရင် ဒီဘက်ကို ရပ်လိုက်၊ ဒီဘက်ကိုတိုက်ရင် ဟိုဘက်ကိုရပ်လိုက်နဲ့ ကိုယ်လိုချင်တဲ့ နိုင်ငံရေးရအောင် အချိန်ဆွဲကစားမယ်ဆိုရင် ဆိုးတဲ့အပိုင်းကို ရောက်သွားမယ်။ ဆိုးတဲ့အပိုင်း ရောက်သွားရင်တော့ နောက်ဆက်တွဲ ဖြစ်လာမယ့် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်လာမယ်ပေါ့။ လမ်းကြောင်းကတော့ အကောင်းလည်း ဖြစ်နိုင်တယ်၊ အဆိုးလည်း ဖြစ်နိုင်တယ်။ ဒီဟာတွေ ဖြစ်အောင်လုပ်ဖို့ အဓိကအကျဆုံးက အစိုးရပဲ။

Voice : ပြီးတော့ လက်ရှိနှစ်သစ်ထဲမှာ ဖြစ်နေတာက အကောင်းဘက်ကို သွားနေတယ်လို့ကော မြင်မိသလား။

USKN : လက်ရှိဆိုရင်တော့ အခုပဲ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က နေပြီးတော့ UNFC ကို သွားပြီးဆွေးနွေးနေတာ ရှိတယ်။ အဆင်ပြေတယ် ဆိုရင်တော့ ကောင်းပါတယ်။ အပြောင်းအလဲဆိုတာ နိုင်ငံရေးမှာ အရမ်းမြန်တယ်။ အဆင်ပြေသွားရင် Key တည့်သွားတယ် ဆိုရင်ဖြင့် အကောင်းဘက်ကို ဝုန်းဝုန်းဆိုပြီးတော့ ရောက်သွားတယ်။ မရောက်သေးခင်သာ စဉ်းစားချက်တွေက အများကြီး ဖြစ်နေတာ။ ခြေလှမ်းတစ်လှမ်းလောက် တိုးတယ်ဆိုရင်ပဲ ချက်ချင်းပြောင်းလဲသွားနိုင်တယ်။ ကျွန်တော်တို့ အမြင်ကတော့ အကောင်းဘက်ကိုပဲ မြင်ထားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ ပြောဖူးဆိုဖူး ဆက်ဆံတာတွေ ရှိတယ်။ သူတို့ကလည်း ဒီနိုင်ငံကို ချစ်တဲ့စိတ်က အကုန်ရှိပြီးသားပဲ။ ချစ်ပုံချစ်နည်းသာ မတူကြတာပေါ့လေ။ အဲဒါတွေကို ကွဲကွဲပြားပြား မြင်တတ်တယ်ဆိုရင် ကျွန်တော်ကတော့  အကောင်းမြင်ဘက်ကပဲ ရှိနေတယ်။ နိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေက ၂၀၁၇ မှာ အများကြီး တိုးတက်မှုတွေ ရှိမယ်လို့ မြင်မိတယ်။

Voice : နောက်ဆုံးမေးခွန်း အနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေဘက်ကို အဓိက တိုက်တွန်းချင်တာက ဘာဖြစ်မလဲ ခင်ဗျ။

USKN : အဓိက တိုက်တွန်းချင်တာကတော့ နံပါတ်တစ် အရေးကြီးဆုံး တိုက်ပွဲကိစ္စပဲ။ တိုက်ပွဲတွေက ဖြစ်ပြီဆိုရင် နှစ်ဦးနှစ်ဖက် အကျနာတယ်။ သေတယ်ဆိုရင်လည်း ဒီနိုင်ငံသား သေတာပဲ။ တပ်မတော်ဘက်ကပဲ သေသေ၊ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကပဲ သေသေပေါ့။ အဲဒီအပြင် တိုက်ပွဲဖြစ်ရင် ဒုက္ခအရောက်ဆုံးက ပြည်သူတွေပဲ။ ပြည်သူတွေပဲ အိုးမဲ့အိမ်မဲ့ ပြေးပြန်ပြီ။ စစ်ဘေးရှောင်တို့ ဘာတို့အများကြီး ရှိတယ်။ စစ်ဘေးရှောင်ရပြီ ဆိုတာနဲ့ သူတို့ရဲ့ နေ့စဉ် လူမှုဘဝတွေ စီးပွားရေး၊ စိုက်နေပျိုးနေရတဲ့ ကိစ္စတွေ၊ အကုန်လုံး လူမှုဘဝတွေ ပျက်စီးတယ်။ ပြောချင်တာက စစ်ပွဲ၊ တိုက်ပွဲနည်းလမ်းနဲ့ မဖြေရှင်းကြပါနဲ့။ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းကြပါလို့ အကြံပြုလိုပါတယ်။

 ပွင့်ဇင်မော်ဟိန်း