News

POST TYPE

EXTRA

ဒေါက်တာအောင်ထွန်းသက်ရဲ့ မြန်မာ့ကျန်းမာရေး သုံးသပ်ချက်
15-Jan-2017 tagged as

၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။  
အယ်ဒီတာ

မြန်မာ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံ၍ မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် ဖြစ်ပေါ်နေသော အခြေအနေ၊ လိုအပ်ချက်နှင့် ၂၀၁၇ တွင် မဖြစ်မနေ လုပ်ဆောင်သင့်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအပေါ် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု (သို့မဟုတ်) ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍမှာ လိုအပ်ချက်တွေ အများကြီး ရှိနေတာ တွေ့ရပါတယ်။ ငွေကြေး ပြည့်စုံသူတွေ ပြည်ပမှာ ထွက်ကုတာမျိုးတွေ ရှိသလို ငွေကြေးချို့တဲ့သူတွေမှာလည်း လုံလောက်တဲ့ စောင့်ရှောက်မှု မရတာ တွေ့ရပါတယ်။ ဒီအပေါ် ဆရာ့သုံးသပ်ချက်လေး သိပါရစေ။
Dr.ATT : ကျန်းမာရေး ဝန်ဆောင်မှုလို့ပြောရင် တစ်ချိန်ကတော့ နိုင်ငံတော်ပိုင်ပဲ ရှိတယ်။ အခုကတော့ နည်းနည်းတော့ ကြာသွားပြီပေါ့လေ ပုဂ္ဂလိက ကဏ္ဍပေါ်လာတယ်။ တစ်ချိန်တုန်းက ပုဂ္ဂလိက ဆေးခန်းတွေ လုပ်ခွင့် မပေးဘူး။ ဥပဒေအရ တားထားတယ်။ သို့သော်လည်း ဆေးခန်းတွေ ဖွင့်ကြတယ်။ လုပ်ခွင့်သာ မပေးတယ် တကယ်တမ်းတော့ အဲ့ဒီဆေးခန်းတွေက ဆေးရုံတွေ ဖြစ်နေတယ်။ ၁၉၆၂ နောက်ပိုင်းမှာ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု မရှိရာကနေ အခုပေါ်လာပြီ၊ ဒီတော့ ကျန်းမာရေး စောင့်ရှောက်မှုလို့ပြောရင် နိုင်ငံပိုင်သာမက ပုဂ္ဂလိကပိုင်းလည်း ပြောမှရမယ်။ နောက်တစ်ခုက ပြည်ပထွက်ဆေးကုတာတွေလည်း ရှိလာကြပြီ။ တတ်နိုင်တဲ့သူက စင်ကာပူ သွားတယ်။ ဘန်ကောက် သွားတယ်။ တချို့တွေကတော့ အိန္ဒိယကို သွားပြီး ကုသတာတွေ ရှိတယ်။ ဒီလို ပြည်ပထွက်ကုတာက ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို နှုတ်နဲ့ မပြောသော်လည်း ကိုယ့်ဆီက ကျန်းမာရေး စောင့်ရှောက်မှုက မလုံလောက်ဘူး၊ စိတ်မချဘူးဆိုတာ ဝေဖန်လိုက်သလိုပါပဲ။ ဒီကလူတွေ ပြည်ပထွက် ဆေးသွားကုနေသရွေ့ ဒီက ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ဘူးဆိုတာ ပြနေတာပဲ။ ဘန်ကောက်မှာဆို မြန်မာက ဆေးလာကုတာ ဒုတိယ အများဆုံးပဲ။ ဘန်ကောက် ဆေးရုံတွေမှာဆို မြန်မာစကားပြန်တွေ ထားပေးတယ်။ မြန်မာလို လမ်းညွှန်ချက်တွေ ရေးတာတွေ ရှိတယ်။ ဘာလို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလည်းဆိုတာ ကြည့်ရင် ကျန်းမာရေး၊ ပညာရေးအပေါ် အာရုံစိုက်မှု အားနည်းခဲ့လို့ ဆိုတာတွေ့တယ်။ ဆရာတို့ သုတေသန လုပ်ဖူးတယ်။ နိုင်ငံတစ်ခုရဲ့ ကျန်းမာရေးကဏ္ဍ တိုးတက်ချင်ရင် ဘတ်ဂျက်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရင်းနှီးမြှုပ်နှံမှရမယ်လို့ တွေ့ရတယ်။ ဆရာတို့မှာ အဲ့လောက် မသုံးနိုင်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှုလို့ပြောရင် Public Health (ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု)က အရေးကြီးတယ်။ နိုင်ငံတော်အနေနဲ့က ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကို အလေးထား လုပ်ဖို့လိုတယ်။ ဒီမှာက ဆရာထင်တယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမ ရှားပါးတဲ့ ပြဿနာ ဖြစ်နေတယ်။ အထူးကု ဆရာဝန်ကြီးတွေဆို အစိုးရ ဆေးရုံတွေမှာ ဝန်ထမ်းတွေဖြစ်သလို ပုဂ္ဂလိက ဆေးရုံတွေကိုလည်း ပတ်သွားနေရတယ်။ ဒါကြောင့် တချို့ ခွဲစိတ်တဲ့သူတွေဆို ည နှစ်နာရီ၊ သုံးနာရီလောက်မှာမှ လုပ်ရတာတွေ ရှိတယ်။ ဆရာဝန်ကြီးတွေ ရှားတဲ့ပြဿနာကြောင့် ဆရာဝန်ကြီးတွေ ကိုယ်တိုင်လည်း ပင်ပန်းတယ်။ နောက်လူနာကို ကြည့်ရတဲ့အခါမှာလည်း အချိန်ပေး ဂရုစိုက်မှု အားနည်းတယ်။ နိုင်ငံခြားမှာတော့ အချိန်ပေးတယ်။ ဂရုစိုက်တယ်။ စောင့်ရှောက်မှု အရမ်း ကွာတယ်။ ဒီမှာကတော့ အသိရှိမှ အဆက်အသွယ်ရှိမှ မရှိရင် ဆေးရုံမတက်ရဲတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါ့အပြင် ဆရာဝန်တိုင်းကို မဆိုလိုပေမယ့် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထား Ethics (ကျင့်ဝတ်) ပေါ့။ လူနာကို ဂရုစိုက်ရမယ်။ ငွေကြေးထက် လူနာရဲ့ ရောဂါ ကုသရေးပိုင်းကို ပိုအာရုံစိုက်ရမယ်။ ဆရာနဲ့သိတဲ့ ဆရာဝန်ကြီးတွေကို မေးကြည့်တော့ လူနာ တစ်ယောက်ကို အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်လောက် စကားပြောပြီးမှ ကုသမှုပေးရမယ် ပြောတယ်။ ဒါပေမဲ့ အခု အဲ့လို အနေအထား မရှိဘူး။ အပြင်မှာ လူနာ တစ်ရာလောက် ရှိနေတော့ အဲ့လို အနေအထားမျိုးက မဖြစ်နိုင်တော့ဘူးလေ။ အခုတော့ ကျန်းမာရေး စီမံကိန်းတွေ ပြန်ဆွဲနေတာရှိတယ်။ ဆွဲတာဆွဲတာပဲ တကယ်တမ်းတော့ ကျန်းမာရေး စောင့်ရှောက်မှုက ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့ မသက်ဆိုင်ဘူး။ ကျန်းမာရေးက ပညာရေးနဲ့ ဆိုင်တယ်။ အစားအသောက်နဲ့ ဆိုင်တယ်။ အားလုံးနဲ့ ဆိုင်နေတယ်။ အစားအသောက် အရည်အသွေး မမီတာတွေ၊ အရက်၊ ဆေးလိပ်ကို ဈေးပေါပေါနဲ့ဝယ် နိုင်တာတွေ ဒါတွေကို ထိန်းရမယ်။ အဲ့ဒါ ကျန်းမာရေး စောင့်ရှောက်မှုပဲ။ ကုသမှုတွင် မဟုတ်ဘဲ ကာကွယ်မှုကိုလည်း ဂရုစိုက်ရမယ်။ တရားဥပဒေ စိုးမိုးမှုကလည်း ကျန်းမာရေး စောင့်ရှောက်မှုမှာ အရေးပါတာပဲ။ ဆရာ ဆိုလိုတာက ကျန်းမာရေး စောင့်ရှောက်မှုက ကျန်းမာရေး ဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့မရဘူး။ ဘက်စုံထောင့်စုံကနေ လုပ်မှရမယ်။

Voice : တိုင်းပြည်ဆင်းရဲတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု နိမ့်ကျတယ်လို့ တချို့ကလည်း သုံးသပ်တာ တွေ့ရပါတယ်။ အဲ့ဒီအယူအဆအပေါ် ဆရာ ဘယ်လိုမြင်ပါသလဲ။
Dr.ATT : အရင်ကတော့ Wealthy is Healthier ပေါ့ ချမ်းသာမှ ကျန်းမာမယ်။ နိုင်ငံတစ်နိုင်ငံက ချမ်းသာလာရင် တဖြည်ဖြည်း ပိုပြီး ကျန်းမာလာမယ်ပေါ့။ ဒါပေမဲ့ ဒီဘက်ပိုင်းမှာတော့ Healthy is Wealthier ကျန်းမာမှ ချမ်းသာမယ်လို့ ပြောလာတယ်။ တချို့နိုင်ငံတွေက ဝင်ငွေအားဖြင့် ဆင်းရဲတယ်။ ဥပမာ - ကျူးဘားနိုင်ငံဆိုရင် ဝင်ငွေဆင်းရဲပေမယ့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ညွှန်ကိန်းက မြင့်တယ်။ နိုင်ငံတစ်နိုင်ငံ ဆင်းရဲလို့ မကျန်းမာဘူးဆိုတဲ့ အယူအဆကို ဖျောက်မှရမယ်။ ကျန်းမာရေးက ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ဘူး။ ဒီမှာက ကလေးသေနှုန်းမြင့်တယ်။ အဆိုးဆုံးကတော့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေးမှာ လိုအပ်ချက်ရှိတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင် သေဆုံးနှုန်း မြင့်နေတာပဲ။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ သဘာဝအရ ကလေး မွေးနိုင်တယ်။ ဒီကိစ္စက အထူးကု ဆရာဝန်ကြီးတွေ မဖြစ်မနေ လိုတာမျိုး မဟုတ်ဘူး။ ဒီပြဿနာတွေက ဆရာဝန်တွေ ရှားပါးတဲ့ ကျေးလက်တွေမှာ အဖြစ်များတယ်။ အဲ့ဒီမှာ ကျွမ်းကျင်တဲ့ အရပ်လက်သည်တွေပဲ လိုတယ်။ အရပ်လက်သည်ကို သင်တန်းပေးပြီး လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်ပေးတာမျိုး လုပ်သင့်တယ်။ ကျေးလက်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အရမ်း အားနည်းတယ်။

Voice : အစိုးရ အဆက်ဆက်က ကျန်းမာရေး စောင့်ရှောက်မှု အမျိုးသားအဆင့် စီမံကိန်း၊ ဘာစီမံကိန်း၊ ညာစီမံကိန်းဆိုပြီး စီမံကိန်းတွေ များစွာ ချခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု တက် မလာတာ ဘာကြောင့်လဲ။
Dr.ATT : ဒီကိစ္စမှာ ကိုယ်လည်း တရားခံပဲ။ အလိုတူ အလိုပါပဲလို့ ပြောရမယ်။ ကိုယ်လည်း အမျိုးသား ကျန်းမာရေး စီမံကိန်း (Plan) တွေ ဆွဲခဲ့တာ။ ဆရာတို့ဆီမှာက စီမံကိန်းနဲ့ အစီအစဉ်နဲ့ မတူဘူး။ ဆရာတို့နိုင်ငံက တောက်လျှောက် စီမံကိန်းကိုပဲ အားပေးတယ်။ တကယ်လိုတာက Planning (အစီအစဉ်) ဒီမှာက Plan နဲ့ Planning မကွဲဘူး။ စီမံကိန်းတွေ ချလိုက်တာနဲ့ အလိုလို ဖြစ်သွားလိမ့်မယ်လို့ ထင်ကြတယ်။ တကယ်တော့ စီမံချက်တွေ၊ စီမံကိန်းတွေ လုပ်ပြီးရင် အကောင်အထည် ဖော်ဖို့လိုတယ်။ အားအနည်းဆုံးက အကောင်အထည်ဖော်မှုပဲ။ ဒါက ကဏ္ဍတိုင်းမှာ ဖြစ်နေတာ။ စီမံထားတဲ့အတိုင်း စီစဉ်ထားတဲ့အတိုင်း ဖြစ် မဖြစ်ကို ပြန်လည် ဆန်းစစ်တာ မရှိဘူး။ စီမံကိန်းထက်ကို အစီအစဉ်တွေ လိုတာ။ နောက်စီမံကိန်းတွေက အပေါ်ကဆွဲပြီး အောက်ချပေးတာ။ တကယ်က အောက်ကဆွဲပြီး အပေါ်ကို တက်ဖို့လိုတာ။ ကိုယ့်ကျေးရွာအတွက်၊ ကိုယ့်ခရိုင်အတွက်၊ ကိုယ့်မြို့အတွက် အစီအစဉ်တွေ ချမှတ်ဖို့လိုတာ။ အပေါ်ကနေ ချပေးတာက ၁၉၆၀ လောက်ကတည်းက ဆိုရှယ်လစ်နိုင်ငံတွေမှာ သုံးတဲ့စနစ်ကြီး ဖြစ်တယ်။ အခုက ဈေးကွက်စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေတဲ့ အစီအစဉ်တွေလိုတာ။ ဒီတော့ စီမံကိန်းတွေပဲ ချနေတာကနေ အစီအစဉ်တွေချပြီး လုပ်ဆောင်တဲ့ဘက်ကို ပြောင်းဖို့လိုမယ်။

Voice : ၂၀၁၇ မှာ မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ မဖြစ်မနေ ဦးစားပေး လုပ်ရမယ့်ကိစ္စတွေက ဘာတွေဖြစ်မယ်လို့ ဆရာမြင်ပါသလဲ။
Dr.ATT : ဟုတ်တယ်။ လုပ်ရမှာတွေတော့ အများကြီးပဲ။ သို့သော် ဘာပဲလုပ်လုပ် ဦးစားပေး လုပ်ရမယ့်ဟာတွေ သတ်မှတ်ပြီးတော့ လုပ်သင့်တယ်။ ဒီနှစ်အတွင်းမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဘာလုပ်မယ်၊ ဆေးရုံတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ဘာလုပ်မယ် ဆိုတာမျိုးတွေ တိတိကျကျ သတ်မှတ်ပြီး ဖြစ်အောင် လုပ်သင့်တယ်။ ၂၀၁၇ မှာ စဉ်းစားဖို့ ကောင်းတာက ပုဂ္ဂလိက ကျန်းမာရေးစနစ်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ ပြဿနာပဲ။ ပုဂ္ဂလိက ကျန်းမာရေးကို စီးပွားရေးလို လုပ်နေတာ။ ပရဟိတ လုပ်နေတာ မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ဒီလို လုပ်နေတာပဲ။ ဒါကိုလက်ခံမှ ရမယ်နော်။ ပုဂ္ဂလိကက အရည်အသွေး တက်အောင် အပြိုင်အဆိုင် လုပ်နေတာ ဒါကို ပိတ်ပင်လို့ မရဘူး။ ဒီလို မျိုးပုံစံကို နိုင်ငံပိုင် လုပ်ငန်းတွေမှာ ဘယ်လိုလုပ်လို့ရမလဲ။ ဘယ်လို ပေါင်းစပ်လို့ရမလဲ။ ဒါကိုစဉ်းစားဖို့ လိုတယ်။ အခုပြောနေတာတွေ အားလုံးက နိုင်ငံပိုင် ဆေးရုံ၊ ဆေးခန်းတွေကိုပဲ ပြောနေတာ။ ပုဂ္ဂလိကပိုင်းက ဘာတွေလုပ်မယ်၊ နိုင်ငံတော်က ဘယ်အဆင့်တွေ လုပ်မယ်ဆိုတာမျိုး ခွဲဖို့လိုတယ်။ အခုက ခွဲတာကို မကွဲဘူးဖြစ်နေတာ။ 

Voice : တချို့နိုင်ငံတွေမှာ ဆေးကုသရာမှာ အစိုးရ ဆေးရုံတင်မကဘဲ ပုဂ္ဂလိက ဆေးရုံတွေမှာပါ အစိုးရ အစီအစဉ်နဲ့ တက်ရောက် ကုသလို့ ရတာမျိုးတွေ ရှိတာ တွေ့ရတယ်။ ကုန်ကျစရိတ် တချို့သာ ပေးရပြီးကျန်တာ အစိုးရ အစီအစဉ်နဲ့ ပေးတာမျိုးပေါ့။ အဲ့ဒီလိုလုပ်နိုင်ရင် အစိုးရဆေးရုံတွေမှာ လူနာတွေ မနိုင်မနင်း ဖြစ်နေတာတွေ ပြေလည်သွားနိုင်တယ်။ ဒီနိုင်ငံမှာလည်း ဒါမျိုးလုပ်ဖို့ မဖြစ်နိုင်ဘူးလား ဆရာ။
Dr.ATT : အရင်က ဆရာကိုယ်တိုင် လုပ်ခဲ့တဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတာ အဲ့လိုပုံစံမျိုးပဲ။ အခမဲ့ဆိုတာ ကြားကောင်းပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူး။ တတ်နိုင်တဲ့သူတွေဆီက နည်းနည်းယူ မတတ်နိုင်တဲ့သူကို မျှပေးတဲ့ပုံစံပေါ့။ နိုင်ငံခြားဆေးရုံတွေမှာ ဒီလို ပုံစံမျိုးလုပ်ပြီး မတတ်နိုင်တဲ့သူတွေကို အတိုင်းအတာ တစ်ရပ်အထိ အစိုးရက စိုက်ပေးတာ။ လုပ်သင့်တာပေါ့။

Voice : ဟုတ်ကဲ့ဆရာ။ ဒီတော့ ကျွန်တော်တို့နိုင်ငံမှာလည်း ပုဂ္ဂလိက ဆေးရုံတွေနဲ့ ပေါင်းစပ်ပြီး ကျန်းမာရေး စောင့်ရှောက်တဲ့ပုံစံမျိုး လုပ်လို့ရမလား။ ဘယ်လို လုပ်နိုင်မလဲ။
Dr.ATT : ပုဂ္ဂလိကကတော့ အဆင်သင့် ဖြစ်နေမှာပဲ။ သူတို့လည်း ပါချင်မှာပဲ။ ပုဂ္ဂလိက ကဏ္ဍကို မေ့ထားပြီး စီမံကိန်းတွေ လုပ်နေလို့ မဖြစ်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှုကို ကျန်းမာရေး ဝန်ကြီးဌာနကသာ ပိုင်တယ်။ သူပဲ လုပ်ခွင့်ရှိတယ် ဆိုတာမျိုး မစဉ်းစားဖို့လိုတယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်လာစေချင်ရင် သမားရိုးကျ သွားနေတာ၊ သမားရိုးကျ စဉ်းစားနေတာတွေ လုပ်လို့ မရတော့ဘူး။ Creative ဖြစ်ဖို့ Innovative ဖြစ်ဖို့လိုတယ်။ အရေးကြီးဆုံးက ဒီနိုင်ငံမှာ ကျန်းမာရေး အာမခံချက် မရှိတာ။ Health Insurance မရှိတာ။ ၂၀၁၇ မှာ မဖြစ်မနေ လုပ်ရမှာ ကျန်းမာရေး အာမခံပဲ။ ကျန်းမာရေး အာမခံ မဖြစ်မနေ လုပ်ရမယ်။ ဒါနိုင်ငံတော်ကပဲ လုပ်ရမှာ မဟုတ်ဘူး။ အလုပ်ရှင်ကလည်း ထည့်ပေးမယ်၊ အလုပ်သမားကလည်း ထည့်ပေးမယ်၊ ပြည်သူကလည်း ထည့်မယ်၊ နိုင်ငံတော်ကလည်း ထည့်မယ်ဆိုရင် အောင်မြင်သွားမယ်။ ထိုင်းမှာဆို လူတစ်ယောက်က ဆေးခန်းသွားရင် ဘတ် ၃၀ ပဲ ပေးရမယ်။ တစ်ဒေါ်လာပေါ့။ ကျန်တာ နိုင်ငံတော်က တာဝန်ယူတယ်။ ဘာလို့လဲဆိုတော့ အားလုံးကိုစုထားပြီး အဲ့ဒီကနေ ကျခံတာပဲ။ အခုဆိုရင် ကျန်းမာရေး အာမခံ မရှိလို့ ကျန်းမာရေး တစ်ခုခုဖြစ်ရင် ရှိသမျှ အကုန်ရောင်းပြီး ကုရတာ။ မိသားစုတွေ ဘဝပျက်ကြတာပဲ။

Voice : ဒီနှစ်ထဲမှာ ကျန်းမာရေး အာမခံဖြစ်အောင် လုပ်ဆိုတော့။ ကျန်းမာရေး အာမခံကို ဘယ်လိုပုံစံမျိုး လုပ်မလဲဆရာ။ 
Dr.ATT : ကျန်းမာရေး အာမခံဆိုတာ လူမှုဖူလုံရေး ပုံစံပဲ။ လူတိုင်း လစာ၊ ဝင်ငွေထဲက မဖြစ်မနေဖြတ်ပြီး ဒါတွေ အားလုံးကို စုထားတယ်။ နေမကောင်းလို့ ဆေးခန်းပြချင်တယ်၊ မျက်စိမကောင်းလို့ မျက်မှန် တပ်ချင်တယ် စသဖြင့် လိုလာရင် ပြန်ပေးတယ်။ တချို့ကိစ္စတွေမှာ အပြည့်ပေးမယ်၊ တချို့ကိစ္စတွေမှာ ၈၀ ရာခိုင်နှုန်း ပြန်ပေးမယ် စသဖြင့်ပေါ့။ အဲ့တော့ ကျန်းမာရေးအတွက် မပူရတော့ဘူး။ ဆရာ UN (ကုလသမဂ္ဂ)မှာ လုပ်ရတဲ့အချိန်မှာ အကောင်းဆုံးက ကျန်းမာရေး အာမခံပဲ။ ကိုယ်တိုင်ရော ကိုယ့်မိသားစုအတွက်ရော မပူရတော့ဘူး။ လုပ်နေသမျှတော့ လုပ်ခရဲ့ ၁၀ ရာခိုင်နှုန်းကို ဖြတ်တယ်။ ဘယ်သူမဆို ကျန်းမာရေး အာမခံ ၁၀ ရာခိုင်နှုန်း ထည့်ဆို ထည့်ချင်မှာပဲ။ သူတို့ ကျန်းမာရေးအတွက် လုံခြုံမှု ရှိတယ်လေ။ စိတ်အေးရတယ်။ ဒီတော့ ဒါကို ဒီနှစ်ထဲမှာ မဖြစ်မနေ စပြီးလုပ်ပါလို့ ပြောချင်ပါတယ်။ 

ကျော်ဆန်းမင်း

  • TAGS