News

POST TYPE

EXTRA

ဒီဇိုင်နာ မျိုးမင်းစိုး၏ ဖက်ရှင်ရေစီး သုံးသပ်ချက်
၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။  
အယ်ဒီတာ
မြန်မာ့ဖက်ရှင်လောက၏ ၂၀၁၇ ခုနှစ်အတွင်း ခေတ်စားလာမည့် ဖက်ရှင်ဒီဇိုင်းများနှင့် အရောင်အတွဲ အစပ်များအကြောင်း၊ ဖက်ရှင်လောက၏ လက်ရှိအနေအထားနှင့် ၂၀၁၇ တွင် ဖြစ်ပေါ်လာမည့် အခြေအနေနှင့် ပတ်သက်ပြီး ဒီဇိုင်နာ မျိုးမင်းစိုး၏ သုံးသပ်ချက်များကို The Voice က မေးမြန်းဖော်ပြအပ်ပါသည်။

Voice : ၂၀၁၆ မှာ ကိုယ်တိုင်က ဘယ်လိုဖက်ရှင်မျိုးတွေ အများဆုံးထွင်ခဲ့လဲ။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ ခုနှစ် ဖက်ရှင်ရေစီးကြောင်းကရော ဘယ်လိုရှိခဲ့လဲ။

MMS : ၂၀၁၆ မှာတော့ အစ်ကိုက မြန်မာဝတ်စုံဖက်ရှင်တွေကိုပဲ အဓိကထားပြီး ထွင်ခဲ့ပါတယ်။ မြန်မာမှုကိုပဲ အဓိက ဦးစားပေးပြီး ဖန်တီးဖြစ်ပါတယ်။ ၂၀၁၇ မှာလည်း ခေတ်နဲ့လိုက်ဖက်တဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကိုပဲ ထွင်ဖြစ်မှာပါ။ အရောင်တွေဆိုလည်း နိုင်ငံတကာမှာ ခေတ်စားနေတဲ့ အရောင်အတွဲအစပ်လေးတွေကိုသုံးပြီး ဖန်တီးဖြစ်မှာပါ။ ဖက်ရှင်ရေစီးကြောင်းကတော့ အရင်တုန်းကထက်စာရင် အရမ်းကို တိုးတက်လာပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေလည်း ပိုများလာတယ်။ Customer တွေ အကုန်လုံးကလည်း ဖက်ရှင်ကို အရင်ကထက် ပိုပြီး စိတ်ဝင်စားလာကြတယ်။ ဖက်ရှင်ဈေးကွက်က အရင်ကထက် တိုးတက်မှုတွေ ရှိလာပါတယ်။

Voice : နှစ်တစ်နှစ်ပြောင်းပြီ ဆိုရင် ဘယ်လိုဖက်ရှင်မျိုးတွေကို ထွင်မယ်ဆိုပြီး  စဉ်းစားပြင်ဆင်ဖြစ်လဲ။

MMS : ကျွန်တော်တို့ကကျတော့ အရောင်နဲ့ Accessories လေးတွေကိုပဲ ကစားပြီး ဖက်ရှင်တွေကို ဖန်တီးတာ များပါတယ်။ သူ့နေရာနဲ့သူ လိုက်ဖက်တဲ့ ဖက်ရှင်မျိုး ဖြစ်အောင်တော့ စဉ်းစားပြီး ထွင်ပေးရတာပေါ့။ မင်္ဂလာဝတ်စုံဆိုလည်း မင်္ဂလာ အရောင်လေးတွေ သုံးပေးရတယ်။ ပွဲတက်ဖက်ရှင်တို့ Miss ပြိုင်ပွဲတွေမှာ ဝတ်မယ့် ဖက်ရှင်တို့ ဆိုရင်လည်း ခေတ်နဲ့အညီ ထွင်ပေးရတာပေါ့။ အစ်ကိုကတော့ မြန်မာဝတ်စုံဖက်ရှင်တွေကို ဖန်တီးရတာ ပိုအားသန်ပါတယ်။

Voice : ကိုယ့်ရဲ့ဖက်ရှင်လုပ်ငန်းအတွက် နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းကိုရော ဘယ်လိုလေ့လာဖြစ်လဲ။

MMS : ဒီဇိုင်နာတစ်ယောက် အနေနဲ့က နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖက်ရှင်တွေကိုလည်း လေ့လာရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာဝတ်စုံတွေကိုပဲ ဖန်တီးနေမယ်ဆိုရင် လူတွေရဲ့ အမြင်မှာက ရိုးအီသွားနိုင်တယ်လေ။ အဲ့ဒီအတွက် နိုင်ငံတကာမှာ ခေတ်စားနေတဲ့ အရောင်လေးတွေ၊ ဖက်ရှင်လေးတွေကို လေ့လာရတယ်။ ကိုယ်ဖန်တီးတဲ့ ဖက်ရှင်တွေမှာလည်း လိုအပ်ရင် လိုအပ်သလို အတုယူရတာမျိုးတော့ ရှိတာပေါ့။ ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုကို ဖီဆန်တဲ့ ဖက်ရှင်မျိုးတော့ အစ်ကိုတို့ မထွင်ပါဘူး။ အများလက်ခံနိုင်အောင်ပဲ ကြိုးစားပါတယ်။ အဓိကကတော့ အစ်ကိုက လုံလုံခြုံခြုံနဲ့ လှနေမယ့် ဖက်ရှင်မျိုးတွေပဲ ဖန်တီးဖြစ်ပါတယ်။

Voice : မြန်မာနိုင်ငံရဲ့ ဖက်ရှင်ရေစီးကြောင်းကရော ၂၀၁၇ မှာ ဘယ်လိုဖက်ရှင်မျိုးတွေ ခေတ်စားလာမယ်လို့ ထင်လဲ။

MMS : မြန်မာနိုင်ငံရဲ့ Fashion Trend ကတော့ Cute ဖြစ်မယ့် ဖက်ရှင်မျိုးတွေကို ပိုပြီး သဘောကျနေကြတာပေါ့နော်။ မြန်မာဝတ်စုံမှာဆိုရင်ပဲ ဖဲပွင့်လေးတွေတပ်ပြီး ချုပ်တာတို့မျိုးပေါ့။ ချစ်စရာကောင်းတဲ့ ဖက်ရှင်မျိုးတွေကို ပိုပြီးကြိုက်လာကြတယ်။ မြန်မာဝတ်စုံ ဆိုပေမယ့် Evening Gown ရဲ့ အပေါ်ပိုင်း ပုံစံလေးတွေ၊ ကြိုးချည်ထားတဲ့ ဖက်ရှင်မျိုးတွေကို အကြိုက်များလာကြပါတယ်။ အစ်ကိုတို့ကတော့ မြန်မာဝတ်စုံဆိုရင် အမျိုးသမီးကြိုက်ကိုပဲ ဦးစားပေးပြီး ဖန်တီးဖြစ်ပါတယ်။ လုံလုံခြုံခြုံလေးပေါ့။ အမျိုးသားကြိုက်ဖော်တဲ့ ဖက်ရှင်မျိုးတွေတော့ မလုပ်ဖြစ်ပါဘူး။ မြန်မာဝတ်စုံဆိုရင် မြန်မာဆန်ဆန်လှနေတာပဲ အစ်ကိုကတော့ သဘောကျပါတယ်။ 

Voice : ကိုယ့်ရဲ့ ဖက်ရှင်လုပ်ငန်းအတွက် ကုန်ကြမ်းတွေကျတော့ ဘယ်ကနေပြီး မှာယူဖြစ်လဲ။

MMS : အစ်ကို့အနေနဲ့ကတော့ လုပ်ငန်းမှာသုံးမယ့် ကုန်ကြမ်းကို ကွမ်ကျိုးကနေ မှာတာများတယ်။ ဘန်ကောက်မှာလည်း ဝယ်ပါတယ်။ ဘန်ကောက်မှာကျတော့ ကိုယ်လိုချင်တဲ့ အရောင်တွေကအစ စိတ်ကြိုက်ရွေးလို့ ရတယ်။ ဘန်ကောက်နဲ့ ကွမ်ကျိုးမှာဆိုလည်း ပိတ်စတွေ၊ ဆီးကွင့်လေးတွေ၊ ဖန်ချောင်းတွေ၊ ပုလဲလုံးလေးတွေကအစ စိတ်ကြိုက်ဝယ်လို့ ရပါတယ်။

Voice : ဒီနှစ်ထဲမှာရော ဘယ်လိုအရောင်အတွဲအစပ်မျိုးတွေ ကြိုက်နေလဲ။ ဘယ်လိုဖက်ရှင်မျိုးတွေ အများဆုံး ဖန်တီးဖြစ်မလဲ။

MMS : အစ်ကို့အမြင်ကတော့ လူတွေက သဘာဝဆန်တဲ့ အရောင်လေးတွေနဲ့ ထွင်ထားတဲ့ ဖက်ရှင်မျိုးတွေကို ပိုကြိုက်လာကြတယ်။ အရောင်တောက်တောက်တွေကတော့ သိပ်ပြီးခေတ်မစားတော့ဘူး။ အရောင်အတောက်တွေကကျတော့ မြင်ပါများတော့ နည်းနည်းအီသွားတဲ့ သဘော ရှိတယ်။ အခုဆို သဘာဝဆန်တဲ့ အရောင်လေးတွေ၊ ကောက်ရိုးရောင်လေးတွေ၊ မြေကြီးရောင်လေးတွေ၊ အပင်အရောင်လေးတွေကို သဘောကျ လာကြတယ်။ ဒီနှစ်ထဲမှာလည်း အဲ့ဒီလိုအရောင်လေးတွေ ပိုပြီးခေတ်စားမယ်လို့ ထင်ပါတယ်။

Voice : အစ်ကိုတို့ဆီမှာကျတော့ ဘယ်လိုဖက်ရှင်မျိုးတွေကို လာပြီးချုပ်ခိုင်းတာ များကြလဲ။

MMS : အစ်ကိုကကျတော့ မြန်မာဝတ်စုံလိုင်းကို အားသန်တော့ အစ်ကို့ဆီ ရောက်လာတဲ့ သူတွေကလည်း မြန်မာဝတ်စုံဖက်ရှင်တွေကို ချုပ်ခိုင်းတာများပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဝတ်တဲ့ အရောင်အတွဲအစပ်လေးတွေ ဆိုရင် အမျိုးသမီးတွေ အရမ်းကြိုက်ကြတယ်။ အစ်ကိုတို့ဆီ ရောက်လာတဲ့သူတွေဆိုရင် သူ့အင်္ကျီပုံစံလေးတွေ ချုပ်ခိုင်းကြတယ်။ သူ့ဖက်ရှင်ကို တည့်ကြီး ယူတာတော့ မဟုတ်ဘူး။ အရောင်အတွဲအစပ်လေးတွေကို နည်းနည်းကစားပြီး ချုပ်ပေးရတာပေါ့။ ရန်ကုန်က ကြိုက်တဲ့ဖက်ရှင်နဲ့ မန္တလေးက ကြိုက်တဲ့ဖက်ရှင်ကလည်း မတူဘူး။ မန္တလေးကတော့ မြန်မာဆန်ဆန် ဖက်ရှင်မျိုးတွေ ပိုကြိုက်ကြတယ်။ အစ်ကိုတို့ကျတော့ ရန်ကုန်မှာချုပ်ရင် တစ်မျိုး၊ မန္တလေးမှာချုပ်ရင် တစ်မျိုးချုပ်ရတယ်။ အရောင်လေးတွေကအစ အကြိုက်ချင်းက နည်းနည်းကွာကြတော့လေ။

Voice : လူငယ်ဒီဇိုင်နာတွေ အများကြီး ပေါ်လာပေမယ့် ရှေ့ကိုသိပ်မရောက်လာကြတာကရော ဘာကြောင့်ဖြစ်မယ် ထင်လဲ။

MMS : အဲ့ဒါကတော့ ဒီအလုပ်က အောင်မြင်မှု ရချင်ရင် စွန့်စားရဲဖို့လည်း လိုတာပေါ့နော်။ ချုပ်တော့ ချုပ်နေရပေမယ့် ရှေ့ကိုသိပ်မရောက်လာတာက သူတို့ရဲ့ ခံယူချက်နဲ့လည်း ဆိုင်လိမ့်မယ်။ အစ်ကိုဆို မန္တလေးမှာ လုပ်ငန်းကို အခြေစိုက်ထားပေမယ့် တစ်ပတ်မှာ သုံးရက်လောက်ကတော့ ရန်ကုန်ကို ဆင်းလာရတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ရုပ်ရှင်စကားနဲ့ပြောရင် ဟောလိဝုဒ် ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ ရန်ကုန်ကို တက်လာမှပဲ ကိုယ့်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သိသွားမှာပေါ။ တချို့ကျတော့ ကိုယ့်နယ်မှာပဲ အရမ်းလည်း ချုပ်နေတော့ ရန်ကုန်ကို စွန့်စားပြီးတော့ ဆင်းမလာချင်ကြဘူးပေါ့။ သိပ်ပြီးတော့ မရင်းချင်တဲ့ သဘောလည်း ပါမှာပေါ့နော်။ အစ်ကိုတို့ဆိုရင် ရန်ကုန်ရောက်စတုန်းက ဘာပွဲပဲဖြစ်ဖြစ် ဝတ်စုံတွေ စပွန်ဆာပေးရတယ်။ အဲ့ဒီလိုလုပ်မှပဲ ကိုယ့်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သိမှာဆိုတော့လေ။ တော်တော်များများက ကိုယ့်နယ်မှာလည်း အလုပ်တွေ လုပ်နေရတယ်။ ရန်ကုန်ကို ဆင်းလာဖို့က အရင်းအနှီး အရမ်းကြီးတယ် ဆိုပြီး မစွန့်စားရဲကြလို့ပါ။

Voice : မြန်မာနိုင်ငံမှာရှိတဲ့ ဖက်ရှင်ဒီဇိုင်း သင်တန်းကျောင်းတွေကရော ဒီဇိုင်နာဖြစ်ချင်တဲ့ လူငယ်တွေအတွက် ဘယ်လိုအထောက်အပံ့ကောင်းတွေ ပေးနိုင်လဲ။

MMS : အစ်ကို့ သင်တန်းတွေကဆို တပည့်ပေါင်း ၁၈၀ လောက် မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ သင်တန်းလာတက်တဲ့ သူတွေထဲမှာလည်း အနယ်နယ်အရပ်ရပ်က လူတွေပါပါတယ်။ မြန်မာပြည် အထက်ပိုင်းနဲ့ အောက်ပိုင်းမြို့တွေက လူတွေ အစုံလာသင်ကြတယ်။ သူတို့တွေမှာ မတူညီတဲ့ စိတ်ကူးစိတ်သန်းလေးတွေနဲ့ ကြိုးစားမှုတွေလည်း တွေ့ရပါတယ်။ ဘာပဲပြောပြော သူတို့ဒေသ၊ သူတို့နယ်ကိုပြန်ပြီး အလုပ်တွေ လုပ်တဲ့အခါမှာ အောင်မြင်နေကြတာ ဆိုတော့ အစ်ကိုတို့လည်း သင်ပေးရကျိုး နပ်တာပေါ့နော်။ သူတို့ကို အစ်ကိုတတ်ထားတဲ့ ပညာတွေကို လက်ဆင့်ကမ်း သင်ပေးရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ဒီအလုပ်ကို တကယ်စိတ်ပါလား၊ မပါဘူးလား ဆိုတာက သင်လိုက်တာနဲ့ သိပါတယ်။ တချို့ကျတော့ ပေါ်ပြူလာ ဖြစ်ချင်လို့ လာတက်တဲ့ သူတွေလည်း ရှိတယ်။ အစ်ကိုတို့က သင်လိုက်တာနဲ့ ဒီလူက တကယ်လုပ်မှာလား၊ ဒီလူက ဝါသနာအရ လာတက်တာလားဆိုတာ ခွဲခြားလို့ ရပါတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီး အစ်ကိုတို့က လိုအပ်တာတွေကို ပံ့ပိုးပေးပါတယ်။

Voice : နာမည်ကျော် ဒီဇိုင်နာအများစုက အပ်ထည်တွေချုပ်ပြီး ရပ်တည်နေရတာ များတယ်နော်။ နိုင်ငံတကာမှာလို ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဖက်ရှင်မျိုးတွေ မထုတ်နိုင်သေးတာက ဘာကြောင့်ဖြစ်မယ် ထင်လဲ။

MMS : ဒီဇိုင်နာ တစ်ယောက်ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကိုယ့်နာမည်နဲ့ထုတ်တဲ့ ဖက်ရှင်မျိုးကတော့ ရှိသင့်တာပေါ့။ အစ်ကို့မှာလည်း ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်ဖို့စိတ်ကူးတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ကျတော့ လောလောဆယ်မှာ မလုပ်နိုင်သေးဘူးပေါ့နော်။ နောင်တစ်ချိန်မှာတော့ ကိုယ့်ရဲ့ ပင်မစီးပွားရေးတစ်ရပ် အနေနဲ့ Ready To Wear တွေ ထုတ်ဖို့ ရှိပါတယ်။ ဒီဇိုင်နာ တစ်ယောက်မှာတော့ ကိုယ်ပိုင် Brand တစ်ခု ရှိသင့်ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ အနေအထားနဲ့ကျတော့ Ready To Wear ဖက်ရှင်မျိုးတွေက သိပ်ပြီးတော့ မဖွံ့ဖြိုးသေးဘူးလို့ ပြောရမှာပေါ့။ ဒီဇိုင်နာဆီကို ကိုယ်တိုင်သွားအပ်ပြီး ချုပ်ရတဲ့ ဖက်ရှင်မျိုးကိုပဲ လူတွေက ပိုပြီးတန်ဖိုးထားနေတဲ့ အချိန်ဆိုတော့ ချုပ်ပြီးသား Ready To Wear ဖက်ရှင်တွေကို သိပ်ပြီးမကြိုက်ကြဘူး ဖြစ်နေတယ်။ သူများနိုင်ငံက Ready Made အင်္ကျီတွေနဲ့ ယှဉ်လိုက်ရင်လည်း ကိုယ်တွေနိုင်ငံက ဟာတွေက နည်းနည်းဈေးများနေတော့ ယှဉ်ပြိုင်ဖို့က နည်းနည်းအခက်အခဲတော့ ရှိတာပေါ့။

Voice : ဈေးကွက်မှာ ယှဉ်ဖို့ခက်တာက ကုန်ကြမ်းပစ္စည်းတွေကို ပြည်ပက ဝယ်ယူနေရတဲ့အတွက် ထုတ် လုပ်မှုကုန်ကျစရိတ် ပိုများသွားတာကြောင့်ရော ဆိုင်မလား။

MMS : သူများနိုင်ငံက ဒီဇိုင်နာတွေကကျတော့ သူတို့ရဲ့ Brand ကို နိုင်ငံစုံကို ဖြန့်တာကိုး။ သူတို့ကကျတော့ ပိတ်စဆိုလည်း များများမှာယူနိုင်တဲ့အတွက် သက်သာတာပေါ့နော်။ ကိုယ်တို့နိုင်ငံမှာကျတော့ ဈေးကွက်ကလည်း အကန့်အသတ် ရှိတယ်။ ပိတ်စတွေ၊ Accessories တွေကအစ ပြည်ပက အများဆုံးမှာ ယူရတော့ ကုန်ကျစရိတ်လည်း ပိုများပါတယ်။ သူတို့နဲ့ယှဉ်ရင် ကိုယ်တွေလုပ်နေတာက အသေးစားလုပ်ငန်း သဘောမျိုး ဖြစ်သွားတာပေါ့နော်။ စက်ရုံတွေ ဘာတွေဖွင့်ပြီး လုပ်နိုင်ရင်တော့ ဈေးကတော့ ပေါသွားမှာပေါ့။ သူတို့နဲ့ယှဉ်ပြီး ရောင်းလို့ရမှာပေါ့။         

သန့်ဇင်ဦး

ABOUT AUTHOR

(သန့်ဇင်ဦး)