News

POST TYPE

EXTRA

NLD ပါတီထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်သည့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံခြင်း
11-Jan-2017 tagged as

ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇
၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။  
အယ်ဒီတာ

မြန်မာနိုင်ငံ၏ စီးပွားရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး နယ်ပယ် အသီးသီး၏ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော အခြေအနေများကို NLD ပါတီထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်သည့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် (ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်) နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : ၂၀၁၇ မှာ NLD အစိုးရ ဖော်ဆောင်နေတဲ့ အခြေအနေတွေ တိုးတက်လာနိုင်မလား။
UWH : အဓိကက စီးပွားရေးပေါ့။ အထူးသဖြင့် မြန်မာပြည်ရဲ့ ကဏ္ဍမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး သုံးခုကို ကြိုက်တယ်ပဲပြောပြော၊ မကြိုက်တယ်ပဲပြောပြော၊ ဟုတ်လား ဖြစ်တယ်ပြောပြော၊ မဖြစ်ဘူးပြောပြော အုပ်ချုပ်ရေးနဲ့ ဥပဒေပြုကဏ္ဍက ယန္တရားကတော့ လည်ပတ်နေပြီ။ အရင်တုန်းက တချို့သူတွေ ပြောသလို နှစ်လမှ ခံပါ့မလား၊ ခြောက်လမှ ခံပါ့မလားဆိုတဲ့ အသံတွေကတော့ တိတ်သွားပြီပေါ့။ အဓိက ဒေါ်အောင်ဆန်းစုကြည်ကလည်း သူဝန်ခံထားတယ်။ တွေ့တိုင်း ကြုံတိုင်း တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို အမြဲတမ်း တိုက်တွန်းတယ်။ နောက်ပြီး ပြည်ထောင်စုက ချတဲ့ ဘတ်ဂျက်မှာ ဘယ်လို တိုက်တွန်းလဲဆိုလို့ရှိရင် ကိုယ့်ကို မျှော်လင့်တကြီးနဲ့ မဲပေးလိုက်တဲ့  ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် ဖန်တီးမှုတွေ သိသိသာသာ တိုးတက်အောင် မလုပ်နိုင်သေးဘူးဆိုတော့ ဝန်ကြီးချုပ်တွေက ကိုယ့်တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ချပေးတဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေကို တိုးတက်အောင် လုပ်ဖို့။ အုပ်ချုပ်ရေးကဏ္ဍ အနေနဲ့လည်း ထိထိရောက်ရောက် လုပ်ဖို့ပေါ့။ ဥပမာ-ခရိုင်ချင်းဆက်လမ်းတွေ၊ မြို့ရွာချင်းဆက်လမ်းတွေ ပိုဆောက်ပေးရမယ်။ နောက် လျှပ်စစ်မီးတွေ ရအောင် လုပ်ပေးရမယ်။ အဲဒီလုပ်တဲ့ နေရာမှာ ကျွန်တော်သိတဲ့ သတင်းတွေအရ သိန်းတစ်ထောင် ချပေးလိုက်တဲ့ငွေဟာ ထိထိရောက်ရောက် ရအောင် လုပ်နိုင်တဲ့အတွက် အရင်ကနဲ့ မတူတဲ့ရလဒ်တွေ ရတယ်။ မှန်းတာထက်ကို ပိုပြီးတော့ လုပ်နိုင်တယ်။ ဆယ်မိုင် သတ်မှတ်ချက်ကို ၁၂ မိုင် ထပ်ဆောင်းလုပ်နိုင်တဲ့ အခြေအနေတွေ ရတယ်လို့ သိရတယ်။ လျှပ်စစ်မီးဆိုရင်လည်း ရွာတွေကို ဆင့်ကဲပေးနိုင်တာတွေ ရှိလာတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ အစိုးရက ချပေးတဲ့ ဘတ်ဂျက်ကို အပြည့်အဝ သုံးနိုင်တဲ့အတွက်ကြောင့်။ အရင်ကလို အထက်တစ်ဝက် အောက်တစ်ဝက် မရှိတော့တဲ့ သဘောပေါ့။ ဒါပေမဲ့ ဒီလောက်နဲ့ ကျေနပ်လို့ မရဘူး။ ကိုယ့်မြို့နယ်အလိုက်၊ ကိုယ့်ဒေသအလိုက် ကြိုးစားပြီး ဖော်ထုတ်ရမယ်။ ပြည်တွင်း စီးပွားရေး လုပ်ငန်းအပြင် ပြည်ပ အိတ်စပို့အထိပါ ခွဲခြားပြီး လုပ်ဆောင်ဖို့ တိုက်တွန်းထားတယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်း တစ်ခုဟာ ခြောက်လ တစ်နှစ်နဲ့ သိသာ ထင်ရှား တိုးတက်တာ မရှိဘူးလေ။ အဲတော့ အနည်းဆုံး တစ်နှစ်လောက်ဆိုရင်တော့ အရိပ်အယောင် မြင်ရမယ်။ ဒီအခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို သုံးသပ်ပြီး တင်ပြထားပြီးပြီ။ စီးပွားရေး တိုးတက်ဖို့ အရိပ်အယောင်တွေ တွေ့လာတာက အမေရိကားကနေ ဆန်ရှင်တွေ ရုပ်သိမ်းလိုက်တယ်။ ဒီတော့ အိတ်စပို့ လုပ်ငန်းတွေ၊ ငွေပေးငွေယူ လုပ်ငန်းတွေက တိုက်ရိုက် လုပ်လို့ ရလာမယ်။ ဥပမာ - အရင်က အိတ်စပို့ (ထုတ်ကုန်လုပ်ငန်း)တွေကို အမေရိကကို ပို့လို့ မရဘူး၊ ဥရောပကို ပို့လို့ မရဘူး။ လုပ်ချင်ရင် စင်ကာပူဖြစ်ဖြစ်၊ ဘန်ကောက်ဖြစ်ဖြစ် တစ်ဆင့် လုပ်ရတယ်။ ပြီးတော့မှ နာမည် တစ်မျိုး တပ်ပြီးတော့မှ အိတ်စပို့ လုပ်ရတယ်။ အဲဒါက တစ်ခု။ နောက် ဟိုက ငွေပို့ရင်လည်း တိုက်ရိုက် ပို့လို့မရတော့ တစ်ဆင့်ခံ လုပ်ရတဲ့အခါကျတော့ မိအေး နှစ်ခါ နာတယ်။ ခုက တိုက်ရိုက်ပို့ တိုက်ရိုက် ယူဆိုတော့ ရေရှည်မှာ တိုက်ရိုက် အကျိုးရှိလာမယ်။ နှစ်အချက်က ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတုန်းက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေဟာ နယ်မြေ တော်တော်များများမှာ အသုံးချတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အသုံးချနေတဲ့အတွက် စီးပွားရေးမှာ တွန်းအားပေးမယ့်အချက်တွေ မလွဲမသွေ ဖြစ်လာမှာ။ ဒီတော့ ၂၀၁၇ ဟာ မြန်မာနိုင်ငံကို ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ဖို့အတွက် စတင်တဲ့နှစ်လို့ ပြောလို့ရတယ်။

Voice : ဥပဒေပြုရေးမှာရော ဘယ်လို ဖော်ဆောင်မှုတွေ ရှိလာနိုင်မလဲ။ 
UWH : ကိုယ်ကလည်း အထူး ကော်မရှင်မှာပါနေတဲ့အတွက် တစ်နိုင်ငံလုံးမှာ အားလုံးနဲ့ ပတ်သက်တဲ့ ဥပဒေတွေက လေးရာကျော်လောက် ရှိတယ်။ တချို့က အသုံး မဝင်တော့ဘူး။ ခေတ်ကုန်သွားပြီ။ ပယ်ရမယ့်၊ ဖျက်ရမယ့် ဥပဒေတွေလည်း ရှိလာမယ်။ ဒါနဲ့ပတ်သက်လို့တော့ အခက်အခဲ မရှိဘူး။ လွှတ်တော် တင်မယ်။ သဘော တူညီချက် ရယူမယ်။ တချို့ကို ပြန်ပြင်ပြီး တချို့ကို အသစ် ရေးဆွဲရမယ့် ဥပဒေတွေ ရှိတယ်။ တခြား မပြောနဲ့ အရင် လွှတ်တော်တုန်းက ရေးဆွဲ အတည်ပြုခဲ့တဲ့ FDI Law ပေါ့။ ကျုပ်ကိုယ်တိုင်လည်း ပါတယ်။ ၈ လလောက် ကြာတယ်။ လုပ်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒါလည်း မပြည့်စုံသေးဘူး။ အဲဒါကို ပြန်ပြင်လိုက်တဲ့အခါ ကျတော့ အရင်ဥပဒေထက်စာရင် အများကြီး ပြည့်စုံလာတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့အတွက် အင်မတန် ကောင်းဖို့ အခွင့်အရေးတွေ ပေးထားတယ်။ ခု အထူး ကော်မရှင်မှာ အရင် ဥပဒေပညာရှင်တွေနဲ့ ရေးဆွဲနေတဲ့ကိစ္စ တစ်ခု ရှိတယ်။ Property Tax Law ပေါ့။ ဘယ်လိုလဲဆိုတော့ ဥပမာ-လူတစ်ယောက်တည်းနဲ့  အိမ်တွေ များစွာ ပိုင်တယ်ဆိုရင် ပထမအိမ်ထက် နောက် ဒုတိယ အိမ်ပိုင်ဆိုင်မှု ရှိလာမယ်ဆိုရင် တစ်မျိုး စဉ်းစားတော့မယ်။ နောက်ထပ် ပိုင်ဆိုင်မှု ရှိလာမယ်ဆိုရင် တစ်မျိုး စဉ်းစားမယ်။ ဆွေမျိုး နာမည်တွေနဲ့ လုပ်တာ တခြားပေါ့။ မှတ်ပုံတင် e-Government ဖြစ်လာရင် ဒီကောင်တွေ လုပ်လို့ မရတော့ဘူး။ အဲဒီမှာ Super Tax ဆိုတာ ဖြစ်လာမယ်။ ရည်ရွယ်ချက်က မြေ၊ အိမ်၊ တိုက်ခန်းနဲ့ ပတ်သက်လို့ ကစားတာကို ထိန်းချုပ်တာပေါ့။ အဲဒါကို အထူး ကော်မရှင်က ကမကထလုပ်ပြီး ရေးဆွဲနေတယ်။ ဒီ လာမယ့် လွှတ်တော်ကာလမှာ အတည်ဖြစ်ဖို့  လုပ်နိုင်မယ် ထင်တယ်။ အထူးခွန်ပုံစံက အရင်ကတည်း က စည်ပင်ကနေ ကောက်တဲ့ကိစ္စတွေရှိတယ်။ ရှိတဲ့အထဲ က မြေ၊ အိမ်၊ ခြံဈေးတွေ ကစားတာတွေ ရှိနေတာကြောင့်ပါ။ အချို့က မနေဘဲ ရင်းနှီးမြှုပ်နှံထားပြီး ရောင်းတာတွေရှိတာမှ အခွန်လည်း မရဘူး။ ဒါမျိုးတွေကိုလည်း စည်းကြပ်မယ့် သဘောပေါ့။ ဒီတော့ အစိုးရ အခွန် ရလာမယ်။

Voice : နောက်ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံခေါင်းဆောင်ပြီး လာမယ့် ဖေဖော်ဝါရီမှ တစ်ကျော့ပြန် ညီလာခံ ဖြစ်လာတော့မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေက ဘယ်လို ရှိနိုင်မလဲ။ 
UWH : ငြိမ်းချမ်းရေးကတော့ ဒေါ်အောင်ဆန်းစုကြည်ရော ကိုယ်တို့ ကိုယ်တိုင်ပါ မဆုတ်မနစ် လုပ်ရမယ်ဆိုတာကြောင့် ဘယ်လောက်ပဲ အခက်အခဲ ဖြစ်နေပါစေ သည်းခံပြီး ရအောင် ကြိုးစားမယ်။ ၂၀၁၇ မှာ သိသိသာသာ တိုးတက်မှု ရအောင် ကြိုးစားမယ်။ ဒါကြောင့်မို့လို့ လူမျိုးရေးကအစ အကြောင်းအရာတွေနဲ့ ဆွေးနွေးပွဲတွေ စနေပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ အခက်အခဲကို အဖြေရအောင် ကြိုးစားမှာဖြစ်လို့ ဒီနှစ်ဟာ သိသိသာသာ ခရီးရောက်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ အများ မျှော်လင့်ချင်သလို Peace Agreement Year လို့တော့ မျှော်မှန်းလို့ မရသေးဘူး။

Voice : ပါတီ၊ အစိုးရနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကရော ဘယ်လို ရှိလာနိုင်မလဲ။
UWH : မှန်တယ်၊ တပ်မတော်ဟာ အခရာ ကျတယ်။ ငြိမ်းချမ်းရေးက မျိုးစုံရှိတာပေါ့။ တိုင်းပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်အရေး၊ ရခိုင်အရေးပေါ့။ ရခိုင် အရေးဆိုရင် မွတ်ဆလင် ပါလာတော့ ကမ္ဘာက ပိုပြီး အာရုံစိုက်ကြတယ်။ တစ်ခုက ဦးဝီရသူကိစ္စ။ သူကတော့ မွတ်ဆလင်ကို လက်မခံသူပေါ့။ စာအုပ်တွေ ဘာတွေ ရေးတယ်။ ထောင်တွေ ဘာတွေ ကျဖူးတယ်။ NLD ကိုလည်း အချိန်ရရင် ရသလိုတိုက်တယ်။ ဘယ်လောက်ထိလဲဆိုရင် ၂၀၁၅ မှာ NLD အာဏာရမယ်ဆိုရင် ဗြဟ္မာပြည်က အပ်တစ်ချောင်းနဲ့ လူ့ပြည်က အပ်တစ်ချောင်းဆုံမှတို့ ဘာတို့ ပြောခဲ့တာ။ အဲဒီပုဂ္ဂိုလ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားပြီး ဆွမ်းကပ်တယ်ဆိုတာ ဘယ်လို နားလည်ရမှန်း မသိဘူး။ မစိုးရိမ်ကျောင်းဆိုတာ တကယ့် နာမည်ကြီး။ စာတတ် ပေတတ် ပုဂ္ဂိုလ်တွေလည်း မွေးထုတ်တယ်။ အဲဒီမှာ မစိုးရိမ်ဆိုရင် ဦးဝီရသူ။ ဦးဝီရသူဆိုရင် မစိုးရိမ်ဆိုတာ ပြည်သူလူထုက သိပြီးသားဆိုတော့ အဲဒီမှာမှ ဆွမ်းသွားကပ်တယ် ဆိုတာ သူဆွမ်းကပ်တဲ့ ကိစ္စကို ဘယ်လို နားလည်ရမှန်း မသိဘူး။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ် ဆိုတာလည်း မှန်းဆလို့ မရဘူး။

Voice : တရားဥပဒေ စိုးမိုးရေးကိစ္စ၊ ရခိုင်အရေး၊ ပြည်တွင်း အရေးတွေ လုံခြုံမှုအတွက် ဘယ်လိုလုပ်ဆောင် လာနိုင်မယ်လို့ ထင်လဲ။
UWH : နယ်မြေ လုံခြုံရေးအတွက်ကတော့ အစကတည်းက ရဲတပ်ဖွဲ့ကို အရည်အချင်း တိုးတက်အောင် အများကြီး တိုးတက်အောင် လုပ်ပေးဖို့ ရည်ရွယ်ချက် ရှိတယ်။ လုပ်လည်း လုပ်နေပါပြီ။ နောက် Rule Of Law Centre ပေါ့၊  ရဲအရာရှိတွေ၊ တရားသူကြီးတွေပါ သင်တန်းတွေ ဘာတွေ လုပ်ဖို့ပေါ့။ ရည်ရွယ်ချက်က ကိုယ့်အသိနဲ့ ဆင်ဆင်ခြင်ခြင် ဖြစ်လာဖို့ပေါ့။ အဲဒါတွေ ဖြစ်လာမှ တရားဥပဒေ စိုးမိုးရေးက တက်လာမှာကိုး။ ဒီကိစ္စကလည်း ခုနကပြောခဲ့သလို စီးပွားရေးလိုပဲ အချိန်လိုတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် အုပ်ချုပ်ရေးကဏ္ဍဲ့ တရားဥပဒေကဏ္ဍမှာ တရားဥပဒေ ကဏ္ဍက အား အနည်းဆုံး။ အဲဒီမှာပါနေတဲ့ ပုဂ္ဂိုလ်တွေ အဂတိလိုက်စားမှုတွေ ကြောက်ခမန်းလိလိ ကြားနေရတယ်။ ဒါတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖြုတ်၊ ထုတ်၊ သတ် မလုပ်ချင်ဘူးဆိုတော့။ ရက်စက်တဲ့နည်းနဲ့ မလုပ်ချင်ဘူး။ နာစေတဲ့နည်းနဲ့ မလုပ်ချင်ဘူး။ တဖြည်းဖြည်း ပညာပေးနည်းနဲ့ လုပ်မယ်ဆိုတော့ အချိန်ကြာမယ်။ တချို့သူတွေကတော့ အားမလို အားမရ ဖြစ်ကြတယ် ဆိုတာ သိရတယ်။ ဒါပေမဲ့ အချိန် ပေးရမယ်ပေါ့။

Voice : အုပ်ချုပ်ရေးမှာ Mid Level  ပေါ့။ ညွန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူး ရာထူးရှိသူ အချို့ကို ဖြုတ်ထုတ်လုပ်မယ် ဆိုတာကရော ဘယ်လို ဖြစ်သွားမလဲ။ ပြောထားတဲ့ စကားဆိုတော့ ၂၀၁၇ မှာပဲ ဖြစ်လာနိုင်မလားလို့ပါ။
UWH : ဒေါ်စုက ဖြုတ်၊ ထုတ်၊ သတ် မလုပ်ချင်ဘူး။ ဖျောင်းဖျမယ်၊ ပညာပေးမယ်၊ သိပ်လွန်ကဲနေရင် နေရာ ရွှေ့မယ်။ အဲဒါမှ မခံနိုင်ရင် ကိုယ့်ဘာသာကို ထွက်ကြ။ ဒီနည်းပဲ သုံးမယ်။

Voice : အစိုးရဖြစ်အောင် မဲပေးခဲ့တဲ့ ပြည်သူကိုရော ဘယ်လို သတင်းစကား ပြောချင်ပါသလဲ။
UWH : NLD အစိုးရအနေနဲ့ ဘက်ပေါင်းစုံပေါ့၊ တစ်ခုတည်း မဟုတ်ဘူး။ လုပ်နိုင်သမျှ ကြိုးစားပြီး လုပ်မယ်။ တချို့ကို ပြောချင်တယ်။ မေ့နေကြတဲ့ကိစ္စကိုပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကိုယ်တို့ပြင်လို့ မရနိုင်သေးဘူး။ အလားတူ လွှတ်တော်ထဲမှာပါတဲ့ တပ်မတော်သားတွေ ပါဝင်မှုကဏ္ဍကို ထိလို့ မရသေးဘူး။ အဲဒီကြားထဲက တတ်နိုင်သလောက် လုပ်နေရတာ။ ဆိုတဲ့အခါကျတော့ အခက်ခဲတွေ ကြုံလာတယ် ဒါသဘာဝပဲ။ပြည်သူလူထုလည်း အဲဒါကို မြင်အောင် ကြည့်ဖို့၊ မြင် တတ်ဖို့ပါ။ နောက်တစ်ချက်က NLD အနေနဲ့ နှစ်ပေါင်း ၃၀ လောက် အခက်အခဲမျိုးစုံ၊ ပါတီကိုတောင်မှ မှတ်ပုံတင်ကနေ ပယ်ဖျက်ဖို့လုပ်ခဲ့တာ၊ အဲလိုဘဝတွေ ကြုံလာတော့ ဘာအခက်အခဲမဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက်၊ သူ့ရဲ့ ခေါင်းဆောင်မှု အတိုင်းပဲ မရရအောင် လုပ်ဖို့ ကြိုးစားဖို့က NLD မှာ သန္နိဋ္ဌာန် ချထားပြီး ဖြစ်တယ်ဆိုတာ ပြည်သူလူထုက သဘောပေါက်ဖို့ လိုတယ်လို့၊ အဲဒါလေး ပြောချင်တာပါတယ်။

အောင်ထက်

  • TAGS