POST TYPE

EXTRA

၂၀၁၆ အလွန် မြန်မာ့နိုင်ငံရေး (၁)
09-Jan-2017 tagged as နိုင်ငံရေး NLD

ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇
၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။ ယခုဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာလေ့လာရေး မဟာဗျူဟာဌာနမှ ဦးနေယံဦး၏ မြန်မာ့နိုင်ငံရေးအပေါ် သုတေသနပြု သုံးသပ်ရေးသားထားသော ဆောင်းပါး ဖြစ်သည်။  အယ်ဒီတာ

(ဦးနေယံဦး၏ A Call for a Third Political Party in Myanmar ကို ဆောင်းဦးကိုကိုက ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။) 

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ ကျင်းပခဲ့သည့် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲသည် မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါ။ အာဏာရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ စွမ်းဆောင်ရည် မပြည့်ဝမှုနှင့် ဒီမိုကရေစီ မဆန်သည့် အုပ်ချုပ်မှုတို့သည် နောက်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အာဏာထပ်မရအောင် ကာကွယ်နိုင်ရန် အလို့ငှာ အခြားသော တတိယအင်အားစု နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာနိုင်သည့် အခြေအနေကို ဖန်တီးသလို ဖြစ်နေသည်။ 

ရာစုနှစ် ထက်ဝက်ကျော်ကြာ တပ်မတော်အုပ်ချုပ်မှု နှစ်ရပ်ဆက်တိုက် အုပ်ချုပ်ခံခဲ့ရပြီးနောက် ၂၀၁၀ နှောင်းပိုင်း ကာလတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်အဆင့် လွှမ်းခြုံယှဉ်ပြိုင်နိုင်သည့် ပါတီကြီး နှစ်ခုသာ ရှိပါသည်။ ပထမတစ်ခုမှာ အာဏာကြီးမားလှသည့် ယခင်တပ်မတော်အရာရှိများ (အငြိမ်းစား) စွာဖြင့် ဖွဲ့စည်းထားသည့် USDP ပါတီ ဖြစ်သည်။ USDP ပါတီသည် ယခင်အစိုးရ ငါးနှစ်တာကာလက အာဏာရရှိခဲ့သည့် ပါတီဖြစ်သည်။ ဒုတိယမှာ စစ်အာဏာရှင်များက ၁၅ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီအိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ဖြစ်သည်။ 

NLD ပါတီသည် နှစ်ပေါင်း ၂၅ အတွင်း ပထမဦးဆုံးအကြိမ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရကာ အာဏာရရှိလာခဲ့ သည်။ NLD သည် လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်နေရာ အများစု ရရှိကာ လွယ်လင့်တကူပင် အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည်၏ ယောက်ျားနှင့် ကလေးများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့အား မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာရန် ဟန့်တားထားသည်။ ထို့ကြောင့် သူသည် ဝန်ကြီးချုပ်ရာထူးနှင့် အလားသဏ္ဌာန်တူသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို အသစ်ဖန်တီးခဲ့ပြီး ယင်းရာထူးကို ရယူခဲ့သည်။ သူ၏ လူယုံတော် ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ သို့သော်ငြားလည်း မူဝါဒ ချမှတ်ရန် (သို့မဟုတ်) နိုင်ငံတော်ခေါင်းဆောင်ကဲ့သို့ ပြုမူရန် ရှိလာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတထက်ပင် သြဇာအာဏာ ပိုကြီးပါသည်။ သူကိုယ်တိုင်ပင် ‘သမ္မတအထက်တွင် ရှိနေမည်’ ဟု ပြောကြားဖူးပါသည်။ ယင်းအခြေအနေသည် ရေရှည်ရပ်တည်နိုင်စွမ်း ရှိမည်တော့ မဟုတ်ပါ။ 

မြန်မာပြည်သူများသည် ရွေးကောက်ပွဲတွင် မဲပေးသည့်အခါက NLD အပေါ် ယုံကြည်မှု အပြည့်အဝ ရှိခဲ့ပါသည်။ မြို့ပြအထက်တန်းလွှာများ၊ တတ်သိပညာရှင်များနှင့် လူလတ်တန်းစားများ အားလုံးက NLD သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်နေသည့် တပ်မတော်၏ လွှမ်းမိုးမှုကို အဆုံးသတ်စေပြီး  လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်သစ် စတင်မည့် တကယ့်အပြောင်းအလဲများကို လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ခေါင်းဆောင်မှု အသစ်အောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တိုးတက်လာလိမ့်မည် ဖြစ်ပြီး အစိုးရ၏  အင်စတီကျူးရှင်းများသည်လည်း နိုင်ငံကို ခေတ်မီအောင် ဆောင်ရွက်ရာ၌ ကောင်းစွာ အလုပ်လုပ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ 

ယခုအခါတွင် နိုင်ငံရေးဖြစ်စဉ်တွေကို အလေးထား သတိပြုမိကြသော လူအများစု၌ ရွေးကောက်ပွဲအပေါ် ထားရှိသော မျှော်လင့်ချက်များ မပြည့်ဝဘူးဆိုသည့် ခံစားချက်မျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။ NLD က ထိန်းချုပ်ထားသည့် အစိုးရအဖွဲ့နှင့် လွှတ်တော်သည် သိသာထင်ရှားသည့် တိုးတက်မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပါ။  ပြည်သူများ၏ အပြောင်းအလဲကို ဖော်ဆောင်ရန် တောင်းဆိုသည့် အသံများကို နားထောင်ဖို့ ငြင်းဆန်နေစဉ်မှာပင် NLD သည် တပ်မတော်နှင့် ထိတွေ့ညှိနှိုင်းကာ နိုင်ငံကို အုပ်ချုပ်နေရသည်။ ၁၉၈၈ တွင် NLD နှင့်အတူ ဒီမိုကရေစီ ရရှိရေးအတွက် ကြာရှည်စွာ တိုက်ပွဲဝင်ခဲ့ရသည့် ‘၈၈ မျိုးဆက်’ ကျောင်းသားအုပ်စု ခေါင်းဆောင်များသည် ယခုအခါတွင် ၎င်းတို့၏ ယခင်ရဲဘော်ရဲဘက် ဖြစ်ခဲ့သော အာဏာရပါတီက ၎င်းတို့အား ဖယ်ကြဉ်ထားသည်ဟု ခံစားနေကြရသည်။ အရပ်ဘက် လူ့အဖွဲ့အစည်းများ (CSOs) ၏ ခေါင်းဆောင်များက အစိုးရသစ်အောက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ နေရာမှာလည်း ကျဉ်းမြောင်းလာလျက် ရှိသည်ဟု စောဒက တက်ကြသည်။ NLD လွှမ်းမိုးထားသည့် ပြည်ထောင်စုလွှတ်တော်နှင့် အလုပ်လုပ်ရသည်မှာလည်း အခက်အခဲ ကြီးကြီးမားမား ရှိနေပါသည်။ အချို့သော အစိုးရအရာရှိများက CSOs များသည် အပြုသဘောမဆောင်သည့် ဝေဖန်မှုများကို ပြုလုပ်နေကြသည်ဟု ထင်နေသောကြောင့် CSOs များကို ပြဿနာ မီးထွန်းရှာသူများအဖြစ် ရှုမြင်ကြသည်။ အရာရှိများက CSOs များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်အောင် ဆောင်ကြဉ်းရာ၌ အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို အသိအမှတ်ပြုရန် ပျက်ကွက်နေကြသည်။ 

ထို့အတူပင် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အကြားတွင် ငွေကြေးဆိုင်ရာ မတည်ငြိမ်မှုဆီ ဦးတည်သွားစေသည့် NLD က ချမှတ်သော စီးပွားရေးမူဝါဒသည် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်မှုများ ရှိနေသည်။ နိုင်ငံ၏ အရေးအကြီးဆုံးသော စီးပွားရေး အင်စတီကျူးရှင်းများ ဖြစ်သည့် ဗဟိုဘဏ်၊ ကုန်သွယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှာ ခိုင်မာအားကောင်းခြင်း မရှိဘူးဟု ဘဏ္ဍာရေးနယ်ပယ်ရှိ ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။ 


၂၀၁၆ အလွန် မြန်မာ့နိုင်ငံရေး (၂) >>>
F-06