News

POST TYPE

EXTRA

အရင်းအနှီး
13-Oct-2019



တကယ်တော့ အဲဒီနေရာကို ကျွန်တော် တစ်ခါမှ မရောက်ဖူးခဲ့။ လူပြောသူပြောများလို့ ကျွန်တော့်နားမှာ နားရည်ဝနေခဲ့သည်။ ကျွန်တော်နေထိုင်ရာမြို့ကလေးမှာလည်း အဲ့ဒီလို နေရာတွေက မှိုပင်တွေလို ပေါက်နေလိုက်သည့်ဖြစ်ခြင်း။ ကျွန်တော့် သူငယ်ချင်းတွေကတော့ အဲဒီနေရာကို ခဏခဏသွားပြီး သူတို့ရဲ့ စိတ်ညစ်ညူး ဖွယ်ရာဝတ်ရုံတွေကို ခွာချပစ်ခဲ့သည်ပဲဖြစ်သည်။ သူတို့ရဲ့ စိတ်ညစ်ဖွယ်ရာတွေ တကယ်ပျောက်သွားလားဆိုတာတော့ သူတို့ကိုယ်တိုင်ကလွဲပြီး ကျွန်တော်လည်းမသိပါ။ ကျွန်တော်သိသလောက်ကတော့ သူတို့ ချွေးစက်တွေကို နာရီပိုင်းအတွင်း ပေးချေလိုက်ရခြင်းပင်။ သို့သော် ပြန်ရလိုက်သည်က မိသားစုရဲ့ ငိုညည်းသံနဲ့ စိတ်ပျက်ဖွယ်အသံတွေ။ သူတို့က ကုဋေရှစ်ဆယ် သူဌေးသားလို မြေပေါ်မြေအောက်၊ ကြွယ်ပိုးကြွယ်ဝ ချမ်းသာကြသည်မဟုတ်ပါ။ ပေးကမ်းလိုက်သော ခွန်အားအလိုက် ငွေကြေးအပိုင်းအစအချို့ ပြန်ရလိုက်သူများပဲဖြစ်သည်။

ရန်ကုန်မြို့ကြီးပေါ်သို့ ခေတ္တယာယီရောက်လာတုန်း သူငယ်ချင်းက အဲဒီနေရာကို သွားကြမလားဟု မေးလာပါသည်။ အရင်ကဆို ငြင်းပယ်ခြင်းကို ဒိုင်းလိုကာရန်ထားခဲ့သော်လည်း ယခုအခါ သိချင်စိတ်၏ ပြင်းပြသော ဆန္ဒ၊ သူငယ်ချင်းမသိသော စိတ်ညစ်စရာ အကြောင်းအရာလေးများကြောင့် အဲဒီနေရာသို့ ကျွန်တော်တို့ ရောက်ရှိသွားခဲ့ပါသည်။ ရန်ကင်းမြို့နယ်ထဲက KTV ဆိုင်တစ်ဆိုင်ပင်ဖြစ်သည်။

ဆိုင်ထဲသို့ဝင်သွားသောအခါ ကောင်လေးက “အစ်ကို KTV လား။ မာဆတ်လား”ဟု မေးပါသည်။ သူငယ်ချင်းက KTV ဟုဆိုသည်။ သူငယ်လေး တစ်ယောက် ခေါ်ရာနောက်သို့ ကျွန်တော်တို့ လိုက်သွားပါသည်။ အခန်းထဲသို့ ဝင်ဝင်ချင်း မှိန်ပျပျ မီးရောင်လေးတွေက တလက်လက်တောက်ပနေကြသည်။ ဘေးနှစ်ဖက်တွင် ဆိုဖာခုံအရှည်ကြီးတွေ ချထားသေးသည်။ အလယ်တွင် စားပွဲလေးနှစ်ခုကိုပူးကာ ထိုစားပွဲကလေးပေါ်၌ တစ်ရှူးတစ်ဘူး၊ ဆေးလိပ်ပြာ ခွက်တစ်ခု၊ မီနူးစာအုပ်တစ်အုပ်၊ တူများထည့်ထားသော ခြင်းတစ်ခုက နေရာယူထားကြသည်။ သူတို့ကို ကြည့်ရသည်မှာ ပျော်ရွှင်လတ်ဆတ်ပုံမရ။ မီနူးစာအုပ်လေးဆို ဟောင်းနွမ်းတွန့်ကြေနေပြီ။ ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင် TV အကြီးကြီးက နံရံတွင် တွယ်ကပ်လျက်။ ကျွန်တော့်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် အနေရအထိုင်ရ ခက်လှသည်။ ကျွန်တော့်ဘဝရဲ့ အဆင်မပြေခြင်း နေ့တစ်နေ့မှာ ထိုနေ့လည်းပါသည်။ သူတို့ပြောတိုင်း ကျွန်တော်ကြား ခဲ့ရသည်က ပျော်ရွှင်ခြင်းဆိုသော စကားလုံးများ။ အခု ကျွန်တော်ကိုယ်တိုင် ထိတွေ့ခံစားခဲ့ရတော့မှ ပျော်ရွှင်ခြင်းက စိတ်လွတ်ကိုယ်လွတ် ထွက်ပြေးသွားခဲ့ကြသလို။

“တစ်အောင့်နေရင် ကောင်မလေးနှစ်ယောက် ရောက်လာလိမ့်မယ်”

အပြင်ခဏထွက်သွားပြီး ပြန်လာသော သူငယ်ချင်းက သယ်ဆောင်လာခဲ့သော စကားဖြစ်သည်။ ဘာလဲပေါ့။ ဘဝမှာ ကိုယ့်ချစ်သူ မိန်းကလေးကလွဲပြီး တခြားမိန်းကလေးတွေနဲ့ ပွတ်သီးပွတ်သပ် မနေတတ်ခဲ့။ အသက်ရှူက ရင်ခေါင်းထဲကနေ ပိုပြီး ကျပ်လာသလိုခံစားနေခဲ့ရသည်။ သူငယ်ချင်း ဖြစ်တဲ့သူက R ဇာနည်ရဲ့ သီချင်းတစ်ပုဒ်နဲ့ ခံတွင်းတွေ့နေပြီ။ သူ့ရဲ့ ညစ်ညူးမှုတွေက သီချင်းထဲမှာ စီးမျော ပျောက်ကွယ်သွားခဲ့ပြီ။ သူ့မျက်နှာက စောစောကလို လောကကြီးကို အလိုမကျသည့် မျက်နှာမျိုး မဟုတ်တော့မှန်း ကျွန်တော်သိခဲ့ရသည်။ အခန်းထဲက မျက်နှာကြက်ပေါ်မှာ တပ်ဆင်ထားသည့် ဆောင်းဘောက်များထဲမှ အသံတွေက ထွက်ကျလာသည်။ သူငယ်ချင်းက သီချင်းဆိုနေရင်း ကျွန်တော့်ကို မေးဆတ်ပြသည်။ မင်းလည်း ညစ်နေရင် စီးမျောလိုက်လေဆိုသည့် သဘော။ ကိုယ့်အသံကိုယ်သိသည်မို့ မိုက်ပင်မကိုင်ရဲ။ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသောနေရာမို့ ရင်ခုန်ခြင်းတို့က လွှမ်းမိုးထားဆဲ။

သူငယ်လေးတစ်ယောက်ဝင်လာကာ ချွေးသီးချွေးပေါက်တွေကျနေသော မြန်မာဘီယာနှစ်လုံးကို လာချသည်။ ထို့နောက် ဝက်သားမဆလာ တစ်ပွဲ။ သူငယ်ချင်းရဲ့ မေတ္တာတွေဆိုတာ ကျွန်တော်သိလိုက်ပြီ။ ဘီယာကို ငါးကြင်းခွက်ထဲ ငှဲ့ထည့်ကာ ဝက်သားတစ်ဖက်ကို တူနဲ့ညှပ်ပြီးမြည်းလိုက်သည်။ အေးစိမ့်နေသော အဲယားကွန်းအခန်းထဲ အရသာက ထူးလှသည်။ သိပ်မကြာလှ စကပ်တိုတိုလေးနှင့်မျက်နှာတွင် ကာခြယ်များ လိမ်ထားသော မိန်းကလေးနှစ်ဦး ဝင်လာကြသည်။ ကျွန်တော်ဖျတ်ခနဲ အကဲခတ်လိုက်သည်။ ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို ပြုံးပြသည်။ ကျွန်တော်က သူ့အပြုံးနောက်က ရာဇဝင်ကို ဖွင့်ဖတ်ကြည့်ဖို့ ကြိုးစားလိုက်သည်။ ရင်ဘတ်ထဲက ပွင့်အန်လာသော အပြုံးမျိုးမဟုတ်။ အလုပ်သဘော အရအပြုံးကို နှုတ်ခမ်းမှာ စက်တင်လုပ်ထားခြင်းဖြစ်သည်။ သူ့ဝိညာည်ကို ကျွန်တော့်ဝိညာည်နှင့်အစားထိုး ကြည့်မိသည်။ စိတ်ပျက်ညည်းညူဖွယ်ရာတွေက ငါးတစ်ကောင်ရဲ့ အညှီအဟောက်တွေလို ကပ်ပါလာခဲ့သည်။ စိတ်လိုလက်ရ ကျွန်တော်သူ့ကို ပြုံးပြလိုက်သည်။ ကောင်မလေးနှစ်ယောက်က ကျွန်တော်တို့ ဘေးတစ်ဘက်တစ်ချက်စီမှာ ဝင်ထိုက်လိုက်ကြသည်။ ကျွန်တော့်ရင်ထဲ လှိုက်ဖိုမှုတစ်ခုက ထိတ်ခနဲလှုပ်ရှားသွားသည်။

“ညီမ အသက် ဘယ်လောက်လဲ”

“၂၄ နှစ်”

ကျွန်တော့် အငယ်ဆုံးညီမလေးကို မျက်လုံးထဲပြေးမြင်မိသည်။ ပန်းကလေးတွေ။ လှလှပပ ဟောဒီ ကမ္ဘာကြီးထဲ ပွင့်နေရမယ့် ပန်းကလေးတွေ။ ဘယ်လို အကြောင်းတရားတွေက ပန်းကလေးတွေအပေါ် ကျရောက်ခဲ့ရသလဲဆိုတာကို တွေးနေမိသည်။ ပြီးတော့ ဘီယာပုလင်းထဲကနေ ငါးကြင်းခွက်ထဲ ငှဲ့ထည့်ပြီး နာကျင်စရာ အချို့ကို မျိုချပစ်လိုက်သည်။ ဝက်သား တစ်ဖတ်ကောက်မြည်းလိုက်သည်။ စောစောကလို အရသာမတွေ့လှ။ ပါးစပ်ထဲ ဘယ်လိုမှအရသာ မရှိလှတော့။

သူငယ်ချင်းက ဘီယာလေး စုပ်လိုက်၊ ဝက်သား ဖတ်လေး ကောက်မြည်းလိုက်၊ သီချင်းလေး ဆိုလိုက်နှင့် ဆက်ရက်မင်းစည်းစိမ်ကျနေသည်။ သူ့ဘေးက ကောင်မလေးကတော့ တစ်စုံတစ်ရာကို တွေးကောင်းတွေးနေပေလိမ့်မည်။ ကျွန်တော့်ဘေးနားက ကောင်မလေးကတော့ ပဋိသန္ဓာရ စကားတွေကို ဖောင်ဖွဲ့နေသည်။ ကျွန်တော်လည်း သူ့ကိုနှစ်နှစ်ကာကာပြုံးပြရင်း ...

“ညီမတို့ ဒီအလုပ်ကို ညည်းညူမှာပဲနော်”

“မဖြစ်လို့သာ လုပ်နေရတာပါ အစ်ကိုရယ်၊ အင်မတန် စိတ်ပျက်လှတယ်နော့”

ကျွန်တော်မသိသော သူ့ဘဝနောက်ကြောင်း တွေကို အပြုံးတစ်ပွင့်ဖြင့် ဖုံးလွှမ်းထားခဲ့သည်။ကောင်မလေး၏ မဖြစ်လို့သာဆိုသည့် စကားလုံးတွေ အောက်မှာ ဘီယာမူးမူးနှင့် ကျွန်တော်ငေးနေမိသည်။ စီးပွားရေးမပြေလည်မှုကြောင့်၊ မိသားစုအရေးတစ်ခုကြောင့်၊ သား၊ သမီးအရေးကြောင့်လား။ သူလည်း သူ့အကြောင်းနှင့် သူ။ လူတိုင်းတွင် သူ့အကြောင်းနှင့် သူရှိနေကြသည်။ ကျွန်တော်လည်း ကျွန်တော့် အကြောင်းနှင့် ကျွန်တော်။ ကောင်မလေးကို KTV မယ် တစ်ယောက်လို မမြင်တော့။ သနားမိလာခဲ့သည်။ ကျွန်တော့်မှာ ချမ်းသာသော အကြင်နာတရားနှင့် မေတ္တာဂရုဏာကို ရက်ရောစွာပေးပစ်ချင်သည်။ သွေးသားရမ္မက်တို့မပါ။ ကောင်မလေးအကြောင်း ကျွန်တော်ဆက်တွေးမိသည်။ အခန်းတစ်ခုလုံး သူငယ်ချင်း၏ သီချင်းသံလွှမ်းမိုးမှုကိုပင် ကျွန်တော် မကြားတော့။

နှလုံးသား။ လူတိုင်းတွင်နှလုံးသားရှိသည်။ ချစ်တတ်သည်။ ကြင်နာတတ်သည်။ ခံစားတတ်သည်။ ယခု ကျွန်တော့်ဘေးနားက ကောင်မလေးကရော။ အနံ့ပေါင်းစုံ၊ ရုပ်ပေါင်းစုံ၊ အကျင့်စရိုက်ပေါင်းစုံနှင့် လူတွေကို နိစ္စဓူဝ ဆက်ဆံနေရမည်။ ကိုယ်မချစ်တဲ့သူရဲ့ ပခုံးဖက်ခြင်းကိုခံရမည်။ နမ်းတာကိုခံရမည်။ ငွေ ၅၀၀၀ ကြောင့် နာရီပိုင်းတွင်း မချစ်သော်လည်း အောင့်ကာနမ်းရသည့်အဖြစ်မျိုး။ ကျွန်တော်ဆိုလျှင်တော့ ဘယ်လိုမှနေနိုင်မည်မဟုတ်။ ဪ... အရင်းအနှီး။ ပြီးတော့ငွေ။ ငွေရဖို့ ရင်းနှီးရတဲ့ အရင်းအနှီး။

အချို့က ငွေရဖို့ ပညာကို အရင်းအနှီးလုပ်ရသည်။ အချို့က ငွေရဖို့ ကုန်ပစ္စည်းကို အရင်းအနှီး လုပ်ရသည်။ အချို့က ငွေရဖို့ ခန္ဓာကိုယ်ကို အရင်းအနှီး လုပ်ရသည်။ ဒီကောင်မလေးတွေကျတော့ ခန္ဓာ ကိုယ်ရော၊ စိတ်ရော ရင်းနှီးရသည့် အရင်းအနှီး။ ကိုယ်မနှစ်သက်တဲ့ လူတွေရဲ့ ပွတ်သီးပွတ်သပ်လည်းခံရ၊ စိတ်လည်းကျဉ်းကျပ်ရ။ ဘဝတစ်ခုရဲ့ လမ်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်က ရင်းနှီးနေရတာတွေက မတူကြ။ စာနာပါသည်ဟုဆိုသည့် လူအချို့ရဲ့ စကားလုံးတွေအောက်မှာ ကလေးမလေးတွေဘဝက ရစရာရှိမည်မဟုတ်။

“မင်းသာဆို ဒီအလုပ်ကိုလုပ်မလား”ဟု ကျွန်တော့်ကို ကျွန်တော်မေးမိသည်။ ကျွန်တော့် ခေါင်းက မဖြစ်နိုင်သည့်အကြောင်း ချက်ချင်းတုံ့ပြန်သည်။ ပြီးတော့ မင်းညီမ၊ မင်းအစ်မ။ ဟင့်အင်းပါပဲ။ ဒါဆို သူတို့ကရော လုပ်ချင်လို့လုပ်နေတာလား။ ကျွန်တော့် ခေါင်းထဲတွေးမိတာက “ကျပ်တည်းမှု” ဆိုသည့် အဖြေပါပဲ။ ကျပ်တည်းမှု...။ ကျွန်တော် ကိုယ်တိုင်ကျပ်တည်းမှုနှင့် ရင်ဆိုင်ကြုံတွေ့ဖူးသဖြင့် ကလေးမလေးတွေကို အထင်မသေးပါ။ ခိုးဝှက်၊ လုယက်ပြီး စားသောက်တာနှင့်စာလျှင် ဂုဏ်သိက္ခာ ရှိမည်ဟု ကျွန်တော်တွေးမိသည်။

“ဒီအလုပ်လုပ်တာ ညီမအိမ်ကသိလား”

ဘီယာမူးမူးနှင့် ကျွန်တော့်ပါးစပ်က သူ့နာကျင်ခြင်းကို တုတ်နှင့်ဆွသလိုဖြစ်ခဲ့သည်။ မှိန်ပျပျမီးရောင်၊ မိတ်ကပ်ထူထူနှင့် မျက်နှာကလေး၊ မျက်လုံးဝိုင်းဝိုင်းလေးမှာ ဒဏ်ရာတွေရဲ့လက်နက်ဖြစ်သည့် မျက်ရည်ဥကလေးက ပုရစ်ဖူးကလေးလို တွဲလွဲခိုလို့။ ကောင်မလေးက“ဟင့်အင်း”ဟု တစ်လုံးတည်းဖြေကာ ခေါင်းငုံ့သွားသည်။ ကျွန်တော့်စိတ်က ချက်ချင်းသူ့မိဘအဖြစ် ဝင်ပူးကပ်သွားပြန်သည်။ ဘယ်လိုစိတ်မျိုးနဲ့ ခွင့်ပြုရမှာလဲ။ ဘယ်လိုနာကျင်မှုမျိုးနဲ့ ခွင့်ပြုရမှာလဲ။ ကျွန်တော့် ရင်ဘတ်ထဲ ကြေကွဲစရာတွေက တင်းကျပ် လာခဲ့သည်။ အနံ့ပေါင်းစုံနံနေသော မွန်းကျပ်ဖွယ် အခန်းထဲကနေထွက်သွားလိုက်ချင်နေပြီ။ ကျွန်တော် သူတို့အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားကြည့်သည်။ ဘာမှလုပ်မပေးနိုင်ပါဘူး။ ကျွန်တော်က သာမန်ဝန်ထမ်း တစ်ဦးမျှသာ။ နောက်ဆုံးထိုမိန်းကလေးကို အကြင်နာဆုံး အပြုံးတစ်ပွင့် ချန်ရစ်ပစ်ခဲ့လိုက်သည်။ “မင်းဘဝ အေးချမ်းပါစေ”လို့ပေါ့။

ကောင်တာမှာ ငွေရှင်းတော့ ခြောက်သောင်းကျော်ကျသည်။ ပျော်ရွှင်မှုအတွက် ကျွန်တော်တို့က ငွေကို ရင်းနှီးလိုက်သည်။ ကောင်မလေးတွေက တစ်စုံ တစ်ခုသောအကြောင်းကြောင့် ငွေကိုခန္ဓာကိုယ်နှင့် ရင်းနှီးလိုက်သည်။ ဘယ်သူက မြတ်ပြီး၊ ဘယ်သူရှုံးလဲ ဆိုတာတော့ ကျွန်တော်တွက်ချက်မိသည်။ သို့သော် အဖြေကခေါင်းထဲမှာ ရှာလို့မတွေ့ခဲ့။ အသားဖြူဖြူ၊ထိပ်ပြောင်ပြောင်နှင့် စီးကရက်ခဲသော ဝ၀ဖိုင့်ဖိုင့် ပိုင်ရှင်ကြီးကတော့ အမြတ်ကိုတွက်ချက်နေမည်။ ပိုင်ရှင်ဖြစ်ကြောင်းတော့ ကျွန်တော့်သူငယ်ချင်း ပြောလို့သိခဲ့ရသည်။

မြတ်သိမ်းခိုင်